အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းစတင်ခြင်း
Vol. 1 Ch. 3
သူသည် ကျင့်စဉ်တစ်ခုကို အမွေဆက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ဆရာသခင် လင်ရွှန်းဖုန်းကို အလိုအလျောက် တွေးမိပြီး သူ့ကို ရှာဖွေချင်သွားသည်။
သို့သော် ဒုတိယအကြိမ် ပြန်စဉ်းစားလိုက်သောအခါ မသင့်လျော်ဟု ခံစားလိုက်ရသည်။
တစ်ညတာ ကုန်ဆုံးပြီးနောက် လင်ရွှန်းဖုန်း၏ နေရာကို မသိရတော့သည့်အပြင် ကျင့်ကြံခြင်း နည်းလမ်းကို ဖြန့်ဝေလိုက်သည်နှင့် ဘေးအန္တရာယ်များကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာမည်မှာ သေချာသည်။
ကျန်းဟူသိုင်းလောကတွင် နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားကြသောကြောင့် ဂိုဏ်းများနှင့် မိသားစု မည်မျှ အဖျက်ဆီးခံခဲ့ရသနည်း။
သူ့အနေဖြင့် တာအိုမျိုးဆက် မျက်နှာပြင် တည်ရှိမှုကို ထုတ်ဖော်၍ မရပေ။
ဤသည်မှာ သူ၏ ရပ်တည်မှု အခြေခံအုတ်မြစ် ဖြစ်သည်။ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ အပါအဝင် မည်သူ့ကိုမျှ ပြောပြ၍ မရပေ။
လူတို့၏ စိတ်နှလုံးသားသည် ဖုံးကွယ်ထားတတ်ကြပြီး သစ္စာရှိမှု ဆိုသည်မှာ လျော့နည်းခြင်း မရှိဘဲ တိုးလာရုံသက်သက် မဟုတ်ပေ။
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံရန် နေရာတစ်ခု ရှာဖွေရန် ပြင်ဆင်လိုက်သည်။
ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း နံနက်စောစော အချိန်သည် ကျင့်ကြံရန် အကောင်းဆုံး အချိန်ဖြစ်သည်။
အရှေ့အရပ်မှလာသော ခရမ်းရောင် ချီစွမ်းအင်နှင့် နေလတို့၏ အနှစ်သာရ ပေါင်းဆုံမှုနှင့်အတူ နေ့စဉ် ကျင့်ကြံရပေမည်။
ချလပ်……
တံခါးပွင့်သွားပြီး လက်သီးသိုင်း လေ့ကျင့်နေသော ကျန်းကျောက်ရှားက ခေါင်းလှည့်ကြည့်လိုက်သည်။ လီချင်းချိုး အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
လီချင်းချိုး၏ မျက်ဝန်းအစုံက တောက်ပနေပြီး အားအင်များ ပြည့်ဝနေပုံရကာ စိတ်ဓာတ်ကျနေပုံ မရပေ။
“မင်း ဘာ လက်သီးသိုင်းလေ့ကျင့်နေတာလဲ... မင်း ဓားကို မကြိုက်ဘူးလား... ငါ့အခန်းထဲသွားပြီး ကောင်းကင်သက်တံဓားကို ယူပြီး လေ့ကျင့်ချေ... ငါ မင်းကို ငှားရမ်းလိုက်တာနော်... မင်း ပြန်မပေးဘဲနေရဲရင်နေကြည့်...”
လီချင်းချိုးက ကျန်းကျောက်ရှားကို ပြောလိုက်ပြီးနောက် နောက်ဘက်တောင်တန်းဆီသို့ လျှောက်သွားလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား မှင်သက်သွားသည်။
ယခင်က လီချင်းချိုးက သူ့ကို ဓားနှင့် ပတ်သက်၍ ဘယ်တုန်းကမှ ထိခွင့်မပေးခဲ့ပေ။ ယနေ့ ဘာကြောင့် စိတ်ပြောင်းသွားရသနည်း။
လီချင်းချိုး၏စိတ်နေသဘောထား ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
ဆရာသခင်ထွက်ခွာသွားခြင်းက ဂိုဏ်းတူအစ်ကိုကြီးကို ရင့်ကျက်သွားအောင် တွန်းအားပေးလိုက်ခြင်း ဖြစ်နိုင်သည်။
အကယ်၍ ယခင်က ကျန်းကျောက်ရှားသာ ဓားကို ကိုင်ခွင့်ရလျှင် အလွန် ပျော်ရွှင်မိလိမ့်မည် ဖြစ်သော်လည်း ယခုမူ သူ့တွင် ပျော်ရွှင်မှု မရှိဘဲ ဂိုဏ်းတူအစ်ကိုကြီးအတွက် ရင်နာမှုသာ ရှိတော့သည်။
ဖြစ်နိုင်တာက သူလည်း သိုင်းပညာကို အလေးအနက်ထား လေ့ကျင့်သင့်တယ်…..
