← Chapters

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း (၃၃၃ )စစ်သူကြီးပါရမီ၊ အင်အားများလေ စွမ်းရည်ထက်လေ

"ဒါ ပုံရိပ်ယောင်မန္တန်လား..."

ရှန်ယွဲ့ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်ရင်း ညာလက်ကတော့ ခါးတွင်ချိတ်ဆွဲထားသော ဓားရိုးကို အချိန်မရွေး ဆွဲထုတ်နိုင်ရန် အသင့်အနေအထားဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

ပတ်ဝန်းကျင်ကမ္ဘာကြီးတစ်ခုလုံး မှေးမှိန်အမှောင်ကျလာပြီး အရပ်မျက်နှာအနှံ့ရှိ ရှေးဟောင်းဓားအိုကြီးများက ထူးဆန်းကျောချမ်းဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ်ရာ ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲလာသည်။

ထိုစဉ် ဖော်ပြရန်ခက်ခဲသော ဖိအားပေးမှုတစ်ခုသည်လည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာရာ သူ့ကို ပိုမို၍ မသက်မသာ ဖြစ်လာစေသည်။

သူသည် မိမိ၏ သွေးသားစီးဆင်းမှုနှင့် မူလချီတို့ကို အာရုံခံနိုင်ဆဲဖြစ်သည့်အပြင် ဓားဆန္ဒကိုပင် စုစည်းနိုင်သေးသဖြင့် ရှေ့မှောက်တွင် မြင်တွေ့နေရသမျှအရာအားလုံးမှာ ပုံရိပ်ယောင်မဟုတ်ကြောင်း သက်သေပြနေသည်။

ထိုစဉ်၌ ပတ်ပတ်လည်ရှိ ရှေးဟောင်းဓားအိုကြီးများ တုန်ခါလာကြသဖြင့် ရှန်ယွဲ့ ထိတ်လန့်တကြားဖြင့် ဓားကို ဆွဲထုတ်လိုက်ရတော့သည်။

ရှေးဟောင်းဓားများ မြေပြင်မှ တစ်လက်ပြီးတစ်လက် ထွက်ပေါ်လာကာ လေထုထဲတွင် ဝဲပျံနေကြပြီး ၎င်းတို့၏ ဓားဖျားများ တစ်ပြိုင်နက်တည်း အထက်သို့ထောင်တက်လာပြီး ရှန်ယွဲ့ထံသို့ တိုက်ရိုက် ဦးတည်ချိန်ရွယ်လိုက်ကြသည်။

ရှန်ယွဲ့ ဘယ်ညာဝေ့ကြည့်လိုက်သော်လည်း ထွက်ပြေးစရာလမ်း စိုးစဉ်းမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ့အသိစိတ်ကလည်း ဤရှေးဟောင်းဓားများ၏ အရှိန်အဝါကို ကိုယ်ပိုင်ဓားဆန္ဒဖြင့် ဘယ်လိုမှ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သတိပေးနေသည်။

လမ်းပိတ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ခါသွားခဲ့သည်။ ယခင်အကြိမ်များကဲ့သို့ တိုက်ခိုက်ကာ လမ်းဖွင့်ထွက်ပြေးရန် ယခုတစ်ကြိမ်တွင် လုံးဝ မဖြစ်နိုင်တော့ပေ။

သို့သော်လည်း စိတ်ပျက်အားငယ်မသွားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောနေ့ရက်မျိုး ရောက်ရှိလာလိမ့်မည်ကို သူ ကြိုတင်မျှော်လင့်ထားခဲ့ပြီးသားပင်။

အနည်းဆုံးတော့ သရဲဘောကြောင်စွာ သေဆုံးရမည့်အစား စစ်မြေပြင်တွင် တိုက်ပွဲဝင်ရင်း သေဆုံးရပေလိမ့်မည်။

"မဆိုးဘူးပဲ... အနိုင်မယူနိုင်လောက်တဲ့ စွမ်းအားအရှိန်အဝါရှေ့မှောက်မှာ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ ရပ်တည်နိုင်တာပဲ… ဒါနဲ့... မင်း ဘာဖြစ်လို့ ဝမ့်ယင်းဂိုဏ်းကို လိုက်ရှာနေတာလဲ"

အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ အသံသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး၏ အမိန့်တော်ကဲ့သို့ ကမ္ဘာမြေအနှံ့ ဟိန်းထွက်လာပြီး အဆုံးမရှိ ပဲ့တင်ထပ်သွားသည်။

ရှန်ယွဲ့က မော့ကြည့်လိုက်သော်လည်း ထိုအဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို ရှာမတွေ့သေးသဖြင့် အကြီးအကျယ် တုန်လှုပ်သွားရပြန်သည်။

တဖက်လူက မည်သည့်ကျင့်ကြံမှုနယ်ပယ်သို့ ရောက်ရှိနေသနည်း။

မသေမျိုးနတ်ဘုရားတစ်ပါး ဖြစ်နေများလား….

