အခန်း ၃၈၄
Vol. 39 Ch. 384
အခန်း( ၃၈၄ ) ကျူထျန်းဂိုဏ်း၊ ဖန်းက မိစ္ဆာကို အနိုင်ယူခြင်း
မြေအောက် နက်ရှိုင်းရာတွင် ကျောက်ကမ်းပါးမျက်နှာပြင်မှနေ၍ အောက်ဘက်သို့ ဦးတည်သွားသော တောင်ပေါ်လမ်းကြောင်းများက ကွေ့ကောက်နေပြီး အောက်ဘက်တွင် ဆူပွက်နေသော ချော်ရည်များ စီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။
ဝေ့ရုံက ခရမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ အနောက်ဘက်တွင် လျှောက်လှမ်းနေပြီး သူမ၏ အကြည့်များက အောက်ဘက်သို့ ငေးကြည့်နေကာ သူမ၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
"အကယ်၍သာ ပြုတ်ကျသွားခဲ့ရင်..."
အသက် ငါးနှစ်အရွယ် ဝေ့ရုံမှာ ထိုအတွေးကို တွေးမိရုံမျှဖြင့် တုန်ယင်လာတော့သည်။
သူမသည် ယခုချိန်တွင် အစိမ်းရောင် ဝတ်စုံသစ်ကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ အစွန်းအထင်း မရှိဘဲ သန့်ရှင်းနေ၏။ သူမ၏ မျက်နှာလေးက နုနယ်ပြီး လှပသော ရုပ်သွင်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံပင်များကို နှစ်ဘက်လုံးတွင် ကျစ်ဆံမြီးလေးများ ကျစ်ထားပြီး ယခင်ကထက် ပိုမို တက်ကြွနေသည်။
သူမ၏ အကြည့်များက ရှေ့ရှိ ခရမ်းရောင် ဝတ်စုံနှင့် လူအပေါ်သို့ ကျရောက်သွားပြီး…
"ဖေဖေ... ဘာလို့ စီနီယာလင်း ကို ခေါ်မလာတာလဲ..." ဟု မနေနိုင်ဘဲ မေးလိုက်သည်။
ခရမ်းရောင် ဝတ်စုံနှင့် လူမှာ အခြားသူ မဟုတ်ဘဲ သူမ၏ ဖခင် ဝေကျင်းပင် ဖြစ်သည်။
ဝေကျင်းဆိုသူက အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိပုံရသည်။ သူသည် အရပ်ရှည်ပြီး ချောမောကာ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သမီးဖြစ်သူ၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ဝေကျင်းက အမူအရာမဲ့စွာဖြင့်….
"သူ့ကို အနီရောင်သွေး မိစ္ဆာဂိုဏ်းထဲ ဝင်ခွင့် ပေးလိုက်တာက သူ့အတွက် ဂုဏ်ယူစရာပဲ... အနီရောင်သွေး မိစ္ဆာဂိုဏ်းကို ရှာတွေ့တာက သူ့အတွက် စမ်းသပ်မှုတစ်ခုပဲ... အဲဒီအပြင် ငါ့မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးလို့ သူ့ကို ခေါ်လာဖို့ အဆင်မပြေဘူး..."
ဝေ့ရုံ၏စိတ်ထဲတွင် ဖခင်အပေါ် မုန်းတီးမှုနှင့် သိလိုစိတ်များ ဖြစ်ပေါ်နေသည်။
သူမကို အခုမှ လာရှာသည့်အတွက် ဖခင်ကို နာကြည်းမိသလို ဖခင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်မျှ အစွမ်းထက်ကြောင်းကိုလည်း သိချင်နေသည်။
"ဖေဖေ... ဒီနေရာက ဘယ်လိုနေရာလဲ... ဘာလို့ ဒီကို ရောက်လာတာလဲ..."
