← Chapters

ကျန်းယန်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်း

Vol. 13 Ch. 127

ကျန်းယန်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခြင်း

Vol. 13 Ch. 127

"ဘုရားရေ... ငါ မျက်စိများ မှားနေတာလား... ဂိုဏ်းချုပ်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား..."

"အဲဒါ ဘယ်လို ကိုယ်ဖော့ပညာမျိုးလဲ..."

"ဟို နတ်လင်းယုန်ကြီးက အစစ်ကြီးဟ... တောင်ခြေက ကျောက်ရုပ်ထက်တောင် ပိုကြီးသေးတယ်..."

"လင်းယုန်ကျောပေါ်ကနေ ခုန်ဆင်းလိုက်ရင်တောင်မှ အဲဒီလောက် အမြင့်ကြီးကနေ ကျလာတာကို ဘယ်လိုသိုင်းပညာနဲ့များ ဟန်ချက်ထိန်းလိုက်တာလဲ..."

"ဂိုဏ်းချုပ်ကတော့ ဂိုဏ်းချုပ်ပါပဲကွာ... သူ့ရဲ့ ကိုယ်ဖော့ပညာ တစ်ခုတည်းနဲ့တင် အနိုင်ယူဖို့ လုံလောက်နေပြီ..."

စင်မြင့်အောက်မှ အာမေဋိတ်သံများကို ကြားလိုက်ရပြီး ဓားရိုးပေါ်တွင် မတ်မတ်ရပ်နေသော လီချင်းချိုးကို ကြည့်ရင်း ရှန်ယွဲ့၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထန်နေချေပြီ။

လီချင်းချိုး ဘယ်လို လုပ်လိုက်သလဲ ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေပြီး အံ့သြတုန်လှုပ်နေမိသည်။

ဒါက ဟွမ်ယွမ်ကျမ်းစာရဲ့ ပိုမြင့်မားတဲ့ နယ်ပယ်တစ်ခုရဲ့ စွမ်းအားလား…

ရှန်ယွဲ့ ဘာကိုမှ နားမလည်နိုင်သော်လည်း ထိုမြင်ကွင်းက သူ့ကို ဖမ်းစားထားလေသည်။

သူက ညာလက်ကို မြှောက်၍ လက်ချောင်းနှစ်ချောင်းကို ဆန့်တန်းလိုက်ရာ ဓားချီစွမ်းအင်တစ်ခု လက်ချောင်းထိပ်တွင် စုစည်းလာသည်။ သူ့ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့်ဘေးပတ်လည်ရှိ လူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အသက်ရှူပင် ရပ်တန့်မတတ် စောင့်ကြည့်နေကြသည်။

ကျန်းယွီချွန်းနှင့် စကားပြောနေကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများပင် စကားသံ တိတ်သွားပြီး ဤရာဇဝင်တွင်မည့် တိုက်ပွဲကို စောင့်မျှော်နေကြ၏။

ရှန်ယွဲ့နှင့် လီချင်းချိုးတို့၏ ဂုဏ်သတင်းအရ သူတို့နှစ်ယောက်၏ တိုက်ပွဲကိုသာ သိုင်းလောကထဲတွင် ကျင်းပမည်ဆိုပါက ကမ္ဘာအနှံ့မှ သိုင်းပညာရှင်များ လာရောက် ကြည့်ရှုကြပေလိမ့်မည်။

ရှန်ယွဲ့ သတိထားမိလိုက်သည်မှာ လီချင်းချိုး၏ ခြေထောက်အောက်ရှိ ကောင်းကင်သက်တံဓားက ကြမ်းပြင်နှင့် ထိတွေ့နေခြင်း မရှိဘဲ လေပေါ်တွင် ရပ်တန့်နေခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဓားနှင့် ကြမ်းပြင်ကြားတွင် လက်တစ်လုံးခန့် ကွာဟနေသည်။ ဤအချက်က လီချင်းချိုး၏ စွမ်းအားကို ပို၍ အံ့သြသွားစေသည်။

တိုက်ပွဲပင် မစရသေးမီ သူ ရှုံးနိမ့်နေပြီဟု ခံစားလိုက်ရသည်။

လီချင်းချိုးက ခြေတစ်လှမ်းလှမ်း၍ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ ကောင်းကင်သက်တံဓား၏ ဓားရိုးကို ပြောင်းပြန်အနေအထားဖြင့် ဖမ်းဆုပ်၍ ဓားကို မြှောက်ပြီး ရှန်ယွဲ့ကို ချိန်ရွယ်လိုက်သည်။

"သိုင်းကွက် တစ်ကွက်တည်းနဲ့ ဆုံးဖြတ်ကြမလား..."

