ကျေးဇူးကြွေးဆပ်ခြင်း၊ ဂုဏ်သတင်းကျော်ကြားသော ဂိုဏ်း
Vol. 7 Ch. 69
ညအချိန်သို့ ရောက်ရှိလာချေပြီ…
လီချင်းချိုး တွင်းဝမှ ထွက်၍ ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကြယ်ရောင်များ တောက်ပနေပြီး လှပသော ညချမ်းက သူ့စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။
သူသည် ကျန်းကျောက်ရှား ပြောသော လျှို့ဝှက်ဆန်းကြယ်သည့် အရာကို ဤညတွင် ရှာဖွေရန် ဆုံးဖြတ်ချက်ချကာ ရှေ့သို့ ခြေလှမ်းကျဲကြီး လျှောက်သွားလိုက်သည်။ ဤ ဝိညာဉ်ကျောက်တွင်းက ဝိညာဉ်ထောင်ချီ မင်္ဂလာမြေ ပြီးလျှင် ချင်းရှောင်ဂိုဏ်း၏ ဒုတိယအရေးအပါဆုံး နေရာဖြစ်သဖြင့် အမှားအယွင်းမခံနိုင်ပေ။
မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်ပင် မဖြေရှင်းနိုင်သော ကိစ္စကို မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် က သေချာပေါက် ဖြေရှင်းရပေမည်။
ထိုသို့ တွေးတောရင်း လီချင်းချိုးက မြေပြန့်ပေါ် လမ်းလျှောက်နေသကဲ့သို့ တောင်စောင်းပေါ်သို့ တက်လှမ်းသွားပြီး သစ်တောထဲသို့ တိုးဝင်သွားသည်။
အလကား ထိုင်စောင့်နေခြင်းက ထိရောက်မှု မရှိသဖြင့် ပတ်ဝန်းကျင် တစ်ဝိုက်ကို အသေအချာ ရှာဖွေရန် စီစဉ်လိုက်သည်။ ကျန်းကျောက်ရှား၏ အဆိုအရ ချောင်းမြောင်းကြည့်ရှုခံရသည့် ခံစားချက်ကညဘက်၌သာ ဖြစ်ပေါ်လေ့ရှိသဖြင့် သူ ယခုအချိန်ထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ညဘက်တွင် တောင်တန်းများနှင့် သစ်တောများထဲ၌ ဖားအော်သံများ၊ ပိုးကောင်မြည်သံများ ပဲ့တင်ထပ်နေပြီး ရံဖန်ရံခါ တောငှက်များ၏ အော်မြည်သံများကြောင့် သစ်တောကြီးမှာ ခြောက်ခြားဖွယ် ကောင်းနေပေသည်။
ယခုအချိန်တွင် လီချင်းချိုး၏ မျက်လုံးအိမ်များ ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေသည်။ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံပြီးနောက် ညဘက်တွင် မြင်နိုင်စွမ်း ရှိလာခဲ့သည်။ထိုမျှမက လမ်းတစ်လျှောက်ရှိ သစ်ရွက်များနှင့် သစ်ကိုင်းများပေါ်မှ ပိုးမွှားလေးများကိုပင် သူ မြင်တွေ့နေရသည်။
ကျန်းကျောက်ရှား၏ ဖမ်းဆီးမှုမှ လွတ်မြောက်သွားသော အရာသည် သိုင်းလောကသား တစ်ယောက်ယောက်၊ အခြား ကျင့်ကြံသူ တစ်ဦးဦး၊ သို့မဟုတ် လူ့မျက်စိဖြင့် မမြင်နိုင်သော သရဲတစ္ဆေ တစ်ကောင်ကောင် ဖြစ်ရမည်ဟု လီချင်းချိုး ယုံကြည်ထားသည်။
