အခန်း ၃၄၉
Vol. 35 Ch. 349
အခန်း ၃၄၉ - ချင်းရှောင်ဂိုဏ်း၏ ဒုတိယမြောက် ကောင်းကင်နေမင်နယ်ပယ် ကျင့်ကြံသူ…..
နေရောင်ခြည်များက ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျလာသည်။
ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ဓားမိစ္ဆာလည်း နေရောင်ခြည်ကြောင့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိနေသည်မှာ လအတော်ကြာပြီ ဖြစ်သော်လည်း အခန်းထဲမှ သိပ်မထွက်ပေ။ သူ အရင်းနှီးဆုံး ဖြစ်ခဲ့သူမှာ သူ့အခန်းကို သန့်ရှင်းရေး လုပ်ပေးသည့် ဓားဂိုဏ်းမှ ဂိုဏ်းသားငယ်လေးတစ်ဦးသာ ဖြစ်သည်။
လအတော်ကြာ ကုန်လွန်သွားခဲ့သော်လည်း လီချင်းချိုး၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်း အဆင့်ကို တွေးမိတိုင်း စိတ်ပျက်အားငယ်ရဆဲပင်။
သို့သော်လည်း သူသည် အလွယ်တကူ လက်မြှောက် အရှုံးပေးမည့်သူ မဟုတ်ချေ။ ဤကာလအတွင်း ကိုယ်ပိုင် ဓမ္မပုံရိပ်နယ်မြေကို အဆက်မပြတ် ဆင်ခြင်တွေးတောနေခဲ့သည်။
လီချင်းချိုး၏ ဓမ္မပုံရိပ်နယ်မြေက သူ့အား စိတ်ကူးသစ်များ များစွာ ပေးစွမ်းခဲ့သလို အနာဂတ် ကျင့်ကြံမှု လမ်းကြောင်းအတွက်လည်း လမ်းစသစ်များ ရရှိစေခဲ့သည်။
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တတ်ထရပ်ကာ အပြင်သို့ လမ်းလျှောက်ထွက်ရန် ပြင်ဆင်လိုက်သည်။
သူသည် ဤနေရာတွင် အမြဲတမ်း ပိတ်လှောင်နေ၍ မဖြစ်ပေ။ လက်ရှိ အခြေအနေကို လက်ခံရမည် ဖြစ်ပြီး ဤချင်းရှောင်ဂိုဏ်းဆိုသည်မှာ မည်သို့သော နေရာမျိုး ဖြစ်သည်ကို ကြည့်ရှုရပေမည်။
သူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ခြံဝင်းထဲတွင် တံမြက်လှည်းနေသော ဂိုဏ်းသားငယ်လေးကို တွေ့လိုက်ရသည်။
ဓားမိစ္ဆာသည် ထိုဂိုဏ်းသား၏ နာမည်မှာ ဟေးရှောင်ယီ ဖြစ်ကြောင်း မှတ်မိနေသည်။ ထိုကလေးမှာ ပါရမီ သာမန်မျှသာ ရှိပြီး အသက် ၁၃ နှစ်သာ ရှိသေးသည်။
ဓားမိစ္ဆာ အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ဟေးရှောင်ယီက အမြန် လျှောက်လာပြီး… "စီနီယာ... တခုခု လိုအပ်လို့လား..." ဟု မေးမြန်းလိုက်သည်။
ဓားမိစ္ဆာက သူ့ကို ကြည့်၍….
"မင်း ကျင့်ကြံဖို့ မလိုဘူးလား..."
ပုံမှန်နေ့ရက်များတွင် ဟေးရှောင်ယီ၏ အသက်ရှူသံများ ခြံဝင်းတစ်ဝိုက် လှည့်လည်နေသည်ကို သူ အမြဲ ခံစားမိနေသည်။
"ဂိုဏ်းချုပ်က ကျွန်တော့်ကို စီနီယာရဲ့ နေ့စဉ် လိုအပ်ချက်တွေကို ဂရုစိုက်ပေးဖို့ တာဝန်ပေးထားလို့ပါ... ကျင့်ကြံဖို့ကတော့ မလောပါဘူး... တာအိုကံကြမ္မာ အလုံအလောက် ရှာပြီးတာနဲ့ ကြိုးစားပြီး ကျင့်ကြံသွားမှာပါ..."ဟု ဟေးရှောင်ယီက ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်သည်။ဟေးရှောင်ယီ၏ ကိုယ်ခန္ဓာမှာ ပိန်ပါးပြီး ရုပ်ရည်မှာလည်း ထူးထူးခြားခြား မဟုတ်သော်လည်း အပြုံးများကတော့ အလွန် ကူးစက်လွယ်လှသည်။
"တာအိုကံကြမ္မာ ဟုတ်လား..."