ရှန်ယွဲ့က ထက်မြက်သော ဓားတစ်လက်ကို ကိုင်စွဲထားသကဲ့သို့ ဓားချီပုံစံကို မြှင့်တင်လိုက်ပြီး….

"ကျုပ် လိုချင်တာလည်း အဲ့ဒါပဲ..."

စကားဆုံးသည်နှင့် ဓားချီများ သူ့ပတ်လည်တွင် စုစည်းလာပြီး လျင်မြန်စွာ ပြန့်ကားသွားကာ အသက်သုံးရှူစာ အချိန်အတွင်း၌ ရာပေါင်းများစွာသော ဓားရိပ်များ သူ့ပတ်လည်တွင် ပေါ်လာပြီး အားလုံးက လီချင်းချိုးထံသို့ ဦးတည်နေကြသည်။

ဤမြင်ကွင်းကြောင့် သိုင်းကွင်းဘေးပတ်လည်ရှိ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အချို့မှာ မျက်စိမှားနေသလားဟု တွေးကာ မျက်လုံးများကို ပွတ်သပ်ကြည့်နေကြသည်။

ဓားဂိုဏ်းမှ တပည့် ၅၀ စလုံးလည်း မျက်လုံးများ အရောင်တောက်လာကြပြီး စိတ်လှုပ်ရှားနေကြ၏။

ရွှီနင်းလည်း ရှန်ယွဲ့၏ "ဓားတစ်သောင်းနေရပ်

သို့ပြန်ခြင်း" သိုင်းကွက်ကို ကြည့်ရင်း အံ့သြနေမိသည်။ ထိုဓားရိပ်များက မြင်တွေ့ရုံသာမက ထူးခြားသော ဓားဆန္ဒများ ပါဝင်နေသဖြင့် လေထဲတွင် ဓားအစစ်များ ဝဲပျံနေသလို ခံစားရကြောင်း သူမ သိလိုက်ရသည်။

သူမ ထိုအဆင့်ကို မရောက်နိုင်သေးကြောင်း ဝန်ခံရပေမည်။

ရွှယ်ကျင်းမှာလည်း မိမိကိုယ်ကို နှိမ့်ချမိသွားပြီး ဓားသိုင်းပညာအပေါ် လိုလားတောင့်တစိတ်များ ပြန်လည် နိုးကြားလာသည်။

ကျောက်ကျိန်းကတော့ အတွေးနက်နေပုံရပြီး ညာလက်ကို မြှောက်ကာ ဓားသိုင်းကွက် တစ်ခုကို လေ့ကျင့်နေသကဲ့သို့ ဖြည်းညှင်းစွာ ဝှေ့ယမ်းနေသည်။

လီစစ်ဖုန်းက ခါးတွင် ချိတ်ထားသော တီရွှမ်းဓားကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။ ဓားဝိညာဉ်၏ စိတ်လှုပ်ရှားမှုကို ခံစားနေရသဖြင့် သူ နေရခက်နေ၏။ အကယ်၍ သူသာ တီရွှမ်းဓားကို ဦးစွာ မရယူခဲ့ပါက ဤဓားအတွက် အသင့်တော်ဆုံး ပိုင်ရှင်မှာ ရှန်ယွဲ့ ဖြစ်ကြောင်း သူ ကောင်းစွာ သိနေသောကြောင့် ဖြစ်သည်။

လီချင်းချိုးလည်း အများနည်းတူ ရှန်ယွဲ့၏ "ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်း" ကို ကြည့်ပြီး အံ့သြခဲ့ရသည်။

"ဓားနတ်ဘုရားလို့ ခေါ်ထိုက်ပါပေတယ်... ခင်ဗျားရဲ့ ဓားသိုင်းပညာက တကယ် အံ့မခန်းပါပဲ... နားလည်သဘောပေါက်နိုင်စွမ်းမှာတော့ တမိုးအောက် အနှိုင်းမဲ့ပါပဲ..."

