ကံတရားကို ဖွင့်လှစ်ခြင်း….
Vol. 1 Ch. 5
"ဂိုဏ်းတူဦးလေး... ကျွန်တော် လျှို့ဝှက်ကျမ်းစာအုပ် မလိုအပ်ပါဘူး... အကယ်၍ဒီသိုင်းကျမ်းက တကယ်ပဲ အစွမ်းထက်တယ်ဆိုရင် ကျွန်တော့်ဆီကို ကပ်ဘေးတွေ သယ်ဆောင်လာနိုင်ပါတယ်... တကယ်လို့ ဦးလေးအနေနဲ့ စိတ်မသန့်ဖြစ်နေရင် ဒီကျမ်းစာအုပ်အစား ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီတွေ ပါဝင်နေတဲ့ဒီဓားမြှောင်လေးကို ပေးပါလား... အဆင်ပြေမလား..."
လီချင်းချိုးက ကျန်းခေါ်ထျန်း၏ လက်ထဲမှ လျှို့ဝှက်ကျမ်းစာအုပ်ကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်၏။ ထိုသို့ပြောနေစဉ် လက်ကို မြှောက်ကာ ဝိညာဉ်ချီများ ပါဝင်နေသည့် ဓားမြှောင်လေးကို ညွှန်ပြလိုက်သည်။
သူ့စကားကို ကြားသောအခါ ကျန်းခေါ်ထျန်း မျက်မှောင်ကြုတ်သွား၏။ သူက ဓားမြှောင်လေးအတွက် စိတ်ပူနေခြင်းမဟုတ်ဘဲ လီချင်းချိုး၏ စကားများကို စဉ်းစားနေခြင်း ဖြစ်သည်။
သူ့အနေဖြင့် လီချင်းချိုးကို အပြင်လူများအား ပြန်မပြောရန် မှာကြားလိုက်လျှင် အဆင်ပြေမည်ဟု တွေးထင်ထားသော်လည်း သိုင်းပညာဟူသည် လေ့ကျင့်လိုက်သည်နှင့် ထုတ်ဖော်ပြသရစမြဲ ဖြစ်ပေရာ တစ်သက်လုံး မည်သို့ လျှို့ဝှက်ထားနိုင်ပါမည်နည်း။
သူ့တွေးခေါ်မြော်မြင်မှုက ဤလူငယ်လေးလောက် မပြည့်စုံသည်ကို သတိပြုမိသွားပြီး အနည်းငယ် ရှက်ရွံ့သွားမိသည်။
လင်ရွှန်းဖုန်းတစ်ယောက် တောင်အောက်သို့ တစ်ယောက်တည်း ဆင်းသွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ဂိုဏ်းကို စောင့်ရှောက်ရန် ဤကလေးရှိနေသမျှ သူ စိတ်ချလက်ချ နေနိုင်ပေလိမ့်မည်။
ကျန်းခေါ်ထျန်း စဉ်းစားပြီးနောက် ဓားမြှောင်လေးကို ကောက်ယူကာ လီချင်းချိုးအား ပေးလိုက်ပြီး….. "ကောင်းပြီ... ငါတို့တွေက ကျန်းဟူသားတွေပဲ... သံယောဇဉ်တွေ ဖွဲ့မနေတော့ဘူး... နောင်တစ်ချိန် ဒုက္ခပြဿနာတွေ ကြုံလာခဲ့ရင် ဧကရာဇ်ဖြူစံအိမ်ကို လာပြီး ငါ့ကို ရှာပါ... ရေမီးအစုံကို ဖြတ်ကျော်ရပါစေ... ကိုယ်ခန္ဓာ အပိုင်းပိုင်း အစအန ပြတ်ပါစေ... ဂိုဏ်းတူဦးလေး လာရောက် ကူညီပေးမယ်..."
လီချင်းချိုးက ဓားမြှောင်လေးကို ယူလိုက်ပြီး ဝမ်းမြောက်စွာဖြင့်….
