အခန်း ၃၉၆
Vol. 40 Ch. 396
အခန်း (၃၉၆) - ကိုးဘဝအတိဒုက္ခဖြတ်ကျော်ခြင်း…. အကြီးအကဲ၏ ထိတ်လန့်မှု
နန်းတော်အတွင်း၌ ….
ချင်းရှောင်ဂိုဏ်း တပည့်များက သူတို့၏ ဂိုဏ်းချုပ်အကြောင်းနှင့် အပြင်ဘက်မှ ဆူညံသံများအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ပုံစံအမျိုးမျိုးဖြင့် ခန့်မှန်းနေကြသော်လည်း မည်သို့ပင် ခန့်မှန်းစေကာမူ သူတို့၏ ဂိုဏ်းချုပ်က ဂုဏ်သရေရှိပြီး ခန့်ညားလှသည်ဟုသာ မြင်ယောင်နေကြသည်။
ယန်ကျွယ်တိန်ကမူ အခြားတပည့်များနှင့်အတူ ပါဝင်ဆွေးနွေးခြင်း မရှိသော်လည်း ဂိုဏ်းချုပ် ရောက်ရှိနေမည့် ပတ်ဝန်းကျင်အခြေအနေကို စိတ်ကူးယဉ်နေမိသည်။ တစ်ချိန်က သူ တျန်းရွှမ်တောင်၌ ရှိစဉ်က သူနှင့် လီချင်းချိုးတို့ ပြိုင်ဘက်များ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။ အချိန်များ ကုန်လွန်သွားချိန်တွင် ပြန်ကြည့်လိုက်သောအခါ သူနှင့် လီချင်းချိုးတို့ကြားက ကွာဟချက် ပိုမိုကြီးမားလာပြီး တစ်ခါမျှပင် တိုက်ခိုက်ခွင့် မရခဲ့ပေ။
မဟုတ်သေးပေ။ သူတို့ကြားက ကွာဟချက်က အစကတည်းက ကြီးမားနေခြင်း ဖြစ်နိုင်သည်။ လီချင်းချိုးကို စွမ်းအားအပြည့် ထုတ်သုံးအောင် မည်သူမျှ မတွန်းအားပေးနိုင်ခဲ့ပေ။ ယန်ကျွယ်တိန် မသိလိုက်သည်မှာ သူ့နောက်ကျော နန်းတော်နံရံမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူ့ပခုံးကို ဆုပ်ကိုင်လိုက်ခြင်းပင်။ ထိုလက်က အလင်းဖောက်မြင်နိုင်သော လက်တစ်ဖက် ဖြစ်ပြီး မိစ္ဆာဝိညာဉ် တစ်ခုကဲ့သို့ပင် ဖြစ်သည်။
လီချင်းချိုးသည် ယွမ်လီ၊ ယင်ကျင်းရှင်း၊ ကျိုးလင်ဟွမ်းနှင့် ဖန်းပိုမိုတို့ကို ခေါ်ဆောင်ကာ ရွှေရောင်နန်းတော်ကြီးထဲသို့ ဝင်ရောက်လာသည်။ သူတို့နောက်တွင် ခန့်ညားလှသော ယွဲ့လုံယန်ခြင်္သေ့ လိုက်ပါလာသော်လည်း ဤဧရာမခန်းမကြီးထဲတွင်မူ အရုပ်လေးတစ်ကောင်ကဲ့သို့ သေးငယ်နေသည်။
လီချင်းချိုး မော့ကြည့်လိုက်တော့ အချင်း ၁၀ ပေကျော်ရှိသော ဧရာမ တိုင်လုံးကြီးများကို တွေ့လိုက်ရသည်။ မည်သည့်ဘက်ကို ကြည့်ကြည့် အဆုံးမရှိသော အလင်းရောင်များသာ တောက်ပနေသဖြင့် စစ်နတ်ဘုရား နန်းတော်၏ ကျယ်ဝန်းလှမှုကို လီချင်းချိုးပင် အံ့ဩရသည်။
သာမန်လူသားများအနေဖြင့် ဤမျှကြီးမားသော နန်းတော်မျိုးကို တည်ဆောက်နိုင်ပါ့မလား။
ယွမ်လီက လီချင်းချိုး ဖျက်ဆီးလိုက်သော ဝိညာဉ်အမှတ်အသားရှိသည့် လှံရှည်ကို ကိုင်ဆောင်ထားရင်း ရှေ့ကို စူးစိုက်ကြည့်နေသည်။ စစ်နတ်ဘုရား၏ ဒဏ္ဍာရီကို ကြားဖူးထားသော သူသည် စစ်နတ်ဘုရားအပေါ် လေးစားမှုများ ဖြစ်ပေါ်နေပြီး သူကိုယ်တိုင် စစ်နတ်ဘုရား ဖြစ်လာချင်မိသည်။
