← Chapters

လောကတစ်ခွင်မှ မိစ္ဆာအင်အားစုများ လှုပ်ခတ်လာခြင်း

Vol. 30 Ch. 300

လောကတစ်ခွင်မှ မိစ္ဆာအင်အားစုများ လှုပ်ခတ်လာခြင်း

Vol. 30 Ch. 300

​လီချင်းချိုးသည် သေသေချာချာ စဉ်းစားဆင်ခြင်ပြီးနောက် ယွမ်လီနောက်သို့ လိုက်မဖမ်းရန် ဆုံးဖြတ်လိုက်လေသည်။

​ယခင်က ကြုံတွေ့ခဲ့ရသော ကျောက်ကျိန်း၏ အခြေအနေနှင့်မူ မတူပေ။ ထိုစဉ်က ကျောက်ကျိန်းသည် အသွင်ကူးပြောင်းရန်အတွက် သေခြင်းနှင့်ရှင်ခြင်းကြားမှ ဘေးဒုက္ခတစ်ခုကို ကျော်လွှားရန် လိုအပ်ခဲ့ခြင်းဖြစ်သော်လည်း၊ ယခုမူ ယွမ်လီသည် နိုးထခြင်းအဆင့်သို့ စတင်ရောက်ရှိနေပြီ ဖြစ်၏။

​အကယ်၍ ဇွတ်အတင်းသွားရောက်တားဆီးပါက ယွမ်လီ၏ နိုးထခြင်းလုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။

​လီချင်းချိုးအနေဖြင့် ‘ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်’က သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုစွမ်းအားကြီးမားနိုင်ကြောင်း ခံစားမိနေသည်။ ယွမ်လီ ထုတ်လွှတ်လိုက်မည့် အရှိန်အဝါက လုံလောက်အောင် ပြင်းထန်နေသရွေ့ သူက အဝေးမှပင် အာရုံခံနိုင်မည် ဖြစ်၏။

​ဂိုဏ်း၏ အဆင့်မြင့်အရာရှိများက လီချင်းချိုးအနေဖြင့် ယွမ်လီကို အဘယ်ကြောင့် လိုက်မရှာသနည်းဆိုသည်ကို နားမလည်ကြသော်လည်း၊ သူ့အပေါ်ထားရှိသော ယုံကြည်မှုကြောင့် မည်သူမျှ ဆက်လက်၍ မတိုက်တွန်းကြတော့ပေ။

​ကျိယာသည်လည်း စိတ်နှလုံးလေးလံစွာဖြင့် ရှိနေသည်။ သူ ဂိုဏ်းသို့ ပြန်ရောက်လာပြီးမှသာ ယွမ်ချီ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

​သူသည် ယွမ်လီနှင့် အလွန်အမင်း ရင်းနှီးလှသည်မဟုတ်သော်လည်း၊ နှစ်ပေါင်းများစွာ အတူတကွ ကျင့်ကြံလာခဲ့ကြသော ဂိုဏ်းတူညီနောင်များဖြစ်သည့်အလျောက် ယွမ်လီအတွက် သူလည်း များစွာ စိတ်မကောင်းဖြစ်မိသည်။

​သူက ယွမ်လီထံသို့ သွားရောက်ကူညီလိုသော်လည်း လီချင်းချိုးက တားမြစ်လိုက်လေသည်။

​“မင်းအနေနဲ့ အရင်ဆုံး မင်းရဲ့ဒဏ်ရာတွေ သက်သာလာဖို့ပဲ အာရုံစိုက်သင့်တယ်။”ဟု လီချင်းချိုးက ပြတ်သားစွာ ပြောကြားလိုက်တော့ ကျိယာမှာလည်း လက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

​ထို့နောက်တွင်မူ လီချင်းချိုးက ရှောင်ဝူတိကို သွားရောက်ကြည့်ရှုရန်နှင့် နိုးလာပါက သူ့ထံသို့ ခေါ်ဆောင်လာရန် ရှောင်ဝူချင်းကို အမိန့်ပေးလိုက်သည်။