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူဦးလေး..."ဟု ဆိုလေသည်။
သူ၏ စိတ်လှုပ်ရှားနေသော အမူအရာက ကျန်းခေါ်ထျန်းကို ကျေနပ်သွားစေ၏။
သူသည် ဓားမြှောင်လေးကို ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီးနောက် ကျန်းခေါ်ထျန်းနှင့် တွေ့ဆုံရန် အခြားဂိုဏ်းသားများကို အိမ်ထဲမှ ခေါ်ထုတ်လိုက်သည်။
လူအရေအတွက် များလာသည်နှင့်အမျှ ခြံဝန်းလေးထဲပို၍သက်ဝင်လှုပ်ရှားလာ၏။
ဂိုဏ်းသားများက ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသော ကျန်းခေါ်ထျန်းကို အနည်းငယ် ကြောက်ရွံ့နေကြပြီး အစပိုင်းတွင် အလွန် အနေရခက်နေကြသော်လည်း ကျန်းခေါ်ထျန်းက ကျန်းဟူအကြောင်း ပြောပြသောအခါ သူတို့၏ အာရုံများ ပြောင်းလဲသွားကာ မကြာမီပင် ရင်းနှီးသွားကြပြီး မေးခွန်းများ မကြာခဏ မေးမြန်းလာကြသည်။
နာရီဝက်ခန့် ကြာသောအခါမိုးတိတ်သွားလေ၏။
ကျန်းကျောက်ရှားလည်း တောအုပ်ထဲမှ ထွက်လာသည်။ ဝိညာဉ်လမ်းစဉ် စတင်ကျင့်ကြံချိန်မှစ၍ ဤကောင်လေးက တစ်ကိုယ်တည်း ကျင့်ကြံရသည်ကို နှစ်သက်လာ၏။
လီချင်းချိုးအနေဖြင့် သူ၏ ကျင့်ကြံခြင်းနှင့် သစ္စာရှိမှုကို မြင်တွေ့နိုင်သဖြင့် သူ့ကို တိတ်ဆိတ်စွာ ကျင့်ကြံခွင့် ပြုထားလိုက်သည်။
ပါရမီရှင်ဟူသည် အမြဲတမ်း မသိမသာ လျှို့ဝှက်ချက် အနည်းငယ် ရှိတတ်စမြဲပင်….
ကျန်းခေါ်ထျန်းက ကျန်းကျောက်ရှားကို မြင်လိုက်သည်နှင့် အံ့အားသင့်သွားပြီး သူ့ကို လေ့လာကြည့်ရှုလိုက်သည်။
နှစ်ပေါင်းတစ်ရာအတွင်း ရှားပါးသော သိုင်းပညာ ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း ပြောဆိုပြီး ဧကရာဇ်ဖြူစံအိမ်သို့ ဝင်ရောက်ရန် ပြင်းပြင်းထန်ထန် ဖိတ်ခေါ်လေ၏။
ကံဆိုးစွာဖြင့် ကျန်းကျောက်ရှားမှာ စိတ်မလှုပ်ရှားခဲ့ပေ။ သူ၏ စကားများက ဧကရာဇ်ဖြူစံအိမ်အပေါ် သံသယရှိကြောင်းပင် ဖော်ပြနေသဖြင့် ကျန်းခေါ်ထျန်းကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ကျန်းကျောက်ရှားက ကျန်းခေါ်ထျန်းကို အလေးမထားကြောင်းနှင့် ပဋိပက္ခဖြစ်ရန် လုံးဝ မကြောက်ကြောင်း လီချင်းချိုး သတိပြုမိလိုက်သည်။
ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းက ပေးစွမ်းသော ယုံကြည်မှုမှာ အမှန်တကယ်ပင် အားကောင်းလွန်းလှ၏။
ကျန်းကျောက်ရှားသည် မူလစတင်ခြင်းအဆင့် ပထမအလွှာ၌သာ ရှိသေးသော်လည်း သူ၏ မူလချီမှာ ချင်းရှောင်းဂိုဏ်းတွင် အားအကောင်းဆုံး ဖြစ်သည်။
လီချင်းချိုး ဤအချက်ကို ခံစားမိနေ၏။
မူလစတင်ခြင်းအဆင့် ပထမအလွှာနှင့် ကျန်းဟူသိုင်းပညာရှင်တို့ကြား မည်မျှ ကွာခြားသည်ကို လီချင်းချိုး အလွန် သိချင်နေမိသည်။
တစ်ည ကုန်လွန်သွား၏…..