ချင်းရှောင်းဂိုဏ်းက တောင်ခါးပန်းတွင် တည်ရှိပြီး အနောက်ဘက်တွင် သစ်တောထူထပ်စွာ ရှိသည်။
လေးဖက်လေးတန်လုံးကို မတ်စောက်သော တောင်များဖြင့် ဝန်းရံထားပြီးအနီးဆုံးရွာသို့ ဆင်းရန် အနည်းဆုံး တစ်နာရီခန့် လမ်းလျှောက်ရသည်။
သစ်တောထဲတွင် တောရိုင်းတိရစ္ဆာန်များ ရှိသော်လည်း မြေခွေး၊ ဝံပုလွေ၊ ကျားသစ်များ မရှိပေ။ အဓိက သတိထားရမည့် အရာများမှာ မြွေများ၊ ပုရွက်ဆိတ်များနှင့် ပင့်ကူများသာ ဖြစ်သည်။
လမ်းခရီးနှင့် ရင်းနှီးသော လီချင်းချိုးက တခဏချင်းပင် တောင်ထိပ်သို့ ရောက်ရှိလာသည်။
သူသည် ကမ်းပါးစွန်းတွင် တင်ပျဉ်ခွေထိုင်ကာ နံနက်ခင်း နေမင်းကို မျက်နှာမူလျက် လက်များကို ခြေထောက်ပေါ် တင်ထားပြီး စိတ်စွမ်းအင် ကျင့်စဉ် အတိုင်း အသက်ရှူခြင်းကို စတင်လေသည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ် မူလချီဓာတ်ကို အာရုံခံခြင်းသည် လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ထပ်ခါတလဲလဲ လေ့ကျင့်ပြီးမှသာ ပါးစပ်ဖွင့်၍ ဝိညာဉ် မူလချီဓာတ်ကို ရှူရှိုက်နိုင်စွမ်း ရရှိနိုင်သည်။
ခြံဝန်းထဲတွင် လက်သီးသိုင်း လေ့ကျင့်နေသော ကျန်းကျောက်ရှား ခေါင်းလှည့်လိုက်ရာ လီချင်းချိုး ကမ်းပါးပေါ်တွင် တရားထိုင်နေသည်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။
ဝူမန်အာ၊ လီစီဖုန်း နှင့် လီစီကျင်တို့ နိုးလာသောအခါ သူတို့လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး အလွန် အံ့အားသင့်သွားကြကာ တတွတ်တွတ် ပြောနေကြသည်။
လီစီကျင်က လီချင်းချိုးကို လှမ်းနှုတ်ဆက်လိုက်သော်လည်း ကံဆိုးသည်မှာ လီချင်းချိုးက တရားထိုင်နေပြီ ဖြစ်သဖြင့် ပြန်မပြောနိုင်ခဲ့ပေ။
ကံဆိုးစွာပင် လီချင်းချိုးတယောက်နံနက်ခင်း တစ်ခုလုံး မူလချီ တစ်မျှင်မျှ မစုစည်းနိုင်ခဲ့ပေ။သို့သော် ဤအရာအတွက် စိတ်ပျက်ခြင်း မရှိဘဲ ပို၍ပင် စိတ်အားထက်သန်လာသည်။
တောင်ပေါ်မှ ဆင်းလာပြီးနောက် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ၏ စုံစမ်းမေးမြန်းမှုကို တုံ့ပြန်ရာတွင် သူက ….“တကယ်တော့ ငါ့မှာ တောင်ပေါ်မတက်ခင်ကတည်းက ရထားတဲ့ အတွင်းအားကျင့်စဉ် တစ်ခု ရှိတယ်... ဆရာသခင် ထွက်သွားပြီ ဆိုတော့ ငါ့မှာ ကျင့်ကြံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး... ငါ ဒီကျင့်စဉ်ကိုကျွမ်းကျင်သွားတာနဲ့ မင်းတို့အားလုံးကို သင်ပေးမယ်...” ဟု လျှို့ဝှက်စွာ ပြောလိုက်သည်။
“အစ်ကိုကြီးမှာလည်း မိသားစု အမွေအနှစ် ရှိတာလား...”