​ရှောင်ဝူတိ သတိလစ်သွားခြင်းမှာ တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု လီချင်းချိုးက သံသယဝင်နေမိသည်။

​မူလအားဖြည့်နယ်ပယ် နဝမအဆင့်ရှိသော အခြားကျွမ်းကျင်သူများဆိုလျှင် ယွမ်လီ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် သတိလစ်သွားနိုင်သော်လည်း၊ ရှောင်ဝူတိမှာမူ ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်သည့်အပြင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာလည်း ယွမ်လီထက်ပင် သာလွန်သေးသည်။ ထိုသို့သောသူက အလွယ်တကူ သတိလစ်သွားနိုင်ရန်မှာ ယုတ္တိမတန်လှပေ။

​လီချင်းချိုးက ကျိယာကို ထိုညက အဖြစ်အပျက်များအား အစအဆုံး ပြန်လည်ပြောပြစေပြီး၊ တစ်စုံတစ်ရာသော သတင်းအချက်အလက်ကို ရရှိနိုင်ရန် ကြိုးစားဆွေးနွေးလေတော့သည်။

​……….

​နှင်းပွင့်များ အကြင်နာတရားကင်းမဲ့စွာ ကျဆင်းနေလျက် ကမ္ဘာမြေနှင့် တောင်တန်းများကို ဖုံးလွှမ်းထားလေသည်။ ထိုဖြူဖွေးနေသော နှင်းပြင်ကျယ်ကြီးပေါ်တွင် အထီးကျန်နေသော ပုံရိပ်တစ်ခုသည် တစ်ကိုယ်တည်း လျှောက်လှမ်းနေသည်။

​ထိုသူမှာ ယွမ်လီပင် ဖြစ်သည်။

​ယွမ်လီသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ့ဆံပင်များက လေပြင်းများကြားတွင် ဖရိုဖရဲ လွင့်လူးနေသည်။ သူ့အစ်ကိုကြီး သေဆုံးသွားပြီးနောက်ပိုင်းတွင် မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

​အသေအချာ ကြည့်ရှုပါက သူ့ မျက်ခုံးနှစ်ခုကြား၌ မှေးမှိန်သော သွေးရောင်ပုံစံများ ပေါ်ထွက်နေပြီး၊ ၎င်းက သူ့ကို မျက်မှောင်ကြုံ့ထားသကဲ့သို့ ဖြစ်စေသည်။

​ယခုအခါ သူသည် ရည်ရွယ်ချက်မရှိ လျှောက်သွားနေသလို ထင်ရသော်လည်း တကယ်မူ စိတ်နှလုံးသား ခိုင်မာပြတ်သားလျက် ရှိနေသည်။

​သူ့ရင်ထဲတွင် ဒေါသ သို့မဟုတ် အမုန်းတရားများ မရှိတော့ဘဲ၊ စိတ်အခြေအနေကလည်း ယခင်က မကြုံဖူးသော ငြိမ်းချမ်းခြင်းနယ်ပယ်တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့သည်။

​ယွမ်ချီ သေဆုံးကြောင်း သိလိုက်ရသည့်အချိန်မှစ၍ တောင်အောက်သို့ ဆင်းလာသည့်အချိန်အထိ ဆယ်ရက်တာမျှသာ ကြာမြင့်ခဲ့သော်လည်း၊ သူသည် ဘဝပေါင်းများစွာ ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

​သူသည် ဘဝပထမပိုင်းကို အဆက်မပြတ် ပြန်လည်အမှတ်ရနေသလို ကိုယ်ပိုင်ကျင့်ကြံမှုကိုလည်း စိတ်ထဲ၌ အကြိမ်ကြိမ် တွက်ချက်နေမိသည်။

