အခန်း ၃၉၁
Vol. 40 Ch. 391
အခန်း( ၃၉၁) ရွှမ်းလုံ တော်ဝင်မိသားစု၊ တုကူးကျွမ့်တင်း
ဖန်းပိုမို၏ စကားများကြောင့် လီချင်းချိုး မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဖန်းပိုမိုကို စူးစိုက်ကြည့်နေခဲ့ပြီး ဖန်းပိုမိုကတော့ ခေါင်းငုံ့ကာ သူ့အကြည့်ကို မရင်ဆိုင်ရဲပေ။
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း အံ့ဩသွားကြသည်။ ပထမဆုံးအချက်က ထျန်းချင်းမသေမျိုးဂိုဏ်းချုပ်၏ သမီးက သူတို့ ဆရာ၏ ရင်ခွင်ထဲသို့ တိုးဝင်ရန် အလောတကြီး ဖြစ်နေခြင်း ဖြစ်ပြီး၊ ယခုအခါတွင်လည်း မိုးပြာနဂါး အဆင့်သတ်မှတ်ချက်မှ ပါရမီရှင် တစ်ဦးက လမ်းပြပေးမည်ဟု ဆိုလာခြင်းပင်။
ဆရာ့ရဲ့ လက်သီးချက်က တကယ်ကို ကြောက်မက်ဖွယ် ကောင်းတယ်!
ဖန်းပိုမို၏ စကားကို ကြားသောအခါ ကျိုးလင်ဟွမ်းက စူးရဲစွာ ကြည့်လိုက်ပြီး…
"ဖန်းအာ... နင် ဘာပရိယာယ်တွေ ဆင်နေတာလဲ..."
ဖန်းပိုမိုက သူမကို မကြည့်ဘဲ တည်ငြိမ်စွာဖြင့်….
"ကျွန်တော် စီနီယာအတွက် တစ်ခုခု လုပ်ပေးချင်ရုံပါ... ပြီးတော့ လူသားဧကရာဇ် ခေါင်းလောင်း အကြောင်းလည်း နည်းနည်းပါးပါး သိထားပါတယ်…
ကျိုးလင်ဟွမ်း က လီချင်းချိုးဘက်သို့ လှည့်၍…
"လီပိုင်... သူ့စကားကို မယုံနဲ့... သူက ငယ်ငယ်ကတည်းက လိမ်ညာတတ်တဲ့သူ... သူ့မှာ မီးနဲ့ ရေလို သဘောထားချင်း မတူတဲ့ ညီအစ်ကိုတွေ အများကြီး ရှိတယ်... သူ အခု လာကူညီတာက သူ့ညီအစ်ကို တစ်ယောက် စစ်နတ်ဘုရား နန်းတော်ထဲ ရောက်နေလို့ ဖြစ်မယ်... သူက အနှောင့်အယှက် ဖြစ်မှာကို ကြောက်နေတာ... ဖြစ်နိုင်ရင် သူ့အစ်ကို ဖန်းပိုကျဲ့လည်း ရောက်နေလောက်တယ်..."
"ဖန်းပိုကျဲ့က မိုးပြာနဂါး အဆင့်သတ်မှတ်ချက်မှာ ပဉ္စမမြောက်အဆင့်ရှိတယ်..... သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နေမင်းနယ်ပယ်ကို ကျော်လွန်သွားပြီ..."