ကျန်းကျောက်ရှား မမေးဘဲ မနေနိုင်တော့ချေ။
လီချင်းချိုးက သူ့ကို တချက်ကြည့်ပြီး “အစ်ကိုကြီးမှာလည်း' ဆိုတော့ ဘာသဘောလဲ... မင်းမှာလည်း ရှိလို့လား...” ဟု မေးလိုက်သည်။
သို့သော် ကျန်းကျောက်ရှားက နှာခေါင်းရှုံ့လိုက်ပြီး ပြန်မဖြေခဲ့ပေ။
လီချင်းချိုး ဒါတွေကိုသိပ်အာရုံမစိုက်ခဲ့ပေ။
မင်းရဲ့ သိုင်းပညာ အမွေအနှစ်က ငါ့ရဲ့ ကျင့်ကြံခြင်း ကျင့်စဉ်နဲ့ ယှဉ်နိုင်လို့လား...
နောက်ရက်များတွင် ကျန်းယွီချွန်းက တပည့်များကို ဦးဆောင်ကာ အလုပ်များရှုပ်နေပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းကို ချဲ့ထွင်ခြင်း၊ ထင်းခုတ်ခြင်းများ ပြုလုပ်ကြသည်။
အငယ်ဆုံး လီစီကျင်ပင်လျှင် ပျော်စရာကောင်းသည်ဟု ထင်မြင်နေပြီး ချင်းရှောင်းဂိုဏ်းတဝိုက်တွင် ရယ်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
အခြားတစ်ဖက်တွင် လီချင်းချိုးက မူလချီကို အမြန်ဆုံး သန့်စင်နိုင်ရန် ကြိုးစားရင်း ကျင့်ကြံခြင်းအပေါ် အားကုန်စိုက်ထုတ်ထားသည်။
ခုနစ်ရက်တိတိ ကြာပြီးနောက် နောက်ဆုံးတွင် မူလချီ တစ်မျှင်ကို သန့်စင်နိုင်ခဲ့သည်။
အသိစိတ်၏ နက်ရှိုင်းသော နေရာတွင်နယ်ပယ်အသစ် (Domain) တစ်ခုသို့ ခြေလှမ်းစတင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
မူလစတင်ခြင်းအဆင့်၏ပထမအဆင့်!
ဤအရာက သူ့ကို အလွန် စိတ်လှုပ်ရှားသွားစေသည်။ထို့နောက် သစ်တောထဲတွင် ပုန်းအောင်းပြီး သစ်ပင်တစ်ပင်ကို မျက်နှာမူလျက် ဝမ်းဗိုက်ထဲမှ မူလချီကို မှုတ်ထုတ်လိုက်သည်။
ဝှစ် -
ဤ မူလချီ တစ်မျှင်ကထက်ရှသော မြှားတစ်စင်းကဲ့သို့ သစ်ပင်စည်ကို ဖောက်ထွက်သွားပြီး အလွန် ပြင်းထန်လှသည်။
လီချင်းချိုး မှုတ်ထုတ်ပြီးနောက် ရှေ့တိုးကြည့်လိုက်တော့ လူနှစ်ယောက် ဖက်မှရသော သစ်ပင်စည်တွင် လက်ညှိုးခန့် အပေါက်တစ်ပေါက် ဖောက်ထွက်သွားပြီး သစ်ပင်နောက်မှ မြင်ကွင်းကိုပင် မြင်နေရသည်။
ဘယ်လောက် စွမ်းအားကြီးတဲ့ မူလချီလဲ...
