အစီအရင်နှင့် တောင်သခင် နတ်ဘုရားမန္တန်
Vol. 7 Ch. 61
ညအမှောင်ထု ကြီးစိုးလာချိန်တွင် ဆုရှီးလင် ခြံဝင်းအတွင်းသို့ ပြန်ရောက်လာခဲ့သည်။ ကျူးယန်က ကျောက်စားပွဲတွင် ထိုင်နေပြီး ဆီမီးအိမ်၏ အလင်းရောင်အောက်တွင် သူမ၏ မျက်နှာဖုံးနှင့် မျက်ဝန်းများကို ထင်ရှားစွာ မြင်တွေ့နေရသည်။
ကျူးယန်က မော့ကြည့်လိုက်ပြီး ဆုရှီးလင် လျှောက်လာသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"ချင်းရှောင်ဂိုဏ်းက ပြဿနာတွေ ဖြေရှင်းပြီးပြီလား..."
ဆုရှီးလင်းက သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး မိန်းမောတွေဝေနေပုံ ရသည်။ သူမက လက်ဖက်ရည်အိုးကို ကိုင်၍ ပန်းကန်လုံးထဲသို့ လက်ဖက်ရည် ငှဲ့ထည့်လိုက်သေးသည်။
သူမ၏ စိတ်နှင့်လူ မကပ်ဖြစ်နေပုံကို ကြည့်ပြီး ကျူးယန် မျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်လာလို့လဲ..."
ဆုရှီးလင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ကျူးယန်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး... ဒီလောကကြီးထဲမှာ ကျင့်ကြံသူတွေ တကယ်ရှိတာလား... နန်းတွင်းအရာရှိတွေက မှော်ဆရာတွေကို လိုက်ဖမ်းနေကြပေမဲ့ လောကကြီးထဲမှာ မသေမျိုးလမ်းစဉ်အကြောင်း ထူးဆန်းတဲ့ ပုံပြင်တွေ အများကြီး ရှိနေတယ်..."
ဆီမီးရောင်အောက်တွင် သူမ၏ မျက်နှာထားက ဗျာများနေဟန် ပေါ်နေသည်။ လီချင်းချိုးက နတ်ဆိုးဂိုဏ်း၏ ဓားစာခံခုနစ်ဦးကို သတ်ဖြတ်ပြီးနောက် လင်းယုန်ငှက်ကို စီး၍ ကောင်းကင်ယံသို့ ပျံတက်သွားသည့် မြင်ကွင်းကို သူမ မေ့ဖျောက်၍ မရနိုင် ဖြစ်နေသည်။
လီချင်းချိုး၏ သိုင်းပညာစွမ်းရည်များကို သူမ နားမလည်နိုင်ပေ။ ထိုစွမ်းရည်များက သိုင်းပညာနယ်ပယ်ထက် လွန်ကဲနေသည်။ သူမ တွေးမိသည်က ဒဏ္ဍာရီထဲမှ မသေမျိုးအရှင်များအကြောင်းကိုသာ။
ကျူးယန်က …. "လောကကြီးက ကျယ်ပြောပြီး အံ့ဖွယ်တွေနဲ့ ပြည့်နှက်နေတာပဲ... ကျင့်ကြံသူတွေ ရှိမရှိတော့ ငါမသိဘူး... ဒါပေမဲ့ နန်းတွင်းထဲက မှော်ဆရာဆိုတဲ့လူတွေကတော့ နတ်ဘုရားတွေ၊ တစ္ဆေတွေအဖြစ် ဟန်ဆောင်ထားတဲ့ လိမ်လည်လှည့်ဖြားသူတွေပဲ... အဲဒီလို ကပ်ပါးကောင်တွေကြောင့် တာ့လီမင်းဆက်က နှစ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်ပြီး တိုင်းပြည်ပျက်လုနီးပါး ဖြစ်ခဲ့ရတာ..."