ကျင့်ကြံသူ ဖြစ်နိုင်ချေတော့ နည်းပါးသည်။ ဤမြေပေါ်တွင် ကျင့်ကြံသူတစ်ဦးရှိခဲ့ဖူးကြောင်း သက်သေပြနေသည့် မှော်ရတနာ နှစ်ခုကို သူ ရရှိခဲ့သော်လည်း ထိုသူတို့ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ အကယ်၍ တကယ်သာ ကျင့်ကြံသူ တစ်ဦး ဖြစ်ပါက ဝိညာဉ်ကျောက်တွင်းကို ဤမျှကြာအောင် လျစ်လျူရှုထားမည် မဟုတ်သလို ချင်းရှောင်ဂိုဏ်းကိုလည်း ယခုအချိန်ထိ ဖွံ့ဖြိုးတိုးတက်ခွင့် ပေးထားမည် မဟုတ်ချေ။
အကယ်၍ သရဲတစ္ဆေ ဖြစ်ပါက ကျန်းကျောက်ရှား လိုက်ဖမ်းစဉ် ပြန်လည် တိုက်ခိုက်ခြင်း မရှိသည့်အချက်ကို ကြည့်လျှင် စွမ်းအား သိပ်မကြီးကြောင်း၊ သို့မဟုတ် တိုက်ခိုက်နိုင်စွမ်း မရှိကြောင်း သုံးသပ်ရပေမည်။
သို့သော် သူ့ရှာဖွေမှုက နှစ်နာရီခန့် ကြာမြင့်သွားခဲ့သည်။
လီချင်းချိုး လက်လျော့လုနီးပါး ဖြစ်နေချိန်တွင် စမ်းချောင်းတစ်ခု ရှေ့၌ ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
စမ်းချောင်း၏ အထက်ပိုင်းသို့ လှမ်းကြည့်လိုက်သောအခါ မြက်ခင်းပြင်ဘေးရှိ စမ်းချောင်းစပ်တွင် ထိုင်ဆောင့်ကြောင့် ထိုင်နေသော အဝတ်မဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဆံပင်များက ရှုပ်ပွနေပြီး ပခုံးကျော်သည်အထိ ရှည်လျားသည်။ သူသည် စမ်းချောင်းထဲတွင် လက်တစ်ဖက်ကို ဝှေ့ယမ်းနေသော်လည်း ရေလှိုင်း ဂယက်ထခြင်း အလျဉ်းမရှိပေ။
တကယ်ပဲ သရဲတစ္ဆေ ဖြစ်နေတာကိုး...
ဝိညာဉ်ချုပ်ကျိန်စာကို လေ့ကျင့်ပြီးကတည်းက လီချင်းချိုး သရဲတစ္ဆေများကို မြင်နိုင်စွမ်း ရှိလာခဲ့သည်။ သူ သတ်ဖြတ်ခဲ့သော လူများ၏ ဝိညာဉ်များလည်း ပေါ်လာတတ်သော်လည်း ထိုဝိညာဉ်များက အလောင်းအနီးတွင် ခုနစ်ရက်ခန့် ဝဲလည်ပြီးနောက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေ့ရှိသည်။
ထိုဝိညာဉ်များတွင် အတိတ်ဘဝက အမှတ်တရများ မရှိကြတော့သလို ဖြစ်နေသည်။ သူတို့ကို သတ်ဖြတ်ခဲ့သော လီချင်းချိုးကို မြင်သည့်တိုင် ထိုဝိညာဉ်များက မျက်နှာထား ပြောင်းလဲခြင်း မရှိသလို သူ့အနားသို့လည်း ကပ်မလာကြပေ။
ယင် နှင့် ယန် ကြားရှိ ခြားနားခြင်းသည် အနှစ်သာရမဲ့ စကားသက်သက် မဟုတ်ချေ။ သက်ရှိများက သရဲတစ္ဆေများကို မမြင်နိုင်သလို သာမန် သရဲတစ္ဆေများသည်လည်း သက်ရှိများကို မမြင်နိုင်ကြပေ။
သို့သော် ထူးခြားသော သရဲတစ္ဆေများအတွက်မူ ကွဲပြားပေလိမ့်မည်။
ထိုသရဲလေးက လီချင်းချိုး၏ အကြည့်ကို အာရုံခံမိသကဲ့သို့ ခေါင်းလှည့်ကြည့်လိုက်ရာ လရောင်က သစ်တောကို ဖြတ်သန်း၍ သရဲလေး၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ချောမောလိုက်တဲ့ ကလေးပဲ...
