အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း (၃၃၆ )မောက်မာရိုင်းစိုင်းလှသော ဝမ့်ယင်းဂိုဏ်း……
လီချင်းချိုးက ယွင်ချိုင်နှင့် ကျန်ရှိသူနှစ်ဦးကို ဦးဆောင်ကာ ဓားပျံစီး၍ ပျံသန်းလာခဲ့ပြီး ပြန်လည်ထွက်ခွာမည့် ခရီးစဉ်တွင် သူတို့ အလောတကြီး သွားရန်မလိုသဖြင့် လူသုံးဦးစလုံးကို ကိုယ်ပိုင်ဓားများဖြင့်သာ စီးနင်းပျံသန်းစေခဲ့သည်။
လမ်းခရီးတွင် ပိုင်နင်းအာက သူရရှိခဲ့သော အမွေအနှစ်ကျင့်စဉ်အကြောင်းကို မိတ်ဆက်ရှင်းပြခဲ့သည်။ ၎င်းမှာ ထိုက်ကျွယ်ဂိုဏ်းမှ အစွမ်းထက် ကျွမ်းကျင်သူကြီးတစ်ဦးထံမှ ကျန်ရစ်ခဲ့သော ဓားသိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ပိုင်နင်းအာ၏ ပြောပြချက်အရ ဤဓားသိုင်းပညာမှာ အလွန်ပင် အစွမ်းထက်လှပြီး ၎င်းကို ဂိုဏ်းထံသို့ အပ်နှံသွားမည်ဟု ဆိုသည်။
ပိုင်နင်းအာ ဤမျှအလိုက်သိတတ်သည်ကို မြင်တွေ့ရသောအခါ ရှေ့ဆုံးမှ ပျံသန်းနေသော လီချင်းချိုး၏ နှုတ်ခမ်းအစွန်းများ အလိုလို ကွေးညွတ်သွားခဲ့လေသည်။
ထိုက်ကျွယ်မြေအောက်နန်းတော်အတွင်း၌ အခြားသော အမွေအနှစ်ကျင့်စဉ်များနှင့် ရတနာများစွာ ကျန်ရှိနေသေးသည်မှာ အသေအချာပင်။ ထို့ကြောင့် လီချင်းချိုးက နေ့စဉ် အချိန်အနည်းငယ်စီဖယ်ကာ ဤမြေအောက်နန်းတော်သို့ လာရောက်ပြီး ရတနာများနှင့် ကျင့်စဉ်များကို အလုံးစုံ စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်သည်။
သူတစ်ဦးတည်းသာ လာမည်ဆိုပါက အမွှေးတိုင်အနည်းငယ်စာ အချိန်မျှသာ ကြာမြင့်မည် ဖြစ်၏။
လီချင်းချိုးတို့လေးဦး ချင်းရှောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိချိန်တွင် နေဝင်ရိုးရီအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဂိုဏ်းသို့ပြန်ရောက်မှသာ
ကျန်းဖိန် သက်ပြင်းအကြီးကြီးတစ်ချက် ချလိုက်နိုင်တော့သည်။ ဂိုဏ်းချုပ်၏ နောက်သို့ လိုက်ပါရခြင်းက အမှန်တကယ်ပင် ဘေးကင်းလုံခြုံလှပေသည်။
ဤခရီးစဉ်တွင် သူ အားစိုက်ထုတ်စွမ်းဆောင်ခဲ့ခြင်း မရှိသော်လည်း၊ လီချင်းချိုးက သူ့ကို အလဟဿ အချည်းနှီး မဖြစ်စေဘဲ မှော်ပစ္စည်းတစ်ခု ပေးအပ်ချီးမြှင့်ခဲ့သည်။ ဤသည်မှာ သူ့ကို အလွန်ပင် အားနာစိတ် ဖြစ်ပေါ်စေသော်လည်း လီချင်းချိုးက အတင်းအကျပ် ပေးသဖြင့် မတတ်သာဘဲ လက်ခံလိုက်ရသည်။
လီချင်းချိုး မသေမျိုးဂူသို့ တစ်ဦးတည်း ပြန်လာခဲ့ပြီးနောက် ထိုက်ကျွယ်တံဆိပ်ပြားကို စတင် သန့်စင်လိုက်တော့သည်။
ထိုက်ကျွယ်တံဆိပ်ပြားအတွင်းရှိ တားမြစ်ချက်မန္တန်များက အလွန်ပင် ရှုပ်ထွေးလှသဖြင့် လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်ပင် အချိန်အတန်ကြာ အားစိုက်ထုတ်လိုက်ရသည်။
လီချင်းချိုးအတွက်မူ ယခုတစ်ကြိမ် ဓားရှာဖွေသည့် ခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်မှာ အတိုင်းအဆမဲ့လှပေသည်။
ထိုက်ကျွယ်နတ်ဘုရားဓားက တိုက်ခိုက်ရေးစွမ်းပကားကို အဆမတန် မြှင့်တင်ပေးနိုင်ခဲ့ရုံသာမက၊ ဓားဆန္ဒချင်း ပေါင်းစပ်နေစဉ်အတွင်း ကျင့်ကြံမှုအဆင့်ကိုလည်း ပိုမိုတိုးတက်လာစေခဲ့သဖြင့် လပေါင်းများစွာ ပင်ပန်းကြီးစွာ လေ့ကျင့်ရမည့်အချိန်များကို သက်သာသွားစေခဲ့သည်။
ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် လပေါင်းများစွာ ကျင့်ကြံမှုအခြေခံကို အချိန်တိုအတွင်း စုဆောင်းနိုင်ခဲ့ခြင်းမှာ အသေးအဖွဲကိစ္စ မဟုတ်ပေ။