သူမအပေါ် ဝေကျင်း၏ အေးစက်သော သဘောထားကြောင့် နစ်နာမှုများကို ထုတ်ဖော်ရန်ပင် ကြောက်ရွံ့နေပြီး သူနှင့် ပိုမို နီးကပ်စွာ နေရန် ပို၍ပင် ကြောက်ရွံ့နေခဲ့သည်။ ဤအကြောင်းကြောင့် ပြီးခဲ့သော နှစ်များအတွင်းက ခံစားခဲ့ရသော ဒုက္ခများကိုပင် မေ့လျော့သွားခဲ့သည်။
ဝေကျင်းက…
"ဒီနေရာက စစ်နတ်ဘုရား နန်းတော်ပဲ... နှစ်ပေါင်း တစ်သောင်းကြာအောင် တည်ရှိခဲ့တဲ့ အမွေအနှစ် နယ်မြေပေါ့... ငါ ဒီနေရာကို အထွတ်အထိပ် ရတနာ တစ်ခု ရှာဖို့ လာခဲ့တာ... ဒီကစပြီးတော့ အလွန် အန္တရာယ်များတဲ့အတွက် ပြင်ဆင်ထားပါ..."
အန္တရာယ်များသလား?
ဘာလို့ ငါ့ကို စီနီယာလင်းနဲ့ မလွှတ်ဘဲ သူ့နဲ့ ခေါ်လာရတာလဲ?
ဝေ့ရုံ၏စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။
ဖေဖေက ငါ့ကို မယုံကြည်ဘူးလား…
ဤကဲ့သို့ တွေးမိသောအခါ သူမ ရုတ်တရက် ပျော်ရွှင်သွားသလို ခံစားလိုက်ရသည်။
သူမသည် အသက် ငါးနှစ်သာ ရှိသေးသည် မဟုတ်ပါလော၊ သူမ၏ ခံစားချက်များက လျင်မြန်စွာ ဖြစ်ပေါ်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူတို့ စကားအနည်းငယ်သာ ပြောဆိုခဲ့ကြသော်လည်း ဖခင်ကို သဘောကျလာခဲ့ပြီ ဖြစ်သည်။
"ဒါနဲ့.. သမီးတို့ကို အရင်က ကယ်တင်ခဲ့တဲ့ အမျိုးသမီး အကြီးအကဲက ဘယ်သူလဲ...ဖေဖေနဲ့ ဘယ်လိုတော်စပ်တာလဲ..."
ဝေ့ရုံက မေးခွန်းများကို ဆက်လက် မေးမြန်းနေပြီး သူမတွင် ဖခင်အတွက် မေးခွန်းများ အလွန် များပြားနေသည်။
"ငါ သူမရဲ့ နာမည်ကို ပြောပြလို့ မရဘူး... သူမက အရမ်း အစွမ်းထက်တယ် ဆိုတာရယ်၊ ငါ့ရဲ့ ဘဝ တစ်လျှောက်လုံး သူမနောက်ကို လိုက်နေခဲ့တာ ဆိုတာရယ်ကိုပဲ မင်း သိထားဖို့ လိုတယ်..."
ဤစကားကို ကြားသောအခါ ဝေ့ရုံက အမျိုးသမီး အကြီးအကဲ၏ ပြိုင်ဘက်ကင်း အလှတရားကို တွေးမိကာ မနာလို ဖြစ်သွားတော့သည်။
"ဖေဖေက သူ့နောက်ကိုပဲ အမြဲ လိုက်နေတာဆိုတော့ မေမေ့အတွက်ကော..."
"ဒီလောက် ငယ်ငယ်လေးနဲ့ ဘာတွေ တွေးနေတာလဲ... ငါက သူ့နောက်ကို လိုက်တာက ငါ့ရဲ့ စွမ်းအားအပေါ် မူတည်ပြီး လိုက်တာ... ခံစားချက်ကြောင့် မဟုတ်ဘူး... မင်းအမေက ငါ့ဘဝရဲ့ တစ်ဦးတည်းသော အချစ်ပဲ... ငါ ဘယ်တော့မှ တခြား အမျိုးသမီးတစ်ယောက်ကို ချစ်တော့မှာ မဟုတ်ဘူး..."