ယင်ကျင်းရှင်းကတော့ ထိုမျှ အလေးအနက် မတွေးဘဲ စိတ်လှုပ်ရှားကာ ဟိုသည် လျှောက်ကြည့်နေသည်။
ဖန်းပိုမိုက "ရှေးခေတ် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…ဒါဟာ လက်ရှိ ကျင့်ကြံရေးလောက မမှီနိုင်တဲ့ ရွှေခေတ်ပဲ" ဟု စိတ်ရင်းဖြင့် ဆိုသည်။
ကျိုးလင်ဟွမ်းက…
"မိုးပြာနဂါးနယ်မြေ ဒီလောက်အထိ တိုးတက်လာတာ ရှေးလူကြီးတွေ ချန်ခဲ့တဲ့ အမွေကြောင့်ပဲ" ဟု ထောက်ခံလိုက်သည်။
သူတို့ စကားပြောနေစဉ် လီချင်းချိုး၏ အကြည့်က ၁၅ မိုင်ခန့် အကွာတွင် ရှိသော အရာတစ်ခုဆီသို့ ရောက်သွားသည်။ ထိုနေရာတွင် အမြင့်ပေ ရာနှင့်ချီ ရှိသော ဧရာမ ရွှေရောင်ခေါင်းလောင်းကြီး တစ်လုံး ရှိနေပြီး ၎င်း၏ မျက်နှာပြင်တွင် ရှေးဟောင်း စာလုံးများနှင့် ဒဏ္ဍာရီလာ သတ္တဝါများ၏ ပုံများ ထွင်းထုထားသည်။ ထိုမှ ထွက်ပေါ်လာသော ရှေးဟောင်းအရှိန်အဝါက လူတိုင်းကို ရှေးခေတ်ကာလသို့ ပြန်လည် ရောက်ရှိသွားစေသကဲ့သို့ ခံစားရစေသည်။
ထိုခေါင်းလောင်းကြီး၏ အရှေ့တွင် အဖြူရောင် ဝတ်ရုံဝတ်ထားသော အဘိုးအို တစ်ဦး တရားမှတ်နေသည်။
"အဲဒါ ရူရီ မသေမျိုးကျွန်းက ကိုးဘဝကပ်ဘေး အကြီးအကဲ မဟုတ်ဘူးလား" ဟု ကျိုးလင်ဟွမ်းက တိုးတိုးလေး ပြောလိုက်သည်။ ရူရီ မသေမျိုးကျွန်းမှာ မိုးပြာနဂါးနယ်မြေ၏ မြောက်ဘက်သမုဒ္ဒရာတွင် ရှိပြီး နာမည်ကျော် ဖြောင့်မတ်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ ကိုးဘဝကပ်ဘေး အကြီးအကဲမှာ ပါရမီရှင် မဟုတ်သော်လည်း နှစ်ပေါင်း ၆၀၀ ကျော် အသက်ရှင်သန်ခဲ့သူ ဖြစ်ပြီး ဂိုဏ်းအားလုံးက သူ့ကို ရိုသေကြရသည်။ ကျင့်ကြံမှုအဆင့်ကလည်း ဝိညာဉ်သုံးပါးပင်လယ်နယ်ပယ် အဆင့် ၉ တွင် ရပ်တန့်နေသည်မှာ ကြာပြီဖြစ်၍ အခွင့်အရေးကိုသာ ရှာဖွေနေသူ ဖြစ်သည်။
"သူ လူသားဧကရာဇ် ခေါင်းလောင်းရဲ့ အမွေကို ရယူနေတာလား" ဟု ဖန်းပိုမိုက အံ့ဩစွာ မေးလိုက်သည်။
လီချင်းချိုးကမူ မဖြေဘဲ အခြားဘက်သို့ အကြည့်ရွှေ့လိုက်သည်။ ဤနေရာကို ကြည့်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်ပြီး စစ်နတ်ဘုရား နန်းတော်တစ်ခုလုံးကိုပင် ဖျက်ဆီး၍ ယူသွားချင်စိတ် ပေါက်လာသည်။ ခြေထောက်အောက်ရှိ မြေပြင်မှာပင် အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည်မဟုတ်လော။
ရုတ်တရက် ရွှေရောင်ခေါင်းလောင်းကြီးပတ်လည်တွင် မှန်ချပ်များကဲ့သို့ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး လူပုံရိပ်အချို့က ထိုမှတစ်ဆင့် ခေါင်းလောင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုအရာကို မြင်သောအခါ လီချင်းချိုး၏ ပုံရိပ် လှုပ်ခါသွားပြီး ခေါင်းလောင်းကြီးဘေးသို့ ရောက်ရှိသွားသည်။ သူ လက်နှင့် စမ်းကြည့်လိုက်တော့ ၎င်းက အစိုင်အခဲ ဖြစ်ကြောင်း တွေ့ရသည်။ ခေါင်းလောင်းထဲတွင် အစီအရင်ပေါင်း ထောင်နှင့်ချီ ရှိနေပြီး အလွန်ရှုပ်ထွေးလှသည်။ ထိုမှတစ်ဆင့် ပေါ်လာသော အရိပ်များက လက်နက်ဝိညာဉ်များ ဖြစ်မည်ဟု လီချင်းချိုး ခန့်မှန်းလိုက်သည်။
