အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း( ၃၈၀ ) လင်းရွှင်းဖုန်း၏ ဘဝအချိုးအကွေ့
ကျိုးလင်ဟွမ်းက လင်းရွှင်းဖုန်း သူမရှေ့တွင် ဒူးထောက်နေသည်ကို မြင်သောအခါ သိပ်ပြီး အံ့အားသင့်သွားခြင်း မရှိသလို မျက်မှောင်ကြုတ်ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာပင် နေခဲ့သည်။
” ဘာနစ်နာမှုတွေ ရှိနေလို့လဲ..."
သူမသည် အသက် ငါးဆယ့်ငါးနှစ်တိုင် နေထိုင်ခဲ့ပြီး အရာအားလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ လင်းရွှင်းဖုန်း တစ်ယောက်တည်းသာ သူမထံတွင် ကရုဏာသက်ရန် တောင်းပန်ခဲ့ဖူးသည် မဟုတ်ချေ။
လင်းရွှင်းဖုန်းက ဖန်းရွှမ်၏ အကြည့်ကို မမြင်ယောင်ဆောင်၍ ယွမ်မိသားစုနှင့် ဖြစ်ပွားခဲ့သော နစ်နာမှုများကို အလျင်အမြန် ပြန်လည် ပြောပြလိုက်ပြီး ဝေ့ရုံ အမည်ရှိသော ကောင်မလေးနှင့် သူမ၏ လက်ရှိ အခြေအနေ မည်မျှ ခက်ခဲကြမ်းတမ်းကြောင်းကို အလေးပေး ပြောဆိုလိုက်သည်။
ဝေ့ရုံဆိုသူက ထျန်းချင်းမသေမျိုးဂိုဏ်း၏ အစေခံ တပည့်တစ်ဦး ဖြစ်သော်လည်း သူမသည် မကြာခဏဆိုသလို ဆာလောင်မွတ်သိပ်ခြင်း၊ ချမ်းအေးခြင်းတို့ကို ခံစားရပြီး ယွမ် မိသားစုဝင်များ၏ ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းများကိုလည်း မကြာခဏ ခံရလေ့ ရှိသည်။ သူမကို ကူညီသော မည်သည့် ဂိုဏ်းသားကိုမဆို ယွမ် မိသားစုက အပြစ်ပေးလေ့ ရှိသဖြင့် အချိန်ကြာလာသည်နှင့်အမျှ မည်သူကမျှ သူမကို မကူညီရဲကြတော့ချေ။
လွန်ခဲ့သော နှစ်ရက်က လင်းရွှင်းဖုန်း ဝေ့ရုံ၏ နေရာသို့ တိုက်ဆိုင်စွာ ဖြတ်သန်းသွားစဉ် သူမ မြေပြင်ပေါ်တွင် ကန်ကျောက်ခံနေရသည်ကို မြင်တွေ့ခဲ့ရသည်။ သူ သွားရောက် တားဆီးခဲ့သော်လည်း တစ်ဖက်လူက သူ့ကို တိုက်ရိုက် တိုက်ခိုက်လာခဲ့သဖြင်ြ လင်းရွှင်းဖုန်းက တစ်ဖက်လူကို ပညာပေးလိုက်ပြီးနောက် ပြဿနာများ ဖြစ်လာခဲ့တော့သည်။
ထိုလူမှာ ယွမ် မိသားစုဝင် တစ်ဦး ဖြစ်ပြီး သူက လင်းရွှင်းဖုန်းကို ပြဿနာရှာရန် လူတစ်စုကို ခေါ်ဆောင်လာခဲ့သည်။
သူတို့က လင်းရွှင်းဖုန်း၏ ရှင်းပြချက်ကို လျစ်လျူရှု၍ တိုက်ရိုက် တိုက်ခိုက်ခဲ့ကြသည်။ မူလအားဖြည့်နယ်ပယ် နဝမအဆင့်တွင် ရှိသော လင်းရွှင်းဖုန်းလင်မျာ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသဖြင့် ခုခံနိုင်စွမ်း မရှိတော့ဘဲ နောက်ဆုံးတွင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရကာ ဖြတ်သန်းသွားသော ဂိုဏ်းသားများကြားတွင် လှောင်ပြောင်စရာ တစ်ခု ဖြစ်လာခဲ့သည်။