တစ်ရက်နှင့် တစ်ည အချိန်ကုန်လွန်သွားပြီးနောက် ထိုက်ကျွယ်တံဆိပ်ပြားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ၎င်းကို သခင်အဖြစ် အသိအမှတ်ပြုလာအောင် ပြုလုပ်နိုင်ခဲ့သည်။
ယခုအခါ လီချင်းချိုး ထိုက်ကျွယ်မြေအောက်နန်းတော်အတွင်း၌ ရှိမနေလျှင်ပင်၊ ဤတံဆိပ်ပြားမှတစ်ဆင့် နန်းတော်၏ အရပ်မျက်နှာအနှံ့၊ ထောင့်စွန်းမကျန်ကို အတိုင်းသား လှမ်း၍ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ဤသည်မှာ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးဖြင့် ကြည့်ရှုရသည်ထက်ပင် ပိုမို ရှင်းလင်းထင်ရှားလှပေသည်။
ထိုက်ကျွယ်မြေအောက်နန်းတော်အတွင်း၌ မြေအောက်မှနေ၍ ရန်သူများကို ဗျူဟာမြောက် တိုက်ခိုက်နိုင်သည့် တိုက်စစ်ဆင်ရေး မန္တန်စင်မြင့်များ ရှိနေသည်ကိုပင်ရှာဖွေတွေ့ရှိခဲ့သေးသည်။ ဤအချက်က သူ့ကို ပိုမို စိတ်လှုပ်ရှားသွားစေခဲ့သည်။
ဤမြေအောက်နန်းတော်ကြီးကို ဂိုဏ်း၏ အဖိုးတန်ရတနာသိုက်အဖြစ် လုံးဝ အသုံးချနိုင်သည်။
ယခင်က ရရှိထားခဲ့သော မိစ္ဆာအရှင်သခင်မသေမျိုးနန်းတော်၊ တစ္ဆေမြို့တော်တို့နှင့် ပေါင်းစပ်လိုက်ပါက ယခုအခါ ချင်းရှောင်ဂိုဏ်းအနေနှင့် ပြီးပြည့်စုံသော တားမြစ်ချက်မန္တန်များ ရှိသည့် အဆောက်အအုံ သုံးခုကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ၎င်းတို့၏ အသုံးဝင်ပုံမှာ အလွန်ပင် ကျယ်ပြန့်လှပေသည်။
နောက်ရက်များတွင် လီချင်းချိုးတယောက် ထိုက်ကျွယ်မြေအောက်နန်းတော်သို့ နေ့စဉ်သွားရောက်ကာ ထိုက်ကျွယ်ဂိုဏ်းမှ ကျန်ရစ်ခဲ့သော ရတနာပစ္စည်းများကို စတင်ရွှေ့ပြောင်းလေသည်။
သူသည် ဝိညာဉ်သစ်ပင်နှင့် ဆေးဘက်ဝင်အပင်များကို ကျင့်ကြံရေးခန်းမသို့ ပေးအပ်ခဲ့ပြီး၊ မန္တန်များနှင့်မှော်ပစ္စည်းများကိုတော့ ကောင်းကင်လက်မှုပညာခန်းမသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ၊ ထူးခြားဆန်းကြယ်သော ဆေးလုံးများကိုမူ အမျိုးအစားတစ်မျိုးလျှင် တစ်ပုလင်းစီကို ကျင့်ကြံရေးခန်းမသို့ ပေး၍ ကျန်ရှိသည်များကို မိမိကိုယ်တိုင်အတွက် သိမ်းဆည်းထားလိုက်သည်။
သူသည် ဂိုဏ်းချုပ်ဖြစ်သော်လည်း မိမိကိုယ်ပိုင်အတွက် အချို့သောအရာများကို ချန်ထားရန် လိုအပ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ့အနေနှင့် ခန်းမဆောင်တစ်ခုချင်းစီထံမှ ရင်းမြစ်များကို စိတ်အလိုကျ စစ်ဆေးတောင်းခံ၍ မရနိုင်တော့ပေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြန်သည်……
ချင်းရှောင်ဂိုဏ်း၏ ပွင့်လင်းလွတ်လပ်သော နယ်မြေချဲ့ထွင်ရေး ဗျူဟာကြောင့် ဂိုဏ်းသားအမြောက်အမြား တောင်အောက်သို့ ဆင်းသွားခဲ့ကြရာ၊ လောကအရပ်မျက်နှာအနှံ့တွင် ချင်းရှောင်ဂိုဏ်းသားများ၏ အရိပ်အယောင်များဖြင့် ပြည့်နှက်လာခဲ့သည်။
ဤအခြေအနေကြောင့် ရွှမ်မင်းဆက်အတွင်း၌ သေးငယ်သော ကျင့်ကြံရေးဂိုဏ်းငယ်များနှင့် ကျင့်ကြံသူမျိုးနွယ်စု မိသားစုများ ပိုမို၍ ထွက်ပေါ်လာခဲ့သည်။
