ကံကြမ္မာဆိုတာ ရှောင်လွှဲဖို့ ခက်ခဲလှပါတယ်
Vol. 21 Ch. 210
ဆရာသခင်... ကျွန်တော် ဒီစိတ်ထဲက အတားအဆီးကို တကယ်ပဲ မဖြတ်ကျော်နိုင်တော့ပါဘူး... ကျွန်တော့် မိခင် ဒုက္ခရောက်နေပြီး သူကို ကယ်တင်ဖို့ကလွဲလို့ ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး... သူ ကျွန်တော့်ကို အကြိမ်ကြိမ် ခေါ်ခဲ့တယ်... အခုတော့ သူ့ကို ရွှမ်ကျီဂိုဏ်းက ဖမ်းသွားပြီ... ဒီနောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မှု တစ်ခုခု သေချာပေါက် ရှိနေရမယ်... ဒီလောကကြီးမှာ ချင်းရှောင်ဂိုဏ်းကို ပုန်ကန်ဖို့ ကြံစည်ရဲတဲ့သူ အရမ်း ရှားသွားပြီ... ကျွန်တော် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ကို ရောက်နေပြီ... အကယ်၍ ကျွန်တော် ဒီဘေးဒုက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် ဒါက ချင်းရှောင်ဂိုဏ်းဟာ ချီမိသားစုရဲ့ သစ်ပင်မိစ္ဆာလောက် ဆိုးရွားတဲ့ ဘေးဒုက္ခမျိုးနဲ့ ကြုံတွေ့နေရပြီလို့ အဓိပ္ပာယ်ရတယ်... အဲဒီအချိန်ကျရင် ဆရာသခင်... ကျွန်တော်တို့ နောက်ထပ် အစီအစဉ်တွေ ထပ်ဆွဲကြတာပေါ့..
ချင်းရှောင်ဂိုဏ်း ဒီကနေ့အထိ တိုးတက်လာတာက ဆရာ့ရဲ့ ပညာရှိတဲ့ လမ်းညွှန်မှုတွေနဲ့ ခွဲခြားလို့ မရပါဘူး... ခွင့်ပြုချက်မရဘဲ ထွက်ခွာသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ... ဒီကိစ္စရဲ့ နောက်ကွယ်က လူတွေရဲ့ တကယ့် ပစ်မှတ်က ဆရာ ဖြစ်နေမလားလို့ ကျွန်တော် စိုးရိမ်မိတယ်... ကျွန်တော် ဆရာ့ကို အများကြီး ကျေးဇူးတင်နေပြီးသားမို့ ဆရာ ဒုက္ခရောက်တာကို မမြင်ချင်ဘူး... ဒါကြောင့် ဒီကိစ္စကို ကျွန်တော် တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်... သေချာတာကတော့ ကျွန်တော် ဒီဘေးဒုက္ခကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိသလို မြောက်ပိုင်းလူရိုင်းတွေကို မောင်းထုတ်ပြီး ချင်းရှောင်ဂိုဏ်းရဲ့ နတ်ဘုရားစွမ်းပကားကိုပါ မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...