လင်းရွှင်းဖုန်းက ဖန်းရွှမ်ကို ဒုက္ခမပေးချင်ခဲ့ပေ။ သူ ခွန်အားအချို့ ပြန်လည် ရရှိလာချိန်တွင် ယွမ် မိသားစုဝင်များက ဝေ့ရုံကို ခေါ်ဆောင်သွားပြီး တစ်ခါတစ်ရံ ကန်ကျောက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။ သူမအတွက် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဖန်းရွှမ်ကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
လင်းရွှင်းဖုန်း၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျိုးလင်ဟွမ်းက သူ့ကို ကြည့်ကာ …
"ဒါဆိုရင် မင်း ယွမ် မိသားစုကို သွားရှာဖို့ မလိုတော့ဘူး... ပြန်ပြီးတော့ ကျင့်ကြံလိုက်တော့..." ဟု ဆိုလိုက်သည်။
လင်းရွှင်းဖုန်းမှာ အံ့အားသင့်သွားခြင်း မရှိသော်လည်း "ဝေ့ရုံအတွက်ကကော..." ဟု သတိကြီးစွာဖြင့် မေးလိုက်သည်။
"ငါ စုံစမ်းလိုက်မယ်..."
ကျိုးလင်ဟွမ်းက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်ရာ လင်းရွှင်းဖုန်းက သူမကို အလျင်အမြန် ကျေးဇူးတင်လိုက်ပြီးနောက် ဖန်းရွှမ်ကို အရိုအသေပေး၍ ထွက်ခွာသွားတော့သည်။
သူ တောင်ပေါ်မှ ဆင်းသွားပြီးနောက် ဖန်းရွှမ်က ကျိုးလင်ဟွမ်းကို ကြည့်ကာ " တောင်းပန်ပါတယ်..." ဟု မတတ်သာသည့် လေသံဖြင့် ဆိုလိုက်သည်။
ကျိုးလင်ဟွမ်းက ပြုံး၍…
"ဒီကိစ္စက သူ့အတွက် ဘာအကျိုးမှ မရှိပါဘူး... ဖြေရှင်းလို့ ရနိုင်ပေမဲ့ သူက ဒါကို လုပ်ချင်နေတုန်းပဲ ဆိုတော့ ဒီလိုစိတ်ဓာတ်မျိုးက တော်တော်လေး ရှားတယ်..."
ဖန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး…
"သူ့ရဲ့ စရိုက်က တကယ်ပဲ ကောင်းမွန်ပါတယ်... အဲဒါကြောင့် ငါ သူ့ကို တန်ဖိုးထားတာ... အစက သူ့ကို စိတ်ကူးပေါက်လို့ ကယ်တင်ခဲ့တာဆိုပေမဲ့ သူ့တပည့်အပေါ် ထားတဲ့ သူ့ရဲ့ ခံစားချက်တွေက ငါ့ကို အထင်ကြီးသွားစေတယ်... သူ့လို လူမျိုးကို ပြုစုပျိုးထောင်ပေးတာက အနည်းဆုံးတော့ သူ ကျေးဇူးကန်းမှာ မဟုတ်ဘူး ဆိုတဲ့သဘောပဲ.."
"သူ့ရဲ့ တပည့်က ဘယ်မှာလဲ... သူ့တပည့်သာ ရှိနေရင် သူ ဒီလောက်အထိ အဆင်အခြင်မဲ့ ပြုမူရဲပါ့မလား..."
"သူ့တပည့်က ဝိညာဉ်အမြစ် မရှိလို့ သူ ကိုယ်တိုင် အဝေးကို ပို့လိုက်ပြီလေ..."
"ဒါဆိုရင်တော့ နားလည်ပါပြီ..."