"ဟုတ်ပါတယ်... ဒါက ဂိုဏ်းချုပ် သတ်မှတ်ပေးထားတဲ့ ငွေကြေးတစ်မျိုးပါ... တာဝန်တွေ ပြီးမြောက်အောင် လုပ်ပြီး အလုပ်လုပ်ရင် တာအိုကံကြမ္မာတွေကို စုဆောင်းနိုင်ပါတယ်... အဲဒီကနေတစ်ဆင့် ကျင့်စဉ်၊မန္တန်၊ မှော်လက်နက်တွေလဲလှယ်နိုင်ပါတယ်... တာအိုကံကြမ္မာ အလုံအလောက် ရှိသရွေ့ ကိုယ်လိုချင်တာကို ရနိုင်ပါတယ်..."
ဓားမိစ္ဆာကတော့ ဤအချက်ကို ထူးဆန်းသည်ဟု မခံစားမိချေ။ ဤသို့သော ငွေကြေးမျိုးမှာ ဂိုဏ်းပေါင်းများစွာတွင် ရှိတတ်ကြသော်လည်း ကျင့်ကြံသူများအကြား လည်ပတ်နေသည့် အစစ်အမှန် ငွေကြေးကတော့ ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် ဝိညာဉ်ချီဆေးလုံးများသာ ဖြစ်သည်။
"မင်း အားရင် ငါနဲ့ လမ်းအတူလျှောက်ပေးမလား..."
ဟေးရှောင်ယီမှာ ငြင်းဆန်စရာ မရှိသဖြင့် ဝမ်းသာအားရ သဘောတူလိုက်ပြီး တံမြက်စည်းကို ချကာ ဓားမိစ္ဆာကို ရှေ့မှ ဦးဆောင် လမ်းပြပေးလိုက်သည်။
သူတို့တွေ ချင်းရှောင်တောင်ပေါ်တွင် နေထိုင်ကြခြင်းဖြစ်သည်။ ဂိုဏ်း၏ အဓိက တောင်ထွတ် ဖြစ်သည့် ချင်းရှောင်တောင်မှာ အမြဲတမ်း စည်ကားလှသည်။ တောင်တက်လမ်းသို့ ရောက်သောအခါ ဂိုဏ်းသားများနှင့် ဂိုဏ်း၏ အရေးပါသူများ အပေါ်သို့ တက်လာသည်ကို တစ်ခါတစ်ရံ တွေ့ဆုံရသည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ဆံပင်များနှင့် ချောမောသော မျက်နှာပိုင်ရှင် ဓားမိစ္ဆာမှာ လမ်းတစ်လျှောက်ရှိ လူများ၏ အာရုံစိုက်မှုကို များစွာ ရရှိနေသည်။
ဓားမိစ္ဆာ၏ မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ဟေးရှောင်ယီက သူသိသမျှကို မည်သို့မျှ မဖုံးကွယ်ဘဲ အကုန်လုံး ပြောပြလိုက်သည်။
မည်သို့ပင်ဆိုစေ သူသည် ဂိုဏ်းချုပ် ကိုယ်တိုင် ဂရုစိုက်ပေးရန် မှာကြားထားသူ မဟုတ်ပါလော။
အမှန်စင်စစ် ဟေးရှောင်ယီမှာလည်း ဓားမိစ္ဆာအပေါ် အလွန် စူးစမ်းလိုစိတ် ဖြစ်နေသည်။ ထိုသူ မည်သည့်နေရာမှ ရောက်လာမှန်း မသိသော်လည်း အရှိန်အဝါကို ကြည့်ရုံနှင့်တင် အလွန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သူ ဖြစ်ကြောင်း သိရှိထားသည်။
ချင်းရှောင်တောင်မှာ အလွန် မြင့်မားလှသည်။ တောင်တစ်ဝက်ကို ရောက်ချိန်တွင် ဓားမိစ္ဆာမှာ ချင်းရှောင်ဂိုဏ်းအကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်လာခဲ့သည်။
ဤဂိုဏ်းမှာ လီချင်းချိုးလို အလွန် ငယ်ရွယ်လှသည်။ သူ့ကို အံ့အားအသင့်ဆုံး ဖြစ်စေသည့်အချက်မှာ ချင်းရှောင်ဂိုဏ်းကို လီချင်းချိုး ဦးဆောင်နေခြင်း ဖြစ်သည်။
လက်ရှိ ချင်းရှောင်ဂိုဏ်းမှာ လီချင်းချိုး၏ ဖန်တီးမှုဟုပင် ဆိုနိုင်ပေမည်။ သူ့တွင် ဂိုဏ်းလည်း မရှိ၊ ဆရာလည်း မရှိရာ လီချင်းချိုး၏ ကျင့်ကြံခြင်း လမ်းကြောင်းကလား သူနှင့်တူနေသည် မဟုတ်ပါလား။