လီချင်းချိုးက ကျောက်ကျိန်း ချန်ထားရစ်သော စာကို အကြိမ်ကြိမ် ဖတ်ရင်း ရှုပ်ထွေးသော ခံစားချက်များစွာ ဖြစ်ပေါ်နေသည်။
ကျောက်ကျိန်းက အရမ်း မိုက်မဲလွန်းလို့များလား……
လူတိုင်းတွင် ကိုယ်ပိုင် သိက္ခာတရား ရှိကြသည်။ ကျောက်ကျိန်းက သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် ဂိုဏ်းကို သို့မဟုတ် သူ့ကို မပါဝင်စေချင်သည်ကို နားလည်နိုင်ပါသည်။ ထို့အပြင် ကျောက်ကျိန်းသည် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ ဘယ်လိုလုပ် ယုံကြည်ချက် ကင်းမဲ့နေမည်နည်း။
သို့သော်လည်း ဤကိစ္စမှာ ကျောက်ကျိန်း၏ ကံကြမ္မာပါ ဘေးဒုက္ခ ဖြစ်နိုင်ပြီး သူ ကျော်လွှားရန် လွယ်ကူမည် မဟုတ်ကြောင်း လီချင်းချိုး သိနေသည်။
ကျောက်ကျိန်း၏ စကားများက အဓိပ္ပာယ်ရှိပါသည်။ ယနေ့ခေတ်တွင် သူ့ကို ကြံစည်ရဲသူများသည် ချင်းရှောင်ဂိုဏ်း သို့မဟုတ် လီချင်းချိုးကို အလွန် ကြောက်ရွံ့နေကြမည် မဟုတ်ပေ။
ဤသည်မှာ ကျောက်ကျိန်းအတွက် ဘေးဒုက္ခ တစ်ခု ဖြစ်သလို ချင်းရှောင်ဂိုဏ်းအတွက် အလားအလာရှိသော အကျပ်အတည်း တစ်ခုလည်း ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် လီချင်းချိုး ကံကြမ္မာအပေါ် ကြောက်ရွံ့ရိုသေမှုကို ခံစားလိုက်ရ၏။ သူသည် ကျောက်ကျိန်းကို ထိန်းသိမ်းထားရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သော်လည်း ကျောက်ကျိန်းကို အခွင့်အရေး ပေးခဲ့မိသေးသည်။
ဝိညာဉ်အသိအာရုံက ထိုဧရိယာကို လွှမ်းခြုံထားနိုင်သော်လည်း ကျောက်ကျိန်းကို နေ့ရောညပါ စောင့်ကြည့်နေရန် မဖြစ်နိုင်ပေ။ အကယ်၍ သူ ထိုသို့ လုပ်ခဲ့ပါက သူ အေးချမ်းစွာ ကျင့်ကြံနိုင်မည် မဟုတ်ဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာပေလိမ့်မည်။
"တချို့ကိစ္စတွေက ရှောင်လွှဲလို့ မရနိုင်တာ ဖြစ်မယ်... အကယ်၍ ငါ သူ့ကို အစကတည်းက မဖိနှိပ်ထားဘဲ အတူတကွ တန်ပြန်တိုက်ခိုက်ဖို့ ဆွေးနွေးမယ်လို့ တွေးခဲ့ရင် ဒါမှမဟုတ် သူ့မိခင်ကို စောစောစီးစီး ခေါ်လာခဲ့ရင် ကိစ္စတွေ ပြောင်းလဲသွားနိုင်မလား..."
လီချင်းချိုး တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမည်ဆိုလျှင် ကျောက်ကျိန်း တောင်ပေါ်မှ တစ်ယောက်တည်း ဆင်းသွားခြင်းက သူ့ကို ဒုက္ခရောက်စေမည် ဖြစ်သော်လည်း သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ လူတွေဆိုတာ စစ်မှန်တဲ့ စစ်တုရင်ရုပ်တွေမှ မဟုတ်တာပဲ... လူတိုင်းမှာ ကိုယ်ပိုင် စိတ်နေစိတ်ထားနဲ့ အတွေးအခေါ်တွေ ရှိကြတယ်... ပြီးတော့ ကျောက်ကျိန်းက သူ တကယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာတောင် မသိဘူးလေ။