ကျိုးလင်ဟွမ်းက ခေါင်းညိတ်လိုက်ပြီး လင်းရွှင်းဖုန်းအပေါ် အနည်းငယ်မျှသာ စူးစမ်းလိုစိတ် ပြသခဲ့သော်လည်း ရင်ထဲတွင်တော့ အလေးမထားခဲ့ချေ။
ယွမ် မိသားစုက အမှန်တကယ်ပင် အစွမ်းထက်သော်လည်း ထျန်းချင်းမသေမျိုးဂိုဏ်းအတွင်း၌ မည်သည့် မင်းမျိုးမင်းနွယ် မိသားစုကမျှ သူမကို မခြိမ်းခြောက်နိုင်ပေ။
သူမနှင့် ဖန်းရွှမ်တို့ ချောက်ကမ်းပါးပေါ်တွင် ဘေးချင်းယှဉ် ထိုင်လျက် အခြားအကြောင်းအရာများကို စတင် ပြောဆိုဖြစ်ခဲ့သည်။
"ငါ သူ့ကို မေ့မရသေးဘူး ဆိုတာ သဘောပေါက်လိုက်တယ်..." ဟုဆိုရင်း ကျိုးလင်ဟွမ်းက သက်ပြင်းချလိုက်သည်။
ဖန်းရွှမ်က …
"ငါတို့ရဲ့ အကြောက်အလန့်မရှိတဲ့ နတ်သမီး လင်ဟွမ်းက ယောကျ်ားတစ်ယောက်အပေါ် ကြွေကျသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး... အဲဒီ လီပိုင် ဆိုတဲ့ လူကို ငါ ပိုပိုပြီး စူးစမ်းချင်လာပြီ..."
ကျိုးလင်ဟွမ်းက လီချင်းချိုးနှင့် အတူရှိခဲ့သော အချိန်များကို ပြန်တွေးမိပြီး ….
"သူက တခြား ယောကျ်ားတွေနဲ့ မတူဘူး... သူ့မှာ ငါ ဖော်ပြလို့ မရနိုင်တဲ့ အရှိန်အဝါမျိုး ရှိတယ်... သူက လူတိုင်းနဲ့ မတူဘူးလို့ ငါ ခံစားရတယ်... အချစ်ရေးမှာ ဝင်မပါသင့်ဘူးလို့ ငါ့ကိုယ်ငါ ပြောခဲ့ပေမဲ့ သူ့ကိုပဲ အမြဲ တွေးနေမိတယ်... အထူးသဖြင့် တစ်ယောက်ယောက်က ငါ့အနား ချဉ်းကပ်လာတဲ့အခါတိုင်း ငါ့ရှေ့က လူကို သူ့နဲ့ အမြဲ နှိုင်းယှဉ်နေမိတယ်..."
သူမ၏ လွမ်းဆွေးနေသော အမူအရာကို မြင်သောအခါ ဖန်းရွှမ်၏ အမူအရာ ပိုမို ထူးဆန်းသွားသည်။
သူတို့နှစ်ဦး အတူတကွ ကြီးပြင်းလာခဲ့ကြပြီး ကျိုးလင်ဟွမ်းက သူမထက် ပို၍ ပြတ်သားသူ ဖြစ်သည်။ ဤသည်မှာ ကျိုးလင်ဟွမ်းက မိန်းမပျိုလေး တစ်ဦးကဲ့သို့ ပြုမူသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။ ထို့ကြောင့် လီပိုင်ဆိုသူကို စိတ်ဝင်စားသွားပြီး သူတို့ မည်သို့ တွေ့ဆုံခဲ့ကြသည်ကို မေးမြန်းလိုက်သည်။
ကျိုးလင်ဟွမ်းက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ချေ။ သူမ ဤနေရာသို့ လာခဲ့ခြင်းမှာ ဤအကြောင်းအရာများကို ပြောပြရန် သီးသန့် ဖြစ်ပြီး အကယ်၍ ရင်ထဲတွင် အချိန်အကြာကြီး မျိုသိပ်ထားရပါက ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