"အခု ဘာလုပ်ကြမလဲ" ဟု ကျိုးလင်ဟွမ်းက လီချင်းချိုးကို လှမ်းမေးသည်။
လီချင်းချိုးက လူသားဧကရာဇ် ခေါင်းလောင်းကို အနိုင်ယူရန် ကြိုးစားချင်သော်လည်း ၎င်းတွင် ကိုယ်ပိုင် အသိစိတ် ရှိနေသဖြင့် အတင်းအကျပ် မလုပ်လိုပေ။ ထို့အပြင် သိကျွမ်းသူအချို့ကိုပါ ထိုထဲတွင် တွေ့လိုက်ရသည်။ ယန်တောက်ကျုံး ဦးဆောင်သော ချင်းရှောင်ဂိုဏ်း၏ တပည့်များလည်း ခေါင်းလောင်းထဲသို့ ရောက်ရှိနေကြသည်။
လီချင်းချိုး ခေါင်းလောင်းထဲသို့ ကြည့်လိုက်ရာ သူတို့တွေက တရားမှတ်နေကြပြီး အိပ်မက်မက်နေသလို အခြေအနေတွင် ရှိနေကြသည်။ စုစုပေါင်း ၁၇ ဦး ရှိပြီး အမြင့်ဆုံး အဆင့်က ကောင်းကင်နေမင်းနယ်ပယ် ဖြစ်သည်။
"နည်းနည်း စောင့်ကြရအောင်" ဟု လီချင်းချိုး ပြောလိုက်သည်။ ဖန်းပိုမိုကလည်း ခေါင်းလောင်းမျက်နှာပြင်ရှိ ပုံရိပ်များကို စိတ်ဝင်တစား ကြည့်နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် တရားမှတ်နေသော အဘိုးအိုက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အမောတကော အသက်ရှူကာ ဇောချွေးများ ပြန်နေသည်။ သူသည် သူတို့အနီးတွင် လူများ ရှိနေသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး ဘာမျှမပြောဘဲ ထွက်ခွာသွားသည်။
"သူ တကယ်ပဲ ရှုံးသွားတာလား" ဟု ကျိုးလင်ဟွမ်းက မေးတော့ လီချင်းချိုး ခေါင်းညိတ်လိုက်သည်။
ထွက်ခွာသွားသော အဘိုးအိုက လမ်းတွင် ရှိသော ကြေးဝါတံခါးကြီးကို မြင်သောအခါ အံ့ဩသွားသည်။ သူ ကိုယ်တိုင်ပင် အတင်းဖောက်ဝင်၍ မရခဲ့ဘဲ နေရာကူးပြောင်းခြင်း စွမ်းအားကိုသာ သုံးခဲ့ရသည် မဟုတ်ပါလား။ ဤလူငါးယောက်က အတင်းဖောက်ဝင်လာတာလား?
သူ လီချင်းချိုး၏ မျက်နှာကို ကြည့်မိသည်။ အခြားလူလေးဦး၏ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်သော်လည်း လီချင်းချိုးကို ဖတ်မရပေ။ သို့သော်လည်း ရှက်ရွံ့မှုနှင့် အငြင်းပွားမှုများကို ရှောင်ရှားရန် ထွက်သွားလိုက်လေသည်။
နန်းတော်ပြင်ပသို့ ရောက်သောအခါ နောက်ထပ် မြေအောက်လိုဏ်ဂူ တစ်ခုသို့ ရောက်သွားပြီး မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရှေ့တွင် လဲကျနေသော ကျင့်ကြံသူများစွာ၊ သွေးအိုင်များဖြင့် ပြည့်နှက်နေသည်။ ဘယ်ဘက် တောင်နံရံတွင် တုကူးကျွမ့်တင်း သတိမေ့မြောလျက် ရှိနေသည်။
ဒါတွေ ဘာတွေ ဖြစ်ကုန်တာလဲ!