ကျန်းခေါ်ထျန်း မွန်းတည့်ချိန်အထိ အိပ်စက်ပြီးမှ ထလာကာ စားသောက်ပြီးသောအခါမှသာ လီချင်းချိုးနှင့် အခြားသူများကို နှုတ်ဆက်လေသည်။
မထွက်ခွာမီ လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ကို ချန်ထားခဲ့ပြီး ဝူမန်အာထံသို့ ထိုးထည့်ပေးခဲ့၏။
"နောင်တစ်ချိန် မင်းတို့ တောင်အောက်ဆင်းချင်ရင် ငါမအိုခင်လေး ဧကရာဇ်ဖြူစံအိမ်ကို လာပြီး ငါ့ကို လာတွေ့ကြဖို့ မမေ့နဲ့..."
ကျန်းခေါ်ထျန်းက ထွက်ခွာသွားရင်း ဟားတိုက် ရယ်မောလိုက်ပြီး လီချင်းချိုးနှင့် အခြားသူများကို လက်ပြနှုတ်ဆက်လိုက်ရာ အလွန်ပင် ခန့်ညားလှပေသည်။
လီချင်းချိုး ထိုသူထွက်ခွာသွားသည်ကို ကြည့်နေပြီး တောအုပ်ထဲသို့ ပျောက်ကွယ်သွားမှသာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဂိုဏ်းတူမောင်နှမများက ကျန်းခေါ်ထျန်းနှင့် ဧကရာဇ်ဖြူစံအိမ်အကြောင်း စတင် ဆွေးနွေးနေကြ၏။
လီချင်းချိုး လှည့်ပြီး ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ကျန်းကျောက်ရှားက နောက်မှ လိုက်လာ၏။ သူတို့နှစ်ဦး အခြားသူများနှင့် ဝေးကွာသွားသောအခါ ကျန်းကျောက်ရှားက လီချင်းချိုးအနားသို့ ကိုင်းညွှတ်ပြီး မေးလိုက်သည်။ "ဂိုဏ်းချုပ်အစ်ကို... ကျန်းခေါ်ထျန်းက အစ်ကို့ကို ဝိညာဉ်ချီ ပါဝင်တဲ့ ရတနာတစ်ခု ပေးခဲ့တာလား..."
လီချင်းချိုး၏ ရင်ဘတ်ထဲမှ အရာဝတ္ထုတစ်ခုဆီမှ ထွက်ပေါ်နေသော ဖျော့တော့သော ဝိညာဉ်ချီကို ကျန်းကျောက်ရှား ခံစားမိနေ၏။
အလွန် ဖျော့တော့သော်လည်း ထိုကဲ့သို့သော အရာဝတ္ထုမျိုးမှာ ရှားပါးလှပေသည်။
လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး …."ဟုတ်တယ်... အစ်ကို ဒါကို သေချာ လေ့လာလိုက်ဦးမယ်... နောက်ကျရင် ဂျူနီယာညီလေးအတွက်လည်း တစ်ခုလောက် ရအောင် လုပ်ပေးမယ်... မင်း နားလည်ရမှာက အစ်ကို့ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက မင်းလောက် မမြန်ဘူး... ဒါကြောင့် အားကိုးစရာလေး အနည်းငယ်တော့ လိုအပ်တယ်... တစ်နေ့နေ့ မင်း မရှိတော့ရင် ဂိုဏ်းချုပ်အစ်ကိုလည်း အသက်ကယ်ဖို့ နည်းလမ်းတစ်ခု လိုအပ်တယ်လေ..."
ဤစကားများက ကျန်းကျောက်ရှား၏ စိတ်ဓာတ်ကို မြင့်တက်သွားစေပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်တက်သွားသည်ကို မထိန်းနိုင်တော့ပေ။ ထို့နောက် သူက….. "ကျွန်တော်က ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ... အစ်ကို စိတ်ချပါ... ကျွန်တော် ရှိနေသမျှ ဘယ်သူကမှ ကျွန်တော်တို့ ချင်းရှောင်းဂိုဏ်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး..."
