← Chapters

တကယ်ကြီး ကျင့်စဉ်စွမ်းအင်တဲ့လား

Vol. 1 Ch. 2

တကယ်ကြီး ကျင့်စဉ်စွမ်းအင်တဲ့လား

Vol. 1 Ch. 2

ကံတရား ရွေးချယ်ခြင်းမှာ ကူးယူခြင်းသာ ဖြစ်ပြီး ကျန်းကျောက်ရှားကို ထိခိုက်စေမည် မဟုတ်သဖြင့် လီချင်းချိုးတွင် ဝန်ထုပ်ဝန်ပိုး မရှိပေ။

သူ ရွေးချယ်မှု ပြုလုပ်လိုက်သောအခါ သူ၏ အသိစိတ်မှာ ရုတ်တရက် အိပ်မက်ထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။

ဝေဝါးပြီး ရှည်လျားသော အိပ်မက်တစ်ခုကို မက်ခဲ့ရပြီး ထိုအိပ်မက်ထဲတွင် ဓားသိုင်းကို မပြတ်မလပ် လေ့ကျင့်နေခဲ့ကာ လက်ထဲမှ ဓားမှာလည်း အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

သူသည် ရည်မှန်းချက်မရှိဘဲ မမောမပန်း ဓားသိုင်းကို လေ့ကျင့်နေခဲ့ရာ ထုံကျင်သွားသည်အထိ ဖြစ်၏။

သူ နိုးလာသောအခါ အိပ်မက်က တိုတောင်းသည်ဟု ထင်ရသည်။ မျက်လုံးဖွင့်လိုက်ရာ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

လရောင် အခန်းထဲသို့ ဖြာကျနေပြီး အလင်းရောင် အနည်းငယ်ကို ယူဆောင်လာသည်။

“ဂိုဏ်းတူအစ်ကိုကြီး... ထမင်းစားချိန် ရောက်ပြီ...”

တံခါးအပြင်ဘက်မှ ကျန်းယွီချွန်း၏ အသံ ထွက်ပေါ်လာသည်။

သူသည် သုံးကြိမ်တိုင်တိုင် ခေါ်ပြီးပြီ ဖြစ်သဖြင့် အခန်းထဲသို့ အတင်းဝင်ရမလား စဉ်းစားနေသောကြောင့် အသံထဲတွင် တွေဝေမှု အရိပ်အယောင် ပါဝင်နေသည်။

လီချင်းချိုးက “ငါ လာခဲ့မယ်...” ဟု အမြန် ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ...”

ကျန်းယွီချွန်း သက်ပြင်းချလိုက်ပြီးနောက် သူ၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။

လီချင်းချိုး စောစောက မက်ခဲ့သော အိပ်မက်ကို ပြန်လည် စဉ်းစားရန် ကြိုးစားလိုက်ရာ အိပ်မက်၏ အသေးစိတ် အချက်အလက်များကို လုံးဝ မမှတ်မိတော့ကြောင်း တွေ့ရှိလိုက်ရပြီး အခြားသော မှတ်ဉာဏ်များလည်း သူ့ခေါင်းထဲတွင် ပေါ်မလာပေ။

သူ မတ်တတ်ရပ်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။

သူ့ဘေးနားရှိ စားပွဲငယ်လေးပေါ်တွင် တင်ထားသော ရတနာဓားတစ်လက်ကို ကြည့်လိုက်သည်။ ၎င်းမှာ လင်ရွှန်းဖုန်း ပေးအပ်ခဲ့သော ကောင်းကင်သက်တံဓား ဖြစ်သည်။

ဓားအိမ်ထဲတွင် ရှိနေဆဲ ဖြစ်သော ဤဓားမှာ ခြောက် ပိဿာတိတိ လေးလံပြီး ပုံမှန်အားဖြင့် ကောက်ယူရန်ပင် စိတ်မပါတတ်ပေ။

သူ စားပွဲဆီသို့ လျှောက်သွားပြီး ညာလက်ဖြင့် ဓားအိမ်ကို ဆုပ်ကိုင်ကာ မလိုက်ပြီး ဘယ်လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

လီချင်းချိုး မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ။ သူ၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာသည်။