​နာကျင်ခြင်းမှ ထုံကျင်ခြင်းသို့၊ နောင်တရခြင်းမှ စိတ်ပျက်အားငယ်ခြင်းသို့။

​သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ကန့်သတ်ချက်များကို သိရှိခဲ့ပြီး၊ တစ်စုံတစ်ရာသော အသက်အန္တရာယ်ရှိသည့် အခြေအနေမျိုးကို ဖြတ်သန်းရမှသာ အသွင်ကူးပြောင်းနိုင်မည်ဟု ကြိုတင် ခံစားခဲ့ရဖူးသည်။

ထိုစဉ်က မိမိကိုယ်တိုင် သေခြင်းတရားကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ခဲ့သော်လည်း၊ သူ့အစ်ကိုကြီး သေဆုံးမှုက ဤမျှမြန်မြန် ရောက်ရှိလာလိမ့်မည်ဟု မတွေးမိခဲ့ပေ။

​ယွမ်ချီ သေဆုံးရမည့်အစား သူကိုယ်တိုင်သာ သေဆုံးသွားချင်ခဲ့မိသည်။

​စိတ်ဓာတ်များ ပြိုလဲလုနီးပါး အခြေအနေအတွင်း၌ ယွမ်လီသည် ယခင်က မရှိခဲ့ဖူးသော ထူးခြားသည့် အခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

​သူသည် ရှေ့တည့်တည့်သို့သာ စူးစိုက်ကြည့်နေပြီး ခြေလှမ်းများသည်လည်း တည်ငြိမ်လှ၏။ လောကကြီးသည် ကျယ်ပြောလှပြီး၊ ကျဆင်းနေသော နှင်းပွင့်များက သူ့ကိုယ်ပေါ်သို့ ထိတွေ့မိသည်နှင့် တစ်ပြိုင်နက်မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

​ ညာဘက်မျက်လုံးမှ သွေးမျက်ရည် တစ်ကြောင်း စီးကျလာပြီးနောက်၊ ဘယ်ဘက်မျက်လုံးမှလည်း သွေးမျက်ရည်များ ထပ်မံစိမ့်ထွက်နေ၏။

​သူသည် မိမိကိုယ်မှ သွေးထွက်နေသည်ကို သတိပြုမိပုံမရဘဲ ဆက်လက်လျှောက်လှမ်းနေသော်လည်း၊ ခေါင်းပေါ်တွင် ဆံပင်ဖြူများ စတင်ပေါ်ပေါက်လာလေသည်။

​မကြာမီမှာပင် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးလာပြီး၊ ဆံပင်များမှာလည်း သုံးပုံတစ်ပုံခန့် ဖြူဖွေးသွားခဲ့ပြီ ဖြစ်ရာ အိုမင်းရင့်ရော်သွားသော လူအိုကြီးတစ်ဦးနှင့်ပင် တူနေလေတော့သည်။

​မျက်နှာပေါ်ရှိ ခုနစ်ပေါက်မှ သွေးများ အဆက်မပြတ် စီးကျနေမှုကြောင့် သူ့နောက်ကွယ်တွင် သွေးလမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

​“သေခြင်းတရားကနေတစ်ဆင့် အသက်ရှင်ဖို့... ဘေးဒုက္ခဆိုတာ ဘာလဲ၊ အကန့်အသတ်ဆိုတာ ဘာလဲ... အတားအဆီးအားလုံးကို ဖောက်ထွက်နိုင်မှသာ ငါသွားချင်တဲ့ လမ်းကို လျှောက်လှမ်းနိုင်မယ်...”