ကျန်းကျောက်ရှား၏
သဘာဝက မူလကပင် မာန်မာနကြီးသဖြင့် ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံကာ ဝိညာဉ်လမ်းစဉ်သို့ ဝင်ရောက်ပြီးကတည်းက ပို၍ပင် ဘဝင်မြင့်လာကာ သု့ကိုယ်သူ အလွန် သန်မာသည်ဟု ထင်မြင်ယူဆနေ၏။
ဂိုဏ်းတူညီအစ်ကို နှစ်ယောက်သား ဤကဲ့သို့ စကားစမြည် ပြောဆိုရင်း ခြံဝန်းဆီသို့ လျှောက်လာကြသည်။
ခြံဝန်းသို့ ပြန်ရောက်ပြီးနောက် လီချင်းချိုး အခန်းသို့ တစ်ယောက်တည်း ပြန်သွားပြီး ကျန်းကျောက်ရှားမှာမူ ထုံးစံအတိုင်း ကျင့်ကြံရန် နောက်ဖေးတောင်ဘက် တောအုပ်ထဲသို့ ဝင်ရောက် ပုန်းအောင်းနေလေသည်။
တံခါးပိတ်လိုက်ပြီးနောက် လီချင်းချိုး ကုတင်ပေါ်တွင် ထိုင်ကာ ဓားမြှောင်လေးကို ထုတ်ယူ၍ ဂရုတစိုက် ကိုင်တွယ်ကြည့်ရှုလိုက်၏။
ဝိညာဉ်ချီ ပါဝင်သော လက်နက်တစ်ခု….ဒါကမှော်လက်နက်တစ်ခု ဖြစ်နိုင်ပါသလား….
ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာသည် ရိုးရှင်းသော ချီစုပ်ယူသည့် ကျင့်စဉ်တစ်ခုသာ မဟုတ်ဘဲ ဆေးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အစီအရင်များနှင့် အဆောင်လက်ဖွဲ့များ၏ အခြေခံနည်းလမ်းများလည်း ပါဝင်လေသည်။
သူသည် ကျင့်စဉ်တွင် မှတ်တမ်းတင်ထားသော နည်းလမ်းအချို့ကို စတင် စမ်းသပ်ကြည့်လိုက်၏။
အရိုးရှင်းဆုံး နည်းလမ်းမှာ မှော်လက်နက်ထဲသို့ မူလချီ ထည့်သွင်းပြီး သခင်အဖြစ်
အသိအမှတ်ပြုသည့် တားမြစ်စည်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် သူ တစ်ကိုယ်လုံး တုန်ခါသွားပြီး ညာလက် ပြေလျော့သွားကာ ဓားမြှောင်လေး ကြမ်းပြင်ပေါ်သို့ ကျသွား၏။
တားမြစ်စည်း ရှိနေသည်ပဲ….
လီချင်းချိုးက တုန်ရီနေသော ညာလက်ကို ငုံ့ကြည့်လိုက်ရာ ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤအရာသည် တကယ်ပင် မှော်လက်နက်တစ်ခု ဖြစ်ပုံရ၏။
"ငါ့ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးပါလား... မူလစတင်ခြင်းအဆင့် ဒုတိယအလွှာကို တက်လှမ်းနိုင်မှပဲ ထပ်စမ်းကြည့်တော့မယ်..."