ကောင်းကင်သက်တံဓားကို ကိုင်ထားရင်း ဓားထဲတွင် ရှိသော စွမ်းအားတစ်ခုကို အမှန်တကယ် ခံစားလိုက်ရပြီး ထိုအရာက သူ့နှင့် အလွန် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။

ဤခံစားချက်မှာ အလွန် နက်နဲဆန်းကြယ်လှပြီး ယခင်က သူ မကြုံဖူးသော အရာဖြစ်သည်။

ဖော်ပြရလျှင် ဝိညာဉ်အနှစ်သာရ ကဲ့သို့ပင် ဖြစ်သည်။တနည်းဆိုရသော် ဤဓား၏ ဝိညာဉ်အနှစ်သာရကို ခံစားလိုက်ရခြင်း ဖြစ်သည်။

“ဒါက မွေးရာပါ ဓားရူး ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်လား...”

လီချင်းချိုး ဓားကို ဆွဲထုတ်လိုသော ဆန္ဒကို နှိပ်ကွပ်လိုက်ပြီး ကောင်းကင်သက်တံဓားကို ချကာ တံခါးဆီသို့ လှည့်ထွက်လာခဲ့သည်။

တာအိုမျိုးဆက် မျက်နှာပြင်ကို နောက်မှ ဖြည်းဖြည်းချင်း လေ့လာ၍ ရသည်။ထို့ကြောင့် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို စိတ်ပူအောင် မလုပ်သင့်ပေ။

သူတို့၏ ဆရာသခင်က ယခုလေးတင် ထွက်ခွာသွားခဲ့ပြီး ဂိုဏ်းတူအစ်ကိုကြီးကလည်း အခန်းထဲတွင် အောင်းနေပါက ကလေးများ အတွေးလွန်သွားကြပေလိမ့်မည်။

လီချင်းချိုး တံခါးကို တွန်းဖွင့်ပြီး ခြံဝန်းထဲသို့ ကြည့်လိုက်တော့ ဂိုဏ်းတူညီလေးများနှင့် ညီမလေးများမှာ ထမင်းစားပွဲတွင် ထိုင်နေကြပြီ ဖြစ်သည်။

သူတို့ဘေးနားရှိ သစ်ပင်အိုကြီး တစ်ပင်တွင် ဆီမီးခွက်တစ်ခု ချိတ်ဆွဲထားပြီး စားပွဲမျက်နှာပြင်ကို အလင်းပေးထားသည်။

ပုံမှန်ဆိုလျှင် ခြံဝန်းထဲတွင် ထမင်းစားကြပြီး အားလုံးက ငတ်မွတ်နေသော တစ္ဆေများ ဝင်စားသည်အလား အလုအယက် စားသောက်ကြလေ့ ရှိသည်။ ယနေ့ညတွင်မူ ဤကလေးများ အတော်လေး လိမ္မာနေကြပြီး အားလုံးက လီချင်းချိုးကို စောင့်ဆိုင်းနေကြသည်။

“ဂိုဏ်းတူအစ်ကိုကြီး...”

“ဂိုဏ်းတူအစ်ကိုကြီး...”

“အစ်ကိုကြီး... လာ စားကြမယ်...”

ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ အားလုံး မတ်တတ်ရပ်ပြီး လီချင်းချိုးကို လက်ပြကြသည်။ သူ၏ မျက်နှာကို အလွန် ဂရုစိုက်သော ကျန်းကျောက်ရှားပင်လျှင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

သူတို့ကို ကြည့်ရင်း လီချင်းချိုး၏ ရင်ထဲတွင် နွေးထွေးသွားပြီး ချင်းရှောင်းဂိုဏ်းကို စည်ပင်ဝပြောအောင် လုပ်ဆောင်ရန် ပိုမို ယုံကြည်မှု ရှိလာသည်။

ကျန်းဟူ သိုင်းလောကတွင် လွတ်လပ်စွာ လှည့်လည်သွားလာမည့် စိတ်ကူးကိုမူ ဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။

တာအိုမျိုးဆက် မျက်နှာပြင် ရှိနေသဖြင့် ချင်းရှောင်းဂိုဏ်းကို အမှီပြု၍ ဘဝသစ်တစ်ခု တည်ဆောက်ရန် သေချာနေပြီ ဖြစ်သည်။