တကယ်တော့ လီချင်းချိုးအနေနှင့် ယခုအချိန်တွင် သူသည် လုံးဝ ပြိုင်ဘက်ကင်းသည်ဟု မပြောရဲချေ။ ချင်းရှောင်ဂိုဏ်း ဤအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာကတည်းက ကြီးမားသော ဘေးဒုက္ခတစ်ခုနှင့် ကြုံတွေ့ရတိုင်း သူသည် ရှေ့ဆုံးမှ အလျင်စလို သွားလေ့ မရှိပေ။ အမြဲတမ်း လှုပ်ရှားမှု မပြုမီ ရန်သူ၏ အခြေအနေကို နားလည်အောင် အရင် ကြိုးစားလေ့ ရှိသည်။
နောက်ပိုင်းတွင် ရန်သူဘက်က သူ့ကို မယှဉ်နိုင်ကြောင်း သက်သေပြခဲ့သော်လည်း လွန်ကဲစွာ သတိထားနေသည်ဟု မထင်ခဲ့ပေ၊ အကြောင်းမှာ အသက်ဆိုသည်မှာ တစ်ကြိမ်သာ ရှင်သန်ခွင့် ရပြီး ချင်းရှောင်ဂိုဏ်းအနေဖြင့် ပြန်လည် တည်ဆောက်ရန် အခွင့်အရေး ရမည် မဟုတ်သောကြောင့် ဖြစ်သည်။
ခံစားချက်များကို ဘေးဖယ်ထားမည်ဆိုလျှင် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ရှိ တပည့်ဖြစ်သူ ကျောက်ကျိန်းက ထျန်းရွှမ်တောင်နှင့် ရွှမ်ကျီဂိုဏ်းကို သွားရောက် စမ်းသပ်ခြင်းက လီချင်းချိုး လှုပ်ရှားရန်အတွက် အမှန်တကယ် ပို၍ အကျိုးရှိပေလိမ့်မည်။
လီချင်းချိုးက ကျောက်ကျိန်း ချန်ထားခဲ့သော စာကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ကျင့်ကြံခြင်းဂူထဲမှ ထွက်လာခဲ့လိုက်သည်။
လင်းချွမ်က သူ့ ပခုံးပေါ်သို့ ခုန်တက်လိုက်၍ သူနှင့်အတူလိုက်လာသည်။
ကျောက်ကျိန်း၏ ကျင့်ကြံခြင်းဂူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ အနီးတွင် တည်ရှိသည်။ ဤသည်မှာ လုပ်ကြံခံရမှုများမှ ကာကွယ်ရန် လီချင်းချိုး အထူး စီစဉ်ပေးထားခြင်း ဖြစ်သည်။
လီချင်းချိုး ကျောက်တံခါးကို ရိုက်ချိုးလိုက်သောအခါ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ချက်ချင်း သတိပေးလိုက်သလို ဖြစ်သွားသဖြင့် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ လုချင်း အရင်ဆုံး ရောက်လာသည်။ သူသည် လီချင်းချိုးကို ဂူထဲတွင် မြင်လိုက်ရပြီး ချက်ချင်း ရပ်တန့်လိုက်သည်။
သူတို့ နှစ်ဦး အတူတကွ ကျင့်ကြံခြင်းဂူထဲမှ ထွက်လာသောအခါ အခြားသော စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်များလည်း အလျင်အမြန် ရောက်ရှိလာကြသည်။
"ဘာမှမဖြစ်ပါဘူး... အားလုံး သွားလို့ရပါပြီ..."
ထိုစကားကို ကြားသောအခါ တပည့်များမှာ ဦးညွှတ်၍ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
လုချင်းက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီး အခြားတပည့်များ ထွက်သွားပြီးနောက် တီးတိုး မေးလိုက်လေသည်။
"ဂိုဏ်းချုပ်... ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခု ရှိလား..."
လီချင်းချိုးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ….
"ကျောက်ကျိန်းက မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်မှာ ရှိတယ်... မင်း သူ့ရဲ့ ပြဿနာတွေကို ကူညီပေးနိုင်မယ်လို့ ထင်လား..."