ဆုရှီးလင် တစ်ခဏမျှ တွေဝေနေပြီးနောက် နေ့ခင်းက သူမ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ကျူးယန် နှုတ်ဆိတ်သွားပြီး သခင်နှင့် တပည့် နှစ်ယောက်သား စကားတစ်ခွန်းမျှ မဆိုဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြတော့သည်။
ထိုစဉ်ခြံဝင်းအပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ တောင်ခြေမှ ပြန်လာကြသော ချင်းရှောင်ဂိုဏ်းသားများက စိတ်လှုပ်ရှားစွာဖြင့် နေ့ခင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့ အပြောအများဆုံး အမည်မှာ ရွှီနင်းးဖြစ်ပြီး လီချင်းချိုး မဟုတ်ချေ။
ဧည့်သည်များ တောင်ပေါ်သို့ ရောက်ရှိနေသဖြင့် ဂိုဏ်းချုပ်အကြောင်း ဆွေးနွေးမည်ဆိုပါက တံခါးပိတ်ပြီးမှ ဆွေးနွေးကြရန် ကျန်းယွီချွန်းက ဂိုဏ်းသားများကို မှာကြားထားသည်။
အခြား ဧည့်သည်ဆောင် တစ်ခုတွင်…..
ခုအာက ယန်လန်၏ ဘေးတွင် ရပ်နေပြီး စိုးရိမ်ပူပန်နေသည်။ သူက ယန်လန်ကို တောင်ပေါ်မှ ဆင်းရန် အချိန်အတော်ကြာ နားချနေသော်လည်း ယန်လန်က ငြင်းဆန်နေဆဲပင်။
ခြံဝင်းအပြင်ဘက်မှ ဆူညံသံများကို ကြားသောအခါ ယန်လန်က…..
"မနက်ဖြန်ကျမှ တောင်ပေါ်က ဆင်းကြမယ်... ငါတို့ သွားတော့မယ် ဆိုရင်တောင် ဂိုဏ်းချုပ်လီကို နှုတ်ဆက်ခဲ့ရဦးမယ်..."
နှုတ်ဆက်ခြင်းက ယဉ်ကျေးမှုအရ လုပ်သင့်သော အရာဖြစ်သည်။
သူ မြင်တွေ့ခဲ့ရသော အံ့မခန်း မြင်ကွင်းကိုတော့ ခုရီနှင့်ခုအာတို့ကို ပြန်မပြောပြခဲ့ပေ။ ပထမအချက်မှာ သူ အမြင်မှားခြင်း ဖြစ်မည်လားဟု မသေချာသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဤကိစ္စကို လူသိရှင်ကြား မဖြစ်စေသင့်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
အကယ်၍ လီချင်းချိုးသာ အမှန်တကယ် လျှို့ဝှက်နေထိုင်သော မသေမျိုးအရှင် ဖြစ်နေပါက ထိုသတင်း နန်းတော်သို့ ရောက်သွားလျှင် လူအများအပြား သူ့ကို လာရှာကြပေလိမ့်မည်။ အထူးသဖြင့် သူ့ဖခင် ဧကရာဇ်မင်းမြတ်ပင်…
ခြံဝင်းအတွင်းမှ တီးတိုးပြောသံများကို ကြားသောအခါ ခုရီ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲ၌သံသယများ ပြည့်နှက်သွားသည်။
နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင် ပေါ်လာတာတောင် ချင်းရှောင်ဂိုဏ်းက အောင်ပွဲခံနိုင်သေးတာလား...
သူ သတိမပေါ့ရဲပေ။ အကယ်၍ နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်သာ ချင်းရှောင်ဂိုဏ်းထဲ ဝင်ရောက်လာပါက ယနေ့ည သူ အထူး သတိထား စောင့်ကြပ်ရမည် ဖြစ်သည်။
လင်းရှောင်ခြံဝင်း အတွင်း၌….