သူမ ဖန်းပိုကျဲ့ အကြောင်း ပြောလိုက်ချိန်တွင် ဖန်းပိုမို၏ ခန္ဓာကိုယ် သိသိသာသာ တောင့်တင်းသွားခဲ့သော်လည်း ဘာမျှ ရှင်းပြခြင်း မရှိပေ။
ယင်ကျင်းရှင်းက အံ့ဩစွာဖြင့်…
"ဘာလို့ ညီအစ်ကိုတွေက တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးချင်နေကြတာလဲ..." ဟု မေးလိုက်သည်။
သူ့မိခင် ပြောခဲ့ဖူးသည်မှာ သူ့တွင် ဖေးဟုန်ဂိုဏ်းတွင် ကျင့်ကြံနေသော ယင်ကျင်းထျန်း အမည်ရှိ အစ်ကိုတစ်ယောက် ရှိကြောင်း မှတ်မိနေသည်။သူသည် ထိုအစ်ကိုကို တစ်ခါမျှ မတွေ့ဖူးသော်လည်း အမြဲတမ်း တွေးတောနေလေ့ ရှိသည်။
ကျိုးလင်ဟွမ်းက နှာမှုတ်၍…
"သူ့အဖေက သူ့ကို ကံဆိုးစေသူလို့ ထင်တယ်... သူ့ကို မွေးကတည်းက အမေကို သတ်ပစ်လိုက်တယ်လို့ ယူဆကြတယ်... သူ့ညီအစ်ကိုတွေကလည်း အတူတူပဲ... ကျူထျန်းဂိုဏ်းဆိုတာ ဖြောင့်မတ်တာ မဟုတ်ဘူး၊ မိစ္ဆာဆန်တာလည်း မဟုတ်ဘူး... တကယ်တော့ သူက ကျူထျန်းဂိုဏ်းကနေ ထွက်သွားချင်နေတာ ကြာပြီ .."
သူမ ဖန်းပိုမိုကို လှောင်ပြောင်နေခြင်း မဟုတ်ဘဲ ဖန်းပိုမို၏ ဖခင်နှင့် ညီအစ်ကိုများကိုသာ ဝေဖန်နေခြင်း ဖြစ်သည်။
ဖန်းပိုမိုကတော့ ဒေါသထွက်ခြင်း မရှိပေ။ သူက လီချင်းချိုးကို မော့ကြည့်၍….
"စီနီယာ... သူ ပြောတာ မှန်ပါတယ်... ကျွန်တော် စစ်နတ်ဘုရား နန်းတော်ထဲ ရောက်လာတာက မလွှဲမရှောင်သာ ဖြစ်လာလို့ပါ... ကျွန်တော် ရတနာတွေ သိမ်းပိုက်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ အနှောင့်အယှက်ကနေ လွတ်မြောက်ချင်ရုံပါ... ဒီနေရာမှာ အစွမ်းထက်တဲ့ သူတွေ အများကြီး ရှိနေတယ်... ကျွန်တော့်အနေနဲ့ လူသားဧကရာဇ် ခေါင်းလောင်းကို မရနိုင်ပါဘူး... အဲဒီအစား စီနီယာ့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်တာ ပိုကောင်းပါတယ်..."
လီချင်းချိုးက သူ့ကို ကြည့်၍…
"ဒါဆိုရင် လမ်းပြပေးပါ..." ဟု ဆိုလိုက်သည်။
အကြိမ်တစ်သောင်း ဥပဒေသ ဝိညာဉ်မျက်လုံးက စစ်နတ်ဘုရား နန်းတော်ကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း သူ့ရဲ့အမြင်အာရုံက နန်းတော်တစ်ခုလုံးကို အပြည့်အဝ မလွှမ်းခြုံနိုင်ပေ။ တစ်စုံတစ်ယောက်က လမ်းပြပေးမည်ဆိုပါက ပိုမို လွယ်ကူသွားပေလိမ့်မည်။
ဖန်းပိုမိုတယောက် ပရိယာယ်များ ဆင်နေသလား ဆိုသည်ကိုတော့ သူ ဂရုမစိုက်ပေ။
ဤစကားကို ကြားသောအခါ ဖန်းပိုမို အလွန် ဝမ်းသာသွားသည်။ လီချင်းချိုးကို ကျေးဇူးတင်စကား ပြောပြီးနောက် ရှေ့မှ ဦးဆောင်၍ လမ်းပြရန် ပျံသန်းသွားတော့သည်။