နောက်ရက်များတွင် လင်းရွှင်းဖုန်းတယောက် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရန် အလွန် ခက်ခဲနေခဲ့ပြီး ကျင့်ကြံနေစဉ်အတွင်း ဝေ့ရုံကို မကြာခဏ သတိရနေမိသည်။
သူ့လုပ်ရပ်များက ဖန်းရွှမ်ကို စိတ်ဆိုးစေမည် ဖြစ်ပြီး ကျိုးလင်ဟွမ်းကိုလည်း မနှစ်မြို့စေနိုင်ကြောင်းကို သူ ကောင်းစွာ သိရှိသော်လည်း ထိုအရာများကို ဂရုမစိုက်နိုင်တော့ချေ။
အကယ်၍ သူသာ အခြေအနေများကို အကဲဖြတ်နိုင်ပြီး အကျိုးအပြစ်များကို ချိန်ဆနိုင်ခဲ့မည်ဆိုပါက မိဘမဲ့ ကလေးများစွာကို သွားရောက် ကယ်တင်ခဲ့မည် မဟုတ်သလို စိတ်ပျက်ဝမ်းနည်းစွာဖြင့် အနောက်ဘက်သို့ ထွက်သွားခဲ့မည်လည်း မဟုတ်ပေ။
ထျန်းချင်းမသေမျိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးနေ့ကတည်းက သူတစ်ပါးကိစ္စများတွင် နောက်တစ်ကြိမ် ဘယ်တော့မှ ဝင်မပါတော့ဟု ကျိန်ဆိုခဲ့ဖူးသည်။ ဤအချက်ကို စိတ်ထဲထား၍ အခြားသူများနှင့် မပတ်သက်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး အပြင်ထွက်ခြင်းကိုလည်း တတ်နိုင်သမျှ လျှော့ချခဲ့သည်။
ဒါပေမဲ့ အခုတော့...
လင်းရွှင်းဖုန်းက သက်ပြင်းချလိုက်ပြီး မိမိကိုယ်ကိုယ် စိတ်ပျက်မိသည်ဟုသာ ခံစားလိုက်ရသည်။
သို့သော်လည်း ဝေ့ရုံ၏ မျက်လုံးများကို တွေးမိသောအခါ သူ မခံစားနိုင်တော့ချေ။ ထို့အပြင် ကိုးပြည်ထောင်နယ်မြေတွင် ချန်ထားခဲ့သော တပည့် ခုနစ်ယောက်ကိုလည်း တွေးမိသွားသည်။
အငယ်ဆုံး ဖြစ်တဲ့ လီစစ်ကျင်တောင် အခုဆိုရင် အသက် လေးဆယ့်ရှစ်နှစ် ရှိနေပြီပဲ... သူတို့တွေ ဘယ်လိုများ နေကြမလဲ မသိဘူး...
လင်းရွှင်းဖုန်း တစ်ခဏမျှ စိတ်ကူးကြည့်လိုက်ပြီ တပည့်များကို ပြန်တွေ့ချိန်တွင် သူတို့ အိုမင်းနေကြပြီ ဖြစ်မည်ကို အနည်းငယ် စိုးရိမ်နေမိသည်။
မည်သို့ပင်ဆိုစေ သူ့မှတ်ဉာဏ်ထဲတွင် သူ့တပည့်များအားလုံး ငယ်ရွယ်နေကြဆဲပင်…
ငါးရက်တာ ကုန်လွန်သွားပြီးနောက်… .
လင်းရွှင်းဖုန်း နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ဘဲ ဝေ့ရုံ အိမ်ပြန်ရောက်၊ မရောက် သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ကလေးမလေး၏ ဘေးကင်းမှုကို ကိုယ်ပိုင် မျက်လုံးများဖြင့် မမြင်ရမချင်း သူ အေးချမ်းစွာ မနေနိုင်တော့ချေ။ သို့သော်လည်း ဤခရီးစဉ်က သူ့ ဘဝလမ်းကြောင်းကို နောက်တစ်ကြိမ် ပြောင်းလဲသွားစေလိမ့်မည်ကို မသိခဲ့ပေ။
………………..