ဝေကျင်းက အေးစက်သူကဲ့သို့ ထင်ရသော်လည်း သမီးဖြစ်သူ၏ မေးခွန်းများနှင့် ပတ်သက်လာလျှင် အလွန် စိတ်ရှည်သူ ဖြစ်ကြောင်း ဝေ့ရုံ မသိရှိသေးပေ။
ဤအဖြေကို ကြားသောအခါ ဝေ့ရုံ၏ အမူအရာမှာ ပိုမို ကောင်းမွန်လာသည်။
သားအဖနှစ်ယောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေကြပြီး မေးခွန်းများ မေးကာ အဖြေများ ရရှိနေကြသဖြင့် ဝေ့ရုံ၏ စိတ်ထဲတွင် ဝေကျင်း၏ ပုံရိပ်က တဖြည်းဖြည်း ပိုမို ထင်ရှားလာခဲ့သည်။
စစ်နတ်ဘုရား နန်းတော်ကြီးက ဟာလာဟင်းလင်း ဖြစ်နေပြီး သူတို့ ဖြတ်သန်းလာခဲ့သော နယ်မြေမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။
"တကယ်လား... ကျွန်တော်တို့ကို ခေါ်သွားမှာလား..."
ညနေစောင်းချိန်တွင် လင်းရှောင်ဝင်းအတွင်း၌ ယင်ကျင်းရှင်းက အံ့ဩစွာဖြင့် မေးလိုက်ရာ ယွမ်လီက ဘေးတွင် မတ်တတ်ရပ်လျက် စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
သူတို့၏ ဆရာက သူတို့ကို လျှို့ဝှက် တာဝန်တစ်ခုအတွက် ခေါ်သွားတော့မည်!
ယွမ်လီသည် အသက် သုံးဆယ့်ရှစ်နှစ် ရှိနေပြီ ဖြစ်သော်လည်း လီချင်းချိုးနှင့်အတူ တာဝန်တစ်ခုတွင် ပါဝင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် စိတ်လှုပ်ရှားနေသည်။
ဤသည်မှာ လီချင်းချိုးက သေချာစွာ စဉ်းစားပြီးနောက် ချမှတ်လိုက်သော ဆုံးဖြတ်ချက် ဖြစ်သည်။
သူတို့နှစ်ဦးစလုံး ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ ကံကြမ္မာများက တိုက်ပွဲအတွင်း ပြောင်းလဲခြင်းနှင့် အန္တရာယ်များကြားတွင် ပြန်လည် မွေးဖွားခြင်းတို့အတွက် သင့်လျော်သည်။
အကယ်၍ သူတို့သာ အပြင်ဘက်တွင် တစ်ယောက်တည်း သေဆုံးသွားခဲ့လျှင် လီချင်းချိုး အလွန် ဝမ်းနည်းကြေကွဲရပေလိမ့်မည်။အခုလို အတူ လိုက်ခိုင်းခြင်းကသာ အလွန် ဘေးကင်းသော ရွေးချယ်မှု ဖြစ်သည်။
အကယ်၍ သူတို့သာ အလွန် အန္တရာယ်များသော အခြေအနေနှင့် ကြုံတွေ့ရပါက လီချင်းချိုးက သူတို့ထဲမှ တစ်ယောက်ကို ပွေ့ချီ၍ အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုကာ ထွက်ပြေးနိုင်ပေလိမ့်မည်။
ဂိုဏ်းကို ကာကွယ်ရန် ထားခဲ့သဖြင့် လီချင်းချိုး စိတ်အေးလက်အေး ရှိနေသည်။ ဓားမိစ္ဆာ၏ သစ္စာရှိမှု ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အထွတ်အထိပ် နတ်ဓားကို လက်ထဲတွင် ထားရှိသဖြင့် ဂိုဏ်းအတွင်းရှိ အခြေအနေများကို အချိန်မရွေး စောင့်ကြည့်နိုင်ပေသည်။
မှန်ပေသည်၊ ဤစစ်ဆင်ရေးကို လျှို့ဝှက်ထားရမည် ဖြစ်ပြီး လီချင်းချိုး ဂိုဏ်းမှ ထွက်ခွာသွားခြင်း မရှိသေးဟူသော အထင်အမြင်ကို ဖန်တီးထားရမည် ဖြစ်သည်။
"ပြန်ပြီးတော့ ပြင်ဆင်လိုက်ကြ... မနက်ဖြန် နေထွက်ချိန်မှာ လင်းရှောင်ဝင်းကို လာခဲ့ကြ... ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့..." ဟု လီချင်းချိုးက ညွှန်ကြားလိုက်သည်။