ရှန်ယွဲ့အနေဖြင့် ဤမျှအဆင့်အတန်းမြင့်မားသော စွမ်းပကားမျိုးကို နားမလည်နိုင်တော့ပေ။ လီချင်းချိုးနှင့် ရင်ဆိုင်ရစဉ်ကပင် ဤမျှလောက်အထိ အစွမ်းမဲ့သလို ခံစားခဲ့ရဖူးခြင်း မရှိချေ။ ယခုမူ သူသည် သာမန်လူသားတစ်ယောက် ပြန်ဖြစ်သွားသလို ခံစားနေရသည်။

" မပြောဘူးဆိုရင်တော့ သေရုံပဲ ရှိမယ်"

အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏အသံ ထပ်မံထွက်ပေါ်လာပြန်ရာ ရှန်ယွဲ့အပေါ် သက်ရောက်နေသော ဖိအားများ နှစ်ဆမျှ တိုးလာတော့သည်။ ထို့ကြောင့်

သူ့လည်ချောင်း လှုပ်ရှားသွားပြီး စကားပြောနိုင်ရန် အသည်းအသန် ကြိုးစားလိုက်ရသည်။

……………………

မွန်းလွဲပိုင်းတွင်…

လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့သည် ခန်းမဆောင်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို စကားစမြည်ပြောဆိုရင်း လင်းရှောင်ခြံဝင်းထဲသို့ အတူတူ လျှောက်လှမ်းဝင်ရောက်လာခဲ့ကြသည်။

၎င်းတို့ဝင်းထဲရောက်သောအခါ လီချင်းချိုး၊ ကျန်းယွီချွန်း၊ ဝူမန်အာနှင့် လီစစ်ဖုန်းတို့ နေရာယူထိုင်နေကြပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ခြေလှမ်းများကို အရှိန်မြှင့်ကာ လီချင်းချိုး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်လိုက်ကြသည်။

"လူစုံပြီပဲ... အစ်ကိုကြီး၊ ကျွန်တော်တို့ကို ဘာဖြစ်လို့ ဒီကို အလောတကြီး ခေါ်လိုက်တာလဲ မြန်မြန်ပြောပါဦး" ဟု လီစစ်ဖုန်းက စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည်။

လက်ရှိတွင် လီစစ်ဖုန်း၏

ကျင့်ကြံမှုက မူလအားဖြည့်နယ်ပယ်နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာသေးမီကပင် အဆင့်တက်လှမ်းနိုင်မည့် အရိပ်အယောင်ကို အာရုံရထားသဖြင့် အမြန်ဆုံး အဆင့်တက်လိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။

ကျန်ရှိနေသူများကလည်း လီချင်းချိုးထံသို့ စုပြုံ၍ စူးစမ်းလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ထိုအခါ လီချင်းချိုးက ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းငယ် ငါးလုံးကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါက အရိုးအဆစ်ပြုပြင်သွေးရည်ပဲ… ဒါကို သောက်သုံးပြီးရင် မင်းတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ပိုမိုသန်မာလာပြီး ကျင့်ကြံခြင်း ပါရမီအဆင့်အတန်းကိုတောင် မြှင့်တင်ပေးနိုင်တယ်.. တစ်ယောက်ကို တစ်ပုလင်းစီ... အခုပဲ သောက်လိုက်ကြ" ဟု လီချင်းချိုးက ဆိုလိုက်သည်။

အရိုးအဆစ်ပြုပြင်သွေးရည်ကို အဓိကအားဖြင့် ငရဲချီလင်၏ သွေးဖြင့် သန့်စင်ဖော်စပ်ထားခြင်း ဖြစ်သည်။ ၎င်းကို ချီလင်အမည်ဖြင့် မမှည့်ခေါ်ရခြင်းမှာ နောင်တစ်ချိန်တွင် ငရဲချီလင်အတွက် ဒုက္ခမရောက်စေရန် စိုးရိမ်၍ ဖြစ်သည်။