ယွဲ့လုံယန်ခြင်္သေ့ကလည်း သူ့ဘေးတွင် လိုက်ပါလာပြီး လေထဲတွင် လွင့်နေသော တောင်တန်းတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ယင်ကျင်းရှင်း၏ အာရုံကို အခါအားလျော်စွာ ဆွဲဆောင်နေခဲ့သည်။
လီချင်းချိုးက သူတို့၏ နောက်မှ အနီးကပ် လိုက်ပါသွားပြီး ကျိုးလင်ဟွမ်းခင်မျာ မကျေနပ်သော်လည်း လိုက်ပါသွားရုံမှလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
ခရီးစဉ်အတွင်းတွင် သူမ၏ မိသားစုနှင့် ဖန်းပိုမိုတို့ကြားရှိ ရေရှည် ခင်မင်ရင်းနှီးမှု အကြောင်းများကို ပြောပြနေခဲ့သည်။
ဖန်းပိုမို၏ ဖခင်က ကျူထျန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။ သူတို့ ငယ်စဉ်က ဖန်းပိုမိုကို ထျန်းချင်းမသေမျိုးဂိုဏ်းသို့ ကျင့်ကြံရန် စေလွှတ်ခဲ့ပြီး ထိုနေရာတွင် ကျိုးလင်ဟွမ်း နှင့် ဖန်းရွှမ်တို့လို အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ကလေးများနှင့် အပြန်အလှန် ဆက်ဆံခဲ့ကြသည်။
ဖန်းပိုမိုက ငယ်စဉ်ကတည်းက တစ်ယောက်တည်း နေလေ့ရှိပြီး ကြီးပြင်းလာသည်နှင့်အမျှ အကျင့်စရိုက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် အတိတ်က ဆက်ဆံရေးများကို ဂရုမစိုက်တော့ဘဲ ရတနာ တစ်ခုကို သိမ်းပိုက်ရန်အတွက် သူတို့ကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။
ဖန်းပိုမိုက ကျိုးလင်ဟွမ်း၏ ရန်လိုသော စကားများကို မကြားသလို ပြုမူပြီး နောက်သို့ လှည့်ကြည့်ခြင်း မရှိချေ။
ယွမ်လီကတော့ ဖန်းပိုမိုအပေါ် သနားစိတ် အနည်းငယ် ဖြစ်ပေါ်မိသည်။ ငယ်စဉ်ကတည်းက အစ်ကိုကြီး၏ ချစ်ခင်မှုကို ခံခဲ့ရသော သူ့အဖို့ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြသည်ကို နားမလည်နိုင် ဖြစ်နေ၏။ သို့သော်လည်း ဖန်းပိုမိုကိုကြည့်ရသည်မှာ အတော်လေး ဒုက္ခရောက်နေပုံ ရပြီး စိတ်ပြောင်းလဲသွားစေလောက်သည့် ဒဏ်ရာ တစ်ခုခုကို ကြုံတွေ့ခဲ့ရပုံ ရသည်။
လီချင်းချိုးကတော့ ထိုသို့သော ဇာတ်လမ်းများအပေါ် အတော်လေး အေးစက်နေသည်။
လူတိုင်းတွင် ကိုယ်စီ ဒုက္ခများ ရှိကြသော်လည်း မည်သို့ပင်ဆိုစေ ဖန်းပိုမို၏ ကျင့်ကြံနိုင်စွမ်းနှင့် ထိုမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိခြင်းမှာ နောက်ခံအင်အားနှင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။ သူသည် ယခုအခါ လူသားဧကရာဇ် ခေါင်းလောင်း မည်မျှ အစွမ်းထက်သနည်း ဆိုသည်ကိုသာ စိတ်ဝင်စားနေ၏။
ကျိုးလင်ဟွမ်းနှင့်ဖန်းပိုမိုတို့၏ စကားများအရ ထျန်းရွှမ်ဇီ မုသားမပြောခဲ့ကြောင်းနှင့် လူသားဧကရာဇ် ခေါင်းလောင်း၏ စွမ်းအားကို သူ လျှော့တွက်မိနေသလားဟု လီချင်းချိုး တွေးမိနေသည်။