ဤစကားကို ကြားသောအခါ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့က ခေါင်းညိတ်၍ အရိုအသေပေးကာ ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် လီချင်းချိုးက ခေါင်းလှည့်၍ စားပွဲပေါ်ရှိ ပြဇာတ်မျက်နှာဖုံး သုံးခုကို ကြည့်လိုက်သည်။ထိုမျက်နှာဖုံးများကို ကောင်းကင်လက်မှုပညာခန်းမကို ဖန်တီးခိုင်းထားခြင်း ဖြစ်သည်။ ထိုမျက်နှာဖုံးများက အရင်ဘဝက အနောက်ဘက်သို့ခရီးသွားခြင်း ဇာတ်လမ်းမှ ဇာတ်ကောင်များ ဖြစ်သော ထန်ဆန်းကိုယ်တော်၊စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ ပုံစံများ ဖြစ်သည်။ မျက်နှာဖုံးများတွင် ဝိညာဉ်အသိအာရုံဖြင့် စောင့်ကြည့်ခြင်းကို တားဆီးနိုင်ပြီး အလွန် ခိုင်ခံ့သော အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အကာအကွယ် အစီအရင်များ ရှိသည်။
စစ်နတ်ဘုရား နန်းတော်သို့ ဤခရီးစဉ်အတွက် လီချင်းချိုး အလွန် စိတ်လှုပ်ရှားနေသည်။အဘယ့်ကြောင့်ဆိုသော် စစ်နတ်ဘုရား ဓားတံဆိပ်ပြားမှတဆင့် စစ်နတ်ဘုရား နန်းတော်၏ ဦးတည်ရာကို ကြိုတင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ အလွန် ဝေးကွာသော်လည်း သူ့အတွက်တော့ မဝေးလှပေ။
လူသားဧကရာဇ် ခေါင်းလောင်းက သူ့ကို စိတ်ပျက်အောင် မလုပ်ဖို့သာ မျှော်လင့်သည်။
အကယ်၍ လူသားဧကရာဇ် ခေါင်းလောင်းကို ရရှိခဲ့ပါက ထျန်းရွှမ်ဇီကို ပြန်လည် စဉ်းစားပေးလိမ့်မည်။ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သည့် ကျင့်ကြံသူ တစ်ဦးကို လက်အောက်ခံအဖြစ် ထားရှိခြင်းက ကောင်းသော အရာ ဖြစ်သည်။
ထျန်းရွှမ်ဇီ သယ်ဆောင်လာသော ရန်ငြိုးများကိုတော့ လီချင်းချိုး ဂရုစိုက်ခြင်း မရှိချေ။
ထျန်းရွှမ်ဇီ လွတ်မြောက်နိုင်ခဲ့ခြင်းက ထိုရန်သူများ အစွမ်းမထက်ကြောင်း သက်သေပြနေသည်။
ညဉီးပိုင်းတွင်……
မနက်ခင်း စတင်တော့မည် ဖြစ်သဖြင့် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ လင်းရှောင်ဝင်းသို့ ရောက်ရှိလာခဲ့ပြီး လီချင်းချိုးက သူတို့ကို မျက်နှာဖုံး တစ်ခုစီ ပေးလိုက်သည်။
"ဆရာ... ကျွန်တော်က ဘာလို့ ဝက် ဖြစ်နေရတာလဲ..."ဟု ယင်ကျင်းရှင်းက မကျေမနပ်ဖြင့် မေးလိုက်သည်။
ယွမ်လီက ပြုံး၍ စွန်းဝူခုန်း မျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး ယင်ကျင်းရှင်းကို လဲလှယ်ရန် အခွင့်အရေး မပေးတော့ချေ။
လီချင်းချိုးက နှာမှုတ်၍…
"ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ... မြန်မြန် တပ်လိုက်စမ်း... မဟုတ်ရင် ထားခဲ့လိုက်တော့မယ်..."
ဤစကားကို ကြားသောအခါ ယင်ကျင်းရှင်းက ကျူးပါကျဲ မျက်နှာဖုံးကို အမြန် တပ်ဆင်လိုက်လေသည်။
လီချင်းချိုးက ပြုံးလိုက်ရင်း လက်တစ်ဖက်စီဖြင့် တစ်ယောက်စီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ လင်းရှောင်ဝင်းအတွင်းမှနေ၍ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
…………………….
ကျယ်ဝန်းပြီး ခမ်းနားသော ခန်းမဆောင် အတွင်း၌….