ထိုစကားကို ကြားသောအခါ လုချင်း ရှက်ရွံ့သွားလေ၏။
သူသည် အရင်းအမြစ်များစွာကို ရရှိထားပြီး ဖြစ်သော်လည်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်တွင်သာ ရှိနေသေးသည်။ သတ္တမအဆင့်နှင့် မည်မျှ ကွာဝေးနေသေးသနည်း။
လီချင်းချိုးက သူ့ ပခုံးကို ပုတ်လိုက်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားတော့သည်။
လုချင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဂိုဏ်းချုပ်၏ လမ်းညွှန်မှုကို အချည်းနှီး မဖြစ်စေရန် သူ ပိုမို ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။
...
ညနေခင်းတွင်…
ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့ လင်းရှောင်ခြံဝင်းသို့ ရောက်ရှိလာကြသည်။
လီချင်းချိုးက သူတို့ သုံးဦးကိုသာ ခေါ်ခဲ့ခြင်း ဖြစ်သည်။
"ဘာဖြစ်သွားလဲဆိုတာ မင်းတို့ သိပြီးလောက်ပါပြီ... မင်းတို့ရဲ့ အမြင် ဘယ်လိုရှိလဲ..."
သူသည် ကျောက်ကျိန်းကို ရှာဖွေရန် ရှောင်ပါးကို မြောက်ဘက်သို့ စေလွှတ်ထားပြီး ဖြစ်ကာ သူကိုယ်တိုင်လည်း ထိုက်ခွန်းတောင်တန်း တစ်ဝိုက်တွင် လှည့်လည် ရှာဖွေခဲ့သော်လည်း ကျောက်ကျိန်းကို မတွေ့ခဲ့ရချေ။
မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံမှုဖြင့် ကျောက်ကျိန်း၏ အမြန်နှုန်းမှာ သာမန်လူများထက် များစွာ သာလွန်နေသည်။
ချင်းရှောင်ဂိုဏ်း ကြီးထွားလာသော်လည်း လီချင်းချိုးကတော့ လူတိုင်းကို လုံးဝ မယုံကြည်ပေ။ အခြားသော ခန်းမအကြီးအကဲများ မည်မျှ သစ္စာရှိပါစေ သူသည် ချင်းရှောင်ဂိုဏ်း၏ တာဝန်များကို ကျန်းယွီချွန်းနှင့် အခြားနှစ်ဦးကိုသာ ယုံကြည် အပ်နှံနိုင်သည်။
ဝူမန်အာမှာ ဉာဏ်မမီလှသလို လီစစ်ကျင်မှာလည်း အေးအေးဆေးဆေး မရှိလှသဖြင့် လီချင်းချိုးက သူတို့ကို မကြာခဏ တာဝန်လွှဲလေ့ မရှိချေ။
"ကျွန်တော် သွားပါ့မယ်... ကျောက်ကျိန်း ပြောတာ မှန်တယ်... ဒီနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ကြံစည်မှု တစ်ခု ရှိနေနိုင်တယ်... လုံးဝ မလွှဲမရှောင်သာ ဖြစ်နေမှသာ အစ်ကိုကြီး လှုပ်ရှားလို့ ရမယ်... ချင်းရှောင်ဂိုဏ်းက အစွမ်းထက်ပုံ ရပေမဲ့ အစ်ကိုကြီး မပါဘဲနဲ့ မရပါဘူး... အစ်ကိုကြီး ဘာအမှားမှ အဖြစ်ခံလို့ မရဘူး... ပြီးတော့ ကိုယ့်ရဲ့ ခွန်အားကြောင့် မာနမကြီးပါနဲ့..."