လီချင်းချိုးက တံခါးကို တွန်းဖွင့်ပြီး တေးသွားတစ်ပုဒ်ကို ညည်းလျက် ထွက်လာသည်။သူသည် ယခုချိန်၌ အလွန် စိတ်လက်ကြည်သာနေပြီး စနစ်မှ အသိပေးချက်ကို ပြန်လည်ကြည့်ရှုကာ အရသာခံလိုက်သည်။
[ချင်းရှောင်ဂိုဏ်းက ကပ်ဘေးတစ်ခုကို အသေအပျောက်မရှိ ကျော်ဖြတ်နိုင်ခဲ့သဖြင့် သင်သည် ကံတရား အခွင့်အရေး တစ်ကြိမ် ရရှိသည်။]
သူ့ထံတွင် ဆုလာဘ် ရယူနိုင်သည့် အခွင့်အရေး နှစ်ကြိမ် ကျန်ရှိနေသေးသည်။ တစ်ကြိမ်မှာ ဂိုဏ်းသားတစ်ဦး နိမိတ်ကောင်းကို ရှာတွေ့ခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ကျန်းကျောက်ရှားက ချင်းဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ခြင်းကြောင့်ဖြစ်သည်။
မနက်ဖြန်ကျမှ အားလုံးကို တစ်ပေါင်းတည်းဖွင့်ပြီး မည်မျှကြီးမားသည့် အံ့အားသင့်စရာ ရမလဲဆိုသည်ကို ကြည့်ရန် သူ စိတ်ကူးထားသည်။
သူက ခြံဝင်းထဲရှိ စားပွဲရှည်တွင် ထိုင်ပြီး ကျန်းယွီချွန်းနှင့် အခြားသူများ ပြန်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူ ပတ်ဝန်းကျင်ကို အကဲခတ်ခဲ့ပြီး ရွှီနင်းးကို ခြိမ်းခြောက်နိုင်သူ မရှိတော့ကြောင်း သေချာမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ရွှီနင်းး၏ စွမ်းရည်ဖြင့်ဆိုလျှင် နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်အနက် တစ်ယောက်ချင်းစီကို ယှဉ်ပြိုင်ပါက သူမကို မည်သူမျှ မယှဉ်နိုင်ချေ။ သို့သော် သူတို့ ခုနစ်ယောက် ပေါင်းတိုက်ပါက သူမ ထိခိုက်သွားမည်ကို လီချင်းချိုး စိုးရိမ်သဖြင့် သူမ လေ့ကျင့်ရန်အတွက် ကျွမ်းကျင်သူတစ်ယောက် ချန်ပေးထားခဲ့ခြင်း ဖြစ်သည်။
ယနေ့ ရှောင်ပါးကို စီးနင်း၍ ရန်သူများကို သတ်ဖြတ်ခဲ့သည့် ဇာတ်လမ်း ပျံ့နှံ့သွားမည်ကို လီချင်းချိုး မစိုးရိမ်ပေ။ ပျံ့နှံ့သွားလျှင်လည်း သူ ဂရုစိုက်နေမည်မဟုတ်ပေ။ ပြီးတော့ လောကကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဒဏ္ဍာရီတွေ လုပ်ကြံဖန်တီးသူတွေ အများကြီး ရှိသည်။ ထိုက်ခွန်း တောင်တန်း အစွန်အဖျားရှိ ဂိုဏ်းတစ်ခုဆိုလျှင် ခေါင်းဆောင်ဖြစ်သူက မြစ်စောင့်နတ်ဘုရား၏ မျက်နှာသာပေးမှုကို ရရှိထားပြီး တစ္ဆေများကို မြင်နိုင်သည်ဟုပင် ပြောဆိုနေကြသေးသည်။
ဂိုဏ်းအဖွဲ့များနှင့် မိသားစုကြီး အများအပြားက သူတို့၏ အာဏာကို တည်ဆောက်ရန်နှင့် ဂုဏ်သတင်း တိုးတက်စေရန်အတွက် မှော်ပညာကို တတ်ကျွမ်းသည်ဟု ကြွားလုံးထုတ်ကာ လူများကို လှည့်ဖြားလေ့ရှိကြသည်။
အတုအယောင်တွေကိုတောင် ငါ မကြောက်တာ... ငါက တကယ် ကျင့်ကြံနေတာပဲ... သတင်းပျံ့သွားမှာကို ဘာလို့ ကြောက်နေရမှာလဲ...