"မင်းကို နိုင်မှ တမိုးအောက် အနှိုင်းမဲ့ ဖြစ်မှာပါ..."

ရှန်ယွဲ့က လေးနက်သော မျက်နှာထားဖြင့် တုံ့ပြန်စကားဆိုပြီးသာ်နှင့် ဓားဆန္ဒများ အပြည့်အဝ ပေါက်ကွဲထွက်လာရာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားပြီး ရှေ့တန်းမှ တပည့်များ အနောက်သို့ မသိမသာ ဆုတ်ခွာသွားကြရသည်။

"လာလေ..."

လီချင်းချိုး ထိုသို့ ပြောလိုက်ရင်း မျက်နှာထား အေးစက်တည်ကြည်သွားသည်။ သူ့ အကြည့်ကြောင့် ရှန်ယွဲ့၏ ဓားသိုင်းပညာကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ခံစားလိုက်ရပြီး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

ရှန်ယွဲ့က အချိန်ဆွဲမနေတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ရာပေါင်းများစွာသော ဓားရိပ်များက လေတိုးသံ၊ မိုးခြိမ်းသံများနှင့်အတူ လီချင်းချိုးထံသို့ ပြေးဝင်သွားကြသည်။ ထိုအရှိန်အဝါ၏ စုစည်းမှုမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ရှေ့ဆုံးမှ တပည့်များမှာ အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။

လီချင်းချိုးလည်း လှုပ်ရှားလိုက်ပြီ…

လူတိုင်း မြင်လိုက်ရသည်မှာ သူ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဓားအလင်းတန်း တစ်ခုက ရှန်ယွဲ့၏ ကြီးမားလှသော ဓားရိပ်များကို ထိုးခွဲလိုက်ခြင်း ဖြစ်သည်။

ထိုအခါ ရှန်ယွဲ့၏ ဆံပင်ဖြူများ လွင့်ပျံသွားပြီး သူ မသိလိုက်ဘာသာ မျက်တောင်ခတ်မိလိုက်သည်။

မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ပေါ်လာကာ ကောင်းကင်သက်တံဓား၏ ထိပ်ဖျားက သူ့​နှာခေါင်းနှင့် လက်နှစ်သစ်ခန့်အကွာတွင် ရောက်ရှိနေပြီး မျက်နှာကို ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးနေပြီး လူတိုင်း မျက်လုံးပြူးကာ သူတို့နှစ်ယောက်ကို ငေးကြည့်နေကြ၏။

ရှန်ယွဲ့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော တပည့်များနှင့် ဘုရားဖူးများကတော့ သူ့အနောက်ဘက် ကိုက်နှစ်ရာခန့်အကွာရှိ တောအုပ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်ကို မြင်လိုက်ကြရသည်။ ၎င်းမှာ လီချင်းချိုး ဓားဖြင့် ချိန်ရွယ်လိုက်သော လမ်းကြောင်းအတိုင်း ဖြစ်သည်။

ရွှီနင်း သေချာ ကြည့်လိုက်သောအခါ လီချင်းချိုး၏ နောက်ကျောဘက်ရှိ ကြမ်းပြင်ပေါ်တွင် လျှပ်စီးအကြွင်းအကျန်များနှင့် ခြေရာများကို တွေ့လိုက်ရသည်။

ကောင်းကင်လျှပ်စီး ခြေလှမ်း…

သူမ စိတ်ထဲတွင် တုန်လှုပ်မိနေသည်။ ကောင်းကင်လျှပ်စီး ခြေလှမ်းမှာ ဤမျှ

အံ့သြဖွယ် အာနိသင် ရှိသည်လား။ သူမလည်း ကောင်းကင်လျှပ်စီး ခြေလှမ်းကို တတ်မြောက်ထားသော်လည်း အခြေခံရပြီးကတည်းက ဆက်လက် မလေ့လာခဲ့ပေ။ ဆရာ၏ ခြေလှမ်းများနှင့် ယှဉ်လျှင် သူမ များစွာ နိမ့်ကျနေသေးသည်။

လီချင်းချိုးက ရှန်ယွဲ့ကို စိုက်ကြည့်ပြီး…..

"သိုင်းလောကမှာ အမြန်နှုန်း ဆိုတာ တစ်ခုတည်းသော ဖြိုခွင်းလို့ မရနိုင်တဲ့ အရာပဲ..."