မေလကုန်တွင် ထျန်းမင်ပင်လယ်မှ သတင်းများ ရောက်ရှိလာပြီး ဝေထျန်းရှုံးက ဇီယန်ကျွန်းရှိ ကျွန်းစုတစ်ခုကို ထပ်မံ သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ထိုကျွန်းစုမှာ မိုင်ထောင်ချီ၍ ကျယ်ဝန်းသော ကုန်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းအတွက် အလွန် ကောင်းမွန်သော ဝင်ငွေများကို ယူဆောင်လာပေးနိုင်သည်။
လီချင်းချိုးက ဝေထျန်းရှုံအပေါ် အတော်လေး စိတ်ချထားသည်။ သူ ဝေးကွာနေခဲ့သော နှစ်များအတွင်း သေဆုံးမှုများ ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် အရာအားလုံးက အလွန် ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး ဇီယန်ကျွန်းရှိ အရင်းအမြစ် စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးအနေနှင့် ဇီယန်ကျွန်း၏ နယ်မြေကို တိုက်ရိုက် သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိချေ၊ အကြောင်းမှာ ချင်းရှောင်ဂိုဏ်းက ၎င်းကို လောလောဆယ်တွင် လွှဲပြောင်းရယူနိုင်မည် မဟုတ်သောကြောင့်ပင်။
သို့သော်လည်း သူသည် အဆင်ပြေသော နေရာတစ်ခုကို သိမ်းပိုက်၍ နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု တည်ဆောက်ကာ ချင်းရှောင်ဂိုဏ်းကို ထျန်းမင်ပင်လယ်အတွင်းသို့ တရားဝင် အခြေချခွင့် ပြုရန် လိုအပ်သည်။
ဝေထျန်းရှုံးနှင့် ဂိုဏ်းများ၊ မိသားစုများမှာ အခြားသော ကျင့်ကြံရေး အင်အားစုများနှင့် စတင် ဆက်သွယ်လာကြပြီ ဖြစ်ရာ ဤသည်မှာ မလွှဲမရှောင်သာသော လုပ်ငန်းစဉ်တစ်ခုပင် ဖြစ်သည်။
ကျင့်ကြံရေး အင်အားစုများအကြားတွင် ရန်လိုသော ဆက်ဆံရေးများသာမက အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေပြီး ၎င်းမှာ အင်အားစု အများစု လိုလားသည့် အရာပင် ဖြစ်သည်။
ယနေ့တိုင်အောင် ဂိုဏ်းလေးခုခန့်က ချင်းရှောင်ဂိုဏ်းနှင့် မိတ်ဖက် ဆက်ဆံရေးများ တည်ဆောက်ထားကြပြီ ဖြစ်သည်။သူတို့၏ ဆက်ဆံရေးက စစ်မှန်ခြင်း ရှိ၊ မရှိ ဆိုသည်ကိုတော့ ဆက်လက် စစ်ဆေးရမည်သာ။
"ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက အရင်ကထက် ပိုမြန်လာပေမဲ့ ငါ မကျေနပ်သေးဘူး..."
သူသည် ကောင်းကင်နေမင်းနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး စတုတ္ထအဆင့်သို့ ပို၍ ပို၍ နီးကပ်လာနေပြီ ဖြစ်သော်လည်း အရင်က သူ ကြုံတွေ့ခဲ့ရသော ဝိညာဉ်သုံးပါး ပင်လယ်မိစ္ဆာကို တွေးမိသောအခ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်လောင်သည်။
သူသည် ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိရန် အလွန် စိတ်အားထက်သန်နေသည်။
ကျင့်ကြံခြင်းကို အလျင်စလို မလုပ်သင့်ကြောင်း သသိရှိထားသဖြင့် စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းရန် ဖြောင့်မတ်ခြင်းချီများကို အသုံးပြုလိုက်သည်။
တည်ငြိမ်သွားပြီးနောက် တာအိုမျိုးဆက်စနစ်ကိုဆင့်ခေါ်၍ ကြီးမားသော ကံကြမ္မာ ခန္ဓာကိုယ် ရှာဖွေခြင်းကို တစ်ဖန် ပြန်လည် ဖွင့်ကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် ကြီးမားသော ကံကြမ္မာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူကို ရှာမတွေ့သေးချေ။
သို့သော်လည်း စိတ်မကောင်း မဖြစ်ခဲ့ပေ။ အကယ်၍ သူ့တွင် မရှိခဲ့လျှင် အခြား မည်သူ့ထံတွင်မျှ ရှိနေမည် မဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်၏။