ဤသည်မှာ သူ့အပေါ် လီချင်းချိုး၏ ပထမဆုံး အမြင်ဖြစ်သည်။ သူသည် ယွမ်လီ၊ ကျောက်ကျိန်းတို့နှင့် ရွယ်တူခန့် ရှိပုံရပြီး မျက်နှာသွင်ပြင်က ချောမောရုံသာမက သေသပ်လှပသည်ဟုပင် ဆိုနိုင်သည်။ ဖြူဝင်းသော အသားအရေနှင့် ပေါင်းစပ်လိုက်သောအခါ ကလေးငယ်၏ မျက်ဝန်းဝိုင်းဝိုင်းကြီးများက သနားစဖွယ် ကောင်းနေသည်။
လူနှင့် သရဲတစ္ဆေတို့ သုံးကြိမ်ခန့် အသက်ရှူချိန်ကြာအောင် စိုက်ကြည့်နေမိကြသည်။ ရုတ်တရက် သရဲကောင်လေး၏ မျက်နှာထားက ကြမ်းကြုတ်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ လျင်မြန်စွာပင် သွေးရောင် လွှမ်းသွားပြီး ချစ်စရာကောင်းသော ပုံစံမှ ကြောက်မက်ဖွယ်ကောင်းသော ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားခြင်း ဖြစ်သည်။
သူသည် လီချင်းချိုးထံသို့ တည့်မတ်စွာ ပြေးဝင်လာပြီး သားရဲတစ်ကောင်ကဲ့သို့ လေးဘက်ထောက်ကာ မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားလာသည်။ တစ်ခဏချင်း ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြီး လီချင်းချိုး၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။
လီချင်းချိုးက လက်ကို မြှောက်၍ သရဲလေး၏ လည်ပင်းကို ဖမ်းဆုပ်ကာ လေထဲသို့ မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ်မျှပင် ယိမ်းယိုင်ခြင်း မရှိပေ။
သရဲလေးကို မြင်လိုက်သည့် အချိန်ကတည်းက လီချင်းချိုး ဝိညာဉ်ချုပ်ကျိန်စာ ကို တိတ်တဆိတ် အသက်သွင်းထားခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ဝိညာဉ်နှင့် ထိတွေ့နိုင်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူ့ညာဘက်လက်ဝါး၌ မူလချီများ ဝန်းရံနေပြီး ငွေပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။
သရဲလေးက လီချင်းချိုး၏ လည်ပင်းညှစ်ခြင်းကို ခံထားရသော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။ သူ့မျက်နှာထားက ကြမ်းကြုတ်နေဆဲဖြစ်ပြီး ခြေသည်းလက်သည်းများဖြင့် ကုတ်ဖဲ့ရန် ကြိုးစားနေသော်လည်း မည်သို့မျှ မမီနိုင်ဖြစ်နေပြီး လီချင်းချိုး၏ လက်မောင်းကို ထိမိလျှင်ပင် ဖောက်ထွင်းသွားရုံသာ ဖြစ်သည်။
လီချင်းချိုးက ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်သည်။ ဤကဲ့သို့သော အရိုင်းအစိုင်း သရဲတစ္ဆေမျိုးကို နှင်ထုတ်ရန် နည်းလမ်းမရှိဘဲ ဝိညာဉ်ကျွန်အဖြစ် ယဉ်ပါးအောင် ပြုလုပ်ရန်သာ ရှိတော့သည်။