ကိုယ်ပိုင် သိုင်းလောကကြီး စတင် အသက်ဝင်လာခဲ့ပြီး ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးမှာလည်း သွေးချောင်းစီးမည့် မုန်တိုင်းဒဏ်ကို စတင်အံတု ရင်ဆိုင်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာသီစက်ဝန်း တစ်ဝက်ခန့် (ခြောက်လ) ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးအဖို့ ထိုက်ကျွယ်မြေအောက်နန်းတော်မှ ရင်းမြစ်များကို သယ်ယူပို့ဆောင်ရန်အတွက် နှစ်လခန့် အချိန်ယူခဲ့ရပြီး၊ ထို့နောက်တွင်မူ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၍ ပြန်လည်လုပ်ဆောင်ခဲ့သည်။
ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းက သူ့ကို ရပ်တန့်သွားစေခြင်း မရှိဘဲ ပိုမို အစွမ်းထက်လာစေရန်သာ အစဉ်တစိုက် ရည်မှန်းထားဆဲပင်။
လီချင်းချိုး၏ ဤကဲ့သို့သော ကြိုးစားအားထုတ်မှုက ဂျူနီယာညီအစ်ကို မောင်နှမများကိုပါ စိတ်ဓာတ်တက်ကြွစေခဲ့သည်။ ကျန်းယွီချွန်းပင်လျှင် အာဏာများကို လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးအပ်ကာ ကျင့်ကြံခြင်းအတွက် အချိန်ပိုမို ဖယ်ထုတ်လာပြီဖြစ်သည်။
တဖြည်းဖြည်းနှင့် ပူပြင်းလှသော နွေရာသီ အပူရှိန်တောက်လောင်နေသည့် သြဂုတ်လသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မသေမျိုးဂူအတွင်း၌ ….
လီချင်းချိုး ကျောက်ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ဂိုဏ်းချုပ်တံဆိပ်ပြားကို တင်းကျစ်စွာ ဆုပ်ကိုင်ထားသည်။လက်ရှိတွင် တင်းကျပ်စွာမျက်မှောင်ကြုတ်နေပြီး မျက်ဝန်းများတွင်လည်း အေးစက်လှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဂူအပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာခဲ့ကာ
မကြာမီအချိန်အတွင်းမှာပင် လင်းရှောင်ခေါင်းလောင်းသံ ဂိုဏ်းတစ်ခုလုံး ဟိန်းထွက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ဂိုဏ်း၏ အဆင့်မြင့်လူကြီးများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ လီချင်းချိုး ခြံဝင်းအတွင်း၌ တည်ငြိမ်စွာ ထိုင်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် သူတို့အားလုံး အမူအရာများမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့ကြသည်။
လူစုံသွားသောအခါ လီချင်းချိုးက စတင်၍ စကားဆိုလိုက်သည်။
"ဝမ့်ယင်းဂိုဏ်းက ကျင့်ကြံသူတွေ အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ကို ရောက်ရှိနေပြီး ငါတို့နဲ့ ဆွေးနွေးချင်နေကြတယ်… သူတို့ပြောတာက... အကယ်၍ ချင်းရှောင်ဂိုဏ်းအနေနဲ့ အနောက်ဘက်တားမြစ်နယ်မြေထဲကို ဝင်ရောက်စူးစမ်းချင်တယ်ဆိုရင်၊ သူတို့ကို ဝိညာဉ်ကျောက်တွေ အခွန်အဖြစ် ပေးဆောင်ရမယ်တဲ့… မဟုတ်ရင်တော့ ငါတို့ဂိုဏ်းသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို သူတို့အနေနဲ့ အာမမခံနိုင်ဘူးလို့ ခြိမ်းခြောက်ထားကြတယ်"
ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားကြတော့သည်။
"တကယ်ပဲ ဝမ့်ယင်းဂိုဏ်းလား... ရယ်စရာကောင်းလိုက်တာ… သူတို့ရဲ့ တစ္ဆေမြို့တော်ကြီးက နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတာလေ.. ဒါကိုကြည့်ရင် သူတို့တွေ အဲဒီအန္တရာယ်ရှိတဲ့နယ်မြေကို စိုးစဉ်းမျှ ဂရုမစိုက်ဘူးဆိုတာ ထင်ရှားနေတာပဲကို.. အခုမှ ရုတ်တရက် ထွက်လာပြီး ခြိမ်းခြောက်တယ်ဆိုတော့ တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ ကောင်တွေပဲ!"