ထိုစကားကြောင့် ရှန်ယွဲ့၏ မျက်လုံးအိမ်များ ကျယ်သွားပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လီချင်းချိုး၏ စကားကို ကြည့်ရှုသူအားလုံး ရှင်းလင်းစွာ ကြားလိုက်ရသည်။ အဝေးမှ တောအုပ်ထဲတွင် ရှိနေသော တပည့်များပင် ကြားနေရသည်။

မည်သူမျှ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မတွေးမိကြဘဲ လီချင်းချိုး၏ စွမ်းအားကြောင့် တုန်လှုပ်နေကြသည်။

ဓားတစ်ချက်တည်းနှင့် ဓားနတ်ဘုရား၏ သိုင်းကွက်ကို ဖြိုခွင်းလိုက်ခြင်း.....

သူတို့၏ အကွာအဝေးကို ကြည့်ခြင်းအားဖြင့် တကယ့်တိုက်ပွဲသာ ဆိုပါက ဓားနတ်ဘုရား သေဆုံးသွားလောက်ပြီ ဖြစ်သည်။

"အမြန်နှုန်းကသာ အနိုင်ယူနိုင်တဲ့ နည်းလမ်းပဲ..."

ရှန်ယွဲ့ တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရသည်။

သူ့ရဲ့ ဓားက တစ်ချိန်က အလွန်မြန်ဆန်ခဲ့ဖူးသည်။ သို့သော် သူ့ထက်မြန်သောသူ မရှိတော့သည့်အခါ အမြန်နှုန်းကို ဂရုမစိုက်တော့ဘဲ ပိုမိုနက်ရှိုင်းသော ဓားသိုင်းပညာကိုသာ လိုက်စားခဲ့မိသည်။

ယခုအခါ သူသည် ဓားကို လစ်လျူရှုပြီး ချီစွမ်းအင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်မိနေပြန်သည်။

သူ့လိုလူကို ဓားနတ်ဘုရားလို့ ခေါ်ဖို့ ထိုက်တန်သေးရဲ့လား…

လီချင်းချိုးက ကောင်းကင်သက်တံဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး စင်အောက်ရှိ တပည့်များစွာကို လှည့်ကြည့်လိုက်ရာ သူနှင့်အကြည့်ချင်း ဆုံမိသူတိုင်း ရင်ခုန်မြန်သွားကြသည်။

"ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာက တခြားဂိုဏ်းတွေနဲ့ ဘာကွာခြားလဲ ဆိုတာ ငါမကြာခဏ စဉ်းစားမိတယ်... ငါ့မှာ အဖြေရှိပြီးသားပါ... မင်းတို့လည်း ကိုယ်ပိုင်အဖြေကို ရှာတွေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

လီချင်းချိုးက ဖြည်းညှင်းစွာ ပြောလိုက်ပြီး အသံကမကျယ်သော်လည်း စကားလုံးတိုင်းက တပည့်များ၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

"အခု လောကကြီးက ပရမ်းပတာ ဖြစ်နေပြီး မကောင်းမှုတွေ ကြီးစိုးနေတယ်... တပည့်တော်တော်များများက မေးနေကြတယ်... မကောင်းမှုက ကောင်းမှုကို မအောင်နိုင်ဘူးဆိုရင် ဘယ်တော့များမှ ကောင်းမှုက မကောင်းမှုကို အောင်နိုင်မှာလဲတဲ့..."

လီချင်းချိုးက ဤစကားကို ပြောလိုက်သောအခါ တပည့်များ အားလုံး အသက်ရှူ မြန်လာကြပြီး ဘုရားဖူးများပင် လီချင်းချိုး ဘာပြောတော့မည်ကို ရိပ်မိလိုက်ကြသည်။

ချင်းရှောင်ဂိုဏ်းသားတွေ တောင်အောက်ဆင်းကြတော့မှာလား...