သူ ဂါထာရွတ်နေစဉ် သရဲလေးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် သူ မျက်မှောင်ကြုတ်မိသွားသည်။
ဤသည်မှာ လီချင်းချိုးအတွက် ပထမဆုံးအကြိမ် သရဲတစ္ဆေကို ယဉ်ပါးအောင် ပြုလုပ်ခြင်း ဖြစ်ပြီး အတွေ့အကြုံ မရှိသဖြင့် ဂါထာနှင့် စိတ်ဝိညာဉ်ကျင့်စဉ် အတိုင်းသာ လိုက်လုပ်ရပေမည်။
ဤလုပ်ငန်းစဉ် အတွင်း လီချင်းချိုးက သရဲလေးနှင့် ဝိညာဉ်ချင်း ချိတ်ဆက်မှု ထူထောင်လိုက်ပြီး သရဲလေး၏ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။
မကြာမီ လီချင်းချိုး မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီသရဲလေး ဘာကြောင့် ဒီလောက် အကြမ်းဖက်ချင်နေရသလဲ ဆိုတာ မဆန်းတော့ပေ။ သူသည် အတိတ်ဘဝက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသည်ကိုး။
ထို့ကြောင့်နှင့် သူ ဝိညာဉ်ချုပ်ကျိန်စာ ကို မရပ်တန့်လိုက်ပေ။ ဝိညာဉ်ချုပ်ကျိန်စာ သည် သက်ရှိများအတွက် နှိပ်စက်မှု ဖြစ်သော်လည်း ဤကဲ့သို့သော လှည့်လည်သွားလာနေသည့် ဝိညာဉ်တစ်ခုအတွက်မူ ဆိုးရွားသော ကိစ္စမဟုတ်ပေ။
ထို့ပြင် ဤကလေးကို ဆက်လက် လှည့်လည်သွားလာခွင့် ပေးထားခြင်းက အနာဂတ်တွင် ချင်းရှောင်ဂိုဏ်းအတွက် ဖုံးကွယ်နေသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။
သရဲလေး မှတ်မိသော အချိန်မှစ၍ သူသည် မြေတိုက်ခန်းများစွာနှင့် ချိတ်ဆက်ထားသော ကြီးမားသည့် တွင်းကြီးတစ်ခုထဲတွင် အခြား မိဘမဲ့ကလေးများနှင့်အတူ အကျဉ်းချခံထားရသည်။ နေ့စဉ် သူတို့ကို ဆေးရည်ပူများ ပြည့်နေသော စဥ့်အိုးကြီးများထဲတွင် စိမ်ထားလေ့ရှိသည်။ သရဲလေးနှင့် မိဘမဲ့ကလေးများခင်မျာ ပူလောင်သဖြင့် နာကျင်စွာ အော်ဟစ်ငိုယိုကြသော်လည်း နတ်ဆိုးမျက်နှာဖုံး တပ်ထားသော အစောင့်များက လျစ်လျူရှုရုံသာမက သူတို့ကို အတင်းအကျပ် ပြန်တွန်းထည့်ကြသည်။
ထို့ပြင် ဤမိဘမဲ့ကလေးများမှာ ခန္ဓာကိုယ် သန်မာစေရန်ဟု အကြောင်းပြချက်ဖြင့် မကြာခဏ ရိုက်နှက်ခြင်း ခံရလေ့ရှိသည်။
ထိုသို့ဖြင့် ၃၊ ၄ နှစ်ခန့် ကြာသွားခဲ့သည်။
တစ်နေ့တွင် လူတစ်ယောက် မြေတိုက်ခန်းထဲသို့ ဝင်ရောက်စီးနင်းပြီး ထိုမိဘမဲ့ကလေးများကို ကယ်တင်ခဲ့သည်။ ထိုလူက မိဘမဲ့ကလေးများ၏ ညာဘက်လက်မောင်းများကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံ စစ်ဆေးကြည့်ရှုပြီးနောက် သရဲလေးကို ရှာတွေ့သွားသည်။
"သား... အဖေ ရောက်လာပြီ..."