လီချင်းချိုးက ခိုင်မာတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်သာ ဆန္ဒရှိသည်။ ဂိုဏ်းသားသစ် စုဆောင်းရာတွင်လည်း မျက်ကန်းတစ္ဆေ မလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားများလည်း ဝမ်းစာ ရှာရမည် ဖြစ်သောကြောင့်ပင်။
ခြံဝင်းထဲတွင် ခေတ္တမျှ ထိုင်နေပြီးနောက် လီတုန်းယွဲ့နှင့် လီစီကျင်တို့ ခြံဝင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး လီချင်းချိုးထံ လျှောက်လာကြသည်။
"ဂိုဏ်းချုပ်အစ်ကိုကြီး... တောင်အောက်က ပြဿနာတွေ ဖြေရှင်းပြီးသွားပါပြီ... ဒုတိယအစ်ကိုကြီးက လူတွေကို ဦးဆောင်ပြီး အလောင်းတွေကို မြေမြှုပ်နေပါတယ်... ရွှီနင်းးနဲ့ အကြီးအကဲယန်တို့လည်း သူတို့နဲ့အတူ ရှိနေပါတယ်..."
လီတုန်းယွဲ့က လီချင်းချိုး၏ ဘေးသို့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
လီစီကျင်ကမူ ထိုမျှ သိမ်မွေ့မနေပေ။ သူမက လီချင်းချိုး၏ နောက်ကျောဘက်သို့ ရောက်လာပြီး ပခုံးနှစ်ဖက်ကို ကိုင်ကာ အားကုန် လှုပ်ရမ်းလိုက်ပြီး စကားတွေ ဖောင်ဖွဲ့ကာ မေးလေသည်။
"ဂိုဏ်းချုပ်အစ်ကိုကြီး... အစ်ကိုကြီး ဒီနေ့ သုံးလိုက်တာက တတိယအစ်ကိုကြီးရဲ့ ဓားထိန်းချုပ်ခြင်းပညာလား... ဒါမှမဟုတ် အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာလား... ပြီးတော့ ရှောင်ပါးရဲ့ ကျောပေါ်မှာ ဘယ်လိုလုပ် ရပ်နေနိုင်တာလဲ... ညီမလေးကို မြန်မြန် သင်ပေးပါ... ညီမလေးလည်း ရှောင်ကျိုကို စီးချင်လို့ပါ..."
လီချင်းချိုးက သူမ လှုပ်ရမ်းသမျှကို ငြိမ်ခံနေပြီး …. "ရှောင်ကျိုက ရှောင်ပါးလောက် မကြီးဘူးလေ... မင်း ပြုတ်ကျမှာ မကြောက်ဘူးလား..."
လီတုန်းယွဲ့က ပြုံးလိုက်ပြီး သူတို့၏ နောက်ပြောင်ကျီစယ်မှုကို ဝင်မရှုပ်တော့ပေ။ သူမက မီးဖိုချောင်သို့ သွားပြီး ကျန်းယွီချွန်းနှင့် အခြားသူများအတွက် အစားအစာ ပြင်ဆင်ပေးရန် ထွက်သွားသည်။ ညဘက်ကျလျှင် သူတို့ထံ အစားအစာပို့ပေးရမည် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းမှ တောင်ခြေသို့ သွားရာလမ်းက ကြမ်းတမ်းသော်လည်း တောင်ပတ်လမ်း ဖောက်လုပ်ပြီးကတည်းက ဂိုဏ်းသားများ တောင်အတက်အဆင်း ပြုလုပ်ရာတွင် ပိုမို မြန်ဆန်လာသည်။ မီးတုတ်များနှင့် ဆီမီးအိမ်များ ယူဆောင်သွားသရွေ့ ညဉ့်နက်မှ အစားအစာသွားပို့ခြင်းက သိပ်ပြီး ဒုက္ခမရောက်လှပေ။
လီချင်းချိုးက လီစီကျင်ကို ဆွဲချပြီး ထိုင်ခိုင်းလိုက်ကာ ဂိုဏ်းသားများက အခြားဂိုဏ်းများနှင့် ရင်ဆိုင်ရာတွင် မည်သို့ ပြုမူခဲ့ကြသည်ကို ပြောပြခိုင်းလိုက်သည်။
သူ ထွက်သွားပြီးနောက် ချင်းရှောင်ဂိုဏ်းသားများက ကြီးမားသော တိုက်ပွဲတစ်ခုကို ထပ်မံ ဆင်နွှဲခဲ့ကြပြီး ပူးပေါင်းလာကြသော ဂိုဏ်းပေါင်းစုံမှ လူအုပ်ကြီးကို ချေမှုန်းကာ ရန်သူ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသည်။
အဓိက ဂိုဏ်းကြီးသုံးခုသာ အင်အားမစိုက်ထုတ်လျှင် ထိုဂိုဏ်းအဖွဲ့ငယ်လေးများကို ထည့်ပြောစရာပင် မလိုချေ။ သူတို့အားလုံးက ပြည်သူလူထုကို ဖိနှိပ်နေကြသော လူမိုက်များသာ ဖြစ်သည်။
လီချင်းချိုးက အာရုံစိုက် နားထောင်နေပြီး ဤတိုက်ပွဲမှ စွမ်းဆောင်ရည်များကို အတော်လေး ကျေနပ်အားရနေမိသည်။
အနည်းဆုံးတော့ ဂိုဏ်းသားအားလုံး အတွေ့အကြုံ ရလိုက်ကြသည်။
ဒီတိုက်ပွဲပြီးရင်တော့ တစ်ခဏလောက် အေးချမ်းသွားလောက်ပြီ...