​မျက်လုံးများမှ သွေးများစိမ့်ထွက်နေသော်လည်း အကြည့်များကတော့ တည်ငြိမ်အေးဆေးနေဆဲပင်။

ထိုစဉ် သူ့ခန္ဓာကိုယ်အတွင်းမှ အရှိန်အဝါများ ဆူပွက်လာပြီး အရိုးများနှင့် ခြေလက်များကို ရိုက်ခတ်လာလေသည်။ အပ်စိုက်မှတ်တိုင်းကို အရှိန်အဝါများက ပြင်းထန်စွာ ရိုက်ခတ်နေသော်လည်း၊ ဤအခိုက်အတန့်တွင် မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ပေ။

အသားများ ဆုတ်ဖြဲခံရသည့် ခံစားချက်ကပင် သူ့အား တစ်စုံတစ်ရာသော ကျေနပ်မှုကို ပေးစွမ်းနေသည့်နှယ်။

​သူသည် သေဆုံးခါနီးတွင် ယွမ်ချီ ခံစားခဲ့ရသော နာကျင်မှုထက် ပိုမိုဆိုးရွားသော နာကျင်မှုကို ခံစားလိုခြင်းဖြစ်၏။ ဤသည်မှာ မိမိကိုယ်ကို နှိပ်စက်ခြင်းမဟုတ်ဘဲ၊ လောကကြီးရှိ အန္တရာယ်အားလုံးကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်လောက်အောင် သူ သန်မာနေပြီ ဖြစ်ကြောင်း သူ့အစ်ကိုကြီးအား အသိပေးလိုခြင်းသာ ဖြစ်သည်။

​ဝုန်း...

ရုတ်တရက် ​ယွမ်လီ၏ ကိုယ်ပေါ်မှ စူးရှသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်၌ လေပြင်းများ ဝဲလှည့်လာလေသည်။ အဖြူရောင်ဝတ်ရုံပေါ်တွင် သွေးရောင်ပန်းပွင့်များ စတင်ပေါ်ပေါက်လာကာ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။

​ဝတ်ရုံအတွင်းမှ သွေးရောင်စွမ်းအင် အငွေ့အသက်များက လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ အထက်သို့ လွင့်ပျံသွားလေသည်။

​မကြာမီ အဝတ်အစားများသည် သွေးစွန်းနေသော အဝတ်များအဖြစ် လုံးဝ ပြောင်းလဲသွားပြီး၊ အရေပြားနှင့် အသားများသည်လည်း အရည်ပျော်ကာ မြင့်တက်လာသော သွေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

​လောကကြီးတွင် လေနှင့် နှင်းများ ပိုမိုသည်းထန်လာ၏။ အဝေးမှ ကြည့်ရှုပါက သူ့ ခန္ဓာကိုယ်ပတ်လည်တွင် သွေးစွမ်းအင် လမ်းကြောင်းရှည်ကြီးတစ်ခု လည်ပတ်နေသည်ကို မြင်ရလိမ့်မည်။

​ဒုတ်... ဒုတ်... ဒုတ်...

​စစ်စည်သံများကဲ့သို့ ထူးဆန်းသော အသံတစ်ခု လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ အမှန်တကယ်မူ ၎င်းမှာ ယွမ်လီ၏ နှလုံးခုန်သံပင် ဖြစ်၏။

​ယွမ်လီ၏ မျက်နှာတစ်ဝက်မှာ အသားများ ပျောက်ဆုံးသွားကာ အရိုးဖြူများကို မြင်တွေ့နေရသော်လည်း၊ သူသည် နာကျင်မှုကြောင့် မျက်မှောင်ကြုံ့ခြင်း အလျှင်းမရှိပေ။

​“မိစ္ဆာပဲဖြစ်ဖြစ်၊ တစ္ဆေပဲဖြစ်ဖြစ် လာခဲ့ကြစမ်း... ငါ့အသားကို အရသာခံကြည့်ကြစမ်း...” ဟု ယွမ်လီက သူ့ဘာသာ တီးတိုးပြောဆိုလိုက်သည်။

ယွမ်ချီကို သတ်ဖြတ်ခဲ့သော မိစ္ဆာကို မည်သည့်နေရာတွင် ရှာရမည်ကို မသိသောကြောင့်၊ ထိုမိစ္ဆာကိုယ်တိုင် သူ့ထံသို့ လာရောက်ရှာဖွေစေရန် ဆွဲဆောင်လိုက်ခြင်းပင် ဖြစ်၏။

​ဝုန်း...