သူ အမြန် လျှောက်လှမ်းသွားပြီး ဂိုဏ်းတူညီမလေး လီစီကျင်၏ ဘေးသို့ ရောက်သောအခါ သူမ၏ ဆံပင်ကို လက်ဖြင့် ဖွလိုက်ပြီးနောက် ဝင်ထိုင်လိုက်သည်။

“အားလုံး ထိုင်ကြ... စားရင်းနဲ့ စကားပြောကြတာပေါ့...” လီချင်းချိုးက ပြုံးလျက် ပြောလိုက်သည်။

သူ့ရဲ့ ပုံမှန် အပြုံးကို မြင်လိုက်ရမှ အားလုံး စိတ်အေးလက်အေး ဖြစ်သွားကြပြီး ထမင်းနှင့် ဟင်းများကို ကိုယ်တိုင် ထည့်စားကြလေသည်။

ဒုတိယညီလေး ကျန်းယွီချွန်းက လူတိုင်းကို ထမင်းခပ်ထည့်ပေးနေပြီး သူ့အသက်အရွယ်ထက် ပိုမို ရင့်ကျက်ပုံ ပေါက်နေသည်။

စားပွဲရှည်ကြီးမှာ သူတို့ ခုနစ်ယောက်စလုံး ဝိုင်းထိုင်ရန် လုံလောက်သော်လည်း ဟင်းသုံးခွက်နှင့် ဟင်းရည်တစ်ခွက်သာ ရှိပြီး ဟင်းရည်ထဲတွင် အသားစ အနည်းငယ်သာ ပါဝင်သည်။ ဤသည်မှာ တောင်ပေါ်မှ ဘဝပင် ဖြစ်သည်။

လင်ရွှန်းဖုန်းက တောင်ပေါ်တွင် နေခဲသဖြင့် အချိန်အများစုတွင် သူတို့ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုသာ စားသောက်နိုင်ကြပြီး ရံဖန်ရံခါမှသာ ကြက်ဥကြော် စားရလေ့ ရှိသည်။

လီချင်းချိုးက တူကို ကောက်ကိုင်လိုက်ပြီး ….

“ဆရာ ထွက်သွားပြီမို့ ဂိုဏ်းချုပ်ရာထူးကို ငါ့ဆီ လွှဲပေးခဲ့တယ်... ငါ အကြာကြီး စဉ်းစားပြီးပြီ... ချင်းရှောင်းဂိုဏ်းကို ပိုကြီးမားပြီး ပိုသန်မာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့အိမ်ပဲလေ...” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်သည်နှင့် ဆဋ္ဌမညီလေး လီစီဖုန်းက ချက်ချင်း မတ်တတ်ရပ်ပြီး ….“ပိုကြီးမားပြီး ပိုသန်မာအောင် လုပ်ကြမယ်... ပိုကြီးမားပြီး ပိုသန်မာအောင် လုပ်ကြမယ်...” ဟု အော်ဟစ်တော့သည်။

သူ ပြောလိုက်သည်နှင့် ပဉ္စမညီလေး ဝူမန်အာကလည်း လိုက်အော်တော့သည်။

လီချင်းချိုးက ၁၂ နှစ်အရွယ် လီစီဖုန်းကို ကြည့်ရင်း သူ၏ ကံတရားကို တွေးမိလိုက်သည်။

ဝံပုလွေရိုင်း အာသီသ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲခြင်း။

ဒီကောင်လေး ဒီလောက် တက်ကြွပြီး လန်းဆန်းနေတာ... သူ့ရဲ့ ပင်ကိုယ်စရိုက်အမှန်က ဘယ်လိုလုပ် အဲဒီလို ဖြစ်နေရတာလဲ…

“ပိုကြီးမားပြီး ပိုသန်မာအောင် လုပ်မယ်ဆိုတာ နားထောင်လို့တော့ ကောင်းပါတယ်... ဒါပေမဲ့ ငါတို့အချင်းချင်း အားကိုးပြီးတော့လား...”