ဤသည်မှာ ကျန်းကျောက်ရှားက ပြောလိုက်ခြင်းပင်။ သူသည် ရွှီနင်းကို အမြန်ဆုံး ကျော်ဖြတ်ချင်သော်လည်း ဂိုဏ်းက သူ့ကို လိုအပ်လျှင် ကူညီရန် ဘယ်သောအခါမှ နောက်တွန့်နေမည် မဟုတ်ကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။
"အကယ်၍ တတိယဂျူနီယာညီလေးတောင် သူတို့ကို မနိုင်ဘူးဆိုရင် အစ်ကိုကြီး း ကိုယ်တိုင် ဝင်ပါမှ ရတော့မယ်... အဲဒီအချိန်ကျရင် တခြား ရွေးချယ်စရာ မရှိတော့ဘူး..."ဟု ကျန်းယွီချွန်းက လေးနက်စွာ ပြောလိုက်သည်။
လီတုန်းယွဲ့ကမူ…
"တတိယစီနီယာအစ်ကိုကို ကျောက်ကျိန်းနောက် အရင် လိုက်သွားခိုင်းလိုက်ပါ... ပြီးတော့ အတွင်းစည်း တပည့် တစ်စုကို နောက်ကနေ ကပ်လိုက်ဖို့ လွှတ်လိုက်မယ်ဆိုရင် ဘယ်လိုလဲ..."
လီချင်းချိုးမှာ အတွေးထဲ နစ်မြုပ်သွားပြီး ဤတစ်ကြိမ်တွင် သူ ကိုယ်တိုင် တောင်အောက်သို့ ဆင်းသင့်၊ မဆင်းသင့်ကိုလည်း စဉ်းစားနေသည်။
သူ မကြောက်သော်လည်း ဆန့်ကျင်ဘက်အားဖြင့် ဂိုဏ်းကို စွမ်းရည်သွေးချင်နေခြင်း ဖြစ်သည်။
ဤသည်မှာ ကျောက်ကျိန်း၏ ကံကြမ္မာတွင် ရှိသော ဘေးဒုက္ခတစ်ခုမျှသာ ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းကို ဖြုတ်ချပစ်မည်ဟု အဓိပ္ပာယ် မရပေ။
အကယ်၍ လီချင်းချိုး၏ တပည့် ဒုက္ခရောက်သောအခါ ဆရာဖြစ်သူ သူ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ရမည်ဆိုလျှင် သူ၏ တပည့်သည် ရန်သူများက သူ့ကို ကြံစည်ရန် အသုံးပြုမည့် အားနည်းချက် တစ်ခု ဖြစ်လာမည်လား။
ထို့အပြင် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်၏ ဘေးဒုက္ခကို ဖြေရှင်းရန် မူလအားဖြည့်နယ်ပယ် နဝမအဆင့်ကို စေလွှတ်ခြင်းက သေတွင်းထဲ လွှတ်ခြင်း မဟုတ်ပေ။
အကယ်၍ ၎င်းတို့နောက်ကွယ်ရှိ ရန်သူသည် ဝိညာဉ်အသိအာရုံအဆင့်၏ ခွန်အားသို့ ရောက်ရှိနေပြီဆိုလျှင် ချင်းရှောင်ဂိုဏ်း ဒုက္ခရောက်နေသည်မှာ ကြာပြီဖြစ်ပြီး လောကကြီးမှာလည်း လက်ပြောင်းလက်လွှဲ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်အထိ ၎င်းတို့ စောင့်နေကြမည် မဟုတ်ပေ။
လီချင်းချိုး နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းယွီချွန်းက …
"ရွှီနင်းကိုပါ ဖိတ်လိုက်ရင် ဘယ်လိုလဲ..."
"မရဘူး!"
ကျန်းကျောက်ရှား အလျင်အမြန် ပြောလိုက်ရာ သူ့ အသံမှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရသဖြင့် ကျန်းယွီချွန်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ကျန်းယွီချွန်း၏ အမြင်တွင် မူလအားဖြည့်နယ်ပယ် နဝမအဆင့်မှ ကျင့်ကြံသူ နှစ်ဦး ပါဝင်ခြင်းက အကြွင်းမဲ့ အောင်မြင်မှုကို သေချာစေသည်။
ကျန်းကျောက်ရှားက သူနှင့် ရွှီနင်းတို့မှာ သဟဇာတ မဖြစ်ဘဲ အတူတကွ လှုပ်ရှားရန် မသင့်တော်ဟု ခံစားနေရသည်။
"ကောင်းပြီ... ဆက်ပြီး အချိန်မဆွဲနဲ့တော့... ကျွန်တော် အခုပဲ မြောက်ဘက်ကို ထွက်သွားလိုက်မယ်... နောက်က လိုက်လာမယ့် တပည့်တွေ သေချာ သတိထားမိအောင် လမ်းတစ်လျှောက်မှာ ဓားချီနဲ့ အမှတ်အသားတွေ ချန်ထားခဲ့မယ်..."