ကျန်းကျောက်ရှား၊ လီစစ်ဖုန်းနှင့် အခြားသူများ ပြန်ရောက်လာသည်နှင့် သူတို့ကို ဂိုဏ်းတွင် ဆက်နေစေပြီး တိုက်ခိုက်ရေးစွမ်းရည် တိုးတက်အောင် လုပ်ခိုင်းရန် လီချင်းချိုး ရည်ရွယ်ထားသည်။
ကျန်းကျောက်ရှားရှိနေလျှင် လီချင်းချိုး တောင်အောက် ဆင်းစရာပင် မလိုတော့။ အကယ်၍ ကျန်းကျောက်နှင့်ရွီနင်းသာ ပူးပေါင်းလိုက်ပါက နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်ကို တောင်ခြေမှာတင် အသေအချာ သတ်ဖြတ်နိုင်ပေလိမ့်မည်။
ပြီးတော့ ဝူမန်အာ ရှိသေးသည်။ ဝူမန်အာ၏ကျင့်ကြံမှုအဆင့်က သိပ်မတိုးတက်သေးသော်လည်း သိုင်းပညာပါရမီ အလွန်မြင့်မားသည်။ သူ့၏ မူလအားဖြည့်နယ်ပယ် တတိယအဆင့် ကျင့်ကြံခြင်းစွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် နတ်ဆိုးဂိုဏ်း၏ သရဲခုနှစ်ကောင်အနက် မည်သည့် ကျွမ်းကျင်သူမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဤအချက်များကို တွေးတောရင်း ချင်းရှောင်ဂိုဏ်းကြီး အခိုင်အမာ အခြေကျနေပြီဟု လီချင်းချိုး ခံစားလိုက်ရသည်။ သူ့အတွက်နောက်ထပ် တာဝန်မှာ နောက်မျိုးဆက်သစ် ဂိုဏ်းသားများကို ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်။
ရွှီနင်းးအပြင် ဒုတိယမျိုးဆက် ဂိုဏ်းသားများထဲမှ အရည်အချင်းရှိသော ဂိုဏ်းသား အနည်းငယ်ကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။ ချင်ယဲ့နှင့် ရွှယ်ကျင်းတို့၏ စွမ်းရည်များက မလုံလောက်သေးပေ။
ကံဆိုးစွာဖြင့် ယွမ်လီက ငယ်ရွယ်လွန်းနေသေးသည်။ မပျက်စီးနိုင်သောခန္ဓာကိုယ် နိုးထလာဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပင်။
လီစစ်ကျင်က လီတုန်းယွဲ့ကို ကူညီရန် ထွက်သွားပြီးနောက် လီချင်းချိုး တစ်ယောက်တည်း အရက်သောက်ရင်း တွေးနေမိသည်။ "ဘုရားသခင်... နင်းအာနဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်လောက် ကျွန်တော့်ဆီ ပို့ပေးပါဦး..."
ထိုညတွင် ချင်းရှောင်ဂိုဏ်း၏ ခြံဝင်းများအားလုံး မီးရောင်များ လင်းထိန်နေပြီး သည်းထန်သော နှင်းများ တဖြည်းဖြည်း ပါးလျသွားကာ ယခုနှစ် ဆောင်းရာသီ ကုန်ဆုံးတော့မည့်အလား ဖြစ်နေသည်။
...