သူ နန်းတော်ထဲသို့ ပြန်လှည့်ကြည့်လိုက်တော့ လီချင်းချိုး၏ ပုံရိပ်ကို ပြန်မြင်ယောင်ပြီး ကြက်သီးထသွားသည်။
လီချင်းချိုးက ရွှေရောင်ခေါင်းလောင်းကြီး ရှေ့တွင် ရပ်စောင့်နေပြီး အိတ်ထဲမှ ဂိုဏ်းချုပ် တံဆိပ်ပြားကို ထုတ်လိုက်သည်။
"ဂိုဏ်းချုပ်…ယန်တောက်ကျုံးတို့ အဖွဲ့ကို ဖမ်းမိသွားပြီ! နံရံထဲက လက်တစ်ဖက် ထွက်လာပြီး သူတို့ကို ဆွဲယူသွားတာ၊ အခု ဘယ်ရောက်နေမှန်း မသိတော့ဘူး" ဟု ယန်ကျွယ်တိန်က စိုးရိမ်တကြီး သတင်းပို့နေသည်။
လီချင်းချိုးက…
"စိတ်မပူပါနဲ့… သူတို့ ငါ့ရှေ့မှာပဲရှိတယ်… အမွေဆက်ခံခွင့် စစ်ဆေးနေတာ… ခဏလောက် စောင့်နေလိုက်ဦး"
"အမွေဆက်ခံခွင့် စစ်ဆေးတာလား…"
"ဟုတ်တယ်… ပြန်ရောက်မှ စကားပြောကြမယ်"
လီချင်းချိုးက တံဆိပ်ပြားကို သိမ်းလိုက်ပြီး ခေါင်းလောင်းကို ဆက်ကြည့်နေသည်။ ယန်တောက်ကျုံးနှင့်အခြား တပည့်များကတော့ တခြားသူများကဲ့သို့ ပင်ပန်းနေဟန်မရှိဘဲ အဆင်ပြေနေပုံရသည်။
ယွမ်လီက…
"ဆရာ…အကြီးအကဲယန်တို့ လူသားဧကရာဇ် ခေါင်းလောင်းကို ရသွားရင် ဘယ်လိုလုပ်မလဲ"
ကျိုးလင်ဟွမ်းက…
"အကြီးအကဲယန်?" ဟု ရေရွတ်ရင်း အံ့ဩသွားသည်။
လီချင်းချိုးက…
"အဲဒါ ကောင်းတဲ့အရာပဲလေ သူတို့ ရသွားရင် ငါတို့ဂိုဏ်းပဲ ရတာပေါ့" ဟု ဆိုရင်း ရယ်မောပြောသည်။
ဂိုဏ်း! လီပိုင်က လေလွင့်ကျင့်ကြံသူ မဟုတ်ဘူးလား..!
ဖန်းပိုမိုက လီချင်းချိုးထံသို့ လျှောက်လာပြီး ….
"စီနီယာ၊ ကျွန်တော် စီနီယာ့ဂိုဏ်းကို ဝင်ချင်တယ်…စီနီယာ့ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်" ဟု ဒူးထောက် တောင်းဆိုနေသဖြင့် လီချင်းချိုး မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအခါ ဖန်းပိုမို ကြောက်လန့်သွားပြီး…
"ကျွန်တော် စိတ်ရင်းအမှန်နဲ့ တောင်းဆိုတာပါ၊ ဘာမဆို လုပ်ပေးပါ့မယ်" ဟု အမြန်ပြောလိုက်သည်။
"မင်း အစေခံတပည့်အဖြစ် စတင်ဖို့ ဆန္ဒရှိလား" ဟု လီချင်းချိုးက မေးတော့…
"ရှိပါတယ်! ရှိပါတယ်!" ဟု ဖန်းပိုမို ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
ဤစီနီယာက အစွမ်းထက်လှသဖြင့် ဂိုဏ်း၏ အဆင့်အတန်းကလည်း အလွန်မြင့်မားမည်မှာ သေချာသည်။ အစေခံတပည့် ဖြစ်ရုံဖြင့် အောင်မြင်မှု တစ်ခု ရရှိပြီဟုသာ ခံယူလိုက်လေသည်။