သူတို့နှစ်ဦးစလုံး ကိုယ့်အားကိုယ်ကိုး၍ တာအိုကို နားလည်ခဲ့ကြသည့် ပါရမီရှင်များ ဖြစ်ကြသော်လည်း လီချင်းချိုး၏ တိုးတက်မှုနှုန်းက သူ့ထက် များစွာ သာလွန်နေသည်။
တစ်ချိန်တည်းတွင် ချင်းရှောင်ဂိုဏ်းမှာ ဝမ့်ယင်းဂိုဏ်းနှင့် စစ်ဖြစ်နေကြောင်း သိရှိလိုက်ရသော်လည်း စိုးရိမ်ပူပန်ခြင်း မရှိချေ။
ဝမ့်ယင်းဂိုဏ်းမှာ ချင်းရှောင်ဂိုဏ်းနှင့် တိုးမိသည့်အတွက် ကံဆိုးသည်ဟုသာ ဆိုရမည်။ ဝမ့်ယင်းဂိုဏ်း၏ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သော ကျင့်ကြံသူ သုံးဦးစလုံး လီချင်းချိုး၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။
တောင်တစ်ဝက်တွင် ချင်းရှောင်ဂိုဏ်း၏ ပထမဆုံးသော သိုင်းပညာစင်မြင့် ရှိသည်။ ထိုနေရာတွင် ဂိုဏ်းသားများ အမြဲတမ်း ယှဉ်ပြိုင်လေ့ကျင့်နေကြပြီး လက်ရှိတွင် လူအုပ်စု အတော်များများ စုရုံးနေကြသည်။
စင်မြင့်ပေါ်တွင် လူနှစ်ဦး ယှဉ်ပြိုင်နေကြပြီး နှစ်ဦးစလုံးမှာ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးမှာ ဝိညာဉ်ပင်လယ်မှ ပါရမီရှင် ယန်ချင်းပင် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းသို့ လက်နက်ချပြီးနောက် ယန်ချင်း၏ အတွေးအခေါ်များ မှန်ကန်သွားခဲ့ပြီး စိတ်ဓာတ်ကျခြင်း သို့မဟုတ် အချိန်ဖြုန်းခြင်းများ မရှိတော့ချေ။
သူသည် ချင်းရှောင်ဂိုဏ်းရှိ သူ့ရဲ့ ဘဝကို အပြုသဘောဖြင့် လက်ခံလိုက်ပြီးနောက် ယခုအခါတွင် ကျော်ကြားလာခဲ့ပြီဖြစ်သည်။
ချင်းရှောင်ဂိုဏ်းရှိ ဝိညာဉ်အသိအာရုံအဆင့် ဂိုဏ်းသားများစွာမှာ ယန်ချင်းသည် တူညီသော နယ်ပယ်အတွင်းတွင် တစ်ခါမျှ မရှုံးနိမ့်ဖူးကြောင်း သိရှိကြသည်။
ထိပ်တန်း ပါရမီရှင်များ အပြင်ဘက်တွင် ဝမ့်ယင်းဂိုဏ်းနှင့် တိုက်ခိုက်နေကြသဖြင့် ဂိုဏ်းထဲတွင် သူ့ကို ဖိနှိပ်နိုင်မည့်သူ မရှိတော့ချေ။
ယွင်ချိုင် သူ့ကို ဖိနှိပ်နိုင်သော်လည် အရင်ကတည်းက သူ့ကို အနိုင်ယူပြီး ဖြစ်ရာ နောက်တစ်ဖန် ယှဉ်ပြိုင်ရန် စိတ်မဝင်စားတော့ပေ။
ဓားမိစ္ဆာက ကြည့်ရှုရန် ရပ်တန့်လိုက်သည်။ ယန်ချင်း၏ ပါရမီက ရိုးရှင်းသည် မဟုတ်ကြောင်း ခံစားမိသည်။ ဤသို့သော ပါရမီရှင်မျိုးမှာ မိုးပြာနဂါးနယ်မြေတွင်ပင် ရှားပါးလှသည်။
ချင်းရှောင်ဂိုဏ်းတွင် လီချင်းချိုးအပြင် အခြား ပါရမီရှင်များလည်း ရှိနေသေးသည်လား။
ထိုစဉ် သိုင်းပညာစင်မြင့်ပေါ်ရှိ ယှဉ်ပြိုင်မှု ပြီးဆုံးသွားသည်။ ယန်ချင်း လှပစွာဖြင့် နောက်တစ်ကြိမ် အနိုင်ယူလိုက်ပြန်သည်။
သူက ခေါင်းကို မော့ကာ မောက်မာလွန်းသော အမူအရာဖြင့် ရယ်မောလိုက်ပြီး…
"နောက်ထပ် ငါနဲ့ တိုက်ရဲတဲ့သူ ရှိသေးလား..."