လမင်းကွယ်ပျောက်၍ နေမင်း ထွက်ပေါ်လာချိန်၊ နောက်တစ်နေ့ နေ့လယ်တွင် ယန်လန် တောင်တံခါးဝသို့ ရောက်ရှိလာပြီး လီချင်းချိုးကို ဝင်ရောက်တွေ့ဆုံရန် ရည်ရွယ်ထားသည်။ သူ တစ်ခဏမျှ စောင့်ဆိုင်းပြီးနောက် လင်းရှောင်ခြံဝင်းထဲသို့ ဝင်ရောက်ခွင့် ရခဲ့သည်။
လီချင်းချိုး စောစောစီးစီး ဆုလာဘ်များကို ရယူထားပြီး ဖြစ်သည်။ စနစ်ထံမှ အစီအရင်အခြေခံမှတ်တမ်းများနှင့် တောင်သခင် နတ်ဘုရားမန္တန်တို့ကို ရရှိခဲ့သည်။
အစီအရင်အခြေခံမှတ်တမ်းများထဲတွင် အခြေခံ အစီအရင် အမျိုးမျိုးကို လေ့ကျင့်ပုံနှင့် ဖန်တီးပုံ နည်းလမ်းများ ပါဝင်ပြီး လီချင်းချိုး အလွတ်ကျက်မှတ်ထားလိုက်သည်။ထိုမှတ်တမ်းက သူ့လိုအပ်ချက်နှင့် ကွက်တိပင် ဖြစ်ပြီး လေ့လာရန် သင့်တော်သော ဂိုဏ်းသားများ ရှိမရှိ ကြည့်ရှုရန်အတွက် ချရေးထားရန် စီစဉ်ထားသည်။
တောင်သခင် နတ်ဘုရားမန္တန်ဆိုသည်မှာတိုက်ပွဲအတွက် တောင်သခင်၏ နတ်ဘုရားခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်သော ဂါထာတစ်ခု ဖြစ်သည်။ တောင်သခင်ဆိုသည်မှာ တောနက်ထဲတွင် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော ကျားတစ်ကောင်ကိုဆိုလိုခြင်းပင်ဖြစ်သည်။ ဤဂါထာ၏ စွမ်းအားကို ဆုံးဖြတ်ရန် ခက်ခဲသေးသော်လည်း အမွေအနှစ် မှတ်ဉာဏ်အရ တောင်သခင်၏ နတ်ဘုရားခန္ဓာကိုယ်သည် အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ သာမန်လူများဆိုလျှင် ပထမဆုံးအကြိမ် မြင်လိုက်သည်နှင့် ကြောက်လန့်ပြီး ခြေတွေလက်တွေ ပျော့ခွေသွားလောက်သည်။
လီချင်းချိုး ဤအမွေအနှစ် နှစ်ခုကို အလွန် ကျေနပ်နေသည်။ အထူးသဖြင့် အစီအရင်အခြေခံမှတ်တမ်းများကို ပို၍ သဘောကျသည်။ အစီအရင် မရှိသည့် ကျင့်ကြံခြင်းဂိုဏ်း ဘယ်မှာ ရှိလို့လဲ...
စိတ်လက်ကြည်သာနေသဖြင့် တောင်တံခါးဝတွင် စောင့်နေသော ယန်လန်နှင့် အခြားနှစ်ဦးကို ခေါ်လာရန် ယွမ်ချီကို အမိန့်ပေးလိုက်သည်။
ရွှီနင်းးက လီချင်းချိုး၏ ညာဘက်တွင် ထိုင်ပြီး ယွမ်လီက ဘယ်ဘက်တွင် ထိုင်နေသည်။ သူတို့ သုံးဦးသား အတူတကွ ထမင်းစားရန် စောင့်နေကြခြင်း ဖြစ်ပေသည်။
လီချင်းချိုး ယွမ်လီကို လှည့်ကြည့်လိုက်သည်။ ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း ပါရမီက တကယ်ကို နိမ့်လွန်းလှသည်။ မြေအောက် ဝိညာဉ်ရေကန်ကိုသွားပြီးတာတောင်မှ မူလအားဖြည့်နယ်ပယ် ပထမအဆင့်ကို မရောက်သေးပေ။
မပျက်စီးနိုင်သော အာဏာရှင်ခန္ဓာကိုယ်သာ နိုးထမလာရင် မသေမျိုးလမ်းစဉ် ကျင့်ကြံတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်...