ထိုနောက်တွင် လမ်းခရီး၌ ကျင့်ကြံသူ များစွာနှင့် တွေ့ဆုံခဲ့ကြသည်။
ယွဲ့လုံယန်ခြင်္သေ့ ရှိနေခြင်းက အလွန် ထင်ရှားလွန်းသလို ဖန်းပိုမိုနှင့် ကျိုးလင်ဟွမ်းတို့၏ နာမည်ကျော်ကြားမှုကြောင့် လူများစွာက လီချင်းချိုးနှင့် အပေါင်းအပါများကို မည်သူမည်ဝါဖြစ်ကြောင်းကို စူးစမ်းနေကြသည်။ မျက်နှာဖုံးများ တပ်ဆင်ထားပြီး ထျန်းချင်းမသေမျိုးဂိုဏ်းမှ နတ်သမီး လင်ဟွမ်းနှင့် အတူရှိနေသဖြင့် သူတို့ သုံးဦးမှာ အစေခံများထက် သခင်များသဖွယ် ပိုမို ပေါ်လွင်နေသည်။
ဤအချိန်အတွင်း အစွမ်းထက် ကျင့်ကြံသူအချို့နှင့် ပါရမီရှင်အချို့က ဖန်းပိုမိုနှင့် စကားပြောခဲ့ကြသော်လည်း ဖန်းပိုမိုဘက်က မောက်မာစွာ ပြုမူ၍ စကားအနည်းငယ်ဖြင့်သာ တုံ့ပြန်ခဲ့သည်။
လီချင်းချိုး၏ အမြင်တွင် သူတို့တွေ အဆုံးအစမရှိသော ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည့် နေရာဆီသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။ ဖန်းပိုမိုက လူသားဧကရာဇ် ခေါင်းလောင်း ရှိရာနေရာကို အမှန်တကယ်ပင် သိရှိနေပုံ ရသည်။ ထို့နောက် ကျိုးလင်ဟွမ်းက လီချင်းချိုးနှင့် အခြား နှစ်ဦးကို စစ်နတ်ဘုရားအကြောင်းများ ပြောပြနေခဲ့သည်။
ဤစစ်နတ်ဘုရားက ရှေးခေတ် လူသားမျိုးနွယ်တို့၏ ဘုရင် တစ်ပါး ဖြစ်ခဲ့ပြီး ၎င်း၏ ဖခင်ကလည်း ဘုရင် တစ်ပါးပင် ဖြစ်သည်။ စစ်နတ်ဘုရားဘွဲ့ကို မျိုးဆက်ကိုးဆက်တိုင် အမွေဆက်ခံခဲ့ပြီး ရှေးခေတ် လူသားမျိုးနွယ်တို့၏ ဒဏ္ဍာရီ ဖြစ်လာခဲ့သည်။
သူ့ကို စစ်နတ်ဘုရားဟု ခေါ်ဆိုကြခြင်းမှာ မိစ္ဆာများ၊ မကောင်းဆိုးဝါးများနှင့် မမျှတသော မသေမျိုးများ၊ နတ်ဘုရားများကို တစ်သက်တာလုံး တိုက်ခိုက်ခဲ့သောကြောင့်ပင်။
ကျိုးလင်ဟွမ်းက စစ်နတ်ဘုရား၏ ဒဏ္ဍာရီများကို အဆုံးအစမရှိ ပြောပြနေသဖြင့် လီချင်းချိုးလည်း စိတ်ဝင်စားစွာဖြင့် နားထောင်နေခဲ့သည်။
ဤဇာတ်လမ်းများက တစ်ခုနှင့်တစ်ခု မသက်ဆိုင်သလို ထင်ရသော်လည်း တကယ်ကို ခမ်းနားလှပေသည်။
ဖန်းပိုမို၏ လမ်းပြမှုဖြင့် အလွန် မြန်ဆန်စွာ ပျံသန်းသွားကြပြီး အစွမ်းထက် အစီအရင်များနှင့် တွေ့ဆုံချိန်တွင် လီချင်းချိုးက လက်သီးတချက်ဖြင့် တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
သူ့ရဲ့ လက်သီးချက် တစ်ချက်စီတိုင်းက ဖန်းပိုမိုနှင့်ကျိုးလင်ဟွမ်းတို့ကို ထိတ်လန့်သွားစေသည်။
ဒီစွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတာပဲ!