ကျန်းယွီချွန်း၊ ကျူးယန်၊ ကျန်းယွီနှင့် အခြားသူများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။

သို့သော် ဤသို့အရေးကြီးသော အချိန်တွင် လီချင်းချိုးကို မည်သူမျှ ဝင်ရောက် တားဆီးရန် မဝံံ့ရဲကြသလို တားဆီး၍လည်း မရနိုင်မှန်း သိကြသည်။

"ကပ်ဘေးကြီး ရောက်လာပြီ... လူတိုင်းမှာ ဒါကို တိုက်ခိုက်ဖို့ တာဝန်ရှိတယ်... ချင်းရှောင်ဂိုဏ်းလည်း မပါဝင်ဘဲ မနေနိုင်ဘူး... ဧကရာဇ်ရဲ့ မကောင်းမှုတွေ အထွတ်အထိပ် ရောက်နေပြီး နတ်ဆိုးစစ်သည်တွေ မရေမတွက်နိုင်အောင် ရှိနေရင်တောင် ငါတို့ မကြောက်ရွံ့သင့်ဘူး... ဒါပေမဲ့ မင်းတို့က အရမ်း ငယ်သေးတယ်... မင်းတို့ကို အန္တရာယ်ထဲ ပို့လိုက်ဖို့အထိ ငါ မရက်စက်နိုင်ဘူး...အနာဂတ်က မင်းတို့ လက်ထဲမှာပါ... မကြာခင်မှာ ဒီတာဝန်ကို မင်းတို့ ထမ်းဆောင်ကြရလိမ့်မယ်... လောလောဆယ်တော့ ဒီတာဝန်ကို ငါ တစ်ယောက်တည်း ယူပါ့မယ်... ကျန်းယန်မြို့တော်ကို ကိုယ်တိုင် သွားပြီး နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီး နတ်ဆိုးတပ်တွေကို ရှင်းလင်းပစ်မယ်... မင်းတို့ကတော့ သိုင်းပညာကို ဆက်လက် လေ့ကျင့်ပြီး ဂိုဏ်းကို တည်ဆောက်ကြပါ... အနာဂတ် ကပ်ဘေးတွေအတွက် ပြင်ဆင်ထားကြပါ..."

စကားဆုံးသည်နှင့် ကောင်းကင်သက်တံဓား ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာပေါ်သို့ အလင်းရောင် ဖြတ်သန်းသွားပြီးနောက် လူတိုင်း၏ အကြည့်အောက်တွင်ပင် ကောင်းကင်သက်တံဓားက လီချင်းချိုး၏ ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေပြီး ဓားချီများက သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာကာ သူ့ကို မြေပြင်မှ ကြွတက်လာစေသည်။

လီချင်းချိုး လေပေါ်သို့ မြောက်တက်သွားသည်ကို မြင်မှ ချင်းရှောင်ဂိုဏ်း ခေါင်းဆောင်များ အသိပြန်ဝင်လာကြသည်။

"ဂိုဏ်းချုပ်... မသွားပါနဲ့..."

"ဆရာ..."

"ဂိုဏ်းချုပ်... ဘာလုပ်မလို့လဲ..."

"ချင်းရှောင်ဂိုဏ်း တစ်ခုလုံး အေးအတူပူအမျှ ရှိသင့်ပါတယ်... ဂိုဏ်းချုပ် ပြန်စဉ်းစားပေးပါ..."

ချင်းရှောင်ဂိုဏ်း ခေါင်းဆောင်များ တစ်ယောက်ပြီး တစ်ယောက် သိုင်းစင်မြင့်ပေါ်သို့ ခုန်တက်လာပြီး စိုးရိမ်တကြီး တားဆီးကြလေသည်။

လီချင်းချိုး၏ စကားကို ကြားပြီးနောက် ရှန်ယွဲ့၏ မျက်နှာထား ရှုပ်ထွေးနေသည်။

လီချင်းချိုး၏ စစ်မှန်သော အင်အားမှာ သိုင်းပညာတွင် မဟုတ်ဘဲ သူ့ရဲ့ ကြီးမြတ်သော စိတ်နှလုံးသားတွင် ရှိကြောင်း သူ သဘောပေါက်လိုက်ချေပြီ….

ဆယ်ပေခန့် အမြင့်သို့ ရောက်နေပြီ ဖြစ်သော လီချင်းချိုးက ခံစားချက်မပါသော မျက်နှာထားဖြင့်….

"ငါ ထွက်သွားတာက လောကကြီးကို ငြိမ်းချမ်းမှု မပေးနိုင်ရင်တောင် ဧကရာဇ်ကတော့ သေချာပေါက် သေရမယ်..."

"နောက်အကျဆုံး သုံးရက်အတွင်း ငါ ပြန်လာခဲ့မယ်..."