သရဲလေး မှတ်မိနေသော ထို တုန်ရီနေသည့် အသံက လီချင်းချိုးအတွက် အလွန် ရင်းနှီးနေသော်လည်း တစ်ချိန်တည်းမှာပင် အနည်းငယ် စိမ်းသက်နေသလို ခံစားရသည်။
သရဲလေး၏ ဖခင်က သရဲလေးကို ပွေ့ချီပြီး တိုက်ခိုက် ထွက်ပြေးခဲ့သည်။ မိဘမဲ့ကလေး အားလုံးကို မကယ်တင်နိုင်သဖြင့် သူတို့ကို တောတောင်များထဲသို့ လွှတ်ပေးခဲ့ပြီး သရဲလေးကို ပွေ့ချီကာ အခြားတစ်ဖက်သို့ ထွက်ပြေးခဲ့ရသည်။ နတ်ဆိုးမျက်နှာဖုံး တပ်ထားသူများက သူတို့ကို တစ်လလုံးလုံး လိုက်လံ ဖမ်းဆီးခဲ့ကြသဖြင့်ထိုကာလအတွင်း သရဲလေးနှင့် သူ့ဖခင်တို့ အဆက်မပြတ် ဒဏ်ရာရခဲ့ကြသည်။
ထိုက်ခွန်းတောင်တန်း သို့ ရောက်ရှိပြီးနောက် နောက်ဆုံးတွင် ထိုကောင်လေးခင်မျာ ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
"ချွမ်အာ... နည်းနည်းလောက် ထပ်သည်းခံပါဦး... ဂိုဏ်းကို ရောက်တာနဲ့ အဖေ ဘိုးဘေးကြီး ထားခဲ့တဲ့ လျှို့ဝှက်ဆေးကို သုံးပြီး သားကို ကုပေးမယ်..."
"သားရဲ့ စီနီယာအစ်ကိုကို တွေ့ရင် သား ပျော်သွားမှာပါ... သူက သားကို သေချာပေါက် သဘောကျပြီး ကောင်းကောင်း စောင့်ရှောက်ပေးမှာ..."
"ချွမ်အာ... သား ဘာစားချင်လဲ... သားရဲ့ စီနီယာအစ်ကိုက ကြက်ကင် အကြိုက်ဆုံးပဲ... သားရော စားချင်လား..."
"ချွမ်အာ..."
နောက်ဆုံးတွင် မိုးသည်းသော ညတည၌ လင်းချွမ် အမည်ရှိသော ကောင်လေး သူ့ဖခင်၏ ရင်ခွင်ထဲတွင် သေဆုံးသွားခဲ့ရပြီး သေခါနီးအချိန်၌ သူ့စိတ်နှလုံးတွင် အာဃာတများ ပြည့်နှက်နေခဲ့သည်။
သူသည် လောကကြီးကို မုန်းတီးသည်၊ သူ့ကို နှိပ်စက်ခဲ့သူများကို မုန်းတီးသည်၊ သူ့ကို လာကယ်ရန် နောက်ကျခဲ့သော ဖခင်ဖြစ်သူကို မုန်းတီးသည်၊ ဖခင် ပြောပြသော စီနီယာအစ်ကိုကိုပင် သူ့ဘဝကို လုယူသွားသူဟု ထင်မှတ်ပြီး မုန်းတီးခဲ့သည်။
လီချင်းချိုး သူ့လက်ထဲမှ သရဲလေးကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဒီကောင်လေးရဲ့ အဖေက ငါ့ဆရာ လင်းရွှန်းဖုန်းပဲ ဖြစ်ရမယ်...
သူ ဒီနေရာတဝိုက်မှာ လှည့်လည်သွားလာနေတာ မဆန်းတော့ဘူး... လင်းရွှန်းဖုန်းက သူ့ကို ဒီမှာ မြှုပ်နှံထားခဲ့ပြီး ချင်းရှောင်ဂိုဏ်းကို ပြန်မခေါ်သွားခဲ့တာကိုး...
သူ့ဆရာ ဘာကြောင့် တောင်အောက်ကို မကြာခဏ ဆင်းလေ့ရှိသည်ကို လီချင်းချိုး ရုတ်တရက် နားလည်သွားသည်။ သူသည် သူများကို ကူညီပေးရုံ သက်သက် မဟုတ်ဘဲ သူ့သားကို လိုက်ရှာနေခြင်း ဖြစ်သည်။ထို့အပြင် သနားစိတ်ကြောင့် ဂျူနီယာညီလေးများနှင့် ညီမလေးများကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေမည်။
လင်းချွမ်ကို ဖမ်းဆီးထားသော အဖွဲ့အစည်းက မည်သည့်အဖွဲ့ ဖြစ်သည်ကိုလည်း သူ သိလိုက်ရပြီ။
နတ်ဆိုးဂိုဏ်း!
နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်နှင့် ယခင် နတ်ဆိုးဂိုဏ်း အစောင့်အရှောက် ရွှီဖိုလုတို့သည်လည်း အလားတူ မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။
ဧကရာဇ်၏ လောဘက နိုင်ငံတစ်ဝန်းရှိ ကလေးငယ်များအပေါ် ကပ်ဘေး ကျရောက်စေခဲ့သည်။ထိုဖြစ်ရပ်၌ လီချင်းချိုး ပါဝင်ပတ်သက်ခဲ့ရသလို လင်းချွမ်သည်လည်း သနားစဖွယ် အသတ်ခံခဲ့ရသည်။ လောကကြီးတွင် ဒုက္ခရောက်နေသော အခြား ကလေးငယ်ပေါင်းများစွာ ရှိနေပေဦးမည်။
ဆရာ မသေမျိုးလမ်းစဉ်ကို ဇွတ်အတင်း ရှာဖွေခဲ့ခြင်းသည် ဒီလောကကြီးအပေါ် မျှော်လင့်ချက် ကုန်ဆုံးသွား၍များလား...
သူ ဆရာ့ အကြောင်း လုံးဝ နားမလည်ခဲ့ကြောင်း လီချင်းချိုး သဘောပေါက်လိုက်သည်။ ဆရာသည် အပြင်ပန်း၌ ဘာမှမဖြစ်သလို ပေါ့ပါးနေပုံရသော်လည်း သူ ဘာတွေ ခံစားခဲ့ရပြီး ဘယ်လောက် နာကျင်ခဲ့ရသလဲ ဆိုတာ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိရင်း တာဝန်တစ်စုံတစ်ရာ ယူသင့်သည်ဟု လီချင်းချိုး ခံစားလိုက်ရသည်။ဤသည်မှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ သူ့အသက်ကို ကယ်တင်ပြီး ပြုစုပျိုးထောင်ပေးခဲ့သော ဆရာ့ ကျေးဇူးကို ဆပ်သည့် အနေဖြင့် ဖြစ်သည်။
...
ဝိညာဉ်ကျောက်တွင်း ခြောက်လှန့်မှု ဖြစ်ရပ်ကို ဖြေရှင်းပြီးနောက် လီချင်းချိုး ချင်းရှောင်တောင် သို့ ပြန်လာခဲ့သည်။ လမ်းတလျှောက်တွင် ရှုခင်းများကို လက်ညှိုးထိုးပြကာ တစ်ယောက်တည်း စကားပြောနေသဖြင့် အချို့ ဂိုဏ်းသားများက သတိပြုမိပြီး ထူးဆန်းနေသော်လည်း မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။
သူတို့ မသိသည်မှာ လီချင်းချိုး၏ ပခုံးပေါ်တွင် သရဲကောင်လေး တစ်ကောင် ထိုင်နေခြင်းပင်။ ထိုသရဲလေးမှာ လင်းချွမ်မှတစ်ပါး အခြားမဟုတ်။
လီချင်းချိုး၏ ဝိညာဉ်ကျွန် ဖြစ်လာပြီးနောက် လင်းချွမ်၏ ကြမ်းကြုတ်မှုများ သိသိသာသာ ပျောက်ကွယ်သွားပြီး မူလ အသိစိတ် ပြန်ဝင်လာခဲ့သည်။ သူက လီချင်းချိုးကို လေးစားပြီး သခင်အဖြစ် ဆက်ဆံသည်။ လွတ်လပ်ခွင့် ဆုံးရှုံးသွားသော်လည်း အနည်းဆုံးတော့ သူသည် ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေ အရိုင်းအစိုင်း မဟုတ်တော့ပေ။
လီချင်းချိုးက သူ့အထောက်အထားကို ဖုံးကွယ်မထားဘဲ လင်းရွှန်းဖုန်း နှင့် ပတ်သက်ဆက်နွှယ်မှုမှတစ်ဆင့် လင်းချွမ်အပေါ် လျင်မြန်စွာ သံယောဇဉ် တွယ်သွားခဲ့သည်။
"မင်း ကြိုက်သလို တောင်ပေါ်မှာ နေလို့ရတယ်... သက်ရှိလူသားတွေနား မကပ်သရွေ့ပေါ့... မင်း လိုချင်တာ ရှိရင် ငါ့ကို ပြော..."