ယန်တောက်ကျုံးက ရုတ်တရက် မျက်လုံးများကို ဖွင့်၍ အဝေးက နန်းတော် နံရံကို လှည့်ကြည့်လိုက်ရင်း မျက်မှောင် ကြုတ်သွားပြန်သည်။
အခြားသူများမှာလည်း ကျင့်ကြံနေကြဆဲ ဖြစ်ပြီး တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
သူ့.ဘေးတွင် ရပ်နေသော ပိုင်နင်းအားက မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ လုပ်ရပ်ကို မြင်သောအခါ "ဘာဖြစ်လို့လဲ..." ဟု မနေနိုင်ဘဲ မေးလိုက်သည်။
ယန်တောက်ကျုံးက "တစ်စုံတစ်ယောက် ချဉ်းကပ်လာနေတယ်..." ဟု ပြန်ဖြေသည်။
ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ချင်းရှောင်ဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး မျက်လုံးများကို ဖွင့်လိုက်ကြသည်။ သူတို့အားလုံး ယန်တောက်ကျုံး၏ စွမ်းအားကို သိရှိထားကြသည်။ယန်တောက်ကျုံးက မသေမျိုး မဟုတ်သော်လည်း ဝိညာဉ်အသိအာရုံအဆင့်ရှိသူများကို တိုက်ခိုက်နိုင်စွမ်း ရှိပြီး အချို့သော ကိစ္စရပ်များတွင် သူ့ရဲ့ အာရုံခံနိုင်စွမ်းက သူတို့ထက်ပင် ပိုမို အစွမ်းထက်လှပေသည်။
ကျန်းကျောက်ရှား၊ ယန်ကျွယ်တိန်နှင့် ရွှီကျင်းတို့လည်း မျက်လုံးများကို ဖွင့်လိုက်ကြ၏။ သူတို့ထဲမှ မည်သူမျှ ယန်တောက်ကျုံး၏ စကားကို သံသယ မဝင်ဘဲ ယန်တောက်ကျုံး ကြည့်နေသည့် ဦးတည်ရာကိုသာ ကြည့်လိုက်ကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက်...
မြေပြင် စတင် တုန်ခါလာပြီး အခြား ဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း မျက်လုံးများကို ဖွင့်၍ မှော်လက်နက်များကို ထုတ်ယူကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ... အစီအရင်ကို ထပ်ပြီး နှိုးဆွလိုက်တာလား..."
"မဟုတ်ဘူး... နန်းတော် နံရံအနောက်ဘက်ကနေ လာနေတာ ဖြစ်မယ်..."
"နောက်ထပ် ကန့်သတ်ချက် တစ်ခုလား..."
"သတိထားကြ..မပေါ့ဆကြနဲ့.."
"ဒီစစ်နတ်ဘုရား နန်းတော်က တကယ်ပဲ ရှေးခေတ် လူသားမျိုးနွယ်တွေ ချန်ထားခဲ့တဲ့ အမွေအနှစ် နယ်မြေ ဟုတ်ရဲ့လား... ဘာလို့ ထောင်ချောက်တစ်ခုလို ခံစားနေရတာလဲ..."
ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေကြပြီး ဤခန်းမဆောင်အတွင်း၌ လများစွာ ပိတ်မိနေခဲ့ကြသဖြင့် မျှော်လင့်ချက်ထက် ကြောက်ရွံ့မှုများက ပိုမို ကြီးမားနေသည်။
ထိုစဉ် မြေပြင် ပိုမို ပြင်းထန်စွာ တုန်ခါလာပြီး ငလျင်ကြီးတစ်ခု လှုပ်ခတ်တော့မည့်အလား ဖြစ်နေ၏။
ဖျတ်!
နန်းတော် နံရံတွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားရာ အနီးဆုံးရှိ ဂိုဏ်းမှ ကျင့်ကြံသူများကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။
ကျန်းကျောက်ရှားနှင့် အခြားသူများလည်း မတ်တတ်ရပ်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
"ထွက်ပေါက် ရှိရင် အရင်ဆုံး ထွက်ပြေးကြ... တိုက်ပွဲမှာ အချိန်မဖြုန်းနဲ့!"
ယန်ကျွယ်တိန် ချက်ချင်းပင် အမိန့်ပေးလိုက်တော့ ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံးကလည်း တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ!