ယုံကြည်မှုများ ပြန်လည် ရရှိသွားပြီ ဖြစ်ရာ ချင်းရှောင်ဂိုဏ်း၏ ဝိညာဉ်အသိအာရုံအဆင့် ဂိုဏ်းသားများက သူ့ရဲ့ ပြိုင်ဘက်များ မဟုတ်ကြပေ။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်း၌ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေသည့် ဂိုဏ်းသားတိုင်းမှာ ပါရမီရှင်များ ဖြစ်ကြသော်လည်း သူ့ရှေ့တွင်မူ သာမန်လူများလို ဖြစ်နေကြသည်။
တကယ်တော့ ယွင်ချိုင်မှာ ထူးခြားသူ တစ်ဦးသာ ဖြစ်ပြီး ယန်ချင်းသာလျှင် အမှန်တကယ် ထိပ်တန်း ပါရမီရှင် ဖြစ်သည်။
ဤသို့ တွေးမိလိုက်ချိန်တွင် ယန်ချင်း၏ မျက်နှာပေါ်တွင် ကျေနပ်ဖွယ် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ယုံကြည်မှုများ ပြန်လည် ရရှိလာသည့် ခံစားချက်မှာ အလွန် ကောင်းမွန်လှပေသည်။
ဤအခိုက်တွင် ပုံရိပ်တစ်ခုမ သိုင်းပညာစင်မြင့်ပေါ်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ဓားမိစ္ဆာပင် ဖြစ်သည်။
ဓားမိစ္ဆာ၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လွန်းသဖြင့် ယန်ချင်း အပါအဝင် အားလုံး အံ့အားသင့်သွားကြသည်။
ဤလှုပ်ရှားမှု တစ်ခုတည်းနှင့်တင် ယန်ချင်း ဓားမိစ္ဆာအပေါ် သတိထားမိသွားသည်။
ဒီလူက ဘယ်သူလဲ… ဘာကြောင့် သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ…
ဓားမိစ္ဆာ သိုင်းပညာစင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ဟေးရှောင်ယီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"နာမည် ပြောပါ..."
ယန်ချင်းက ဓားမိစ္ဆာကို ကြည့်၍ မေးလိုက်သည်။ သူသည် ဓားမိစ္ဆာကို အလွန် သတိထားနေသော်လည်း စိန်ခေါ်မှုကို မကြောက်ရွံ့ပေ။
သူသည် ဝိညာဉ်ပင်လယ်မှ ပါရမီရှင် ဖြစ်ရာ နောက်ကျကျန်ခဲ့သော နေရာမှ ကျင့်ကြံသူတစ်ဦးကို မည်သို့ ကြောက်ရွံ့နိုင်မည်နည်း။
ဓားမိစ္ဆာက ပြန်လည် ဖြေကြားခြင်း မရှိဘဲ သူ့ကို အေးစက်စက်သာ ကြည့်နေလိုက်သည်။
ယန်ချင်း ထိုအကြည့်များအောက်တွင် အလွန် စိတ်အနှောင့်အယှက် ဖြစ်လာသည်။ သူ စကားပြောရန် ပြင်လိုက်ချိန်တွင် လောကကြီးတခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။သူ့ ခြေထောက်အောက်ရှိ သိုင်းပညာစင်မြင့် ပျောက်ကွယ်သွားပြီး သဲကန္တာရ မြေရိုင်းတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
ကြည့်ရှုနေသော ဂိုဏ်းသားများလည်း ပျောက်ကွယ်သွားပြီး မှောင်မိုက်သော တိမ်တိုက်များက ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ မော့ကြည့်လိုက်တော့ အရပ်လေးမျက်နှာရှိ တောင်ကုန်းများတွင် စိုက်ဝင်နေသော ရှေးဟောင်းဓားများကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းများက ယန်ချင်း၏ အမြင်အာရုံနှင့် စိတ်အာရုံကို ကြီးစွာ ရိုက်ခတ်သွားတော့သည်။
"ဓမ္မပုံရိပ်နယ်မြေ... နောက်နေတာပဲလား..."