ဟယ်ကျင်းရှုကလည်း အလွန်အစွမ်းထက်လှသည်။ ယခုအခါ သူသည် မြေကမ္ဘာဝိညာဉ်ချီနှင့် အထူးဆေးဘက်ဝင်အပင်များကို အသုံးပြုကာ ချီလင်သွေး၏ အာနိသင်ကို မပျက်စီးစေဘဲ ထပ်မံပွားများလာအောင် ပြုလုပ်နိုင်နေပြီဖြစ်ရာ ငရဲချီလင်ထံမှ လတ်ဆတ်သောသွေးများကို အမြဲတစေ တောင်းခံနေရန် မလိုတော့ပေ။

လက်ရှိတွင် အရိုးအဆစ်ပြုပြင်သွေးရည်ကို အမြောက်အမြား မထုတ်လုပ်နိုင်သေးသော်လည်း ၎င်းသည် ကျင့်ကြံသူတစ်ဦး၏ ပါရမီကို အမှန်တကယ် မြှင့်တင်ပေးနိုင်ကြောင်း အတည်ပြုပြီးဖြစ်သည်။ သို့သော်လည်း ငှက်နီသွေးကျောက်စိမ်းကဲ့သို့ သိသိသာသာ ပြောင်းလဲပေးနိုင်ခြင်းမျိုးတော့ မဟုတ်ချေ။

သဘာဝကျစွာပင် လီချင်းချိုးက ပထမဆုံးအသုတ် ထွက်ရှိလာသော အရိုးအဆစ်ပြုပြင်သွေးရည်ကို ဂျူနီယာညီငယ်၊ ညီမငယ်များအား ပေးအပ်မည်သာ ဖြစ်သည်။ အခြားသူများ ကဲ့ရဲ့အတင်းပြောမည်ကို သူ စိုးစဉ်းမျှ မမှုသလို၊ ချူကျင်းနှင့် ဟယ်ကျင်းရှုတို့ကလည်း မည်သို့မျှ ကန့်ကွက်ဝံ့ကြမည်မဟုတ်ပေ။

အထူးသဖြင့် ဟယ်ကျင်းရှုဆိုလျှင် မည်သူက အကျိုးကျေးဇူးခံစားရသည်ကို စိတ်မဝင်စားဘဲ အသစ်အဆန်းများ ဖန်တီးရခြင်းကိုသာ ရူးသွပ်သူဖြစ်သည်။ ဂိုဏ်းချုပ်ထံမှ ချီးမွမ်းစကား ကြားရရုံမျှဖြင့် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ကျန်းယွီချွန်းအပါအဝင် လူငါးဦးစလုံး ကြောင်အမ်းသွားကြသည်။

ဂိုဏ်းထဲတွင် ဤကဲ့သို့သော ရတနာမျိုးရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

လီတုန်းယွဲ့က တွန့်ဆုတ်တွန့်ဆုတ်ဖြင့်… "ဒီဆေးရည်ကို တခြားလူတွေကော သောက်ပြီးပြီလား" ဟု မေးလိုက်သည်။

လီချင်းချိုးက သူမကို စိုက်ကြည့်ကာ …

" အရမ်းကြီး စာနာစိတ် လွန်ကဲမနေနဲ့…

တခြား အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ ဂိုဏ်းသားတွေတောင် သူတို့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ရှာဖွေနေကြတာပဲလေ…မင်းတို့က ဒီဂိုဏ်းကို ငါတို့ပိုင်တာမို့ တခြားလူတွေကို ဦးစားပေး ငဲ့ညှာရမယ်လို့ တွေးနေနိုင်ပေမယ့်၊ အဲဒါကို အရာရာတိုင်းထက်တော့ ရှေ့တန်းမတင်သင့်ဘူး…မင်းတို့ကိုယ်တိုင် အရင်ဆုံး အင်အားတောင့်တင်းလာမှသာ ဂိုဏ်းအတွက် ပိုပြီး အချိန်ပေး စွမ်းဆောင်နိုင်မှာပေါ့"