လီချင်းချိုး ကိုယ့်ဘာသာ တွေးလိုက်မိသည်။ ဤကြိုးပမ်းမှု တစ်ကြိမ်တည်းဖြင့် သူ၏ မူလချီ အများစု ကုန်ခမ်းသွားခဲ့ရာ သူ မတတ်နိုင်တော့ပေ။
သူ ထရပ်လိုက်ပြီး ဓားမြှောင်လေးကို ဂရုတစိုက် ကောက်ယူကာ ဘယ်နေရာတွင် ဝှက်ထားရမလဲဟု စဉ်းစားလိုက်၏။
အတော်ကြာ ကြိုးစားပြီးနောက် ဓားမြှောင်လေးကို ကုတင်အောက်ရှိ မြေကြီးထဲတွင် မြှုပ်နှံလိုက်ရာ ၎င်း၏ ဝိညာဉ်ချီကို ဖုံးကွယ်ထားနိုင်ရုံမျှသာ ရှိတော့သည်။
လီချင်းချိုး ကျေနပ်စွာဖြင့် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
နောက်တစ်ဆင့် အနေဖြင့် ဝူမန်အာအပေါ် အာရုံစိုက်ရန် စီစဉ်ထားပြီး ဝူမန်အာကို မူလစတင်ခြင်းအဆင့် ပထမအလွှာသို့ ရောက်ရှိအောင် ကူညီပေးကာ ကံတရားကို ဖွင့်လှစ်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် တစ်စုံတစ်ခုကိုလည်း မျှော်လင့်နေမိ၏။
ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းသို့ ဝင်ရောက်လာသူတိုင်း တာအိုမျိုးဆက် ဇယား ဆုလာဘ်ကို ရရှိကြမည်လား။
... ကျန်းခေါ်ထျန်းသည် ချင်းရှောင်းဂိုဏ်းအတွက် ကြားဖြတ်ဇာတ်လမ်းတိုလေး တစ်ခုသာ ဖြစ်ခဲ့သည်။
လီချင်းချိုးက ပဉ္စမမြောက် ဂျူနီယာညီလေး ဝူမန်အာကို အလှည့်ကျ သင်ကြားပေးရန် သူ၏ ဂိုဏ်းတူမောင်နှမများကို စီစဉ်ပေးလိုက်၏။
ဝူမန်အာသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသော်လည်း ထပ်ခါတလဲလဲ လမ်းညွှန်မှုမှတစ်ဆင့် နောက်ဆုံးတွင် ကြွက်သားမှတ်ဉာဏ် ရရှိလာပြီး ချီစုပ်ယူသည့် နည်းလမ်းနှင့် အသားကျလာကာ ဆောင်းရာသီ မရောက်မီပင် မူလစတင်ခြင်းအဆင့် ပထမအလွှာသို့ ဝင်ရောက်နိုင်ခဲ့သည်။
"သင်၏ ဂိုဏ်းသားအားလုံး မူလစတင်ခြင်းအဆင့် ပထမအလွှာသို့ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့သည့်အတွက် ဤသည်မှာ ချင်းရှောင်းဂိုဏ်းအတွက် မှတ်တိုင်တစ်ခု ဖြစ်သည်။ သင်သည် အမွေအနှစ် ဆုလာဘ် အခွင့်အရေး တစ်ခု ရရှိပါသည်။"
တောင်ထိပ်ပေါ်တွင် ခြေချိတ်ထိုင်ကာ ချီစုပ်ယူနေသော လီချင်းချိုး၏ မျက်စိရှေ့တွင် စာသားတစ်ကြောင်း ပေါ်လာကာ သူ မျက်လုံး မှိတ်ထားလျှင်ပင် မြင်နေရသည်။
သူ ချက်ချင်း ဝမ်းသာသွားမိ၏။ တကယ်ပဲ အမွေအနှစ် ဆုလာဘ် ရှိနေသည်ပဲ။
သူသည် ၁၀ ပေခန့် နောက်ဆုတ်လိုက်ပြီး ချောက်ကမ်းပါးမှ ပြုတ်မကျစေရန် သေချာအောင် လုပ်ပြီးနောက် အမွေအနှစ် ဆုလာဘ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
"အမွေအနှစ် ဆုလာဘ် လက်ခံရယူခြင်း"
"တာအိုမျိုးဆက် ဇယား အမွေအနှစ်ကို အသက်သွင်းခြင်း"
"သင်သည် လေကျင့်စဉ်မန္တန်ကို ရရှိလိုက်သည်။"
"အမွေအနှစ်ကို လက်ခံပါသလား..."