ယန်ချင်း၏ နဖူးပေါ်မှ ချွေးစက်များ စီးကျလာပြီ လက်နှင့် ခြေထောက်များမှာ အေးစက်သွားသည်။
ဂိုဏ်းချုပ်အပြင် ချင်းရှောင်ဂိုဏ်းမှာ နောက်ထပ် ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦးကို ဘယ်အချိန်က ရလိုက်တာလဲ….
ဤဓမ္မပုံရိပ်နယ်မြေမှာ သူ့ဆရာသခင်၏ ဓမ္မပုံရိပ်နယ်မြေထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ညဉ့်နက်ချိန်တွင် လင်းရှောင်ခြံဝင်းအတွင်း၌ လီချင်းချိုးက ဟေးရှောင်ယီ၏ ယနေ့ ဓားမိစ္ဆာအကြောင်း အစီရင်ခံမှုကို နားထောင်နေခဲ့သည်။
ဓားမိစ္ဆာက ယန်ချင်းကို သင်ခန်းစာ ပေးလိုက်ခြင်းအပြင် ဇီယန်တောင်ထွတ်သို့လည်း သွားရောက်ခဲ့သေးသည်။ ဤသည်မှာ လီချင်းချိုးအတွက် ကောင်းသော လက္ခဏာပင် ဖြစ်သည်။ ဓားမိစ္ဆာဘက်က ချင်းရှောင်ဂိုဏ်းကို နားလည် သဘောပေါက်ရန် ဆန္ဒရှိနေသရွေ့ ချင်းရှောင်ဂိုဏ်းနှင့် အသားကျလာနိုင်ခြေ ရှိပေသည်။
ယန်ချင်း ခံစားလိုက်ရသော ထိခိုက်မှုနှင့် ပတ်သက်၍ လီချင်းချိုး ဂရုမစိုက်ပေ။ ယန်ချင်းက ချင်းရှောင်ဂိုဏ်းက မွေးမြူထားသော ဂိုဏ်းသား မဟုတ်သဖြင့် ချင်းရှောင်ဂိုဏ်းကို မစွန့်ခွာသရွေ့ ကိစ္စမရှိပေ။
ယန်ချင်းကို ထိန်းသိမ်းထားခြင်းမှာ ဝိညာဉ်ပင်လယ်ကို သတိထားခြင်းကြောင့်သာ ဖြစ်သည်။
"ဂိုဏ်းချုပ်... အဲဒီစီနီယာရဲ့ နောက်ခံက ဘာများ ဖြစ်မလဲ... အင်မတန် စွမ်းအားကြီးမားသလိုပဲ..."ဟု ဟေးရှောင်ယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လီချင်းချိုး ဤကလေးကို ဓားမိစ္ဆာဆီ ပို့ပေးလိုက်ခြင်းမှာ အကြံအစည် တစ်စုံတစ်ခု ရှိထားသောကြောင့်ပင်။
အကယ်၍ ဟေးရှောင်ယီသာ ဓားဂိုဏ်း၏ မျိုးဆက်သစ် ခေါင်းဆောင် ဖြစ်လာနိုင်ပါက ဓားမိစ္ဆာထံမှ လမ်းညွှန်မှုများ ရရှိထားခြင်းမှာ အကောင်းဆုံး ဖြစ်ပေမည်။
သို့သော်လည်း ဝမ်းနည်းစရာမှာ ဟေးရှောင်ယီမှာ ဓားမိစ္ဆာကို အသားကျအောင် မလုပ်နိုင်သေးခြင်း ဖြစ်သည်။
ဓားမိစ္ဆာမှာ သင်ကြားပေးခြင်းကို ဝါသနာပါသူဆိုသော ကံကြမ္မာ ရှိသော်လည်း မည်သူ့ကိုမဆို သင်ကြားပေးရန် ဝါသနာပါသည် မဟုတ်ချေ။
"ဒါက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ... မင်း မေးမြန်းစရာ မလိုဘူး... သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးရင် ရပြီ..."