ထိုသို့ ပြောပြီးနောက် လီချင်းချိုး ရုတ်တရက် မော့ကြည့်လိုက်ရာ သူ့ဘေးနားရှိ ကောင်းကင်သက်တံဓားသည်လည်း အပေါ်သို့ ထိုးတက်သွားသည်။

ဓားချီများက သူ့ကို သယ်ဆောင်လျက် ကောင်းကင်ယံသို့ ပျံသန်းသွားရာ မျက်စိတစ်မှိတ်အတွင်း လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ထို့နောက်တွင် ကြီးမားသော လင်းယုန်နက်ကြီး တစ်ကောင် ကောင်းကင်တွင် ဝဲပျံနေသည်ကို ချင်းရှောင်ဂိုဏ်းသားများနှင့် ဘုရားဖူးများ တွေ့လိုက်ရပြီး ထိုလင်းယုန်ကြီးသည်လည်း အတောင်ပံခတ်ကာ အဝေးသို့ ပျံသန်းသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားလေသည်။

ဝုန်း…….

ထိုစဉ် သိုင်းစင်မြင့် ဘေးပတ်လည်တွင် နားကွဲမတတ် အော်ဟစ် အားပေးသံများ ပေါက်ကွဲထွက်လာလေသည်။ အချို့က စိတ်လှုပ်ရှားနေကြပြီး အချို့က စိုးရိမ်ပူပန်နေကြသည်။

"ဧကရာဇ်ကတော့ သေချာပေါက် သေရမယ်" ဟူသော လီချင်းချိုး၏ စကားကသာ လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်နေသည်။

ဒါ ဘယ်လို ယုံကြည်မှုမျိုးလဲ…

မိုးကုတ်စက်ဝိုင်းကို ငေးကြည့်ရင်း ကျန်းယွီ ရင်ထဲမှ လှိုက်လှဲစွာ ရေရွတ်လိုက်မိသည်။

"တကယ့် ဓားဝိညာဉ်ရှင်ပါပဲလား..."

လီချင်းချိုး၏ သူရဲကောင်းဆန်သော စိတ်ဓာတ်က လေးစားဖွယ် ကောင်းရုံသာမက သူ့ရဲ့ သိုင်းပညာသည်လည်း မယုံကြည်နိုင်လောက်အောင်ပင်။

တပည့်ရင်းများပင် သူ ဘယ်လို သိုင်းပညာကို သုံးလိုက်မှန်း နားမလည်နိုင်ကြပေ။

သုံးရက်အတွင်း ကျန်းယန်မြို့တော်သို့ သွားရောက်ပြီး ဧကရာဇ်ကို လုပ်ကြံကာ ပြန်လာမည်တဲ့လား…

မျိုးကြီးဆွေကြီး မိသားစုဝင်များလည်း ကြောင်အသွားကြကာ သူ့ကို မေးခွန်းထုတ်မည့်အစား မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။

လီချင်းချိုး၏ ကျက်သရေရှိပြီး ထူးခြားဆန်းကြယ်သော ထွက်ခွာမှုက သူတို့အား ယုံကြည်မှု အပြည့်အဝ ပေးစွမ်းလိုက်သည့်နှယ်….

"အစ်မ... ကျွန်တော် အိမ်မက် မက်နေတာလား... တွေ့လိုက်လား... ဂိုဏ်းချုပ်က တကယ်ကြီး ပျံသွားတာနော်... ပျံသွားတာ... ကျွန်တော့်ကို စမ်းရိုက်ကြည့်ပါဦး..."

ချန်စန်းက ချန်ရှို့ဘေးတွင် ရပ်လျက် အလွန် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသော်လည်း

ချန်ရှို့မှာ ငေးငိုင်နေပြီး ပြန်မပြောနိုင်ပေ။ သူမက မိုးကုတ်စက်ဝိုင်းကိုသာ စိုက်ကြည့်နေမိသည်။

တပည့်တော်တော်များများလည်း သူမကဲ့သို့ ဖြစ်နေကြ၏။

ထိုအချိန်တွင် ဂိုဏ်းအတွင်း ပျံ့နှံ့နေသော ကောလာဟလ တစ်ခုကို တပည့်များ ပိုမို ယုံကြည်လာကြသည်။

ချင်းရှောင်ဂိုဏ်းရဲ့ အမွေအနှစ်က သိုင်းပညာ မဟုတ်ဘဲ မသေမျိုး ကျင့်စဉ်တွေ ဖြစ်တယ် ဆိုတာပါပဲ...