"ဂျူနီယာညီလေး" ဟု လီချင်းချိုးက ပြုံး၍ ပြောလိုက်သည်။ သူသည် လင်းချွမ်ကို ဝိညာဉ်ကျွန်အဖြစ် သဘောမထားဘဲ စစ်မှန်သော ဂျူနီယာညီလေး တစ်ယောက်အဖြစ် ဆက်ဆံခြင်း ဖြစ်သည်။
လင်းချွမ်က စူးစမ်းလိုစိတ်ဖြင့် ဘေးဘီဝဲယာကို ကြည့်ရှုနေပြီး မျက်လုံးဝိုင်းကြီးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် အရာရာကို စိတ်ဝင်စားနေသည်။
ရုတ်တရက် သူက သိုင်းပြိုင်စင်မြင့် ပေါ်ရှိ လူရိပ်များကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"စီနီယာ... သူတို့ ဘာလုပ်နေကြတာလဲ..."
"သူတို့က သိုင်းလေ့ကျင့်နေကြတာ... တကယ် တိုက်ခိုက်နေတာ မဟုတ်ဘူး... လေ့ကျင့်ရင်းနဲ့ ကိုယ့်အားနည်းချက်ကို ရှာဖွေနေကြတာလေ..."
"စီနီယာအစ်ကို... ကျွန်တော် မကစားချင်ဘူး... သိုင်းသင်ချင်တယ်..."
လင်းချွမ်က ကြောက်ရွံ့စွာ ပြောလိုက်သော်လည်း သူ့လေသံတွင် ခိုင်မာသော ဆုံးဖြတ်ချက် ပါဝင်နေသည်။
"ရတာပေါ့... စီနီယာအစ်ကို မင်းကို သင်ပေးမယ်..."
လီချင်းချိုးက ပြုံး၍ ပြန်ဖြေလိုက်သည်။ မူလက သူသည် လင်းချွမ်ကို မသေမျိုးလမ်းစဉ် ကျင့်ကြံရန် လမ်းညွှန်ပေးဖို့ စီစဉ်ထားခြင်း ဖြစ်သည်။ အနာဂတ်တွင် ဝိညာဉ်နတ်ဘုရား ဖြစ်လာနိုင်လျှင် ထွက်ပေါက်တစ်ခု ဖြစ်မလာနိုင်ပေဘူးလား။
လီချင်းချိုး၏ သဘောတူညီချက်ကို ကြားသောအခါ လင်းချွမ် ချက်ချင်း ဝမ်းသာသွားသည်။
သူတို့ တောင်တံခါးဝသို့ ရောက်သောအခါ လီချင်းချိုး၏ မျက်စိရှေ့တွင် အသိပေးချက် တစ်ခု ပေါ်လာသည်။
[သင့် တာအိုမျိုးဆက်သည် ကုကျိုးစီရင်စု၏ ထိပ်တန်း ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းသို့ တရားဝင် ဝင်ရောက်သွားပြီ ဖြစ်ပြီး ကျယ်ပြန့်သော ဂုဏ်သတင်းကို ရရှိကာ ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ရောက်ရှိကြောင်း သက်သေပြနိုင်သဖြင့် သင့်အား အမွေအနှစ် ဆုလာဘ် ချီးမြှင့်လိုက်သည်။]
လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။
ဘာကြောင့် ထိပ်တန်း ဂိုဏ်းကြီးငါးဂိုဏ်း ဖြစ်သွားရတာလဲ…
ဘယ် ဂိုဏ်းကြီးနှစ်ဂိုဏ်း ပျောက်သွားတာလဲ…
အဖြူရောင်ဧကရာဇ်အိမ်တော် ခရီးစဉ်မှာ ထင်ထားတာထက် ပိုနက်နဲတဲ့ အကြောင်းတွေ ရှိပုံရတယ်…
သူ အများကြီး မတွေးတော့ပေ။ ရွှီနင်းနှင့် ယန်ကျွယ်တိန် ပြန်ရောက်လာလျှင် သိရပေလိမ့်မည်။
...