ကျန်းကျောက်ရှားက မတ်တပ်ရပ်၍ ထွက်သွားရန် ပြင်လိုက်တော့ လီချင်းချိုးက …
"ပထမ တာဝန်က ကျောက်ကျိန်းကို ကာကွယ်ဖို့ပဲ... အကယ်၍ သူ့ကို မကာကွယ်နိုင်ဘူးဆိုရင် မင်းရဲ့ အသက်ကို အန္တရာယ်အဖြစ်မခံနဲ့... ကျောက်ကျိန်းနဲ့ ယှဉ်ရင် မင်းက ငါ့အတွက် ပိုအရေးကြီးတယ်..."
ထိုအခါ ကျန်းကျောက်ရှား အံ့အားသင့်သွားပြီး လီချင်းချိုး ဤကဲ့သို့သော စကားမျိုး ပြောနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ အစ်ကိုကြီး၏ နှလုံးသား အနည်းငယ် ပြောင်းလဲသွားပြီဟု သူ ထင်ခဲ့မိသည်။
သူက လီချင်းချိုးကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ လေထဲသို့ ခုန်တက်၍ ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မြောက်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
လီချင်းချိုးက ကျန်းယွီချွန်းကို ကြည့်ပြီး…
"ထျန်းရွှမ်တောင်ကို လူတွေ ပိုလွှတ်လိုက်ပါ... ထျန်းရွှမ်တောင်ကို သေချာ စောင့်ကြည့်ထားဖို့ သေချာပါစေ... အကယ်၍ ဒီနောက်ကွယ်မှာ ထျန်းရွှမ်တောင် တကယ် ပါနေတယ်ဆိုရင် အရင်က ကျန်ကျီဂိုဏ်း လွတ်သွားသလိုမျိုး သူတို့ကို လွတ်သွားခွင့် မပေးနိုင်ဘူး..."
ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး တာဝန်များ ခွဲဝေချထားပေးရန် ချက်ချင်း ထွက်သွားတော့သည်။
လီတုန်းယွဲ့က …
"အစ်ကိုကြီး ... စိတ်မပူပါနဲ့... ကျောက်ကျိန်းက မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်မှာ ရှိနေပြီး သိုင်းပညာစင်မြင့်မှာ သိုင်းပြိုင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... သူ ကိုယ်တိုင် သူ့မိခင်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်မှာပါ..."
သူမ၏ အမြင်တွင် အကျပ်အတည်းမှာ ထိုမျှလောက် မဆိုးရွားဘဲ လောကတွင် ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်သော အင်အားစု မရှိချေ။ ၎င်းမှာ သူမက လောကရှိ လူများကို အထင်သေး၍ မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း မည်မျှ အစွမ်းထက်ကြောင်း သူမ သိသောကြောင့် ဖြစ်သည်။
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး …
"ငါလည်း အဲဒီလိုပဲ ထင်ပါတယ်..."
လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ ရှိကြသည်။ သူသည် ကျောက်ကျိန်းကို ကာကွယ်ရန် သူ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ကျောက်ကျိန်းက ဤအခက်အခဲကို မကျော်ဖြတ်နိုင်ခဲ့လျှင် ၎င်းမှာ ကျောက်ကျိန်း၏ ကံကြမ္မာက အဆုံးသတ်သွားပြီဟုသာ အဓိပ္ပာယ် ရပေသည်။
သူ့ကို ဆန့်ကျင်ရန် တစ်စုံတစ်ယောက်က ကျောက်ကျိန်းကို အသုံးပြုလာနိုင်သလား ဆိုသည့်အချက်နှင့် ပတ်သက်၍ သူသည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို စဉ်းစားခဲ့ပြီးပြီ။
မိစ္ဆာဂိုဏ်းဝင် တစ်ဦးဦးက ကျောက်ကျိန်းကို ဝင်ပူးချင်နေမည်ကိုပင် သူ စဉ်းစားခဲ့သေးသည်။
သို့သော်လည်း ကျောက်ကျိန်းသည် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တွင်သာ ရှိသေးသည်။ သူ့ကို ဝင်ပူးခဲ့လျှင်ပင် ချင်းရှောင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမည် မဟုတ်ပေ။
လီချင်းချိုးသည် ပထမဦးစွာ ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပြီး၊ ထို့နောက်မှ ကျောက်ကျိန်း၏ ဆရာ ဖြစ်ပေသည်။
...
ခုယီနှင့် ခုအာတို့မှာ ယခုအခါ ကျင့်ကြံသူများ ဖြစ်နေကြပြီး ကျောက်ကျိန်းနောက်သို့ အပြေးအလွှား လိုက်ပါလာကြသည်။
ရက်အနည်းငယ် အကြာတွင် သူတို့သုံးဉီး ကျုံးထျန်းစီရင်စုသို့ ရောက်ရှိလာကြသည်။
တစ်ချိန်က လောက၏ ဗဟိုပြည်နယ် ဖြစ်ခဲ့သော နေရာမှာ ယခုအခါ ခြောက်ကပ်နေပြီ ဖြစ်သည်။
နေဝင်ရီတရော အချိန်တွင် ကျောက်ကျိန်းသည် ချောက်ကမ်းပါးသို့ ရောက်လာပြီး ဝူရှန်ဂိတ်ကို ငုံ့ကြည့်ရင်း ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။
ဤသည်မှာ ဝူရှန်ဂိတ်ကို သူ ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ ပထမအကြိမ်မှာ ချင်းရှောင်ဂိုဏ်းသို့ အပို့ခံရစဉ်က ဖြစ်ပြီး ဝူရှန်ဂိတ်ကို ဖြတ်သန်းသွားခဲ့ရသည်။
ခုယီနှင့် ခုအာတို့လည်း သူ့ ဘေးသို့ ရောက်လာကြပြီး ဝူရှန်ဂိတ်ကို အတူတကွ ငုံ့ကြည့်လိုက်ကြသည်။
"ဒါက မဟာဘိုးဘေး ဧကရာဇ် တည်ဆောက်ခဲ့တဲ့ ခမ်းနားကြီးကျယ်တဲ့ ခံတပ်ကြီးပဲ... ရှေးခေတ်ကရော၊ ခေတ်သစ်မှာရော အတူတူပဲ... အခုတော့ မြို့တံခါးတွေ ပွင့်နေပြီး အစောင့်အရှောက် မရှိတော့ဘူး... တကယ် နှမြောစရာပဲ..."ဟု ခုယီက ညည်းတွားလိုက်သည်။
ဤလူများသည် ကျောက်လန်အပေါ် သစ္စာရှိကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသော နေရာတွင် တာ့လီမင်းဆက်အပေါ် သစ္စာရှိကြသည်။
ကျောက်ကျိ သတ်ဖြတ်ခံရသောအခါ ကျေနပ်မှုကို ခံစားခဲ့ရသော်လည်း ၎င်းတို့၏ နိုင်ငံတော် အလုခံရသောအခါတွင်မူ မပျော်ရွှင်နိုင်ကြတော့ချေ။