…………

ညနေဆည်းဆာ အလင်းရောင် ကျရောက်နေသော ကန်ဝူနန်းဆောင် အတွင်း၌ ကြီးမားသော ဒယ်အိုးကြီး တစ်လုံး ရှိနေပြီး ထိုဒယ်အိုးထဲတွင် လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုသူမှာ ကျောက်ကျိ ဖြစ်သည်။

ဒယ်အိုးထဲမှ ပေါက်ကွဲထွက်လာသော အပူရှိန်ကြောင့် ကျောက်ကျိ၏ အပေါ်ပိုင်း ဗလာကျင်းနေသော ခန္ဓာကိုယ်မှာ ရဲရဲတောက်နေပြီး မျက်ခုံးများ ကြုတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် နာကျင်မှုကို ခံစားနေရကြောင်း သိသာကာ သူ့ ဦးခေါင်းအထက်တွင် တစ္ဆေပုံရိပ်တစ်ခု ဝေဝါးစွာ ပေါ်နေသည်။

လျှို့ဝှက်မြို့စားမင်းက ဒယ်အိုးရှေ့တွင် ဝတ်ရုံဖြူ၊ အင်္ကျီနက် ဝတ်ဆင်ထားသော တာအိုဆရာ တစ်ဦးနှင့်အတူ ရပ်နေသည်။ ထို တာအိုဆရာမှာ နတ်ဆရာကျန်း ဖြစ်ပြီး ဆံပင်ဖြူများနှင့် အသက် ၅၀၊ ၆၀ ခန့် ရှိပုံရသည်။ နတ်ဆရာကျန်းက လက်ထဲတွင် သားမြီးယပ် ကိုင်ထားပြီး ခါးတွင် ဘူးသီးခြောက် တစ်လုံး ချိတ်ဆွဲထားသည်။

"ဘယ်လောက်ကြာကြာ ထပ်ပြီး သန့်စင်ရဦးမှာလဲ..."

လျှို့ဝှက်မြို့စားမင်းက မှုန်ကုပ်ကုပ် အသံဖြင့် မေးလိုက်တော့ နတ်ဆရာကျန်းက ဂရုမစိုက်သော ပုံစံဖြင့် ဒယ်အိုးထဲမှ ကျောက်ကျိကို ကြည့်ပြီး….

"အခုအချိန် ထွက်ချင်ရင် ထွက်လို့ ရပါတယ်... ဒါပေမဲ့ သူ့ရဲ့ မူလဝိညာဉ်က ထိခိုက်ထားတော့ ပြန်လည် ကုစားတာက အကောင်းဆုံးပဲ... မဟုတ်ရင် နောက်ပိုင်းကျရင် လမ်းမှားရောက်ပြီး အန္တရာယ်ဖြစ်သွားနိုင်တယ်..."

"မူလဝိညာဉ် ဟုတ်လား..."

လျှို့ဝှက်မြို့စားမင်း အံ့သြစွာ မေးလိုက်ပြန်တော့ နတ်ဆရာကျန်း သက်ပြင်းချလိုက်မိသည်။

"ဖုန်းရှားတောင်က ရှေးဟောင်း လျှို့ဝှက်ပညာရပ်တွေကို တတ်ကျွမ်းတယ်လို့ ကြားဖူးပေမဲ့ တကယ် မှန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... မြို့စားမင်းသာ အချိန်မီ ဝင်မတားရင် အရှင်မင်းကြီး အဲဒီလူလက်ချက်နဲ့ တကယ် သေသွားလောက်တယ်..."