ဟေးရှောင်ယီ နှုတ်ခမ်းစူ၍ လက်မြှောက်အရှုံးပေးလိုက်ရသည်။
စကားအနည်းငယ် ပြောဆိုပြီးနောက် လီချင်းချိုးက သူ့ကို လွှတ်ပေးလိုက်သည်။ ဟေးရှောင်ယီ၏ စိတ်နေစိတ်ထားက ပိုင်နင်းအာနှင့် ဆင်တူသော်လည်း ပိုင်နင်းအာလို ယှဉ်ပြိုင်လိုစိတ် မရှိသူ မဟုတ်ဘဲ အလွန် ရည်မှန်းချက် ကြီးမားကာ ဓားဂိုဏ်း၏ ထိပ်တန်း ဂိုဏ်းသား ဖြစ်ရန် ရည်မှန်းထားသူ ဖြစ်သည်။
ဟေးရှောင်ယီ ထွက်ခွာသွားပြီးနောက် တာအိုမျိုးဆက်ဇယားကို ကြည့်ရှု၍ ဂိုဏ်းသားများ၏ အခြေအနေကို စစ်ဆေးလိုက်သည်။
အနောက်ဘက် မသေမျိုးမြို့တော်မှ ပေးပို့လာသော သတင်းများအရ ဂိုဏ်းသားများမှာ ဝမ့်ယင်းဂိုဏ်းနှင့် တိုက်ခိုက်မှုတွင် ပိုမို အသားကျလာနေပြီး လီချင်းချိုး၏ စိုးရိမ်စရာမှုများလည်း လျော့နည်းသွားခဲ့သည်။
ဤသည်မှာ လီချင်းချိုး လိုချင်သည့် အချက်ပင် ဖြစ်သည်။
လူတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြပြီး အရာအားလုံးကို သူတစ်ဦးတည်း ထမ်းပိုးနေရန် မလိုပေ။
အနာဂတ်တွင် ချင်းရှောင်ဂိုဏ်းမှာ တစ်ဦးတည်းကို အများက တိုက်ခိုက်သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရနိုင်သဖြင့် ဂိုဏ်းသားများအနေနှင့်လည်း ကိုယ်ပိုင် ရပ်တည်နိုင်ရန် လိုအပ်သည်။
ဝမ့်ယင်းဂိုဏ်းနှင့် စစ်ပွဲတွင် ယွမ်လီ ထင်ရှားစွာ တောက်ပနေသည်။ ယွမ်လီ၏ တိုက်ပွဲ အောင်မြင်မှုများကို ဂိုဏ်းသို့ အဆက်မပြတ် ပြန်လည် ပေးပို့လာသဖြင့် ဂိုဏ်းသားများ သူ့ကို ပို၍လေးစားလာကြသည်။
တဖြည်းဖြည်းနှင့် လူအချို့က သူ့ကို ချင်းရှောင်ဂိုဏ်း၏ အစွမ်းထက်ဆုံး ဂိုဏ်းသားဟု သတ်မှတ်လာကြသည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားသဖြင့် ဂိုဏ်းသားများက သူတို့ကို သတိရခြင်း နည်းပါးလာသည်။
ရွှီနင်း၊ ယွင်ချိုင်၊ ကျိယာနှင့် ကျောက်ကျိန်းတို့လို ပါရမီရှင်များကလည်း ပြင်းထန်သော တိုက်ပွဲ အောင်မြင်မှုများ မရှိသဖြင့် ယွမ်လီ၏ ရေပန်းစားမှုက သူတို့ထက် များစွာ သာလွန်နေသည်။
စက်တင်ဘာလတွင် သတင်းတစ်ခု ရောက်ရှိလာသည်။
" ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ ရာဂဏန်းလောက်က ယွမ်လီ ဦးဆောင်တဲ့ အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်... ကျောက်ကျိန်းတို့ အဖွဲ့ အကူအညီ ပေးဖို့ ရောက်သွားတေ ယွမ်လီက ဝိညာဉ်အသိအာရုံအဆင့် ရန်သူ ၁၉၇ ယောက် သတ်ဖြတ်ခဲ့ပြီး ကျောက်ကျိန်းက ၂၃ ယောက် သတ်ဖြတ်ခဲ့တယ်…အခြား ဂိုဏ်းသားအားလုံး ဒဏ်ရာ အနည်းငယ် ရခဲ့ကြတယ်..."