လီချင်းချိုး၏ စွမ်းအားက ဖန်းပိုမိုကို ပို၍ပင် စိတ်လှုပ်ရှားသွားစေပြီး တစ်ခုခုကို မျှော်လင့်နေပုံ ရသည်။
ခရီးလမ်းတလျှောက် ဤရှေးခေတ် စစ်နတ်ဘုရားအပေါ် လီချင်းချိုး ပို၍ စိတ်ဝင်စားလာသည်။
ဤမျှ ကြီးမားလှသော နန်းတော်ကို တည်ဆောက်ရန် မည်မျှသော ကျင့်ကြံခြင်းအဆင့် လိုအပ်သနည်း၊ ၎င်းမှာ ကိုယ်ပိုင် လောက တစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
မျက်တောင်တစ်ခတ်အတွင်း အချိန် တစ်နာရီ ကုန်လွန်သွားခဲ့သည်။
နောက်ဆုံးတွင် ပေနှစ်ရာ မြင့်မားသော ကြေးနီတံခါးကြီး တစ်ခုရှေ့သို့ ရောက်ရှိသွားကြပြီး ၎င်းမှာ မည်သူ့ကိုမဆို ထိတ်လန့်စေမည့် မြင်ကွင်းတစ်ခုပင်။
ဖန်းပိုမိုက လေထဲတွင် ပျံသန်း၍ လီချင်းချိုးကို လှည့်ကြည့်ကာ…
"ဒီတံခါးရဲ့ အနောက်ဘက်မှာ စစ်နတ်ဘုရား နန်းတော်ရဲ့ပင်မ ခန်းမဆောင် ရှိတယ်... လူသားဧကရာဇ် ခေါင်းလောင်းက အတွင်းမှာ ရှိလိမ့်မယ်..."
ကျိုးလင်ဟွမ်းက…
"နင်ပြောတဲ့ 'ရှိလိမ့်မယ်' ဆိုတာ ဘာကို ဆိုလိုတာလဲ..."
"ကျွန်တော် သတင်းရလို့ပါ... တခြားသူတွေလည်း ရနိုင်ပါတယ်..."
လီချင်းချိုးက ကြီးမားလှသော ကြေးနီတံခါးကို စိုက်ကြည့်၍…
"သူ ပြောတာ မှန်တယ်... အတွင်းမှာ လူတွေ ရှိနေတယ်..."
ဤစကားကို ကြားသောအခါ ကျိုးလင်ဟွမ်းက ကြီးမားလှသော ကြေးနီတံခါးကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများတွင် ဝေဝါးမှုများ ပြည့်နှက်နေသည်။
ဒီလူက ဘယ်လိုလုပ် သိနေတာလဲ….
လီချင်းချိုးက အလျင်စလို လုပ်ဆောင်ခြင်း မရှိဘဲ ရှိရင်းစွဲအတိုင်း စောင့်ဆိုင်းနေလိုက်သည်။
ဖန်းပိုမိုက လီချင်းချိုး တံခါးကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မြင်နေပြီး အဘယ်ကြောင့် မလုပ်သနည်းဟု မေးရန် ပြင်လိုက်ချိန်တွင် သူ့ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကာ…
"ဘာလို့ သူ ဒီကို ရောက်နေတာလဲ..."