အဝေးရှိ နန်းတော် နံရံများ ပြိုကျသွားပြီး နဂါးချိုများ ပါရှိသော ဧရာမ အနက်ရောင် ခြင်္သေ့ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ခြေသည်းလေးဖက်မှာ မီးလျှံများဖြင့် တောက်လောင်နေပြီး ပုခုံးအမြင့်ပင် ပေ တစ်ရာကျော် ရှိသဖြင့် ၎င်း၏ လွှမ်းမိုးမှု အရှိန်အဝါက ကျင့်ကြံသူ အားလုံးကို ထိတ်လန့်သွားစေသည်။
နားကွဲလုမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမ အနက်ရောင် ခြင်္သေ့ကြီး သောင်းကျန်းလိုက်လေရာ အချို့သော ကျင့်ကြံသူများကို တခဏချင်းပင် သွေးအိုင်ထဲသို့ ရောက်သွားစေသည်။ အခြား ကျင့်ကြံသူများကလည်း မြှားများကဲ့သို့ ဖြန့်ကျဲသွားကြပြီး ဧရာမ အနက်ရောင် ခြင်္သေ့ကြီးနှင့် အကွာအဝေးတစ်ခု ရရှိစေရန် လျင်မြန်စွာ ထွက်ပြေးကြသည်။
"ဟားဟား... ဒီမှာ လူတွေ အများကြီး ပုန်းနေကြလိမ့်မယ်လို့ မထင်ထားဘူး..."
ရိုင်းစိုင်းပြီး မောက်မာသော ရယ်မောသံတခု နန်းတော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
ကျန်းကျောက်ရှားက သေချာ ကြည့်လိုက်တော့ ဧရာမ အနက်ရောင် ခြင်္သေ့ကြီး၏ ခေါင်းထိပ်တွင် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ အနီရောင် ပုံစံများပါသော ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်များကို ခပ်မြင့်မြင့် ထုံးဖွဲ့ထားကာ နဖူးတွင် အနီရောင် ပုံဆောင်ခဲ ကြိုးတစ်ချောင်းကို တပ်ဆင်ထား၏။ထိုသူသည်ရုပ်ရည် ချောမောသော်လည်း အပြုံးများကတော့ ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
"ယွဲ့လုံယန်ရှီ! ဒါက ကျူထျန်းဂိုဏ်းက ဖန်းပိုမို ပဲ!"
ဤနာမည်များက ကြီးမားသော ဆူညံမှုကို ဖြစ်ပေါ်စေကြောင်း လူအချို့က အော်ဟစ်လိုက်ကြသည်။
ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများက ဤနာမည် သုံးခုကို တစ်ခါမျှ မကြားဖူးခဲ့ကြသော်လည်း ယွဲ့လုံယန်ရှီ၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ဖန်းပိုမိုဆိုသူက သာမန် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။
"ဆုတ်ခွာကြ!"
ယန်ကျွယ်တိန် ချက်ချင်းပင် အမိန့်ပေးလိုက်ရာ ချင်းရှောင်ဂိုဏ်းမှ တပည့် ဒါဇင်ပေါင်းများစွာမှာ တညီတညွတ်တည်း ဆုတ်ခွာသွားကြသည်။
ယန်တောက်ကျုံး သေချာ ကြည့်လိုက်တော့ ယွဲ့လုံယန်ခြင်္သေ့၏ ပတ်လည်တွင် ရေညှိရောင် မီးလျှံများက ရေဘဝဲများကဲ့သို့ ရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။ထိုစဉ် ဧရာမ ယွဲ့လုံယန်ခြင်္သေ့ကြီးက ရုတ်တရက် သေးငယ်သွားပြီး တစ်စုံတစ်ယောက်၏ လက်ထဲတွင် ဖမ်းဆုပ်ခံထားရသကဲ့သို့ ဖြစ်သွားသည်။
"ဖန်းပိုမို... မင်းရဲ့ ပြိုင်ဘက်က ငါပဲ... မင်းကို ဘယ်သူက အာရုံလွှဲဖို့ အခွင့်အရေး ပေးလိုက်တာလဲ..."