မကြာမီ ယွမ်ချီက ယန်လန်နှင့်နောက်လိုက်နှစ်ဉီးတို့ကို ခေါ်ဆောင်၍ ရောက်လာသည်။
ယန်လန်က စားပွဲနားသို့ လျှောက်လာပြီး လီချင်းချိုးကို လက်နှစ်ဖက် ဆုပ်ကိုင် ဂါရဝပြုလိုက်ကာ…
"ဂိုဏ်းချုပ်လီ... ကျွန်တော် နှုတ်ဆက်ဖို့ လာခဲ့တာပါ..."
ယန်လန် ဦးညွှတ်လိုက်သည်ကို မြင်သောအခါ ခုရီနှင့်ခုအာတို့ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားကြသည်။
အရှင်မင်းသားက ဖော်ရွေတတ်သော်လည်း လူတိုင်းကို ဦးညွှတ်တာ၊ ခါးကိုင်းတာမျိုး မလုပ်တတ်ပေ။
လီချင်းချိုးက ယန်လန်ကို ကြည့်ပြီး ပြုံးကာ မေးလိုက်သည်။
"ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတော့တာလဲ... နွေဦးပွဲတော် ရောက်တော့မှာလေ..."
ယန်လန်က ခေါင်းခါလိုက်ပြီး…
"ရပါတယ်... ကျွန်တော် ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး... မပြန်ခင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားရဦးမယ်... အသစ်ခန့်လိုက်တဲ့ စီရင်စုအုပ်ချုပ်ရေးမှူးက ကျွန်တော့်မယ်တော်နဲ့ ဆွေမျိုးတော်တယ်... ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ချင်းရှောင်ဂိုဏ်းကို စောင့်ရှောက်ပေးဖို့ သူ့ကို ပြောထားခဲ့မယ်..."
အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးလား...
ရွှီနင်းး၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ဒါဆိုရင်... နတ်ဆိုးဂိုဏ်းရဲ့သရဲခုနှစ်ကောင်က သူ့နောက်ကို လိုက်နေတာများလား...
နတ်ဆိုးဂိုဏ်း၏သရဲခုနှစ်ကောင်နှင့် သွေးဆာနေသောဓား တျန်မင်တို့က ထိုဂိုဏ်းများမှ ကျွမ်းကျင်သူများထက် သေချာပေါက် ပိုမို သန်မာကြပြီး လမ်းစဉ်ချင်းလည်း မတူကြပေ။ သိုင်းလောကမှ ကျွမ်းကျင်သူများအားလုံး တျန်မင်၏ အင်အားကို ကြောက်လန့်နေကြသည်။
လီချင်းချိုးက ယန်လန် ဆိုလိုသည်ကို နားလည်သဖြင့်….
"အသက်ကယ်တယ်လို့ မသတ်မှတ်ပါနဲ့.. သူတို့က ချင်းရှောင်ဂိုဏ်း နယ်မြေထဲ ဝင်လာပြီး ကျုပ်ရဲ့ ဂိုဏ်းသားတွေကို တိုက်ခိုက်တော့မှာမို့လို့ပါ..."
လီချင်းချိုးက ယန်လန်၏ မျက်နှာသာပေးမှုကို ရယူရန် မကြိုးစားခဲ့သလို သူတို့ တွေ့ပင် သိပ်မတွေ့ဖြစ်ခဲ့ကြပေ။ ယန်လန်၏ အသက်ကို တိုက်ဆိုင်စွာ ကယ်တင်ခဲ့မိလျှင်တောင် အပြန်အလှန် ဘာမှ မတောင်းဆိုခဲ့ချေ။
ဒါပေမဲ့ ယန်လန်က ကျေးဇူးဆပ်ချင်တယ်လို့ ပြောလာရင်တော့ သူ့ဘက်က ငြင်းမှာ မဟုတ်ဘူး...