၎င်းတို့၏ အသက်အရွယ်အရ တာ့လီမင်းဆက်၏ ထွန်းကားမှု၊ ကြီးပွားချမ်းသာမှုနှင့် ကျဆင်းမှုတို့ကို မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ မဟာဘိုးဘေးလို ဧကရာဇ်တပါးက ကျောက်ကျိလို လူဆိုးတစ်ဦးကို မည်သို့ မွေးဖွားနိုင်ခဲ့သနည်းကို နားမလည်နိုင်ဘဲ ခုယီတို့စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကြသည်။
"အဲဒီလူ ဘယ်တော့ ရောက်လာမလဲ..." ဟု ကျောက်ကျိန်းက မေးလိုက်သည်။
အသက် ဆယ့်ငါးနှစ်အရွယ်တွင် သူသည် ယခင်ကလို ကလေးတယောက် မဟုတ်တော့ပေ။ သူသည် မြင့်မားမတ်စောက်စွာ ရပ်နေပြီး မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ရှိ ကျင့်ကြံမှုက သူ့ကို အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေးစွမ်းနေပေသည်။
ခုအာက …
"မကြာခင် ရောက်လာတော့မှာပါ... သူက ကျွန်တော်တို့ကို ဒီမှာ စောင့်နေဖို့ ပြောခဲ့တာဆိုတော့ အနီးအနားမှာ သူလျှိုတွေ ထားထားမှာ သေချာတယ်..."
ထို့နောက် ခုယီက …
"ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ... အနီးအနားမှာ ဘာထောင်ချောက်မှ မရှိပါဘူး..."
ကျောက်ကျိန်းက နှာမှုတ်လိုက်ပြီး…
"ဟွန့်…အကယ်၍ သူ တကယ်ပဲ ငါ့ကို ချုံခိုတိုက်ခိုက်ချင်တယ်ဆိုရင် မင်းတို့ ဘယ်လိုလုပ် မြင်နိုင်မှာလဲ..."
ခုယီနှင့် ခုအာတို့မှာ နှုတ်ဆိတ်နေကြရသည်။ ကျောက်ကျိန်း၏ မကျေနပ်မှုကို ခံစားနိုင်သော်လည်း သူတို့တွင် နောင်တမရှိချေ။
ညအချိန် နီးကပ်လာသောအခါ …..
နောက်ဘက်ရှိ တောအုပ်ထဲမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ထျန်းရွှမ်တောင်၏ ဟွာတောက်ကျန့်ပင်ဖြစ်သည်။
ဟွာတောက်ကျန့်က ကျောက်ကျိန်း၏ ကျောပြင်ကို စူးရှသော အကြည့်များဖြင့် ကြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်အောင် ကြိုးစားရင်း ကျောက်ကျိန်းထံသို့ လျှောက်သွားလိုက်သည်။
သူ့ရဲ့ နောက်ဘက် ဆယ်ပေကျော် အကွာရှိ သစ်ကိုင်းတစ်ခုပေါ်မှ စက္ကူအရုပ်တစ်ခုက သူ့ကို စောင့်ကြည့်နေသည်ကို သူ သတိမထားမိခဲ့ပေ။
တစ်ချိန်တည်းမှာပင်……
ချင်းရှောင်ဂိုဏ်း တပည့်သုံးဦးက အနီးအနားရှိ တောင်ပေါ်ရှိ တောအုပ်တစ်ခုတွင် ပုန်းအောင်းနေကြပြီး၎င်းတို့အနက် တစ်ဦးက မျက်လုံးမှိတ်၍ တရားထိုင်ကာ မှော်ပညာရပ် တစ်ခုကို အသုံးပြုနေသည်။
မှော်ပညာရှင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး တီးတိုး
"ကျောက်ကျိန်း..."
"စီနီယာအစ်ကိုက ဘာဖြစ်လို့လဲ... ထျန်းရွှမ်တောင်က ဓားကျင့်စဉ်အကြီးအကဲက သူ့ကို လာတွေ့နေတယ်..."