"ဟုတ်တာပေါ့!"ဟု

လီစစ်ကျင်က ချက်ချင်းပင် ထောက်ခံလိုက်သည်။ စကားအဆုံး၌ သူမက ဆေးပုလင်းငယ်တစ်လုံးကို အရင်ဆုံး လှမ်းယူကာ အဖုံးဖွင့်ပြီး ပါးစပ်ထဲသို့ မော့ချလိုက်တော့သည်။

လီစစ်ဖုန်းကလည်း လှမ်းယူလိုက်ပြီး ၎င်းကို မြင်သောအခါ ဝူမန်အာကလည်း လိုက်လံ သောက်သုံးလိုက်သည်။

ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အရိုးအဆစ်ပြုပြင်သွေးရည်များကို ကောက်ယူလိုက်ကြတော့၏။

မသောက်သုံးမီ လီတုန်းယွဲ့က လီချင်းချိုးကို ကြည့်ကာ …"အစ်ကိုကြီးကော သောက်ပြီးပြီလား" ဟု မေးမြန်းလိုက်သည်။

လီချင်းချိုးက ပြုံးလိုက်ပြီး "ငါ့အတွက် မလိုဘူး" ဟု ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ လီတုန်းယွဲ့၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဆေးပုလင်းငယ်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။

သူတို့ငါးဦးစလုံး အရိုးအဆစ်ပြုပြင်သွေးရည်ကို သောက်သုံးပြီးနောက် ၎င်း၏ ဆေးအာနိသင်ကို ဂရုတစိုက် စတင်အာရုံခံလိုက်ကြသည်။

လီချင်းချိုးက… "နောင်ကျရင် ပါရမီတိုးတက်စေမယ့် တခြားရတနာတွေ ရှိလာဦးမှာပါ..ငါပေးတဲ့အခါ မင်းတို့ ချက်ချင်း သောက်ရမယ်…မင်းတို့ ပိုပြီးအစွမ်းထက်လာလေလေ၊ ပိုပြီး ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရလေလေ ဖြစ်မှာပဲ"

ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး …

"ဒါဆို ခန်းမမှူးရာထူးတွေက ပြောင်းလဲခြင်းမရှိဘဲ ဒီအတိုင်းပဲ ရှိနေမှာလား" ဟု မေးလိုက်သည်။

ချင်းရှောင်ဂိုဏ်းတွင် ခန်းမမှူးရာထူးသည် ဂိုဏ်းချုပ်၏အောက်တွင် အာဏာအရှိဆုံး ရာထူးဖြစ်သည်။ ရည်မှန်းချက်ကြီးမားသော တပည့်များအတွက် ခန်းမမှူးရာထူးမှာ သဘာဝကျစွာပင် သူတို့ တက်လှမ်းလိုသော နေရာတစ်ခု ဖြစ်နေသည်။

ထိန်းချုပ်ရေးခန်းမတစ်ခုတည်းတွင်ပင် ထူးချွန်ထက်မြက်သော တပည့်များစွာကို မြင်တွေ့ခဲ့ရသည်။ ထိုတပည့်များသည် ရည်မှန်းချက် ကြီးမားကြပြီး အဆင့်အတန်း မြင့်မားလာရန် ကြိုးပမ်းချင်နေကြသည်။

မည်သည့်အဖွဲ့အစည်းတွင်မဆို မည်သူမျှ ရာထူးတစ်ခုတည်းတွင် ထာဝရ တည်မြဲနေ၍မရပေ။ ရံဖန်ရံခါတွင် ကျန်းယွီချွန်းသည်လည်း သူ မည်သည့်အချိန်တွင် ရာထူးမှ ဆင်းပေးရမလဲဟု တွေးမိတတ်သည်။ လက်ရှိတွင် သူ့နေနှင့် ရာထူးမှဆင်းပေးရန် တွန့်ဆုတ်မနေပါ ရာထူးမှဆင်းပြီး အေးအေးဆေးဆေး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နိုင်လျှင် ပို၍ပင် ကောင်းမွန်ပေဦးမည်။

အကယ်၍ သူ့နေရာကို ဆက်ခံမည့်သူရှိလာပါက ၎င်းသည် သူ့ရဲ့ အသိအမှတ်ပြုမှုကိုတော့ ရရှိရန် လိုအပ်ပေလိမ့်မည်။