​ယွမ်လီ၏ အတွင်းပိုင်းမှ ကောင်းကင်ကို တုန်လှုပ်စေသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး တိမ်တိုက်များကိုပင် လွင့်စင်သွားစေခဲ့သည်။ ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်နေသော နှင်းပွင့်များ ဖယ်ရှားခြင်းခံလိုက်ရပြီး အံ့မခန်းဖွယ်ရာ ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

​………..

​မှောင်မိုက်နေသော ကျောင်းတော်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်ပေါ်တွင် နားနေသည့် ကင်းခြေများမိစ္ဆာ ရုတ်တရက် ခေါင်းမော့လာပြီး အမှောင်ထဲရှိ အခြားမိစ္ဆာများသည်လည်း မျက်လုံးများကို ဖွင့်လိုက်ကြကာ တံခါးအပြင်ဘက်သို့ စိုက်ကြည့်လိုက်ကြသည်။

​“ဒါက...”

​“ဒီလောက် အစွမ်းထက်တဲ့ သွေးစွမ်းအင်က...”

​“ဒီသွေးစွမ်းအင်မျိုးနဲ့ဆိုရင် ဒါဟာ ဘယ်လို ခန္ဓာကိုယ်တည်ဆောက်ပုံမျိုး ဖြစ်နိုင်မလဲ... ဒါဆိုရင် မိစ္ဆာသခင် ပြောခဲ့တာက အမှန်ပဲပေါ့... ကိုးပြည်ထောင်နယ်မြေမှာ အမြင့်မြတ်ဆုံး ခန္ဓာကိုယ်တည်ဆောက်ပုံတစ်ခု တကယ်ပဲ ပုန်းကွယ်နေတာလား...”

​“သခင်ကြီး... နောက်ဆုံးတော့ စောင့်ခဲ့ရကျိုး နပ်ပြီ... အဲဒီ ခန္ဓာကိုယ်ကို အရင် သိမ်းပိုက်ပြီးမှ ချင်းရှောင်ကို ဖျက်ဆီးပစ်မယ်!”

​အရသာရှိသော သွေးစွမ်းအင်ကြောင့် မိစ္ဆာသွေးများ ဆူပွက်နေကြောင်း စိတ်လှုပ်ရှားတက်ကြွသည့် အသံများ ထွက်ပေါ်လာလေသည်။

​ကင်းခြေများမိစ္ဆာက တံခါးအပြင်ဘက်သို့ ကြည့်ရှုရင်း အုံ့မှိုင်းစွာဖြင့် .….

“ဒီသွေးစွမ်းအင်မျိုးကြောင့် လောကမှာရှိတဲ့ မိစ္ဆာတွေအားလုံး ရူးသွပ်သွားကြလိမ့်မယ်... ငါတို့ စုစည်းထားတဲ့ မိစ္ဆာအင်အားစုရဲ့ အရှိန်အဟုန်က ငါတို့အတွက် အဟန့်အတားတစ်ခု ပြန်ဖြစ်လာနိုင်တယ်...” ဟု ဆိုလိုက်သည်။

​ထိုစကားများကြောင့် အခြားမိစ္ဆာများက စိုးရိမ်ပူပန်ခြင်းမရှိဘဲ၊ ချက်ချင်း ထွက်ခွာရန်အတွက်သာ အမိန့်ပေးရန် တိုက်တွန်းနေကြလေသည်။

​ကင်းခြေများမိစ္ဆာက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်သော အသံဖြင့် “ဒါဆိုရင် ငါတို့ ထွက်ခွာကြစို့... ပြီးတော့ ချင်းရှောင်ဂိုဏ်းကို ကိုင်တွယ်ဖို့ ပြင်ဆင်ကြစမ်း!” ဟု အမိန့်ပေးလိုက်လေတော့သည်။

​စကားသံ အဆုံးတွင် ခန်းမအတွင်းရှိ မိစ္ဆာများအားလုံး စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားကြသည်။၎င်းတို့ထဲတွင် မြွေများ၊ ကြွက်များ၊ ပင့်ကူကြီးများနှင့် အခြား ဖော်ပြ၍မရနိုင်သော ထူးဆန်းသည့် မိစ္ဆာများစွာ ပါဝင်လေသည်။

​...