လျှို့ဝှက်မြို့စားမင်းက ပြီးခဲ့သော ဖြစ်ရပ်ကို ပြန်တွေးမိပြီး ကျောချမ်းသွားသည်။ ပိုင်ရှု အသုံးပြုခဲ့သော နည်းလမ်းများကို သူ တစ်ခါမှ မကြားဖူးသဖြင့် လောကကြီးက သူထင်သလောက် မရိုးရှင်းကြောင်း ရုတ်တရက် သဘောပေါက်လိုက်မိသည်။

ချင်းရှောင်ဂိုဏ်း တစ်ခုတည်းကပင် သူ့ကို ဇဝေဇဝါ ဖြစ်စေခဲ့ပြီး ယခု ဖုန်းရှားတောင်ပါ ထပ်တိုးလာခဲ့ပြီ။

သူ တကယ်ပဲ တာ့ဝေမင်းဆက်ကို ပြန်လည် တည်ထောင်နိုင်ပါ့မလား…

လျှို့ဝှက်မြို့စားမင်း ဇဝေဇဝါ ဖြစ်နေစဉ် ကျင်းဝူအစောင့်တပ်သား တစ်ယောက် ခန်းမထဲသို့ ပြေးဝင်လာပြီး သူ့ဘေးတွင် ဒူးထောက်ကာ သစ်ကိုင်းစူးထားသော စာတစ်စောင်ကို ပေးအပ်လိုက်သည်။

လျှို့ဝှက်မြို့စားမင်းက စာကို ယူလိုက်ပြီး ….

"ဘယ်က လာတာလဲ..."

"မြို့ပြင်ကနေ ပစ်ထည့်လိုက်တာပါ..."

"မြို့ပြင်က..."

လျှို့ဝှက်မြို့စားမင်း နားမလည်နိုင် ဖြစ်သွားသော်လည်း စာကို ချက်ချင်း ဖွင့်ဖတ်လိုက်ရာ မျက်လုံးအိမ်များ တုန်ခါသွားပြီး စာကိုင်ထားသော လက်များ တုန်ယင်လာသည်။

ဒေါသကြောင့်လား၊ တခြားအရာကြောင့်လား ဆိုသည်ကို ခွဲခြားရ ခက်နေပေမည်….

နတ်ဆရာကျန်းက သူ့ရဲ့ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိပြီး ….

"ဘာဖြစ်လို့လဲ..."

"ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုး ရောက်နေပြီ... မနက်ဖြန် မိုးသောက်ယံမှာ ကျန်းယန်မြို့တော်ကို တစ်ယောက်တည်း ဝင်တိုက်ပြီး... အရှင်မင်းကြီးကို သတ်မယ်တဲ့... တားဆီးရဲတဲ့သူ မှန်သမျှ သေရမယ်တဲ့..."

ထိုစကားကို ကြားသောအခါ နတ်ဆရာကျန်း ခေတ္တမျှ ကြောင်သွားပြီးနောက် ကမ္ဘာ့အကြီးမားဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ အားရပါးရ ရယ်မောလိုက်သည်။

"ဒီလူက တကယ် မာန်တက်လွန်းတာပဲ... ကျန်းယန်ကို တစ်ယောက်တည်း လာရဲရုံတင်မကဘူး... အရှင်မင်းကြီးကိုပါ သတ်ချင်သေးတယ် ဟုတ်လား... သူ လာရဲရင် လာကြည့်စမ်းပါစေ..."

လျှို့ဝှက်မြို့စားမင်းကမူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး …..

"နတ်ဆရာ... ဒီမှာပဲ စောင့်နေပါ... ကျွန်တော် သွားပြီး စီစဉ်လိုက်ဦးမယ်..."

ပြောပြီးသည်နှင့် သူက လက်ထဲမှ စာကို မီးရှို့လိုက်ပြီး ပြာဖြစ်သွားစေကာ လှည့်ထွက်သွားသည်။ စာလာပို့သော ကျင်းဝူအစောင့်တပ်သားလည်း သူ့​နောက်မှ လိုက်ပါသွားခဲ့သည်။

နတ်ဆရာကျန်းက ဒယ်အိုးထဲမှ ကျောက်ကျိကို ကြည့်ပြီး ရယ်မောလိုက်ကာ…..

"အရှင်မင်းကြီး... ကြားလိုက်လား... တစ်ယောက်ယောက်က အရှင်မင်းကြီးကို သတ်ချင်နေတယ်တဲ့... အရှင်မင်းကြီး အရင်က ရှင်းပစ်ချင်ခဲ့တဲ့ ချင်းရှောင်ဂိုဏ်းချုပ်လေ..."

သူ သတိမထားမိလိုက်သည့် အရာမှာ ခန်းမထောင့်ရှိ တိုင်လုံးကြီး တစ်ခု၏ ထိပ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ၎င်းမှာ ကလေးငယ် တစ်ဦး ဖြစ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ မြင်ရကာ ထိုကလေးငယ်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

All Chapters