လီချင်းချိုးက "ပြောင်းလဲမှာပါ… ဒါပေမဲ့ အချိန်မတိုင်ခင်မှာ ခန်းမမှူးတွေရဲ့အထက်မှာ ရာထူးအသစ်တွေကို ထပ်ပြီး တိုးချဲ့ခန့်အပ်သွားမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဤစကားကို ကြားသောအခါ လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် လီစစ်ဖုန်းတို့က စူးစမ်းလိုစိတ် ပြင်းပြလာပြီး ရာထူးအသစ်များ၏ အာဏာစွမ်းပကား မည်သို့ရှိမည်နည်း၊ မည်သို့အခေါ်အဝေါ်မျိုး ပေးမည်နည်းဟူ၍ အတင်းအကျပ် မေးမြန်းကြတော့သည်။

လီချင်းချိုးကတော့ ဘာမျှ ထုတ်မပြောခဲ့ပေ။ သူက လျှို့ဝှက်ချက်တစ်ခုလို ဟန်ဆောင်နေသော်လည်း အမှန်စင်စစ်တွင်တော့ သူကိုယ်တိုင်လည်း တိတိကျကျ မဆုံးဖြတ်ရသေးခြင်းသာ ဖြစ်၏။

ခဏအကြာတွင် လီစစ်ကျင်က ခန္ဓာကိုယ် ပူပြင်းလာသည်ကို စတင်ခံစားလိုက်ရသည်။ လီချင်းချိုးက ဆေးအာနိသင် ပြင်းထန်မှုမရှိသဖြင့် မစိုးရိမ်ရန် သတိပေးလိုက်သည်။

လီချင်းချိုးအနေဖြင့် ၎င်းတို့ကို လင်းရှောင်ခြံဝင်းအတွင်း၌သာ သောက်သုံးစေခြင်းမှာ တစ်စုံတစ်ရာ မတော်တဆဖြစ်ပွားပါက အချိန်မီ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ဘေးမှ စောင့်ကြပ်ကြည့်ရှုလို၍ ဖြစ်သည်။

ကျန်းယွီချွန်းနှင့် အခြားသူများ အရိုးအဆစ်ပြုပြင်သွေးရည်၏ ဆေးအာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်ရန် လေးနာရီခန့် အချိန်ယူခဲ့ရသည်။ သူတို့တွေ မိမိတို့၏ သွေးသားနှင့် ချီစွမ်းအင်များ သိသိသာသာ အင်အားတောင့်တင်းလာသည်ကို ခံစားလိုက်ရသော်လည်း၊ ကျင့်ကြံခြင်း ပါရမီအဆင့်အတန်း မြင့်တက်လာခြင်း ရှိမရှိကိုမူ အချိန်အတန်ကြာ ကျင့်ကြံကြည့်မှသာ သိရှိနိုင်မည်ဖြစ်သည်။

သို့သော် လီချင်းချိုးကမူ တာအိုမျိုးဆက်စနစ်မှတစ်ဆင့် ၎င်းတို့၏ ကျင့်ကြံခြင်းပါရမီများ အမှန်တကယ်ပင် မြင့်တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ဝူမန်အာမှလွဲ၍ ကျန်ရှိသော လေးဦးစလုံး၏ ပါရမီမှာ တစ်ဆင့်စီ မြင့်တက်သွားခဲ့သည်။ သဘာဝကျစွာပင် သူတို့ တစ်ဆင့် မြင့်တက်သွားရခြင်းမှာ ယခင်က ၎င်းတို့၏ ပါရမီအဆင့်အတန်းမှာ အတော်အတန် နိမ့်ကျနေခဲ့၍ ဖြစ်သည်။

ဤအချက်ကို သိလိုက်ရသဖြင့် လီချင်းချိုး အခုမှသာ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ သူသည် နောက်ဆုံးတွင် ဂျူနီယာညီအစ်ကို မောင်နှမများကို ကူညီပေးနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ရက်များတွင် လီချင်းချိုး၏ စိတ်အခြေအနေမှာ အစဉ်အမြဲ ကြည်လင်လန်းဆန်းနေခဲ့သည်။

ဖေဖော်ဝါရီလသို့ ရောက်ရှိလာသောအခါ ထိုက်ခွန်းတောင်တန်းတစ်ခွင်တွင် နွေဦးအငွေ့အသက်များ လွှမ်းခြုံလာပြီး တောင်ကုန်းတောင်တန်းများမှာ သက်ရှိဇီဝစွမ်းအင်များဖြင့် စိမ်းလန်းစိုပြည်လာတော့သည်။