ဒါက ဟိုတုန်းက လှည့်လည်သွားလာတဲ့ သူရဲကောင်းရဲ့ ချီစွမ်းအင်ထက် အများကြီး ပိုစွမ်းအားကြီးတာပဲ...
လီချင်းချိုး လက်သီးဆုပ်လိုက်မိပြီး အလွန် စိတ်လှုပ်ရှားနေသည်။
နှမြောစရာ ကောင်းသည်မှာ ဤ မူလချီ တစ်မျှင်သည် အသုံးပြုပြီးနောက် ပျောက်ကွယ်သွားပြီး သူ ဆက်လက် သန့်စင်ရမည် ဖြစ်သည်။
သူသည် မနက်ဖြန်မှ စ၍ ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို စတင် လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
လူတိုင်းကို စောစော သန်မာလာစေခြင်းက မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ အကယ်၍ လင်ရွှန်းဖုန်း၏ ရန်သူများ သူတို့တံခါးဝသို့ ရောက်လာလျှင် သို့မဟုတ် ဓားပြများ တောင်ပေါ် တက်လာလျှင် မည်သို့ လုပ်မည်နည်း။
သူတစ်ယောက်တည်းဖြင့် လုံလောက်မည် မဟုတ်ပေ။
ထို့အပြင် ဤအတောအတွင်း အရည်အချင်းပြ ဇယားကို လေ့လာခဲ့သည်။
ကံတရား ရွေးချယ်မှုနှင့် အမွေအနှစ် ဆုလာဘ်များက တာအိုမျိုးဆက် အကဲဖြတ်မှုနှင့် ဆက်စပ်နေသည်။
တာအိုမျိုးဆက် ပိုမို သန်မာလေ၊ သူ့အဖို့ ကံတရားများကို ပိုမို ရွေးချယ်နိုင်လေ ဖြစ်ပြီး အမွေအနှစ်များ ပိုမို ရရှိလေ ဖြစ်သည်။
ယနေ့ညတွင် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ စုံညီသောအခါ ဤကိစ္စကို ဆွေးနွေးရန် စီစဉ်ထားသည်။
သစ်တောထဲတွင် တင်ပျဉ်ခွေထိုင်ပြီး ဆက်လက် ကျင့်ကြံကာ နောက်ထပ် မူလချီ တစ်မျှင်ကို သန့်စင်ရန် ကြိုးစားနေသည်။
ညနေစောင်းမှသာ ကျန်းယွီချွန်း၊ ဝူမန်အာ နှင့် လီစီဖုန်း တို့ ပြန်ရောက်လာကြသည်။
သူတို့အားလုံး ဝါးခြင်းတောင်းများကို သယ်ဆောင်လာကြပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးများ ရွှဲနစ်နေကြသည်။
လီချင်းချိုး၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့ နှင့် လီစီကျင် တို့က ဝါးခြင်းတောင်းများကို ဝိုင်းကူသယ်ရန် စုရုံးရောက်ရှိလာကြသည်။
ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး “ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော် ရွာသားတွေကို ကျွန်တော်တို့ရဲ့ အခြေအနေ ပြောပြခဲ့ပြီး သူတို့ကို လယ်အလုပ်တွေ ကူညီပေးခဲ့တယ်... အပြန်အလှန်အနေနဲ့ ကြက်မ သုံးကောင်၊ ကြက်ဖကြီး တစ်ကောင်နဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ အများကြီး ရခဲ့တယ်...” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ခန္ဓာကိုယ် အကြီးဆုံးဖြစ်သော ဝူမန်အာက “ပြီးတော့ အသား နှစ်ပိဿာတောင် ပါသေးတယ်...” ဟုဆိုပြန်သည်။