ဖန်းပိုမို ကြောက်ရွံ့စွာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သဖြင့် ဤစကားကို ကြားသောအခါ ကျိုးလင်ဟွမ်း၊ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ အားလုံး လှည့်ကြည့်လိုက်ကြသည်။
အဝေးမှ အမှောင်ထုထဲတွင် လေတိုးသံများ ထွက်ပေါ်လာပြီး မကြာမီ ခြေသံများကို ကြားလိုက်ရသည်။
ဟုတ်တယ်၊ ခြေသံတွေပဲ!
မိုးကြိုးသံကဲ့သို့ ခြေသံများ ပိုမို ကျယ်လောင်လာပြီး ရှင်းလင်းစွာ နီးကပ်လာနေပြီ ဖြစ်သည်။
"အခုလာနေတာက ရွှမ်းလုံ တော်ဝင်မိသားစုက တုကူးကျွမ့်တင်းပဲ... ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းမှာ ဆရာတဆူပဲ… သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ခန္ဓာကိုယ် သန်မာစေတဲ့ သွေးကျင့်စဉ်က လောကတခွင် ပြိုင်ဘက်ကင်းတယ်.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ပင်လယ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ်ကိုရောက်နေပြီ…..."
ဖန်းပိုမိုက လီချင်းချိုးဘက်သို့ လှည့်၍ အလျင်အမြန် မိတ်ဆက်ပေးလိုက်ရင်း သူ့လေသံက ထိတ်လန့်နေပြီး တုကူးကျွမ့်တင်းကို ကြောက်ရွံ့နေသည်မှာ သိသာလှသည်။
ဝိညာဉ်ပင်လယ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ်…!
ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ကျိုးလင်ဟွမ်း၏ အမူအရာက တုကူးကျွမ့်တင်းဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် လေးနက်သွားသည်။
အမှောင်ထုထဲမှ ခြေသံများက ငရဲတွင်းမှ မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေပြီး အလွန် ဖိနှိပ်မှုများသော လေထုကို ဖန်တီးထားသည်။
မကြာမီ လူပုံရိပ်တစ်ခု အမှောင်ထုထဲမှ ထွက်ပေါ်လာတော့သည်။
ထိုသူသည် အဝါရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အတွင်းဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ ထိုသံချပ်ကာက ချီလင်သတ္တဝါ၏ ဉီးခေါင်းနှင့် ဆင်တူပြီး ကျွမ်းကျင်စွာ ပြုလုပ်ထားသော အကြေးခွံ သံချပ်ကာ ဖြစ်သည်။ သူသည် ကြမ်းတမ်းသော မျက်နှာ ရှိပြီး နဖူးတွင် နဂါးချိုများ ပါရှိသော ခရမ်းရောင် သရဖူကို ဆောင်းထားကာ ဆံပင်ရှည်များကလည်း နောက်သို့ လွင့်ကျနေသည်။ထို့အပြင် သက်ရှိသတ္တဝါ အားလုံးကို အထက်စီးမှ ကြည့်မြင်နိုင်သော မောက်မာသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ရွှမ်းလုံ တော်ဝင်မိသားစုက တုကူးကျွမ့်တင်း!
သူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကြည့်များက ယွမ်လီထံသို့ ရောက်ရှိသွားပြီးနောက် လီချင်းချိုးဆီသို့ ပြောင်းသွားသည်။
ယွမ်လီသည် ထိုလူ သူ့ကို ကြည့်လိုက်ချိန်တွင် နှလုံးခုန်သံပင် ရပ်တန့်သွားသည်။ မသိစိတ်က ဤသူက အန္တရာယ်ရှိပြီး သူနှင့် မယှဉ်နိုင်ကြောင်း ပြောပြနေသည်။
သုံးလှမ်း လှမ်းပြီးနောက် တုကူးကျွမ့်တင်းက ရုတ်တရက် ရှေ့သို့ ပြေးဝင်လာသည်။
ထိုအခါ မြေပြင် ပြိုကျသွားပြီး ကျောက်တုံးများနှင့် ဖုန်မှုန့်များ လှိုင်းလုံးကြီးများကဲ့သို့ မိုင်ပေါင်းများစွာအထိလွင့်စင်လာသည်။ ယွမ်လီ၊ ယင်ကျင်းရှင်းနှင့် ကျိုးလင်ဟွမ်းတို့ ထိတ်လန့်သွားပြီး အလိုအလျောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုစဉ် လီချင်းချိုး သူတို့၏ ရှေ့တွင် လေထဲမှ ပေါ်ထွက်လာသည်။
အစွမ်းထက်သော အရှိန်အဝါ နှစ်ခု တိုက်မိသွားတော့ မြေအောက် လိုဏ်ခေါင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ထိုအခါ ကျောက်တုံးအပိုင်းအစများ မိုးရေကဲ့သို့ ကြွေကျလာပြီး ကျိုးလင်ဟွမ်းတို့၏ မျက်စိရှေ့တွင် ရှိသမျှ အရာအားလုံးက လောကကြီး ပြိုကျတော့မည့်အလား တုန်ခါနေသည်။ ယွဲ့လုံယန်ခြင်္သေ့ပင် ကြောက်ရွံ့လွန်းသဖြင့် တောင်နံရံတွင် ကပ်လျက် ပုန်းကွယ်နေတော့သည်။
သူတို့ သေချာ ကြည့်လိုက်တော့ လီချင်းချိုးက တုကူးကျွမ့်တင်း၏ လက်သီးကို လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်။
လက်သီးနှင့် လက်ဖဝါးကြားတွင် စွမ်းအင် အလွှာနှစ်ခု ရှိနေပြီး ငါးပေခန့် ကွာဝေးနေကာ သူတို့၏ ဝတ်ရုံများပင် ပြင်းထန်စွာ လွင့်ပျံနေ၏။
လီချင်းချိုး၏ အနည်းငယ်မျက်မှောင် ကြုတ်သွားသည်။ သူသည် ပြိုင်ဘက်၏ စွမ်းအားကို အံ့ဩသွားရပြီး တည်ငြိမ်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင် စွမ်းအား အပြည့်ကို ထုတ်သုံးထားရခြင်း ဖြစ်သည်။ တုကူးကျွမ့်တင်းကမူ မျက်မှောင် အကြီးအကျယ် ကြုတ်လျက် သူ့ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုများ ပြသနေသည့။
ထိုစဉ် သူ့ရဲ့ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာပြီး ကျိုးလင်ဟွမ်း၊ ဖန်းပိုမို၊ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကို တိုက်ရိုက် လွင့်စင်သွားစေကာ ယွဲ့လုံယန်ခြင်္သေ့ပင်လျှင် တောင်နံရံနှင့် ကပ်သွားတော့သည်။
လီချင်းချိုးနှင့် တုကူးကျွမ့်တင်းတို့၏ ခြေထောက်အောက်ရှိ ကျောက်တုံးများ ဆက်လက် ပြိုကျနေပြီး သူတို့၏ အောက်ဘက်တွင် ငရဲတွင်းတစ်ခု ပေါ်ပေါက်လာတော့မည့်အလား ဖြစ်နေ၏။
လီချင်းချိုး၏ ညာဘက်လက်မောင်းက ဖိအားကြောင့် အနည်းငယ် ကိုင်းညွတ်သွားပြီး တုကူးကျွမ့်တင်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးစွမ်းအင်များ လည်ပတ်နေသဖြင့် သူ့ကို ပိုမို ကြောက်မက်ဖွယ် ကောင်းစေသည်။