ကျန်းကျောက်ရှား သက်ပျင်းမချဘဲ မနေနိုင်တော့ပေ။

လီချင်းချိုးက ယခု သူ့အပေါ် အလွန် ကောင်းမွန်သော အမြင် ရှိနေပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ရှိရင်းလူများထဲတွင် လီချင်းချိုးအပေါ် သစ္စာအရှိဆုံး ဖြစ်ပြီး ပါရမီအကောင်းဆုံးလည်း ဖြစ်ကာ အနာဂတ်တွင် ဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေးသမား ဖြစ်လာရန် ကံပါသူ ဖြစ်သည်။

ကျန်းကျောက်ရှား၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရင်း လီချင်းချိုးက ပြုံး၍ ပြောလိုက်သည်။

“ငါတို့က ငယ်ပါသေးတယ်... အကန့်အသတ်မဲ့ ဖြစ်နိုင်ချေတွေ ရှိတယ်လေ... ဒါကြောင့် နောက်ပိုင်းကျရင် ငါတို့အားလုံး ကြိုးစား ကျင့်ကြံကြရမယ်... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ရမယ်... ငါတို့အားလုံး အရွယ်ရောက်လာရင် တောင်အောက်ဆင်းပြီး တပည့်တွေ လက်ခံကြတာပေါ့...”

ဤစကားများက အခြား တပည့်များကို စိတ်လှုပ်ရှားသွားစေပြီး ထိုအကြောင်းကို တက်ကြွစွာ ဆွေးနွေးလာကြသည်။

လီချင်းချိုး၏ သဘောထားကို သိရသောအခါ ကျန်းကျောက်ရှား၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက နှုတ်ခမ်းဆူပြီး “ကျင့်ကြံလို့ကော ဘာထူးမှာလဲ... ဆရာသခင့်ရဲ့ သောက်သုံးမကျတဲ့ စွမ်းရည်လေးတွေနဲ့လား... သူက ငါတို့ကို ကျင့်စဉ်တောင် ချန်မပေးခဲ့ဘူး...” ဟု ရေရွတ်လိုက်သည်။

သူ၏ အသံမှာ အလွန် တိုးညှင်းသဖြင့် သူတစ်ယောက်တည်းသာ ကြားရလေသည်။

လူတိုင်းကို ထမင်းခပ်ပေးပြီးနောက် ကျန်းယွီချွန်းက ….

“ဂိုဏ်းတူအစ်ကိုကြီး... ဆရာသခင်က သိုင်းကျမ်း သုံးအုပ်ပဲ ချန်ထားခဲ့တယ်... လက်သီးသိုင်း၊ ဓားသိုင်း နဲ့ ကိုယ်ဖော့ပညာ တစ်ခုစီပဲ... ကျွန်တော်တို့ ဘယ်ဟာကို ကျင့်ကြံသင့်လဲ...” ဟု မေးလိုက်သည်။

လီချင်းချိုးက ထမင်းပန်းကန်ကို ကိုင်ကာ ထမင်းတစ်လုပ် စားလိုက်ပြီး ဝါးနေရင်း ….

“အဲဒါကို ငါ သေချာ လေ့လာပြီးမှ မင်းတို့ကို ခွဲဝေပေးမယ်... နေ့တိုင်း လေ့ကျင့်ဖို့ အချိန်ပေးရုံပါပဲ... အခု အရေးကြီးဆုံးက ငါတို့ရဲ့ စားနပ်ရိက္ခာကို သေချာအောင် လုပ်ဖို့ပဲ... သိုင်းပညာ စတင် လေ့ကျင့်တာနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်က ထိုးတက်လာလိမ့်မယ်... အထူးသဖြင့် အသားပေါ့... ဒါကြောင့် ငါတို့ ကြက်တွေ ဝက်တွေ စတင် မွေးမြူဖို့ လိုတယ်... ဟင်းသီးဟင်းရွက်တွေ ပိုစိုက်ဖို့ လိုတယ်...” ဟု ပြောလိုက်သည်။

ယေဘုယျ အစီအစဉ်ကို ချပြလိုက်ရာ ဤကဲ့သို့သော စီမံကိန်းမျိုးက ကျန်းယွီချွန်း၏ မျက်လုံးများကို အရောင်တောက်သွားစေပြီး ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေစေသည်။