ညနေစောင်းရောက်မှသာ လီချင်းချိုး လှိုဏ်ဂူထဲမှ ထွက်လာပြီး လင်းရှောင်ဝင်းဆီသို့ ဦးတည်သွားလိုက်သည်။
ထိုနေရာတွင် လူတစ်ယောက်က သူ့ကို စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်၏。
ထိုသူမှာ စုန့်ချန်ရှန်း ဖြစ်သည်။
စုန့်ချန်ရှန်းက ခြံစည်းရိုးနံရံပေါ်တွင် မတ်တတ်ရပ်၍ ဝင်နေသော နေမင်းကြီးကို ငေးကြည့်နေ၏။ သူမ၏ အဖြူရောင် ဝတ်ရုံများက အနည်းငယ် လွင့်ပျံနေပြီး သူမ၏ လှပမှုကို ဖော်ပြနေသည်။
လီချင်းချိုးက တောင်နောက်ဘက်မှ လင်းရှောင်ဝင်းအတွင်းသို့ ဝင်လာပြီး စုန့်ချန်ရှန်း၏ ကျောပြင်ကို ကြည့်ကာ…
"သခင်မလေးစုန့်... ... ဘာလို့ အောက်ဆင်းလာပြီး ထိုင်မပြောတာလဲ…”
စုန့်ချန်ရှန်းက ခြံစည်းရိုးနံရံပေါ်မှ ပျောက်ကွယ်သွားပြီး ရှည်လျားသော စားပွဲတစ်ခု၏ ရှေ့တွင် ပြန်လည် ပေါ်ထွက်လာသည်။ သူမက ထိုင်ခုံတစ်လုံးကို ဆွဲထုတ်၍ ထိုင်ချလိုက်ပြီး လီချင်းချိုးကို စူးစိုက်ကြည့်နေသည်။
လီချင်းချိုးက သူမ၏ အကြည့်က အရင်ကနှင့် မတူဘဲ အလွန်အမင်း လေးနက်နေကြောင်း ခံစားလိုက်ရသည်။
"ဆယ်နှစ် သဘောတူညီချက် မကုန်ဆုံးသေးပေမဲ့ နားလည်မှုလွဲတာတွေ မဖြစ်အောင် နင့်ကို သေချာအောင် ရှင်းပြရမယ့် ကိစ္စတချို့ ရှိနေတယ်..." ဟု စုန့်ချန်ရှန်းက လေးနက်စွာ ဆိုလိုက်သည်။ လီချင်းချိုးလည်း လေးနက်သွားပြီး သူမ ဆက်ပြောမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
"ငါက ကောင်းကင်ဓားဂိုဏ်းက လာတာ…. ငါ့အဘိုးက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ငါ ချင်းရှောင်ဂိုဏ်းထဲ ဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."
စုန့်ချန်ရှန်း၏ ပထမဆုံး စကားများက လီချင်းချိုးကို စိတ်ပျက်သွားစေခဲ့သည်။
သူမ၏ တရားဟောပြောပွဲများအတွင်း လီချင်းချိုးက သူမနှင့် လစဉ် စကားပြောလေ့ ရှိသည်။ထို့ကြောင့်စုန့်ချန်ရှန်း၏ သူ့အပေါ် သစ္စာစောင့်သိမှုလည်း အဆက်မပြတ် တိုးတက်လာခဲ့သည်။ သူမသည် အသေခံ ပရိသတ်တစ်ဦး ဖြစ်ရန် ဝေးကွာနေသေးသော်လည်း သူငယ်ချင်းများ ဖြစ်နေပြီဟု ခံစားရသည်။
နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ဤအဖြေကို ရရှိခြင်းက လီချင်းချိုးအတွက် မည်သည့် ခံစားချက်မျှ မရှိဘဲ နေရန် မဖြစ်နိုင်ပေ။
သို့သော်လည်း စုန့်ချန်ရှန်း၏ ရွေးချယ်မှုကို လေးစားရန် ဆန္ဒရှိသည်။ မည်သို့ပင်ဆိုစေ စုန့်ချန်ရှန်းက ဓားဂိုဏ်းအတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပြီး ဓားဂိုဏ်း၏ အလုံးစုံ စွမ်းအားမှာလည်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ အနာဂတ်တွင် ဓားဂိုဏ်းက ချင်းရှောင်ဂိုဏ်းအတွင်း၌ အစွမ်းထက်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပေသည်။
"နာမည်ကြီး ဓားကောင်းကင်နန်းတော်က နတ်ဓား ကိုးလက်ကို သွန်းလုပ်ခဲ့တယ်... အဲဒီထဲက တစ်လက်က ကောင်းကင်ဓားဂိုဏ်းမှာ ရှိနေတယ်... အဲ့ဒီ့နတ်ဓားကို ရဖို့အတွက် ငါ ပြန်သွားရလိမ့်မယ်... နင့်ရဲ့ထိုက်ကျွယ် နတ်ဓားကို သေချာ သိမ်းထားပါ... တစ်ခါ ပေါက်ကြားသွားတာနဲ့ အဲဒါက နင့်ကို သေစေလိမ့်မယ်... နင် တကယ်ကို အစွမ်းထက်တာ မှန်ပေမဲ့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သတိလက်လွတ် နေလို့ မရဘူး... ပြိုင်ဘက်ကင်း ပါရမီရှင် အများအပြားက သမိုင်းဝင် ဒဏ္ဍာရီတွေထဲမှာပဲ သူတို့ရဲ့ ဂုဏ်ကျက်သရေကို ပြသနိုင်ခဲ့ကြတာ..."