ထိုအခါ တုကူးကျွမ့်တင်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း သူသည် တစ်ခါမျှ မကြုံဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုက လှိုင်းလုံးကြီးကဲ့သို့ သူ့ဆီသို့ တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ လီချင်းချိုးက ကောင်းကင်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို အသက်သွင်း၍ စွမ်းအား အားလုံးကို ညာဘက် လက်ဖဝါးထဲသို့ စုစည်းကာ တစ်ချက်တည်းဖြင့် တုကူးကျွမ့်တင်းကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
တုကူးကျွမ့်တင်း လေထဲတွင် မိုင်ပေါင်းများစွာ လွင့်စင်သွားပြီး တောင်ထိပ်ရှိ တောင်နံရံပေါ်သို့ ဆင်းသက်လိုက်သည့်အခါ ပတ်ဝန်းကျင်တခုလုံး ကွဲအက်သွားတော့သည်။ သူ လီချင်းချိုးကို ငုံ့ကြည့်လိုက်ရင်း သူ့ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
လီချင်းချိုးက အနည်းငယ် ထုံကျင်သွားသော ညာဘက်လက်ကို ခါလိုက်ပြီးနောက် လေထဲသို့ ခုန်တက်ကာ တုကူးကျွမ့်တင်းဆီသို့ မြှားတစ်စင်းကဲ့သို့ ပြေးဝင်သွားသည်။
တုကူးကျွမ့်တင်းကလည်း ရှောင်တိမ်းခြင်း မရှိဘဲ သူ့ဆီသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။
သူတို့ နှစ်ဦး ဥက္ကာပျံများ တိုက်မိသကဲ့သို့ တိုက်မိသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက မြေအောက် အာကာသတစ်ခုလုံးကို တုန်ခါသွားစေသည်။
သူတို့နှစ်ဉီးက သာမန် သိုင်းသမားများ တိုက်ခိုက်နေသကဲ့သို့ အပြန်အလှန် ရိုက်နှက်နေကြသော်လည်း သူတို့၏ လှုပ်ရှားမှုများက အလွန် လျင်မြန်သဖြင့် အရိပ်များကိုသာ မြင်တွေ့နေရသည်။
ကျိုးလင်ဟွမ်း၊ ဖန်းပိုမို၊ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ပင် သူတို့၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မမြင်နိုင်ကြဘဲ သူတို့နှစ်ဦး တန်းတူရည်တူ ရှိနေသည်ဟုသာ ခံစားနေကြသည်။
သို့သော်လည်း အမှန်တကယ်တွင် တုကူးကျွမ့်တင်း၏ လက်သီးနှင့် ကန်ချက်များက လီချင်းချိုးကို လုံးဝ မထိခိုက်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လီချင်းချိုး၏ တိုက်ခိုက်မှုတိုင်းကသာ သူ့ကို အတိအကျ ထိမှန်နေသည်။ ခဏတာ အတွင်းမှာပင် ထိုးနှက်ချက်ပေါင်း ထောင်ချီ ရှိသွားပြီး သူတို့နှစ်ဦး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ကာ တစ်ဦးနှင့်တစ်ဦး ပေ တစ်ရာခန့် အကွာတွင် ရပ်တန့်သွားကြတော့သည်။
လီချင်းချိုးက မျက်နှာဖုံး တပ်ဆင်ထားသဖြင့် တုကူးကျွမ့်တင်း မှာ သူ့အမူအရာကို မမြင်နိုင်ပေ။ တုကူးကျွမ့်တင်း၏ အမြင်တွင် လီချင်းချိုးကသာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။
ဆင်းသက်ပြီးနောက် တုကူးကျွမ့်တင်း မှာ နှစ်စက္ကန့်လောက်သာ ငြိမ်သက်စွာ ရပ်နိုင်ခဲ့ပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး တုန်ယင်သွားကာ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အခြားသော အပေါက်ခုနစ်ခုမှလည်း သွေးများ စိမ့်ထွက်လာသဖြင့် သူ့ ရုပ်သွင်က အလွန် ဆိုးရွားနေတော့သည်။