သူနှင့် စတုတ္ထညီမလေး လီတုန်းယွဲ့မှလွဲ၍ အခြား တပည့်များမှာ ဤကိစ္စကို စိတ်မဝင်စားကြပေ။

သူတို့က အိမ်မှုကိစ္စ ပိုမလုပ်ချင်ကြသော်လည်း လောလောဆယ် ငြင်းဆန်ရန် ခက်ခဲနေသည်။ သူတို့၏ ဆရာ ထွက်ခွာသွားပြီ ဖြစ်သဖြင့် သူတို့ကိုယ်သူတို့ အားကိုးရတော့မည် မဟုတ်ပါလော။

လီချင်းချိုးက ကျန်းယွီချွန်းကို ယေဘုယျ လိုအပ်ချက်များ ပြောပြပြီး ကျန်းယွီချွန်းအား ထိုကိစ္စကို စီစဉ်စေကာ တပည့်များကို လွတ်လပ်စွာ တာဝန်ချထားခွင့် ပေးလိုက်သည်။

ထို့နောက် ကျန်းယွီချွန်းကို ကြည့်ပြီး ……

“ဒုတိယညီလေး... မင်းရဲ့ စိတ်နေသဘောထားက တည်ငြိမ်တယ်... စာဖတ်တာလည်း ဝါသနာပါတယ်... ချင်းရှောင်းဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းက မင်းအပေါ် အများကြီး မူတည်နေတယ်... ရှေ့ဆက်ပြီး လုပ်သာလုပ်ပါ... ဘယ်သူမဆို မနာခံရင် ငါ့ကို ပြော... ငါ သူ့ခြေထောက်ကို ရိုက်ချိုးမယ်လို့ မပြောဘူး... ဒါပေမဲ့ အနည်းဆုံး သုံးရက် ငါးရက်လောက်တော့ နာကျင်အောင် လုပ်ပစ်မယ်...” ဟု ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်သည်နှင့် အခြား တပည့်များ တုန်လှုပ်သွားကြပြီး ကျန်းကျောက်ရှား၏ မျက်နှာထားပင်လျှင် သဘာဝမကျ ဖြစ်သွားသည်။

ဂိုဏ်းတူအစ်ကိုကြီး အနေဖြင့် လီချင်းချိုးက သူတို့ကို အမှန်တကယ် ရိုက်ရဲသည်။ ဤအာဏာမှာ ငယ်စဉ်ကတည်းက ပျိုးထောင်လာခဲ့ခြင်း ဖြစ်ပြီး အားလုံးက သူ့ရိုက်နှက်မှုကို ခံဖူးကြသည်။

“ဂိုဏ်းတူအစ်ကိုကြီး... စိတ်မပူပါနဲ့... ကျွန်တော် အစ်ကိုကြီးကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး...” ဟု ကျန်းယွီချွန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ တစ်ခုခု လုပ်ချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း သဘောထား ပျော့ပျောင်းသဖြင့် စတုတ္ထညီမလေးမှလွဲ၍ ကျန်လူတိုင်းက သူ့ကို အနိုင်ကျင့်ရဲကြသည်။

လီချင်းချိုးက ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို ကျန်းဟူ သိုင်းလောက အကြောင်းများ ပြောပြကာ လူတိုင်း၏ မျှော်လင့်ချက်များကို လှုံ့ဆော်ပေးလိုက်သည်။

ချင်းရှောင်းဂိုဏ်းမှာ သေးငယ်သော်လည်း သူတို့၏ ဆရာသခင်မှာ နာမည်အနည်းငယ် ရှိသေးသည်။ နှစ်စဉ်နှစ်တိုင်း ကျန်းဟူသူရဲကောင်းများ တောင်ပေါ်သို့ လာရောက်လည်ပတ်ကြပြီး သူတို့ကို ကျန်းဟူအကြောင်း ပုံပြင်များစွာ ပြောပြလေ့ ရှိကြသည်။