ပုံမှန် စကားများတတ်သော လီစီဖုန်းမှာ မြေကြီးပေါ်တွင် လဲကျနေပြီး ခွေးတစ်ကောင်ကဲ့သို့ လျှာထွက်ကာ ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။
“ရွာသားတွေက ငါတို့အပေါ် ကောင်းကြတယ်... ဒါကြောင့် ငါတို့ နောင်အခါကျရင် သူတို့ကို ပိုကူညီပေးသင့်တယ်...” လီချင်းချိုးက ပြုံးလျက် ပြောလိုက်သည်။
သူသည် ကျေးဇူးဆပ်သော အနေဖြင့် အနာဂတ်တွင် တောင်အောက်ရှိ ရွာများမှ တပည့်များကို စုဆောင်းရန် ဆုံးဖြတ်လိုက်သည်။
တပည့်များက စကားပြောရင်း ရယ်မောရင်း ပစ္စည်းများကို ခြံဝန်းထဲသို့ သယ်ဆောင်သွားပြီးနောက် ရှင်းလင်းလိုက်ကြသည်။
နာရီဝက်ခန့် အကြာတွင် သူတို့အားလုံး ခြံဝန်းထဲရှိ စားပွဲရှည်ကြီးတွင် ဝိုင်းထိုင်လိုက်ကြပြီး လီတုန်းယွဲ့က သူတို့ တစ်ဦးစီအတွက် ရေငှဲ့ပေးသည်။
လီချင်းချိုးက ဝေ့ဝဲကြည့်လိုက်ပြီး…. “မနက်ဖြန် မနက်ကျရင် ငါ မင်းတို့ကို ကျင့်စဉ်တစ်ခု သင်ပေးမယ်... မင်းတို့ ငါနဲ့အတူ ကျင့်ကြံကြရမယ်...” ဟု ပြောလိုက်သည်။
ထိုစကားကို ပြောလိုက်သည်နှင့် တပည့်များ ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး မည်သည့် ကျင့်စဉ်မျိုး ဖြစ်ကြောင်း စတင် မေးမြန်းကြသည်။
“ဒီကျင့်စဉ်ကို ဟွမ်ယွမ်ကျမ်းစာလို့ ခေါ်တယ်... အခုကစပြီး ဒါက ချင်းရှောင်းဂိုဏ်းရဲ့ အထွတ်အထိပ် ထူးခြားစွမ်းရည်ဖြစ်လာလိမ့်မယ်... ငါ့ခွင့်ပြုချက် မရှိဘဲ မင်းတို့ အပြင်ကို မဖြန့်ရဘူး...” ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်သည်။
သူသည် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို အနာဂတ်တွင် တစ်ဆင့်ချင်း သင်ပေးသွားမည် ဖြစ်သည်။
တကယ်တော့ သူကိုယ်တိုင်လည်း ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ အမွေအနှစ် အပြည့်အစုံကို အပြည့်အဝ မရရှိသေးပေ။
အမွေအနှစ် မှတ်ဉာဏ်၏ အချို့သော အစိတ်အပိုင်းများမှာ အလွန် ဝေဝါးနေပြီး သူ အဆင့်တစ်ခုသို့ ရောက်မှသာ အပြည့်အဝ ပြန်လည် သတိရနိုင်မည် ဖြစ်သည်။
“ဟွမ်ယွမ်ကျမ်းစာ က အတွင်းအားကို ကျင့်ကြံနိုင်လို့လား...” ကျန်းကျောက်ရှားက သံသယဖြင့် မေးလိုက်သည်။
လီချင်းချိုးက…. “မင်း လေ့ကျင့်ကြည့်ရင် သိလာမှာပါ...” ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
သူ့ သဘောထားက ကျန်းကျောက်ရှားကို အတော်လေး စိတ်ဓာတ်ကျစေသည်။ ကျန်းကျောက်ရှားကတော့ သူတို့ ယခင်က ရန်ဖြစ်ငြင်းခုံခဲ့သော အချိန်များကိုလွမ်းဆွတ်မိသည်။
“ဂိုဏ်းတူအစ်ကိုကြီး... တကယ်တော့ ကျွန်တော်တို့ သိုင်းပညာတွေ ပိုလိုအပ်ပါတယ်... အတွင်းအား တစ်ခုတည်း လေ့ကျင့်လို့ မရဘူးလေ... ပြီးတော့ ကျွန်တော်တို့အားလုံး တူညီတဲ့ သိုင်းပညာကို လေ့ကျင့်ဖို့ မလိုပါဘူး...”