စုန့်ချန်ရှန်းက လီချင်းချိုးကို စူးစိုက်ကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။
ကောင်းကင်ဓားဂိုဏ်းကလည်း နတ်ဓားတစ်လက်ကို ပိုင်ဆိုင်ထားသည်ဟု ကြားသောအခါ လီချင်းချိုး အံ့အားသင့်ခြင်း မရှိချေ၊ အကြောင်းမှာ ထိုက်ကျွယ် နတ်ဓားကို စုန့်ချန်ရှန်း ကြည့်ရှုသည့် ပုံစံကို သူ သတိထားမိခဲ့သောကြောင့်ပင်။ ထိုအကြည့်တွင် အံ့အားသင့်မှု၊ ရုတ်တရက် သဘောပေါက်သွားမှုနှင့် အနည်းငယ် အားကျမှုတို့ ပါဝင်နေသော်လည်း မနာလိုမှု မပါဝင်ချေ။
လီချင်းချိုးက …"သခင်မလေးစုန့်... ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ရဦးမလား..." ဟု မေးလိုက်သည်။
စုန့်ချန်ရှန်းက ပြုံး၍… "ငါတို့ရဲ့ ပါရမီတွေနဲ့ဆိုရင် အနာဂတ်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ... မိုးပြာနဂါးနယ်မြေထဲကို နင် ဝင်လာမယ့် အချိန်ကို ငါ မျှော်လင့်နေပါတယ်….”
လီချင်းချိုး မိုးပြာနဂါးနယ်မြေသို့ မသွားခဲ့ခြင်းမှာ နှမြောစရာ ကောင်းသော်လည်း တစ်နေ့တွင် လီချင်းချိုးက ချင်းရှောင်ဂိုဏ်းကို ဦးဆောင်၍ မိုးပြာနဂါးနယ်မြေအတွင်းသို့ ဝင်ရောက်လာမည် ဖြစ်ကြောင်း သူမ သေချာနေပြီး ၎င်းမှာ သေချာပေါက် ကြီးမားလှသော အပြောင်းအလဲများကို ဖြစ်ပေါ်စေလိမ့်မည်။
လီချင်းချိုးက သက်ပြင်းချလိုက်ပြီး…
"အဲဒီနေ့ ရောက်လာတဲ့အခါ ရာစုနှစ် ဘယ်နှစ်ခု ကုန်လွန်သွားပြီလဲ ဆိုတာ ငါ မသိဘူး... အဲဒီအချိန်ကျရင် ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို သခင်မလေးစုန့် မေ့မသွားဘူးလို့ မျှော်လင့်ပါတယ်... မင်းနဲ့ ဓားသိုင်းပညာအကြောင်း စကားပြောရတာ ငါ့အတွက် ပျော်စရာကောင်းတဲ့ နေ့ရက်တွေထဲက တစ်ခုပါပဲ..."