နှစ်ပတ်ကြာပြီးနောက် ယန်ကျွယ်တိန်၊ ရွှီနင်းနှင့် ဂိုဏ်းသား ၅ ယောက်တို့ တစ်ယောက်မျှ မပျောက်ပျက်ဘဲ နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။
လင်းရှောင်ဝင်း အတွင်း၌ လီချင်းချိုး၊ ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ လီစစ်ဖုန်း၊ လီစစ်ကျင်၊ ယန်ကျွယ်တိန်နှင့် ရွှီနင်းတို့ စားပွဲရှည်တွင် ဝိုင်းထိုင်နေကြပြီး ကျန်းယွီချွန်းက လူတိုင်းအတွက် ဝိုင်ငှဲ့ပေးနေသည်။
"မြန်မြန် ပြောပြပါဦး... အဖြူရောင်ဧကရာဇ်အိမ်တော် စားသောက်ပွဲမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေတွေ့ခဲ့ရဲ့လား.." ဟု လီစစ်ဖုန်းက စိတ်မရှည်ဘဲ မေးလိုက်သည်။
ဒီကောင်လေးက ဝိညာဉ်ကျောက်တွင်း မှာ မနေနိုင်သဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ပြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။ လီချင်းချိုး၏ အရိုက်ခံရပြီးနောက် လောလောဆယ် ချင်းရှောင်တောင်ပေါ်တွင် နေထိုင်နေရသည်။
လီချင်းချိုးက ယန်ကျွယ်တိန်ကို ကြည့်လိုက်ရာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
ချင်းရှောင်ဂိုဏ်းက ဤခရီးစဉ်မှတဆင့် ထိပ်တန်း ဂိုဏ်းကြီးငါးဂိုဏ်းအနက် တစ်ခု ဖြစ်လာခဲ့ပြီး မည်သူမျှလည်း ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့ပေ။ ယုတ္တိနည်းအရဆိုလျှင် ယန်ကျွယ်တိန် အနေဖြင့် အလွန် စိတ်လှုပ်ရှားနေသင့်ပြီး ချက်ချင်း ကြွားလုံးထုတ်သင့်သည်။
ယန်ကျွယ်တိန်က အေးစက်နေသော ရွှီနင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောရန် တွန့်ဆုတ်နေသည်။
"ပြောစမ်းပါ... အ-နေတာလား... အပြင်ထွက်ပြီး အရိုက်ခံလာရလို့လား..."
လီစစ်ဖုန်း စိတ်မရှည်တော့ဘဲ မတ်တတ်ထရပ်ကာ စိုက်ကြည့်လိုက်သည်။
လီချင်းချိုး၏ နောက်တွင် ပျံဝဲနေသော လင်းချွမ်က လီစစ်ဖုန်း၏ လှုပ်ရှားမှုကို လိုက်တုလိုက်ပြီး မျက်နှာထားကအစ ထပ်တူကျနေသည်။
ယန်ကျွယ်တိန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး….
"စီရင်စုမြို့တော်မှာ ကြေညာစာတွေ ကပ်ထားပြီးပြီ... ချင်းရှောင်ဂိုဏ်းကို ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်တဲ့ ထိပ်တန်း ဂိုဏ်းသစ်ငါးဂိုဏ်းထဲက တစ်ခုအဖြစ် နန်းတွင်းက အသိအမှတ်ပြုလိုက်ပြီ..."