သူတို့နေထိုင်သောမြေကိုတာလီမင်းဆက်က အုပ်ချုပ်ပြီး ပြည်နယ် ကိုးခုနှင့် ဒေသ တစ်ဆယ့်လေးခု ပါဝင်သည်။

ချင်းရှောင်းဂိုဏ်းက ကုကျိုးပြည်နယ်၏ ထိုက်ခုန်းတောင်တန်းတွင် တည်ရှိသည်။

မိုင်တစ်ရာ ပတ်လည် အတွင်းတွင် တောင်ကြီးများသာ ရှိပြီး ရွာများနှင့် မြို့ငယ်များစွာ ရှိကာ အနီးဆုံးမြို့မှာ သူတို့နှင့် မိုင်နှစ်ရာ ကွာဝေးသည်။

ရှေးခေတ် တရုတ်ပြည်နှင့် တူညီသော ဤပဒေသရာဇ် မင်းဆက်တွင် လက်နက်ကိုင်ဆောင်မှု ကြီးစိုးပြီး သိုင်းပညာ လေ့ကျင့်မှု ခေတ်စားသည်။ ကုကျိုးပြည်နယ်၏ ကျန်းဟူ သိုင်းလောက တစ်ခုတည်းမှာပင် ကြီးငယ်မရွေး ဂိုဏ်းဂဏများစွာ ရှိပြီး နာမည်ကြီး ဂိုဏ်းခုနစ်ဂိုဏ်း ရှိသည်။

လီချင်းချိုး ငယ်စဉ်က လှည့်လည်သွားလာသူသူရဲကောင်းတစ်ဦးက ချီစွမ်းအင် လှိုင်းတစ်ခု မှုတ်ထုတ်လိုက်ရာ နှစ်ကျန့်အကွာသို့ လွင့်ပျံသွားပြီး သစ်ပင်အိုကြီး၏ ပင်စည်ပေါ်တွင် အရာထင်ကျန်ရစ်စေခဲ့သည်ကို မြင်ဖူးခဲ့သည်။ ထိုအရာက သူ့ကို အံ့သြမှင်သက်စေခဲ့ပြီး သိုင်းပညာ လေ့ကျင့်လိုစိတ်ကို ကိန်းအောင်းစေခဲ့သည်။

ဒါက သူ ယခင်ဘဝက တောင့်တခဲ့တဲ့ သိုင်းလောကပဲလေ... သူ ဘယ်လိုလုပ် သိုင်းပညာ မလေ့ကျင့်ဘဲ နေမလဲ...

လီချင်းချိုးက ကျန်ရှိနေသော တာအိုမျိုးဆက် အခွင့်အရေး တစ်ခုကို တွေးမိလိုက်ပြီး ရင်ထဲတွင် ချက်ချင်းပင် ထက်သန်လာသည်။

ပြိုင်ဘက်ကင်း နတ်ဘုရားအဆင့် ကျင့်စဉ်များ ရနိုင်မလား...

ချင်းရှောင်းဂိုဏ်းကြီး သန်မာကြီးထွားလာချင်လျှင် ဂိုဏ်းစောင့် လျှို့ဝှက်ပညာရပ် တစ်ခု လိုအပ်သည်။ စွမ်းအားကြီးမားသော သိုင်းပညာ မရှိဘဲ ကျန်းဟူ သိုင်းလောကတွင် မည်သို့ နာမည်ရနိုင်မည်နည်း။

လင်ရွှန်းဖုန်း၏ သောက်သုံးမကျသော စွမ်းရည်များဖြင့် လုံလောက်မည် မဟုတ်ပေ။

ဤညစာစားပွဲတွင် ချင်းရှောင်းဂိုဏ်း၏ တပည့်များက သူတို့၏ အနာဂတ်ကို ပုံဖော်ကြည့်နေကြပြီး ဆရာသခင် စွန့်ပစ်ခံရခြင်းကြောင့် ဝမ်းနည်းပူဆွေးမှုများ လုံးဝ မရှိတော့ပေ။

လီချင်းချိုး ရှိနေသမျှ ကာလပတ်လုံး သူတို့တွင် ကြောက်ရွံ့စရာ မရှိပေ။

တစ်နာရီခန့် ကြာပြီးနောက်မှ သူတို့ လူစုခွဲလိုက်ကြပြီး ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့သာ စားပွဲကို ရှင်းလင်းရန် ကျန်ရစ်ခဲ့ကြသည်။