"ကျွန်တော်တို့ ဘယ်လိုမှ သဘောမတူနိုင်ဘူး…လက်ရှိမှာ ဝိညာဉ်ကျောက်တွေ ပြတ်လတ်နေပြီ အကယ်၍ တစ်ကြိမ် သဘောတူလိုက်ရင်၊ နောင်အနာဂတ်ကျရင် သူတို့တွေ ပိုပြီး အလိုရမ္မက်ကြီးလာမှာ သေချာတယ်!"
"မောက်မာလိုက်တာ..သူတို့က ချင်းရှောင်ဂိုဏ်းကို အထင်သေးနေတာလား..."
" သေတွင်းရှာနေတာပဲ… ဂိုဏ်းချုပ်... သူတို့ကို တိုက်ရိုက်ပဲ စစ်ကြေညာလိုက်ကြရအောင်!"
"ကျွန်မတို့ဘက်က အချိန်ဆွဲထားပြီး ဝမ့်ယင်းဂိုဏ်းရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းတာက ပိုကောင်းပါလိမ့်မယ်… ကျွန်မ အနောက်ဘက် မသေမျိုးမြို့တော်ကို သွားဖို့ အသင့်ပါပဲ"
အချို့က ဒေါသတကြီးဖြင့် ချက်ချင်း စစ်ပွဲစတင်ရန် လိုလားနေကြပြီး၊ အချို့ကမူ သတိကြီးစွာဖြင့် အချိန်ဆွဲကာ အခြေအနေကို စောင့်ကြည့်ရန် မျှော်လင့်နေကြသည်။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဝမ့်ယင်းဂိုဏ်းထံ ဦးညွှတ်အညံ့ခံရန် မရွေးချယ်ခဲ့ကြပေ။ ချင်းရှောင်ဂိုဏ်း ဤမျှအထိ တိုးတက်လာခဲ့ပြီးနောက်တွင်၊ သတိအကြီးဆုံးဖြစ်သော အဆင့်မြင့်လူကြီးများ၏ စိတ်ထဲတွင်ပင် ဂိုဏ်းအတွက် ဂုဏ်ယူဝင့်ကြွားစိတ်များ ကိန်းအောင်းနေပြီဖြစ်ရာ ဝမ့်ယင်းဂိုဏ်းရှေ့မှောက်၌ ခေါင်းငုံ့ခံမည်မဟုတ်ပေ။
လီချင်းချိုးက …..
"ဝမ့်ယင်းဂိုဏ်းက ကျင့်ကြံသူ တစ်ဆယ့်နှစ်ဦး စေလွှတ်ထားပြီး၊ သူတို့အားလုံးက ဝိညာဉ်အသိအာရုံအဆင့်တွေချည်းပဲ။ သူတို့ရဲ့ တောင်းဆိုချက်ကို ဘယ်လိုမှ သဘောမတူနိုင်ဘူး… ချူကျင်းနဲ့ ဝေထျန်းရှုံး... မင်းတို့နှစ်ယောက် အနောက်ဘက် မသေမျိုးမြို့တော်ကို တစ်ခေါက် သွားလိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
ချူကျင်းက ကန့်ကွက်ရန်မရှိသလို၊ ဝေထျန်းရှုံးကလည်း ခေါင်းညိတ်လက်ခံလိုက်သည်။ ယခင် မူလဝိညာဉ်ဂိုဏ်းတည်ရှိနေစဉ် ကာလကတည်းက ဝမ့်ယင်းဂိုဏ်း ရှိနေခဲ့ပြီးဖြစ်သော်လည်း၊ ဝေထျန်းရှုံးအနေဖြင့် ၎င်း၏ အမည်ကိုသာ ကြားဖူးပြီး ဝမ့်ယင်းဂိုဏ်း မည်မျှအထိ အစွမ်းထက်ကြောင်း တိတိကျကျ မသိရှိရသေးပေ။
အနှစ်တစ်ထောင်တိုင်တိုင် ရပ်တည်နိုင်ခဲ့သော ဂိုဏ်းကြီးတစ်ခုဖြစ်သဖြင့် ဝမ့်ယင်းဂိုဏ်း၏ စွမ်းပကားမှာ အထင်သေး၍မရသည်တော့ အသေအချာပင် ဖြစ်သည်။
လီချင်းချိုးက အခြားသော ခန်းမသခင်များကို ကြည့်ကာ….