လီချင်းချိုးက လင်းရှောင်ခြံဝင်းထဲတွင် ထိုင်ကာ လက်ဖက်ရည် သောက်သုံးနေပြီး ယွင်ချိုင်ကမူ ဘေးတွင်ရပ်လျက် ဂိုဏ်းတွင်း ဖြစ်ပျက်နေသော စိတ်ဝင်စားဖွယ်ရာ သတင်းများကို တတွတ်တွတ် ပြောပြနေသည်။

ထိုစဉ် ခြံဝင်းတံခါးဝသို့ ဂိုဏ်းသားတစ်ဦး ရောက်ရှိလာသည်။ သူသည် အနည်းငယ် တွန့်ဆုတ်နေပြီး အတွင်းသို့ မဝင်ဝံ့ဘဲ ရှိနေသဖြင့်

လီချင်းချိုးက သူ့ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် ပြုံး၍ လှမ်းခေါ်လိုက်သည်။

"ယွင်ကွီ... ဘာလို့ အပြင်မှာ ရပ်နေတာလဲ၊ ဝင်ခဲ့လေ"

ထိုစကားကို ကြားသောအခါ ကျန်းယွင်ကွီ ဝင်းအတွင်းသို့ အမြန် ဝင်ရောက်လာခဲ့သည်။ သူသည် စားပွဲရှည်ကြီး၏ ရှေ့သို့ ရောက်လာပြီး လီချင်းချိုးကို အရိုအသေပေး ဦးညွှတ်လိုက်သည်။

ယွင်ချိုင်က ကျန်ယွင်ကွီကို အကဲခတ်ကြည့်လိုက်သည်။ သူမ ဤတပည့်ကို တစ်ခါမျှ မမြင်ဖူးချေ။ထိုတပည့်၏ကျင့်ကြံမှုမှာ မမြင့်မားလှဘဲ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်တွင်သာ ရှိသေးသည်ကို သူမ အာရုံခံမိသည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု ကျန်ယွီကွီက ရိုသေစွာ ဆိုလိုက်သည်။

သူသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့် ရှိပြီး အနည်းငယ် သေးသွယ်သော ခန္ဓာကိုယ် တည်ဆောက်ပုံရှိကာ လွန်စွာ ချောမောလှပခြင်း မရှိသော်လည်း သပ်ရပ်သန့်ရှင်းသော ရုပ်ရည်သွင်ပြင်မျိုး ရှိသည်။

လီချင်းချိုးက ပြုံး၍ "ထိုင်ပါ" ဟု ဖိတ်ခေါ်လိုက်တော့ ကျန်းယွင်ကွီ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ လီချင်းချိုးနှင့် အနည်းငယ် အကွာအဝေးကို ထိန်းသိမ်းကာ စားပွဲရှည်၏ အစွန်းတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။

"မင်း ဂိုဏ်းကို ဝင်လာခဲ့တာ ဘယ်နှစ်နှစ် ရှိပြီလဲ" ဟု လီချင်းချိုးက ညင်သာသော လေသံဖြင့် မေးမြန်းလိုက်သည်။

ဂိုဏ်းချုပ်၏ သဘောထားကို မြင်တွေ့ရသောအခါ ယွင်ချိုင်ကတော့ ကျန်းယွင်ကွီအပေါ် ပိုမို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။

ဤလူသည် မည်သည့်နောက်ခံ နောက်ကြောင်းမျိုး ရှိသနည်း။

သူကကော ပါရမီရှင်တစ်ယောက်လား။

သို့သော် ဤအသက်အရွယ်တွင် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်မျှသာ ရှိသေးခြင်းက သူ့ကို ပါရမီရှင်တစ်ဦးဟု သတ်မှတ်ရန် ခဲယဉ်းလှသည်။

သို့သော်လည်း ယွမ်လီအကြောင်း တွေးမိလိုက်သောအခါ ကျန်းယွင်ကွီကို ယွင်ချိုင် အထင်မသေးဝံ့တော့ပေ။ သူမ၏မျက်ဝန်းများက လက်ရှိအခြေအနေကိုသာ မြင်နိုင်ပြီး အခြားသူများ၏ အနာဂတ်ကို မမြင်နိုင်ပေ။