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကြီးမားသော ကျောက်တိုင်များကိုပင် ကွဲအက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကြီးတစ်ခု တိုက်ခတ်သွားလေသည်။
ကျန်းကျောက်ရှားက သူ့ အနောက်ဘက်ရှိ နန်းတော် နံရံတွင် အက်ကြောင်းများ ပေါ်လာသည်ကို သတိပြုမိသွားသဖြင့်… "ဒီဘက်ကနေ ထွက်ပြေးကြ!" ဟု ချက်ချင်း အော်ဟစ်လိုက်သည်။
သူက ရှေ့သို့ အရင်ဆုံး ပြေးသွား၍ မသေမျိုးဓား သုံးလက်ကို စုစည်းလိုက်ကာ တစ်ချက်တည်းဖြင့် ဓားစွမ်းအင်များက သက်တံကဲ့သို့ ဖြစ်သွားပြီး နန်းတော် နံရံကို ဝင်တိုက်ကာ ကျောက်တုံး အပိုင်းအစများစွာကို လွင့်စဉ်သွားစေသည်။
သူ့ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုက နန်းတော် နံရံကို မဖြိုခွဲနိုင်ခဲ့သဖြင့် ချက်ချင်းပင် မျက်နှာထား မှောင်မိုက်သွားလေသည်။
နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ရန် သူ၏ ဓားကို မြှင့်တင်လိုက်ပြန်သည်။
ဗုန်း!
ကျန်းကျောက်ရှား ရင်ဆိုင်နေရသော နန်းတော် နံရံကြီး ရုတ်တရက် ပေါက်ကွဲသွားပြီး ပြင်းထန်သော လေပြင်းများကြောင့် ခုခံရန် ဓားကို အလိုလို မြှင့်တင်လိုက်ရသည်။ ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများလည်း အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသဖြင့် လူအများအပြားမှာ လွင့်စင်သွားကြသည်။
ရွှယ်ကျင်းက ချင်းရှောင်ဓားကို မြေပြင်တွင် စိုက်၍ မနည်း ထိန်းလိုက်ရင်း မော့ကြည့်လိုက်တော့ နန်းတော် နံရံတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာပြီး အတွင်းတွင် အမှောင်ထုများ ပြည့်နှက်နေကာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေသည်ကို မြင်လိုက်ရသည်။
"သွားကြ!"
ကျန်းကျောက်ရှား၏ အသံမှာ ချင်းရှောင်ဂိုဏ်း ဂိုဏ်းသားတိုင်း၏ နားထဲသို့ ရောက်ရှိသွားရာ သူတို့ တစ်ဦးကိုတစ်ဦး ကူညီပေးကြရင်း သူ၏ နောက်သို့ ချက်ချင်းပင် လိုက်ပါသွားကြ၏။
မကြာမီ ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသား ဒါဇင်ပေါင်းများစွာမှာ ဂူပေါက်ဝအတွင်းသို့ ပျောက်ကွယ်သွားပြီး အမှောင်ထုထဲသို့ ဝါးမျိုခံလိုက်ရတော့သည်။
အခြား ဂိုဏ်းမှ ကျင့်ကြံသူများလည်း မြစ်တစ်စင်းကို ဖြတ်ကူးနေသော ကျိုင်းကောင်အုပ်ကြီးကဲ့သို့ လိုက်ပါသွားကြပြီး ဖန်းပိုမို နှင့် ယွဲ့လုံယန်ခြင်္သေ့ကတော့ တိုက်ခိုက်နေဆဲပင်။
"အဲဒီ နှစ်ယောက်က ဝိညာဉ်အသိအာရုံအဆင့်ထက် သာလွန်နေတာ သေချာတယ်... ဒီနေရာက ပိုပြီး အန္တရာယ် များလာပြီ... ငါတို့ ထွက်ပြေးကြရမယ်!"
ရွှယ်ကျင်းက ကျန်းကျောက်ရှား၏ ဘေးတွင် ရပ်နေရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။
စစ်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ကွပ်ကဲအလုံးစုံက ကျန်းကျောက်ရှား၏ လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်ပြီး ယန်ကျွယ်တိန်ပင်လျှင် ကန့်ကွက်စရာ မရှိတော့ပေ၊ အကြောင်းမှာ ကျန်းကျောက်ရှားမှာ သူတို့ထဲတွင် အစွမ်းထက်ဆုံး ဖြစ်သောကြောင့်ပင်။