"ခန်းမဆောင်တစ်ခုချင်းစီအလိုက် စစ်ပွဲအတွက် ပြင်ဆင်ထားကြပါ… စစ်ပွဲ စတင်ပြီဆိုတာနဲ့ အရင်းမြစ်ပစ္စည်းအမျိုးမျိုး အလုံအလောက် ရှိနေရမယ်၊ ပြီးတော့ ဂိုဏ်းသားတွေ စုဆောင်းလှုပ်ရှားမှုကိုလည်း အမြန်ဆုံး အချိန်မီ ဆက်သွယ်အကြောင်းကြားရမယ်… နားလည်ကြလား"
ခန်းမသခင်များက ချက်ချင်းပင် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
ကောင်းကင်လက်မှုပညာခန်းမ၏ ခန်းသခင်ဖြစ်သူ ကျူးယန်က….
"ဂိုဏ်းချုပ်... ဒီသတင်းကို ဂိုဏ်းတစ်ခုလုံးက တပည့်တွေကိုပါ အသိပေးဖို့ လိုအပ်မလား" ဟု မေးမြန်းလိုက်သည်။
သားရဲထိန်းကျောင်းရေးခန်းမ၏ ခန်မးသခင်ဖြစ်သူ ချန်ချန်းဟိုင်ကလည်း…
"ကျွန်တော့်အမြင်အရတော့ တပည့်တွေကိုပါ အသိပေးထားသင့်ပါတယ်၊ အနည်းဆုံးတော့ သူတို့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားနိုင်တာပေါ့… အခုတစ်ကြိမ် ကျွန်တောတို့ ရင်ဆိုင်ရမှာက စစ်မှန်တဲ့ ကျင့်ကြံသူတွေမို့ ကျွန်တော်တို့မှာရှိတဲ့ ပညာရပ်တွေ သူတို့မှာလည်း ရှိနေနိုင်သလို၊ သူတို့မှာရှိပြီး ကျွန်တော်တို့မှာ မရှိသေးတဲ့အရာတွေလဲ ရှိနေနိုင်သေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဂိုဏ်းရဲ့ တည်ထောင်တဲ့ သက်တမ်းက ဝမ့်ယင်းဂိုဏ်းထက် အများကြီး နည်းနေသေးတာကိုး..." ဟု ဆိုလိုက်သည်။
ဤစကားမှာ အနည်းငယ် စိတ်ဓာတ်ကျစရာ ကောင်းလှသော်လည်း လီချင်းချိုး စိတ်ဆိုးခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ဤကဲ့သို့ပင် တွေးတောထားသောကြောင့် ဖြစ်သည်။
"အကယ်၍ ဒီသတင်းကို ဖြန့်ဝေလိုက်ရင်... ဂိုဏ်းထဲမှာ သစ္စာဖောက်တွေ ပေါ်ထွက်လာနိုင်မလား"
စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ခန်းမသခင်ဖြစ်သူ ချိုင်ယွင်ရှန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
သူမ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ၊ အေးစက်သောမသေမျိုးကံကြမ္မာပါရမီကို ပိုင်ဆိုင်ထားသော သူမသည် တဖြည်းဖြည်း ပိုမို အေးစက်ခက်ထန်လာခဲ့သည်။ သူမတွင် လောကီစိတ်ခံစားချက်များ မရှိတော့သဖြင့် ကျင့်ကြံခြင်းအရှိန်အဟုန် ပိုမိုမြန်ဆန်လာခဲ့ရာ ယခုအခါ ဝိညာဉ်အသိအာရုံအဆင့် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
လီစစ်ဖုန်းက ခေါင်းညိတ်ပြရင်း…
"ဒါက တကယ်ပဲ ဖြစ်နိုင်ခြေ ရှိတယ်… ချင်းရှောင်ဂိုဏ်းက လူတိုင်းကို စိတ်ကျေနပ်အောင် မစွမ်းဆောင်ပေးနိုင်ဘူး.. ဂိုဏ်းအပေါ် ရန်ငြိုးဖွဲ့ထားတဲ့သူတွေ အမြဲ ရှိနေမှာပဲ…အကယ်၍ ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်တဲ့ တခြားဂိုဏ်းကြီးတစ်ခု ရှိနေသေးတာကို သူတို့ သိသွားရင်တော့၊ သေချာပေါက် တစ်ခုခု လှုပ်ရှားလာကြလိမ့်မယ်" ဟု ဆိုလိုက်သည်။
ရွှယ်ကျင်းကတော့ "သူတို့ ထွက်ပေါ်လာဝံ့ကြတာက တကယ်တော့ အခွင့်အရေးကောင်းတစ်ခုပဲလေ… ဒီအခွင့်အရေးကို သုံးပြီး သစ္စာဖောက်တွေကို အမြစ်ပြတ် ရှင်းလင်းပစ်လို့ရတာပေါ့… ဒါ့အပြင် နောင်အနာဂတ်ကျရင်လည်း တခြားကျင့်ကြံရေးဂိုဏ်းတွေနဲ့ ထပ်ပြီး ဆုံတွေ့ရဦးမှာပဲ၊ အကြိမ်တိုင်း သတင်းတွေကို ဖုံးကွယ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဒါက ရေရှည်လှုပ်ရှားမှုတွေအတွက်လည်း အကျိုးမရှိစေဘူးလေ" ဟု သုံးသပ်ပြခဲ့သည်။
အခြားသူများကလည်း မိမိတို့၏ အမြင်အသီးသီးကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
လီချင်းချိုးက တည်ငြိမ်စွာဖြင့်….