" ခုနစ်နှစ် ရှိပါပြီခင်ဗျာ" ဟု ကျန်းယွင်ကွီက လွန်စွာ ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

'ခုနစ်နှစ်အတွင်းမှာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိတာ... ဒီကျင့်ကြံခြင်း အရှိန်အဟုန်က မနှေးလှပါဘူး' ဟု ယွင်ချိုင်က စိတ်ထဲမှ တွေးတောလိုက်မိသည်။

လီချင်းချိုးက သူ့ကို ကြည့်ကာ မကျေမနပ်ဖြင့်… "ငါ မင်းကို ဘယ်နှစ်ကြိမ် ပြောရမလဲ။ ငါတို့ သီးသန့်စကားပြောတဲ့အခါ ဒီလောက်ကြီး တောင့်တောင့်ကြီး မနေပါနဲ့… ငါ မင်းကို ဝါးစားမှာစိုးလို့လား" ဟု ဆိုလိုက်သည်။

ကျန်းယွင်ကွီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ခေါင်းညိတ်ပြလိုက်သည်။

လီချင်းချိုး သူနှင့် ဆက်လက်၍ စကားစမြည် ပြောဆိုနေသည်။ ဘေးမှ နားထောင်နေသော ယွင်ချိုင်သလည်း ထိုနှစ်ဦးမှာ ယခင်ကတည်း အကြိမ်ကြိမ် တွေ့ဆုံဖူးကြကြောင်း ရိပ်မိလိုက်သည်။

ကျန်ယွင်ကွီသည် ဂိုဏ်းချုပ်ကိုယ်တိုင် လျှို့ဝှက်ပျိုးထောင်ထားသော တပည့်တစ်ဦး ဖြစ်ပုံရသည်။

စကားပြောဆိုနေစဉ် လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ခေါ်ယူကာ ကျန်ယွင်ကွီ၏ အချက်အလက်များကို ထပ်မံကြည့်ရှုလိုက်သည်။

【အမည် - ကျန်ယွင်ကွီ】

【ကျား/မ - ကျား】

【အသက် - ၂၅ နှစ်】

【သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၉၆/၉၀ (အမြင့်ဆုံးတန်ဖိုး ၁၀၀)】

【ကျင့်ကြံခြင်းပါရမီ - အတော်အတန် ကောင်းမွန်သည်】

【ဉာဏ်ပညာ ဆင်ခြင်နိုင်စွမ်း - အတော်အတန် ကောင်းမွန်သည်】

【ကံကြမ္မာပါရမီ - စစ်သူကြီးပါရမီ၊ အင်အားများလေ စွမ်းရည်ထက်လေ၊ သစ္စာစောင့်သိရဲရင့်သောနှလုံးသား】

စစ်သူကြီးပါရမီ - စစ်သည်ဗိုလ်ပါ အမြောက်အမြားကို ဦးဆောင်နိုင်သည့် ပါရမီရှိပြီး ထူးခြားပြောင်မြောက်သော စစ်မက်ဗျူဟာအမြင် ရှိခြင်း။

အင်အားများလေ စွမ်းရည်ထက်လေ - အမိန့်ပေးကွပ်ကဲရသော စစ်သည်အင်အား များပြားလာလေလေ၊ စစ်ရေးဗျူဟာစွမ်းရည် ပိုမိုထက်မြက်လာလေလေ ဖြစ်ခြင်း (ကျင့်ကြံခြင်းလောက စစ်မြေပြင်များ၌ အသုံးပြုနိုင်သည်)။

သစ္စာစောင့်သိရဲရင့်သောနှလုံးသား - သခင်အဖြစ် တစ်ကြိမ်အသိအမှတ်ပြုပြီးပါက ဘယ်သောအခါမှ သစ္စာမဖောက်ဖျက်ဘဲ သခင်ဖြစ်သူအတွက် အသက်ပေး၍ တိုက်ပွဲဝင်ဝံ့ခြင်း။

ကျန်းယွင်ကွီ၏ ကျင့်ကြံခြင်းပါရမီမှာ ထူးထူးခြားခြား ထက်မြက်ခြင်းမရှိသော်လည်း ဤအထူးကံကြမ္မာ သုံးခုကတော့ အမှန်တကယ်ပင် မျက်စိကျစရာ ကောင်းလှပေသည်။