လီချင်းချိုး အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တာအိုမျိုးဆက် မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ပြီးနောက် တာအိုမျိုးဆက်ကို အသက်သွင်းရန် ရွေးချယ်လိုက်သည်။

[ အမွေအနှစ် ဆုလာဘ် ရယူမည် ]

[ တာအိုမျိုးဆက် အသက်သွင်းမည် ]

[ အသင်သည် ချီစွမ်းအင် စုပ်ယူခြင်း ကျင့်စဉ်ဖြစ်သည့် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို ရရှိသည်။ ]

[ အမွေအနှစ်ကို လက်ခံမည်လော။ ]

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ...

နားထောင်ရတာ ကျင့်ကြံခြင်းနဲ့ ဆိုင်တဲ့ အရာတစ်ခုလိုပဲ... စွမ်းအားကြီးမားမလား မသိဘူး...

လီချင်းချိုးက အမွေအနှစ်ကို လက်ခံရန် ချက်ချင်း ရွေးချယ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မှတ်ဉာဏ်အများအပြား သူ့ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ထိုညတွင် ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ ဝူမန်အာ နှင့် လီစီဖုန်း တို့မှာ သူတို့၏ အခန်းများထဲတွင် အိပ်မပျော်နိုင် ဖြစ်နေကြသည်။

လီစီဖုန်းမှာ စိတ်အလှုပ်ရှားဆုံး ဖြစ်ပြီး အနာဂတ်ကို အဆက်မပြတ် စိတ်ကူးယဉ်ကာ ဂိုဏ်းတူအစ်ကိုကြီးများကို စကားပြောရန် ဆွဲခေါ်နေလေသည်။

လီတုန်းယွဲ့နှင့် လီစီကျင်တို့သည်လည်း သူတို့၏ အခန်းထဲတွင် တီးတိုး ပြောဆိုနေကြပြီး အချင်းချင်း အားပေးကာ ဂိုဏ်းတူအစ်ကိုကြီးကို ဝန်ထုပ်ဝန်ပိုး မျှဝေထမ်းဆောင်ပေးကြမည်ဟု ပြောဆိုနေကြသည်။

လမင်း ကွယ်သွားပြီး နေမင်း ထွက်ပေါ်လာချေပြန်ပြီ….

နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ကောင်းကင်ကို ဖြတ်သန်းလာပြီး မညီညာသော တောင်တန်းများကို အလင်းပေးလိုက်သည်။

ကျန်းကျောက်ရှားသည် သူ့အခန်းမှ စောစော ထွက်လာသည်။ သူသည် ခြံဝန်းထဲတွင် လက်သီးသိုင်း စတင် လေ့ကျင့်နေပြီး ရံဖန်ရံခါ လီချင်းချိုး၏ အခန်းကို စိုးရိမ်သော အရိပ်အယောင်ဖြင့် လှမ်းကြည့်နေမိသည်။

လီချင်းချိုး ငယ်စဉ်က ကမ္ဘာလောကကို ဓားတစ်လက်ဖြင့် လှည့်လည်သွားလာပြီး လျင်မြန်သော လက်တုံ့ပြန်မှုဖြင့် နေထိုင်ချင်သည်ဟု ပြောခဲ့သည်ကို သူ မှတ်မိနေသည်။ ယခု ဂိုဏ်းတူညီလေးများနှင့် ညီမလေးများစွာက သူ့ကို ဆွဲထားကြသဖြင့် လီချင်းချိုး စိတ်အနှောင့်အယှက် ဖြစ်နေမလား...