"ဒီသတင်းကို ဂိုဏ်းတစ်ခုလုံးကို ချပြလိုက်ပါ၊ ဝမ့်ယင်းဂိုဏ်းရဲ့ မောက်မာတဲ့ သဘောထားကိုပါ တစ်ခါတည်း အသိပေးလိုက်ကြ" ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
လူတိုင်း သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြပြီး ဂိုဏ်းချုပ် ဤမျှအထိ ပြတ်သားထက်မြက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ဤသည်က သတင်းကို ဖြန့်ဝေရုံသာမက ပဋိပက္ခကိုပါ ပိုမိုကြီးထွားအောင် ပြုလုပ်လိုက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ အမှန်တရားဖြစ်သော်လည်း၊ အကယ်၍ ထိုသတင်းသာ ဖြန့်ဝေလိုက်ပါက ဂိုဏ်းတစ်ခုလုံး အကြီးအကျယ် ရိုက်ခတ်လှုပ်ခတ်သွားမည်မှာ အသေအချာပင်။
သို့သော် လီချင်းချိုး၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးဆေးတည်ငြိမ်နေသည်ကို မြင်တွေ့ရသဖြင့် မည်သူမျှ ကန့်ကွက်ဝံ့ခြင်း မရှိကြတော့ပေ။
ဤဆွေးနွေးပွဲမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး၊ ချူကျင်းနှင့် ဝေထျန်းရှုံးတို့ အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီသို့ ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။
ထိုနေ့မှာပင် ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟူသော သတင်းမှာ ဂိုဏ်းတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းသားအားလုံး ဤသတင်းကို ကြားရသောအခါ အလွန်အမင်း ဒေါသထွက်သွားကြရပြီး၊ တောင်ထွတ်အသီးသီးမှ တပည့်များမှာလည်း မခံမရပ်နိုင်ဖြစ်ကာ တိုက်ပွဲဝင်ရန် တောင်းဆိုသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
နေဝင်ရိုးရီအချိန်၌... အနောက်ဘက် အန္တရာယ်ရှိသော တားမြစ်နယ်မြေတွင် တောင်တန်းများ အရပ်မျက်နှာအနှံ့ ထပ်နေပြီး၊ သစ်တောကြီးအတွင်းမှ ထူထပ်လှသော မြူခိုးများ တဖြည်းဖြည်း ထွက်ပေါ်လာနေသည်။
သစ်တောကြီးများကြားတွင် တည်ရှိနေသော အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်သည် လက်ရှိအချိန်တွင် ငြိမ်သက်ခြင်း မရှိပေ။
ဂိုဏ်းသားအမြောက်အမြား မြို့အတွင်း၌ လျှောက်သွားနေကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
မြို့စားမင်းစံအိမ်အတွင်း၌...
ယွမ်လီ၊ ကုချန်းဖိန်၊ ဝေထျန်းရှုံး၊ ချူကျင်းနှင့် မြို့တော်၏ အဆင့်မြင့်လူကြီးများ စားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူထိုင်နေကြပြီး၊ ၎င်းတို့၏ ဆန့်ကျင်ဘက်တွင်မူ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူ တစ်ဆယ့်နှစ်ဦး ထိုင်နေကြသည်။ သူတို့သည် အလွန်ပင် မောက်မာရိုင်းစိုင်းသော အမူအရာများကို ဖော်ပြနေကြပြီး ချင်းရှောင်ဂိုဏ်းကို စိုးစဉ်းမျှ အရေးတယူ လုပ်ပုံမရပေ။
ဝမ့်ယင်းဂိုဏ်းဘက်မှ ခေါင်းဆောင်ဖြစ်သူမှာ ချီချန်ဖုန်းဟု အမည်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့အကြည့်က ဝေထျန်းရှုံးထံသို့ ကျရောက်သွားပြီး….