ကျန်ယွင်ကွီ ဂိုဏ်းသို့ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ လီချင်းချိုး သူ့ကို သီးသန့်ခေါ်ယူကာ ဆေးလုံးများ ထောက်ပံ့ပေးခဲ့ရုံသာမက၊ စစ်ရေးဗျူဟာစာအုပ်များနှင့် ကျင့်ကြံခြင်းလမ်းစဉ်မျိုးစုံ၏ အခြေခံဗဟုသုတကျမ်းစာများကိုပါ ဖတ်ရှုစေခဲ့ပြီး ကျင့်ကြံခြင်းလောက၏ စစ်မက်ဗျူဟာ အခြေခံအသိအမြင်များကို ပျိုးထောင်ပေးခဲ့သည်။

ကျန်ယွင်ကွီသည် ကျောက်ကျိန်း သို့မဟုတ် ကျိယာတို့လို တစ်ကိုယ်တော် အစွမ်းထက်သည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် ကံပါမလာသော်လည်း၊ သူ့ရဲ့ပါရမီက ချင်းရှောင်ဂိုဏ်းအတွက် ကြီးမားသော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ရာ လီချင်းချိုးအနေဖြင့် သူ့အပေါ် ကြီးစွာ မျှော်လင့်ချက် ထားရှိခြင်း ဖြစ်သည်။

ထိုရည်ရွယ်ချက်အတွက် လီချင်းချိုးက ကျန်ယွင်ကွီကို ကျင့်ကြံရေးခန်းမတွင် ထားရှိကာ လီစစ်ကျင်အား စောင့်ရှောက်ကြည့်ရှုစေခဲ့သည်။

လက်ရှိကျင့်ကြံရေးခန်းမသည် ရိုးရှင်းသောနေရာ မဟုတ်တော့ပေ။ ထိုနေရာတွင် ယန်ချန်ယွီနှင့် ကျင်းချီလင်းတို့လို ပါရမီရှင်များအပြင်၊ ဆေးဝါးသန့်စင်ခြင်းပါရမီရှင် ချန်ဟွေ့လန်တို့ပါ ရှိနေကြသည်။

သဘာဝကျစွာပင် အခြားသော ခန်းမဆောင်များ၏ အခြေခံအုတ်မြစ်များကိုလည်း ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ရာ မိမိတို့ကဏ္ဍအလိုက် ထူးချွန်သော တပည့်များနှင့်အတူ ကျန်ယွင်ကွီလို အထူးပါရမီရှင်များလည်း အသီးသီး ရှိနေကြပြီ ဖြစ်သည်။

အတန်ကြာ စကားပြောဆိုပြီးနောက် လီချင်းချိုးက အပြုံးများကို ရုပ်သိမ်းလိုက်ကာ ကျန်ယွင်ကွီကို တည်ကြည်စွာ ကြည့်လိုက်သည်။

"လက်ရှိမှာ တခြားကျင့်ကြံခြင်းဂိုဏ်းတွေက ငါတို့ ချင်းရှောင်ဂိုဏ်းအကြောင်းကို စုံစမ်းထောက်လှမ်းနေကြပြီ…နောင်အနာဂတ်မှာ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်သလို၊ အလုံးစုံစစ်ပွဲကြီးတောင် ဖြစ်လာနိုင်တယ်… အဲဒီအချိန်ကျရင် ငါ့အနေနဲ့ မင်းရဲ့ ပါရမီကို လိုအပ်လိမ့်မယ်"

ဤစကားကို ကြားလိုက်ရသောအခါ ကျန်ယွင်ကွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ ခိုင်မာပြတ်သားစွာဖြင့် ပြန်လည်ပြောကြားလိုက်သည်။

"ကျေးဇူးပြုပြီး စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော် အစွမ်းကုန် ကြိုးစားအားထုတ်သွားပါ့မယ်!"

ခုနစ်နှစ်တာကာလပတ်လုံး ဗဟုသုတများ စုဆောင်းခဲ့ရခြင်းက သူ့ကို အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိစေခဲ့သည်။ သူ့စိတ်ထဲတွင်လည်း စစ်ပွဲကို ကွပ်ကဲမည့် ဗျူဟာမြောက် စိတ်ကူးစိတ်သန်းများစွာ ရှိနေပြီ ဖြစ်လေသည်။

All Chapters