ကုကျိုးစီရင်စု နယ်မြေအတွင်းတွင် စီရင်စုအုပ်ချုပ်ရေးမှူးသည် ဒေသခံဧကရာဇ်သဖွယ် ဖြစ်သည်။ အကယ်၍ စီရင်စုအုပ်ချုပ်ရေးမှူး၏ မျက်နှာသာပေးမှုကို ရရှိပါက အနာဂတ်တွင် ချင်းရှောင်ဂိုဏ်းအတွက် ကိစ္စများ ဆောင်ရွက်ရာ၌ များစွာ လွယ်ကူသွားပေလိမ့်မည်။
နောက်ပိုင်းတွင် ကိစ္စအများအပြားကို ဂိုဏ်းသားများက လုပ်ဆောင်ရမည် ဖြစ်သော်လည်း ဂိုဏ်းသားများတွင် သူ့လောက် စွမ်းရည်မရှိသဖြင့် အတားအဆီးများနှင့် ကြုံတွေ့ရဖို့ ရှိနေသည်။
"ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ အကူအညီသာ မပါရင် ကျွန်တော် သေသွားလောက်ပြီ... ပြီးတော့ ခင်ဗျားကို တစ်ခုလောက် ကူညီပေးဖို့ တောင်းဆိုချင်တယ်..."
"ဘာကိစ္စလဲ..."
"ကျွန်တော့်သားကို သိုင်းပညာ သင်ယူဖို့ ချင်းရှောင်ဂိုဏ်းကို ပို့ချင်တယ်... သူက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတယ်... နှစ်နှစ်သားအရွယ်မှာ စာဖတ်တတ်ပြီး သုံးနှစ်သားအရွယ်မှာ သိုင်းပညာ သင်ယူနိုင်ခဲ့တယ်... ကောင်းကင်ကာကွယ်ရေး အစောင့်တပ်က ဆရာတွေ အားလုံးက သူ့ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်လို့ ပြောကြတယ်... သူ့ကို ချင်းရှောင်ဂိုဏ်းဆီ ပို့လိုက်တာက ချင်းရှောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ပါဘူး... ဂိုဏ်းချုပ်အနေနဲ့ သူ့ကို သာမန်ဂိုဏ်းသားတစ်ယောက်လို သဘောထားပြီး စိတ်ကြိုက် ခိုင်းစေနိုင်ပါတယ်..."
ယန်လန်က လေးလေးနက်နက် ပြောဆိုနေရင်းကနေ ခေတ္တစဉ်းစားပြီးနောက်…
"ကျွန်တော်က ခုရီနဲ့ခုအာတို့ကိုထားခဲ့မယ်… ဒီနေ့ကစပြီး သူတို့ ချင်းရှောင်ဂိုဏ်းမှာ နေရစ်ခဲ့ကြလိမ့်မယ်... ခင်ဗျား သူတို့ကို ဘာမဆို ခိုင်းစေနိုင်ပါတယ်..."
ထိုစကားကြားပြီးနောက် ခုရီနှင့်ခုအာတို့ တုန်လှုပ်သွားကြပြီး ယန်လန်ကို တားဆီးရန် ကြိုးစားကြသော်လည်း နားချ၍ မရခဲ့ပေ။
လီချင်းချိုးက အစပိုင်းတွင် ငြင်းဆန်ချင်သော်လည်း ယန်လန်က အလျှော့မပေးဘဲ သူ့သားအတွက် ဒူးထောက်ရန်ပင် ပြင်နေသဖြင့် လက်ခံလိုက်ရသည်။
သူတို့ တောင်ပေါ်မှ ဆင်းသွားပြီးနောက် ယန်လန် ပြောသမျှ အမှန်ဖြစ်မဖြစ်၊ ထိုကောင်လေးက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်မဖြစ် လီချင်းချိုး တွေးနေမိသည်။
ယန်လန်က ကြွားတတ်တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး...
ယန်လန်နှင့် သူ့လူနှစ်ယောက် တောင်ပေါ်မှ ဆင်းသွားပြီး နှစ်ရက်အကြာတွင် ကျန်းကျောက်ရှားတို့ရော လီစစ်ဖုန်းတို့ပါအတူ ပြန်ရောက်လာကြသည်။
ဂျူနီယာညီလေးများကို စိတ်ပူသောကြောင့်သာမက နိမိတ်ကောင်း ဆိုသည်မှာ မည်သို့ပုံစံရှိသည်ကို သိချင်သောကြောင့် လီချင်းချိုး ကိုယ်တိုင် သွားရောက်ကြိုဆိုလိုက်သည်။