ကျန်းကျောက်ရှား မပြောဘဲ မနေနိုင်တော့ချေ။
ကျန်းယွီချွန်းက “ဒါပေမဲ့ ငါတို့မှာ သိုင်းပညာ အပိုမရှိတော့ဘူးလေ...” ဟု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ကျန်းကျောက်ရှားက…..“တခြားလူတွေအတွက်တော့ ကျွန်တော် အကြံဉာဏ် သိပ်မပေးချင်ပါဘူး... ပဉ္စမညီလေးကို ကျွန်တော်နဲ့ လေ့ကျင့်ခိုင်းလိုက်ပါ... ကျွန်တော် သူ့ကို ပြင်ပသိုင်းပညာတစ်ခု သင်ပေးမယ်... သူ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်နဲ့ ပေါင်းစပ်လိုက်ရင် နောင်ကျရင် ချင်းရှောင်းဂိုဏ်းရဲ့ အဓိကထောက်တိုင်ကြီး ဖြစ်လာနိုင်တယ်...”
လီချင်းချိုးက စိတ်အနည်းငယ် သက်သာရာ ရသွားပြီး “တတိယညီလေး... မင်း နောက်ဆုံးတော့ ရွှေဒင်္ဂါးပြားတွေ ချပေးတော့မှာလား... အစ်ကိုကြီးက မင်း ကြီးပြင်းလာပြီး ဂိုဏ်းအတွက် စတင် အကျိုးပြုနေပြီမို့ အရမ်း ဝမ်းသာပါတယ်...” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရွှေဒင်္ဂါးပြားတွေ ချပေးတယ် ဟုတ်လား... ကျွန်တော့်မှာ ဘယ်က ရွှေဒင်္ဂါးပြား ရှိလို့လဲ...” ကျန်းကျောက်ရှား ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး... အခုကစပြီး မန်အာကို မင်းကို အပ်လိုက်မယ်... ငါ ရလဒ်ကို စစ်ဆေးမယ်... မင်း ကောင်းကောင်း သင်ပေးနိုင်ရင် နောင်ကျရင် ငါ မင်းကို ဓားကောင်းတစ်လက် ပေးမယ်...”
လီချင်းချိုး လက်ကာပြလိုက်သည်။ တပည့်များကြားတွင် ပါရမီနှင့် ကံတရား အားအကောင်းဆုံး ဖြစ်သော ကျန်းကျောက်ရှားမှလွဲ၍ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံသော ဝူမန်အာသည် မြင့်မားသော တိုက်ခိုက်ရေး အင်အားစု ဖြစ်လာရန် ပိုမို ဖြစ်နိုင်ချေ ရှိပုံရသည်။
ကျန်းဟူသိုင်းလောကတွင် အင်အားသည် အရေးကြီးဆုံး ဖြစ်သဖြင့် ချင်းရှောင်းဂိုဏ်းတွင် မြင့်မားသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ရမည်။
ကျန်းကျောက်ရှားက “ကျွန်တော် သေချာပေါက် ကောင်းကောင်း သင်ပေးမှာပါ... စောင့်သာ ကြည့်နေ...” ဟု နှာခေါင်းရှုံ့လိုက်သည်။
ဝူမန်အာက ဘာမှ နားမလည်ဘဲ ရူးကြောင်ကြောင် ရယ်မောနေသည်။
လီစီဖုန်းနှင့် လီစီကျင်တို့လည်း စတင် အော်ဟစ်လာကြပြီး တတိယအစ်ကိုကြီး သူတို့ကို သင်ပေးရန် မျှော်လင့်နေကြသော်လည်း ကံဆိုးသည်မှာ ကျန်းကျောက်ရှားက သူတို့ကို ချော့မော့ရန်ပင် စိတ်မဝင်စားပေ...