"မင်းက မင်းတို့ ဂိုဏ်းချုပ်ကိုယ်စား ဆုံးဖြတ်ချက်ချပေးနိုင်တဲ့သူ ထင်တယ်" ဟု ဆိုလိုက်သည်။
ဝေထျန်းရှုံး၏ အရှိန်အဝါနှင့် အပြုအမူမှာ အခြားသူများနှင့် သိသိသာသာ ကွဲပြားနေသဖြင့်၊ ချီချန်ဖုန်းက ဤလူသည် ချင်းရှောင်ဂိုဏ်းသို့ နောက်မှ ဝင်ရောက်လာခဲ့သော ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ သူတို့၏ စုံစမ်းသိရှိရမှုအရ ချင်းရှောင်ဂိုဏ်းမှာ အနှစ်သုံးဆယ်ကျော်ခန့်သာ သက်တမ်းရှိသေးသည့် ဂိုဏ်းငယ်လေးတစ်ခုဖြစ်ပြီး၊ ဂိုဏ်းချုပ်တစ်ဦးတည်းသာ သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ပေသည်။
ယွမ်လီသည် ယခုအခါ သွေးသားချီစွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ သူ စိတ်ဆိုးခြင်းမရှိပါက ကြည့်ရသည်မှာ လုံးဝ အန္တရာယ်မရှိသော သာမန်လူတစ်ယောက်လိုပင်ထင်ရသည်။
ယခုအချိန်တွင် သူသည် မိမိ၏ စွမ်းပကားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပြီး၊ ဤဝမ့်ယင်းဂိုဏ်းသားတစ်သုတ်လုံးကို အချိန်မရွေး အစအနမကျန် ချေမှုန်းပစ်ရန် အသင့်ပြင်ဆင်ထားခြင်း ဖြစ်၏။
ဝေထျန်းရှုံးက တည်ငြိမ်စွာဖြင့်….
"ငါတို့ ချင်းရှောင်ဂိုဏ်းမှာ တပည့်ပေါင်း သုံးသိန်းကျော် ရှိပြီး၊ ကိုးပြည်ထောင်နယ်မြေနဲ့ မြောက်ဘက်နယ်စပ်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတာ… လောကမှာရှိတဲ့လူအားလုံးက ငါတို့ရဲ့ အစောင့်အရှောက်ကို အားကိုးနေကြရတာဖြစ်ပြီး နောင်အနာဂတ်ကျရင်လည်း ပိုပြီးများပြားတဲ့ ဂိုဏ်းသားတွေ ထပ်ပြီး ဝင်ရောက်လာဦးမှာ…. အကယ်၍ မင်းတို့ဂိုဏ်းက ခြင်္သေ့တစ်ကောင်လို အလိုရမ္မက်ကြီးမားစွာနဲ့ ပါးစပ်အကျယ်ကြီး ဟပြလာမယ်ဆိုရင်တော့ ငါတို့ဘက်က တောင့်ခံပေးဖို့ ခဲယဉ်းလိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ချီချန်ဖုန်းက လှောင်ပြုံးပြုံးကာ….
"မင်းကလည်း နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ နေမှာပါ… ကျင့်ကြံရေးဂိုဏ်းတစ်ခုရဲ့ အစောပိုင်းကာလမှာ မျက်ကန်းလမ်းစဉ်အတိုင်း လူအင်အားကို ဒီလောက်ကြီး ချဲ့ထွင်ဖို့ မသင့်တော်ဘူးဆိုတာ မင်း ကောင်းကောင်း သိထားမှာပေါ့…မင်းတို့ ချင်းရှောင်ဂိုဏ်းအနေနဲ့ လူဦးရေ နှစ်သိန်းကိုးသောင်းလောက်ကို ချက်ချင်း ထုတ်ပယ်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ်… မဟုတ်ရင်တော့ ဝမ့်ယင်းဂိုဏ်းက မတိုက်ခိုက်ရင်တောင် မင်းတို့ဂိုဏ်းက အတွင်းပိုင်း ပဋိပက္ခတွေကြောင့်တင် အလိုလို ပြိုလဲသွားလိမ့်မယ်" ဟု သရော်လိုက်သည်။
"ဝမ့်ယင်းဂိုဏ်းက အနောက်ဘက်အန္တရာယ်နယ်မြေနဲ့ မိုးပြာနဂါးနယ်မြေကြားမှာ တည်ရှိနေတာ…. မင်းတို့မှာလည်း ရင်ဆိုင်နေရတဲ့ ရန်သူတွေ မနည်းလှပါဘူး…. အကယ်၍ စစ်ပွဲသာ စတင်ခဲ့မယ်ဆိုရင်၊ မင်းတို့ဘက်က စေလွှတ်နိုင်မယ့် လူအင်အားက သိပ်ပြီး များပြားမှာ မဟုတ်ဘူး… ဘာဖြစ်လို့ အရှေ့ဘက်မှာ နောက်ထပ် ရန်သူအသစ်တွေ ထပ်ပြီး ဖန်တီးချင်နေရတာလဲ… ဒါ့အပြင် မင်းတို့အနေနဲ့ ဒီအနောက်ဘက်အန္တရာယ်နယ်မြေကို နည်းနည်းလေးမှ အထင်မကြီးဘူးဆိုတာ ငါ သိထားတယ်၊ မင်းတို့က ငါတို့ဘက်က မင်းတို့ကို ခြိမ်းခြောက်လာမှာကို ကြောက်ရွံ့နေကြတာ သက်သက်ပဲမလား" ဟု ဝေထျန်းရှုံးက ချီချန်ဖုန်းကို စိုက်ကြည့်ကာ ထိုးနှက်လိုက်သည်။
ထိုအခါ ချီချန်ဖုန်း စိတ်ထဲတွင် ဆတ်ခနဲ တုန်သွားခဲ့သည်။ ဝေထျန်းရှုံးက ဝမ့်ယင်းဂိုဏ်း၏ လက်ရှိအခြေအနေကို ဤမျှအထိ သိရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သို့သော်လည်း အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်ကာ…..