သူသည် ရင်ထဲမှလာသော စကားများကို ပြောနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ဓားသိုင်းပညာကို ကျင့်ကြံသူ ဖြစ်ပြီး စုန့်ချန်ရှန်း၏ ဓားသိုင်းပညာအပေါ် နားလည်နိုင်စွမ်းက သူ့ကို လှုံ့ဆော်မှု များစွာ ပေးခဲ့သည်။ စိတ်သဘောထား တူညီသူတစ်ဦးကို တွေ့ဆုံရသကဲ့သို့ ခံစားခဲ့ရသည်မဟုတ်ပါလား….
စုန့်ချန်ရှန်းက သူ့ကို စူးစိုက်ကြည့်ကာ "ငါက လီချင်းချိုးကိုပဲ သိတာ... လီပိုင်ကို မသိဘူး..." ဟု ဆိုလိုက်သည်။
ချင်းရှောင်ဂိုဏ်းသို့ မရောက်မီက လီပိုင် အမည်ရှိသော လေလွင့်ကျင့်ကြံသူ တစ်ဦးက ဓားမိစ္ဆာကို အနိုင်ယူခဲ့ကြောင်း သူမ ကြားခဲ့ရသည်။ အကယ်၍ လီချင်းချိုး မည်သူမည်ဝါဖြစ်ကြောင်း ပျံ့နှံ့သွားပါက အဆုံးအစမရှိသော ပြဿနာများကို ယူဆောင်လာပေးမည်ကို သူမ သိရှိထားသည်။
လီချင်းချိုးက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် သူသည် ဓားသိုင်းပညာနှင့် ပတ်သတ်သော စိတ်ရှုပ်ထွေးမှုများကို စတင် ပြောဆိုလာပြီး စုန့်ချန်ရှန်းက သူ့ကို လမ်းညွှန်ပေးနိုင်ရန် မျှော်လင့်နေမိသည်။
စုန့်ချန်ရှန်း ကိုယ်တိုင်လည်း ဓားဝါသနာအိုး တစ်ဦး ဖြစ်ရာ ဓားသိုင်းပညာအကြောင်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။
သူတို့နှစ်ဉီး ညဉ့်နက်သည်အထိ နှစ်နာရီကြာအောင် စကားပြောခဲ့ကြပြီး ကျန်းယွီချွန်း၊ လီစစ်ကျင်နှင့် အခြားသူများ ခြံဝင်းအတွင်းသို့ ဝင်လာချိန်တွင် သူတို့ကို အနှောင့်အယှက် မပေးရဲကြချေ။
ဓားသိုင်းပညာအကြောင်း ဆွေးနွေးပြီးနောက် လီချင်းချိုးက စုန့်ချန်ရှန်းကို ကြည့်ကာ …
"သခင်မလေးစုန့်... မင်း မနက်ဖြန် တောင်ပေါ်က ဆင်းသွားသင့်တယ်..." ဟု ဆိုလိုက်သည်။
"ဆယ်နှစ် သက်တမ်းက မကုန်သေးဘူးလေ... နင် အရှုံးပေါ်နေတယ်လို့ မခံစားရဘူးလား..." ဟု စုန့်ချန်ရှန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
လီချင်းချိုးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး …
"ငါ အများကြီး ရရှိခဲ့ပြီးပြီပဲ... ဘယ်လိုလုပ် အရှုံးပေါ်နိုင်မှာလဲ…”
ထိုအခါ စုန့်ချန်ရှန်းက မတ်တတ်ရပ်၍ သူ့ကို စိုက်ကြည့်ကာ…
"လီချင်းချိုး... နင်က ငါ ဘဝမှာ ပထမဆုံးအကြိမ် ဖွဲ့ခဲ့တဲ့ တကယ့် သူငယ်ချင်း စစ်စစ်ပါ... အနာဂတ်မှာ နင့်ကို လက်ဆောင်ကြီး တစ်ခု ပေးမယ်... စောင့်ကြည့်နေလိုက်..."
ထိုသို့ပြောပြီးနောက် သူမ တဖက်လှည့်၍ ထွက်ခွာသွားရာ လရောင်က သူမအပေါ်သို့ ကျရောက်နေပြီး သူမ၏ အရိပ်ကို ရှည်လျားစွာ ဆွဲဆန့်ထားသလိုထင်ရစေသည်။