နံနက်စောစောတွင် လီချင်းချိုးက ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို ဂိုဏ်းတံခါးဝသို့ ခေါ်ဆောင်သွားပြီး တရားထိုင်စေသည်။
လူအများအပြား ရှိနေသဖြင့် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို ကမ်းပါးစွန်းသို့ ခေါ်သွားရန် မရဲပေ။
လူခုနစ်ယောက် ယှဉ်တွဲထိုင်နေကြသည်မှာ အတော်လေး ခမ်းနားသော မြင်ကွင်းပင်။
လီချင်းချိုးက အလယ်တည့်တည့်တွင် ထိုင်ပြီး ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို စတင် ရှင်းပြလေသည်။
အစပိုင်းတွင် ကျန်းကျောက်ရှားက ဂရုမစိုက်သော်လည်း တစ်ကြိမ် လေ့ကျင့်ပြီးနောက် သူ၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး လေးနက်လာသည်။
ဝူမန်အာ၊ လီစီဖုန်း နှင့် လီစီကျင်တို့ကို သင်ပေးရသည်မှာ အလွန် ဒုက္ခများလှသည်။
ပထမလူမှာ ဉာဏ်မကောင်းသလို နောက်နှစ်ယောက်မှာ အလွန် ငယ်ရွယ်ပြီး အရာများစွာကို နားမလည်ကြပေ။
လီချင်းချိုး အနေဖြင့် ချီစွမ်းအင် စုပ်ယူခြင်းနှင့် အသက်ရှူခြင်း နည်းလမ်းကို သူတို့ နားလည်သဘောပေါက်အောင် လုပ်ရန် တစ်ရက်တာအချိန်ယူ ခဲ့ရသည်။
ညနေစောင်းတွင် ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ စတင် ချက်ပြုတ်နေကြသည်။
လီချင်းချိုးကတော့သစ်ပင်အိုကြီး အောက်တွင် ထိုင်လျက် လင်ရွှန်းဖုန်း ချန်ထားခဲ့သော သိုင်းကျမ်း သုံးအုပ်ကို ကိုင်ထားသည်။
ကျန်းကျောက်ရှား ရုတ်တရက် လီချင်းချိုး၏ ရှေ့သို့ ရောက်လာပြီး မျက်လုံးများ တောက်ပလျက် …..“ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော် အတွင်းအားကို ကျင့်ကြံနိုင်ခဲ့ပြီ...” ဟု ပြတ်သားစွာ ပြောလိုက်သည်။
လီချင်းချိုး မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ “မင်း ဘာပြောတာလဲ...” ဟု မေးလိုက်သည်။
သူ့အတွက် ခုနစ်ရက်တိတိ ကြာခဲ့သည်ကို ကျန်းကျောက်ရှားက နေ့ဝက်သာ လိုအပ်သည်တဲ့လား...
သူ မယုံနိုင်ပေ…..
စကားတစ်ခွန်းမျှ မပြောဘဲ ကျန်းကျောက်ရှားက ညာလက်ကို မြှောက်ပြီး အနီးနားရှိ အိမ်အပေါ်ဘက် လေထဲသို့ ညွှန်ပြလိုက်တော့ မူလချီ တစ်မျှင် သူ၏ လက်ချောင်းထိပ်မှ ပေါက်ကွဲထွက်လာပြီး ပျံသန်းသွားကာ သစ်ပင်သစ်ကိုင်းတစ်ခုကို ဖြတ်တောက်လိုက်သည်။
လီချင်းချိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အနီးနားတွင် ကန်စွန်းဥမီးဖုတ်စားနေသော လီစီဖုန်းလည်း မျက်လုံးများ ပြူးကျယ်သွားသည်။
ကျန်းကျောက်ရှားကတော့ သူ၏ ညာလက် ညွှန်ပြနေသော နေရာကို လုံးဝ လှည့်မကြည့်ခဲ့ပေ။
လီချင်းချိုး၏ မျက်နှာထားကို မြင်သောအခါ မျက်နှာထားမော်ချီ၍
မာန်မာနထောင်လွှားသော ဟန်ပန်ကို ထုတ်ဖော်ပြသလိုက်သည်။
ခေတ္တမျှ အံ့သြသွားပြီးနောက် ကျန်းကျောက်ရှားကို ပြန်ကြည့်လိုက်ရာ သူ၏ အကြည့်များက ပြင်းပြလာသဖြင့် ကျန်းကျောက်ရှား ချက်ချင်းပင် နေရခက်သွားသည်။
“တတိယညီလေး... မင်းက 'အက်စ်အက်စ်အာ ကဒ်' (SSR card) ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး...” လီချင်းချိုးက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်သည်။
“ဘာ 'အက်စ်အက်စ်အာ ကဒ်' လဲ...”