"ဝမ့်ယင်းဂိုဏ်းအနေနဲ့ အရှေ့ဘက်ကို စစ်ချီဖို့အတွက် ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့်ပေါင်း တစ်ထောင်ကို လွယ်လွယ်ကူကူ စေလွှတ်နိုင်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရားပဲလေ" ဟု ဆိုလိုက်သည်။
ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်ပေါင်း တစ်ထောင်…..
မြို့တွင်းရှိ ချင်းရှောင်ဂိုဏ်းသားအားလုံး မျက်နှာပျက်သွားကြပြီး ယွမ်လီပင်လျှင် တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။
ဝမ့်ယင်းဂိုဏ်းက စိတ်အလိုရှိရုံမျှဖြင့် စေလွှတ်နိုင်သော စွမ်းပကားမှာ ဇီယန်ကျွန်းထက်ပင် များစွာ ပိုမိုအစွမ်းထက်နေပေသည်။
အကယ်၍ ယွမ်လီသာ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူတစ်ထောင်၏ ဝန်းရံခြင်းကို ခံရမည်ဆိုပါက ထိတ်လန့်လိမ့်မည်မဟုတ်သော်လည်း၊ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများ၏ လှုပ်ရှားမှုအကွာအဝေးမှာ အလွန် ကျယ်ပြန့်လှပေသည်။ အကယ်၍ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများက အရပ်မျက်နှာအနှံ့ ခွဲထွက်ကာ ကိုးပြည်ထောင်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြမည်ဆိုပါက၊ ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးကို သွေးချောင်းစီးအောင် ပြုလုပ်နိုင်ကြမည်ဖြစ်ရာ ၎င်းကို သူ ဘယ်လိုမှ လိုက်လံတားဆီးနိုင်မည် မဟုတ်ပေ။
ဝေထျန်းရှုံးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"အကယ်၍ မင်းတို့ဂိုဏ်းမှာ ဒီလောက်
အထိ စွမ်းပကားရှိနေတယ်ဆိုရင်၊ ငါတို့က ဘာတွေကို ဆွေးနွေးနေကြဦးမှာလဲ… မင်းတို့ ဓားနဲ့ ငါတို့လည်ပင်းကို တိုက်ရိုက် ချိန်ရွယ်ထားလောက်ပြီပေါ့ ဘာဖြစ်လို့ ဒီမှာ အချိန်ကုန်ခံပြီး စကားအပိုတွေ လာပြောနေရတာလဲ"
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချင်းရှောင်ဂိုဏ်းသားအားလုံး သတိပြန်ဝင်လာကြပြီး၊ မိမိတို့ လှည့်စားခြင်းခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားကြကာ ဝမ့်ယင်းဂိုဏ်းသားများကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
ချီချန်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ….
"ဒါဆို... ချင်းရှောင်ဂိုဏ်းက ငါတို့ ဝမ့်ယင်းဂိုဏ်းရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့ ဟုတ်လား" ဟု အေးစက်စွာ မေးလိုက်သည်။
ဝေထျန်းရှုံးက ဂရုမစိုက်ဟန်ဖြင့်….
"လက်ရှိ တောင်းဆိုချက်တွေက ရူးနှမ်းလွန်းလို့ ငါတို့ သဘောမတူနိုင်ဘူး… ဘာလို့လဲဆိုတော့ မင်းတို့က ငါတို့ကို သေတွင်းထဲ အတင်းတွန်းပို့နေတာမို့လို့ပဲ…ဒီလိုတောင်းဆိုချက်မျိုးကို သဘောတူမယ့်အစား ငါတို့ မင်းတို့ဆီ အညံ့ခံလိုက်တာကမှ ပိုကောင်းဦးမယ်…အမှန်အတိုင်းပြောရရင်... မင်းတို့ဆီမှာ သစ္စာခံ ဦးညွှတ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး…ဒါပေမဲ့ မင်းတို့ရဲ့ စစ်မှန်တဲ့ စွမ်းပကားက ငါတို့ရဲ့ သစ္စာခံမှုနဲ့ အလုပ်အကျွေးပြုမှုကို ခံယူဖို့ တန်ဖိုးရှိမရှိဆိုတာကိုတော့ ငါတို့ အရင်ဆုံး တိတိကျကျ သိမြင်ဖို့ လိုအပ်လိမ့်မယ်" ဟု ခနဲ့လိုက်လေတော့သည်။