ရှောင်ဝူချင်း ဤသတင်းကို အစီရင်ခံချိန်တွင် သူ့ မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။
ယွမ်လီသည် ဝိညာဉ်အသိအာရုံအဆင့် တစ်ခုလုံးကို အပြတ်အသတ် ချေမှုန်းနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သွားပြီ ဖြစ်သည်။
ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိပြီးနောက် တူညီသော နယ်ပယ်ရှိ တိုက်ပွဲများ ပိုမို ခက်ခဲလာကြောင်း ရှောင်ဝူချင်း အသေအချာ ခံစားနေရသည်။
အခြား ဝိညာဉ်အသိအာရုံအဆင့် ရန်သူများကို အနိုင်ယူရန်ပင် ခက်ခဲလှရာ တိုက်ပွဲတစ်ခုတည်းတွင် ဤမျှ များပြားသော ရန်သူများကို သတ်ဖြတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ဤသတင်းများ ပျံ့နှံ့သွားပါက ယွမ်လီ၏ ဂုဏ်သတင်းမှာ မကြုံစဖူး ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွားမည် ဖြစ်ပြီး ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယမြောက် ဂုဏ်သတင်းကြီးမားသူ ဖြစ်လာပေလိမ့်မည်။
လီချင်းချိုးလည်း အံ့ဩသွားရသည်။ ယုတ္တိဗေဒအရဆိုလျှင် ဝမ့်ယင်းဂိုဏ်း၏ ဝိညာဉ်အသိအာရုံအဆင့် ဂိုဏ်းသား ဒါဇင်ပေါင်းများစွာ သေဆုံးသွားပါက ထွက်ပြေးကြပေမည်။ သို့သော်လည်း ဤတိုက်ပွဲတွင် ဝမ့်ယင်းဂိုဏ်းဘက်မှ ထက်ဝက်ခန့် သေဆုံးသွားခြင်းမှာ ယွမ်လီက သူတို့ကို ထွက်ပြေးရန် အခွင့်အရေး မပေးဘဲ အချိန်တိုအတွင်း သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ဒီကောင်လေးပိုပြီး အစွမ်းထက်လာပြီ….
ထူးကဲသော နားလည်နိုင်စွမ်း ပါရမီကြောင့် တိုက်ပွဲနည်းလမ်းများကို နားလည်လာခြင်း ဖြစ်ပေမည်။
"ဂိုဏ်းချုပ်... ဒီတိုက်ပွဲပြီးရင် ဝမ့်ယင်းဂိုဏ်းဘက်က ငြိမ်နေတော့မှာ မဟုတ်တော့ဘူး..."ဟု ရှောင်ဝူချင်းက သတိပေးလိုက်သည်
ဝမ့်ယင်းဂိုဏ်းတွင် ဝိညာဉ်အသိအာရုံအဆင့်ထက် သာလွန်သည့် တည်ရှိမှုများ ရှိနေကြောင်း သူတို့ သိရှိထားပြီး ဖြစ်သည်။ ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသူများကို ယွမ်လီတစ်ယောက်တည်းဖြင့် မဖြေရှင်းနိုင်သဖြင့် နောက်ဆုံးတွင် ဂိုဏ်းချုပ် ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးရတော့မည်သာ။
"သူတို့ မငြိမ်တော့တာ ပိုကောင်းတာပေါ့... ဒီကိစ္စကို အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ..."
ဤစစ်ပွဲမှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် ဂိုဏ်းသားများကို ပုံသွင်းပေးခြင်း၏ အကျိုးသက်ရောက်မှု ပြည့်စုံသွားပြီဟု ခံစားလိုက်ရသည်။ ဤကိစ္စကို အမြန်ဆုံး အဆုံးသတ်၍ ဂိုဏ်းသားများကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်စေခြင်းက ချင်းရှောင်ဂိုဏ်းအတွက် ပိုမို ကောင်းမွန်ပေလိမ့်မည်။