လီချင်းချိုး၏ စိတ်ထဲသို့ အချက်အလက်များ ချက်ချင်း ဝင်ရောက်လာပြီး မျက်လုံးများ မှိတ်သွား၏။
လေအေးများ တဝေါဝေါ တိုက်ခတ်နေပြီး တောင်တန်းများကို မြူခိုးများထူထပ်စွာ ဖုံးလွှမ်းထားကာ ကောင်းကင်မှ နှင်းများ စတင် ကျဆင်းလာပြီး လီချင်းချိုးအပေါ်သို့ ကျရောက်နေသော်လည်း မလှုပ်မယှက် ငြိမ်သက်နေ၏။
အမွှေးတိုင် တစ်တိုင်စာခန့် အချိန်ကြာပြီးနောက် လီချင်းချိုး မျက်လုံး ဖွင့်လိုက်ရာ ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်နေသည်။
လေကျင့်စဉ်သည် မန္တန်တစ်ခုဟူသော အမည်နှင့် တကယ်ပင် လိုက်ဖက်လှပေသည်။
၎င်းသည် ဝိညာဉ်လေကို လွှမ်းခြုံစေပြီး အနိမ့်ပိုင်း ပျံဝဲခြင်းနှင့် ရုပ်ခန္ဓာ၏ တုံ့ပြန်မှု အမြန်နှုန်းကို မြှင့်တင်ပေးနိုင်၏။ ဤကဲ့သို့သော မန္တန်မျိုးသည် တောင်များနှင့် တောအုပ်များတွင် အလွန် အဆင်ပြေလှသည်။
လီချင်းချိုး၏ ပထမဆုံး အတွေးမှာ ၎င်းကို သင်ယူပြီးနောက် တောင်အောက်ဆင်းရသည်မှာ မည်မျှ လွယ်ကူသွားမည်နည်း ဟူ၍ ဖြစ်သည်။
သူ ထရပ်လိုက်ပြီး လေကျင့်စဉ်ကို လေ့ကျင့်ရန် စိတ်အားထက်သန်နေ၏။
လေကျင့်စဉ်ကို တောင်ထိပ်ပေါ်တွင် လေ့ကျင့်၍ မဖြစ်ပေ။ ပြုတ်ကျပြီး သေသွားလျှင် မည်သို့ လုပ်မည်နည်း။
ဝိညာဉ်လောက၏ မဟာလူသားကြီးတစ်ဦး ဤနေရာတွင် သေဆုံးလို့မဖြစ်ချေ….
နေဝင်သွားပြီး လထွက်လာကာ နှင်းများ ပိုမို သည်းထန်လာ၏။
ထိုညနေခင်းတွင် ချင်းရှောင်းဂိုဏ်းသားများက ဝူမန်အာ မူလချီ ကျင့်ကြံအောင်မြင်မှုကို ဂုဏ်ပြုကြသည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့က ဂုဏ်ပြုရန် ကြက်တစ်ကောင် သတ်ကြပြီး ဆရာသခင်၏ နှစ်ပေါင်း ၂၀ ကြာ သက်တမ်းရှိ ဝိုင်အရက်ကိုပင် ထုတ်ယူလာကြသည်။
ဝူမန်အာသည် ၁၃ နှစ်သာ ရှိသေးသော်လည်း ကျယ်ပြန့်သော ကျောပြင်နှင့် သန်မာသော ပခုံးများ ပိုင်ဆိုင်မည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။ သူသည် လူကြီးတစ်ယောက်ကဲ့သို့ လီစီဖုန်းနှင့် လီစီကျင်တို့ ကြားတွင် ထိုင်နေပြီး သူ၏ ပခုံးအကျယ်မှာ ထိုနှစ်ယောက် ပေါင်းထားသည်နှင့်အမျှ ရှိနေ၏။
ကျန်းကျောက်ရှားက လီချင်းချိုး ဘေးတွင် ထိုင်ပြီး ဝူမန်အာကို ကြည့်ကာ ဂုဏ်ယူသော အပြုံးဖြင့် ပြောလိုက်သည်။ "ပဉ္စမမြောက် ဂျူနီယာညီလေးက နည်းနည်း နှေးချင်နှေးမယ်... ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာ ပါရမီက ကျွန်တော်တို့ထဲမှာ အားအကောင်းဆုံးပဲ... ကျွန်တော့်ကို ၁၀ နှစ်... မဟုတ်ဘူး... ၅ နှစ်လောက် အချိန်ပေး... သူ့ကို ထိပ်တန်း ကျန်းဟူ သိုင်းပညာရှင်တစ်ယောက် ဖြစ်အောင် ကျွန်တော် လုပ်ပေးနိုင်တယ်..."