မကြာမီ ကြက်တွန်သံကြားရပြီး ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့လည်း သူတို့၏ အခန်းအသီးသီးမှ ထွက်လာကြသည်။

သူတို့ အချင်းချင်း နှုတ်ဆက်ကြပြီးနောက် အလုပ်ကိုယ်စီလုပ်ဆောင်ရင်း စတင် ရှုပ်ယှက်ခတ်ကြတော့သည်။

ကျန်းကျောက်ရှားမှာ ကိုယ့်စိတ်နှင့်ကိုယ် နေတတ်ပြီး အိမ်မှုကိစ္စ လုပ်ရသည်ကို မနှစ်သက်သော်လည်း ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကတော့ လုံ့လဝီရိယ ရှိပြီး ညည်းညူခြင်း မရှိကြပေ။

ဤနှစ်ယောက်ကြောင့်သာ ကျန်လူများ သက်သောင့်သက်သာ နေနိုင်ကြခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်……

အခန်းထဲ၌ တစ်ညလုံး တင်ပျဉ်ခွေ ထိုင်နေခဲ့သော လီချင်းချိုး မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အကြည့်များ လျင်မြန်စွာ ကြည်လင်လာသည်။

အလိုအလျောက် အကြောဆန့်လိုက်ရာ တစ်ညလုံး ထိုင်နေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေသည်။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ ကျင့်စဉ်၏ အသေးစိတ် အချက်အလက်များကို ပြန်လည် သတိရလိုက်ရာ မကြာမီ သိသိသာသာ မျက်နှာထားပြောင်းလဲသွားသည်။

နေဦး...

ဒါက တကယ်ကြီး ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုလား...

လီချင်းချိုး တုန်လှုပ်သွားသည်။ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာသည် ကမ္ဘာမြေနှင့် ကောင်းကင်မှ ဝိညာဉ်ချီနှင့် နေလတို့၏ အနှစ်သာရကို စုပ်ယူပြီး ခန္ဓာကိုယ်အတွင်း ဝိညာဉ်အမြူတေချီစွမ်းအင် အဖြစ် စုစည်းခြင်းကို အလေးပေးထားသည်။

မူလစတင်ခြင်၊ စိတ်ဝိညာဉ်သိပ်သည်း​ခြင်းအဆင့်၊ဉာဏ်အလင်းအဆင့် အစရှိသဖြင့်စိတ်စွမ်းအင် ကျင့်စဉ်၏ အဆင့်တစ်ခုစီသည် အသက်ရှည်စေသော အာနိသင် ရှိပြီး မည်မျှကြာကြာ အသက်ရှင်နိုင်မည်ကိုပင် တိကျစွာ ဖော်ပြထားသည်။

စိတ်ဝိညာဉ်သိပ်သည်းခြင်းအဆင့်သို့ ဝင်ရောက်ခြင်းက နှစ်ပေါင်း သုံးရာ အသက်ရှင်ခွင့် ပေးနိုင်ပြီး ဉာဏ်အလင်းအဆင့် က လူ့သက်တမ်းကို နှစ်ပေါင်း ခြောက်ရာအထိ တိုးမြှင့်ပေးနိုင်သည်။

လီချင်းချိုး အမှန်တကယ် လန့်သွားသည်။ ဤကမ္ဘာသည် သိုင်းပညာထွန်းကားသောကမ္ဘာတစ်ခုသာ ဖြစ်ပြီးအများဆုံးအနေဖြင့် အတွင်းအားနှင့်ချီဓာတ်သာ ရှိသည်ဟု အမြဲ ထင်ခဲ့သည်။

ဆရာသခင်က အင်မော်တယ်တွေကို လိုက်ရှာဖို့ ကြိုးစားတာ ရူးနေပြီ ဖြစ်ရမယ်...

ဒါပေမဲ့ ကျင့်ကြံခြင်းက အစစ်လား...

ဒါဆို တာအိုမျိုးဆက် မျက်နှာပြင်က သိုင်းလောက ဂိုဏ်းတစ်ခုအတွက် မဟုတ်ဘဲ ကျင့်ကြံခြင်း တာအိုဂိုဏ်း တစ်ခုအတွက် ဖြစ်နေတာပေါ့...

လီချင်းချိုး တွေဝေငေးမောနေရာမှ သတိပြန်ဝင်လာပြီး ပို၍ပင် စိတ်လှုပ်ရှားလာသည်။

မသေမျိုး ဖြစ်အောင် ကျင့်ကြံနိုင်ရင် ဘယ်သူက သိုင်းပညာ လေ့ကျင့်တော့မှာလဲ…

All Chapters