ကျန်းကျောက်ရှား ဇဝေဇဝါ ဖြစ်သွားသည်၊ ဂိုဏ်းတူအစ်ကိုကြီးက သူ နားမလည်သော စကားလုံးများကို အမြဲတမ်း တီထွင်ပြောဆိုလေ့ ရှိသည်။
လီချင်းချိုးက လက်ထဲမှ သိုင်းကျမ်းများကို ချလိုက်ပြီး မတ်တတ်ရပ်ကာ ကျန်းကျောက်ရှား၏ ပခုံးများကို လက်နှစ်ဖက်ဖြင့် ဖိလျက် သူ့ကို စူးစိုက်ကြည့်ပြီး …..“တတိယညီလေး... မင်းလို ပါရမီရှင်တစ်ယောက် ဒီမှာ ရှိနေတော့ အစ်ကိုကြီးက ချင်းရှောင်းဂိုဏ်းရဲ့ အနာဂတ်အတွက် ပိုပြီး ယုံကြည်မှု ရှိလာပြီ... မင်း ရှိနေတာ တကယ် ကောင်းတာပဲ...” ဟု ပြောလိုက်သည်။
ကျန်းကျောက်ရှား၏ ပါးပြင်များ ရဲတက်သွားသည်။ ဘာပဲဖြစ်ဖြစ် သူသည် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ရှိသေးသည်။ လီချင်းချိုး၏ လေးနက်စွာ ချီးကျူးခြင်းကို ပထမဆုံးအကြိမ် ခံရခြင်း ဖြစ်သဖြင့် ရှက်သွားသည်မှာ မဆန်းပေ။
သူ ခေါင်းကို လှည့်လိုက်ပြီး နှုတ်ခမ်းဆူကာ …..“ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီးသားပါ...” ဟု ပြောလိုက်သည်။
လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်နေသည်။ သူ ကျန်းကျောက်ရှားကို ဆွဲခေါ်ကာ ထိုင်စေပြီး ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ ပထမအဆင့်၏ ကျင့်ကြံခြင်း သိမြင်နားလည်မှုများကို သူနှင့် ဆွေးနွေးလိုက်သည်။
ကျန်းကျောက်ရှားသည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူနှင့် လေးလေးနက်နက် ဆက်သွယ်ပြောဆိုလေသည်။
ခဏကြာ စကားပြောပြီးနောက် လီချင်းချိုး အများကြီး အကျိုးရရှိခဲ့သည်။ ကျန်းကျောက်ရှား၏ ကျင့်ကြံခြင်း ပါရမီသကအမှန်တကယ် ထူးချွန်ပြီး နားလည်သဘောပေါက်နိုင်စွမ်းက ပို၍ပင် ထူးခြားကြောင်း သူ ဝန်ခံရပေမည်။
ရက်များ ကုန်လွန်သွားပြီး ဆယ်ရက်အကြာတွင် လီတုန်းယွဲ့က မူလချီကို ကျင့်ကြံနိုင်သော တတိယမြောက် တပည့် ဖြစ်လာခဲ့ရာ လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။ သူ၏ ပါရမီ အလွန် ညံ့ဖျင်းလွန်းသည် မဟုတ်ဘဲ ကျန်းကျောက်ရှား၏ ပါရမီက အလွန် အားကောင်းလွန်းသောကြောင့်သာ ဖြစ်သည်။
၁၅ ရက်ကြာ ကျင့်ကြံပြီးနောက် ကျန်းယွီချွန်းသည်လည်း နောက်ဆုံးတွင် မူလချီကို သန့်စင်နိုင်ခဲ့သည်။
ကျန်းယွီချွန်းက ဤသတင်းကောင်းကို လီချင်းချိုးအား မတင်ပြမီ စတုတ္ထမြောက် လူတစ်ယောက် မူလချီ သန့်စင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိနှင့်ပြီးသား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့မျက်စိရှေ့တွင် စာတန်းတစ်ခု ပေါ်လာသောကြောင့် ဖြစ်သည် -
[ သင့် တာအိုမျိုးဆက် တပည့်များ၏ ထက်ဝက်ကျော်သည် မူလစတင်ခြင်းအဆင့်၊ ပထမအဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်သဖြင့် ချင်းရှောင်းဂိုဏ်းသည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု သတ်မှတ်နိုင်ပြီး အသင်သည် ကံကောင်းခြင်း အခွင့်အရေး တစ်ခု ရရှိပါသည်။ ]