လီချင်းချိုးက ဝိုင်ထည့်လိုက်ပြီး ပြုံးလိုက်၏။ "မင်းအတွက် ပြောရတာ လွယ်တာပေါ့... မင်းရော ဘယ်လိုလဲ... ကိုယ့်ကိုကိုယ် ထိပ်တန်း သိုင်းပညာရှင်လို့ ထင်နေတာလား..."
သူ စကားမပြောဘဲ နေလိုက်လျှင် ပိုကောင်းမည် ဖြစ်သည်။ သူ၏ စကားများက ကျန်းကျောက်ရှားကို ချက်ချင်း ဂုဏ်ယူဝင့်ကြွားသွားစေ၏။
"မပြောပါနဲ့တော့... ကျွန်တော်က အခုတောင် ထိပ်တန်း သိုင်းပညာရှင် ဖြစ်နေလောက်ပြီ... ပြောရဦးမယ်... ဂိုဏ်းချုပ်အစ်ကို... အစ်ကို့ရဲ့ အတွင်းအားကျင့်စဉ်က အရမ်း အားကောင်းတယ်... ကျန်းဟူမှာဆိုရင် သေချာပေါက် နတ်ဘုရားအဆင့် ကျင့်စဉ်ပဲ..."
ကျန်းကျောက်ရှားက နောက်ဆုံးတွင် ထူးထူးခြားခြား လီချင်းချိုးကို ချီးကျူးလိုက်သဖြင့်
လီချင်းချိုး တိတ်တဆိတ် ရယ်မောလိုက်၏။
ညီလေး... ဒါက သိုင်းပညာ နတ်ဘုရားအဆင့် ကျင့်စဉ် မဟုတ်ဘူးကွ... ဒါက ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်း ကျင့်စဉ်…
လီချင်းချိုးက ဤအရာကို ထုတ်ဖော်ပြောရန် ရည်ရွယ်ချက် မရှိပေ။ ယခုအချိန်အထိ ဂိုဏ်းတူမောင်နှမ အားလုံးက ကျင့်ကြံနေသည်မှာ အတွင်းအားချီ ဟုသာ ယုံကြည်နေကြဆဲ ဖြစ်သည်။
အားလုံး အလွန် ပျော်ရွှင်နေကြပြီး အနာဂတ်ကို မျှော်လင့် စောင့်စားလာကြသည်။
ဝိုင်အရှိန်ဖြင့်မူးနေသော ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ပြီး….
"ဂိုဏ်းချုပ်အစ်ကို... ကျွန်တော်တို့ ဂိုဏ်းသားသစ်တွေကို စောစော လက်ခံသင့်တယ်လို့ ထင်တယ်... ဂိုဏ်းတူမောင်နှမတွေ အားလုံးက ကျင့်ကြံဖို့ လိုအပ်နေပြီး ကျွန်တော်လည်း ဂိုဏ်းရဲ့ အိမ်မှုကိစ္စတွေနဲ့ ပိနေပြီ... အကုန်လုံး မလုပ်နိုင်တော့ဘူး..."
သူလည်း ဆရာသခင် ဖြစ်ချင်သေးသည်လေ။
အနာဂတ် ချင်းရှောင်းဂိုဏ်းတွင် ဝါစဉ်ကြီးခြင်းကိုသာ အားကိုးနေလျှင် လေးစားမှုရရန် ခက်ခဲမည်ကို သူ ကောင်းစွာ သိသည်။ မာကျောသော လက်သီးများသာလျှင် စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။
လီချင်းချိုးက ဤကာလအတွင်း ကျန်းယွီချွန်း၏ စွမ်းဆောင်ရည်ကို အလွန် ကျေနပ်မိပြီး ဒုတိယမြောက် ဂျူနီယာညီလေး အလွန် ပင်ပန်းနေသည်ဟု ခံစားမိ၏။
"ဒါဆိုရင် လူ ၇ ယောက်လောက် အရင် လက်ခံကြတာပေါ့... မင်းပဲ ဒီကိစ္စကို စီစဉ်လိုက်... ကျားမ မရွေး တောင်အောက်က ရွာတွေမှာ သွားပြီး လူသစ်စုလိုက်... ငါတို့က အစားအသောက်နဲ့ တည်းခိုစရာ ပေးမယ်... ပိုက်ဆံ မကောက်ဘူး... ကျေးဇူးဆပ်တာလို့ပဲ ပြောလိုက်... တကယ်လို့ ဂိုဏ်းသားသစ်တွေက ၁၀ နှစ်လောက် ကျင့်ကြံပြီးရင် အိမ်ပြန်ချင်တယ် ဆိုရင်လည်း ငါတို့ တားမှာ မဟုတ်ဘူး..."