​မသေမျိုးဂူအတွင်း၌….

​လီချင်းချိုး ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုံ့သွားမိသည်။

​သူသည် အစွမ်းထက်လှသော သွေးစွမ်းအင်တစ်ခုကို အာရုံခံလိုက်ရပြီး၊ ၎င်းမှာ အရှိန်အဝါပုံစံဖြင့် အထိန်းအကွပ်မဲ့စွာ ထုတ်လွှတ်နေခြင်း ဖြစ်၏။

​ဤသို့သော အရှိန်အဝါမျိုးကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်ပြီး၊ သွေးနံ့များဖြင့် ပြည့်နှက်နေလေသည်။

​အရေးအကြီးဆုံးအချက်မှာ ထိုသွေးစွန်းနေသော အရှိန်အဝါသည် အဆက်မပြတ် အားကောင်းလာနေပြီး၊ သူ့ကိုပင် စိုးရိမ်ပူပန်စေသည့် အဆင့်တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာခြင်းပင် ဖြစ်၏။

​မည်သည့်မိစ္ဆာက ဤသို့ လုပ်ဆောင်နေသနည်း။

​လီချင်းချိုးသည် ၎င်းမှာ ရန်သူ၏ လှည့်ကွက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်သဖြင့် သွားရောက်ကြည့်ရှုရန် တွန့်ဆုတ်နေမိသည်။

​သို့သော် ထိုသွေးစွန်းသော အရှိန်အဝါက ဆက်လက်အားကောင်းလာနေသောကြောင့် လီချင်းချိုးအနေဖြင့် ဆက်လက်ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။

​သူသည် မတ်တတ်ရပ်ကာ မသေမျိုးဂူ၏ ကျောက်တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

​လင်းချွမ်က လီချင်းချိုး၏ ပခုံးပေါ်သို့ ခုန်တက်ကာ “စီနီယာအစ်ကို... ငါ့ကို အရမ်း အနေရခက်စေတဲ့ အရှိန်အဝါတစ်ခုကို ငါ ခံစားရတယ်... ငါ့ရဲ့ တစ္ဆေခန္ဓာကိုယ်က တုန်ယင်နေတယ်...” ဟု ပြောလိုက်သည်။

​“မကြောက်ပါနဲ့... ငါလည်း ခံစားရပါတယ်...”

​သူတို့နှစ်ဦး မသေမျိုးဂူထဲမှ ထွက်ခွာလာပြီး ချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိလာခဲ့သည်။

​လီချင်းချိုး မော့ကြည့်လိုက်သောအခါ နှင်းများသည် ထူထပ်စွာ ကျဆင်းနေပြီး၊ ရှေ့မှ လောကကြီးမှာ ဖြူဖွေးနေလျက် ဘာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။ သို့သော် အဝေးတစ်နေရာမှ သွေးစွန်းသော အရှိန်အဝါကတော့ ရူးသွပ်စွာ မြင့်တက်နေဆဲဖြစ်ကြောင်း သူ အာရုံခံနိုင်နေသည်။

​၎င်းသည် ကောင်းကင်ယံကိုပင် ဖောက်ထွက်တော့မည့် ဟန်ပန်ရှိနေလေတော့သည်။

​“အဲဒါ ဘာကြီးလဲ...”

လီချင်းချိုးက မျက်မှောင်ကြုံ့လျက် ပဟေဠိဖြစ်နေမိလေတော့သည်။

All Chapters