လီချင်းချိုး ခေါင်းညိတ်လိုက်သည်။
ကျန်းယွီချွန်းက အစပိုင်းတွင် ပျော်ရွှင်သွားသော်လည်း နောက်ဆုံး စကားကို ကြားသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
"ဂိုဏ်းချုပ်အစ်ကို... တကယ်လို့ သူတို့ကို တောင်အောက် ဆင်းခွင့်ပြုလိုက်ရင် သူတို့ကို ပြုစုပျိုးထောင်ပေးတဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေ အားလုံး အလဟဿ ဖြစ်မသွားဘူးလား..." ဟု ကျန်းယွီချွန်းက အကြံပေးလိုက်၏။
လီချင်းချိုးက လက်ကာပြလိုက်ပြီး …. "အဲဒီလို တွက်လို့ မရဘူး... သူတို့က ငါတို့ဆီမှာ ၁၀ နှစ်ကြာအောင် အလုပ်လုပ်ပေးခဲ့ပြီးပြီ... တကယ်လို့ ချင်းရှောင်းဂိုဏ်းက လူတွေကို မထိန်းသိမ်းထားနိုင်ဘူး ဆိုရင် ငါတို့ဘက်က လုံလောက်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဆိုလိုတာပဲ..."
ဤစကားကို ကြားပြီးနောက် ကျန်းယွီချွန်း သဘာဝကျသည်ဟု ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် လီချင်းချိုးအပေါ် လေးစားမှု တိုးပွားလာသည်။
ဂိုဏ်းချုပ်အစ်ကိုမှာ ကြီးမားသော မျှော်မှန်းချက် ရှိပါပေသည်။
ဆရာသခင် သူ့ကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
နှိုင်းယှဉ်ကြည့်လျှင် သူကိုယ်တိုင်က မလုံလောက်သေးဘဲ အကျိုးအမြတ်ကိုသာ အလွန်အမင်း အာရုံစိုက်နေမိသည်။
ကျန်းယွီချွန်းနှင့် လီချင်းချိုးတို့ ချင်းရှောင်းဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ဆွေးနွေးနေကြစဉ် အခြားဂိုဏ်းသားများက ကျင့်ကြံခြင်းနှင့် ကျန်းဟူအကြောင်းအရာများကို ပြောဆိုနေကြ၏။ သူတို့၏ ပျော်ရွှင်ဖွယ် ရယ်မောသံများက ခြံဝန်းကို သက်ဝင်လှုပ်ရှားစေပြီး ဆောင်းရာသီ နှင်းများပင်လျှင် ဤနေရာရှိ တက်ကြွသော သက်စောင့်ချီကို မငြိမ်းသတ်နိုင်ပေ။
ညစာစားပွဲ ပြီးဆုံးပြီးနောက် လီချင်းချိုး ဂိုဏ်းတူမောင်နှမများကို စားပွဲများ ရှင်းလင်းခိုင်းလိုက်ပြီး သူကမူ အခန်းသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
ကျန်းကျောက်ရှားလည်း အိမ်မှုကိစ္စ မလုပ်သော်လည်း လီချင်းချိုးမှလွဲ၍ မည်သူမျှ သူ့ကို ဘာမှ မပြောရဲကြပေ။
လီချင်းချိုးက မီးသွေးအပြည့်ပါသော မီးဖိုကို ကုတင်ရှေ့တွင် ထားလိုက်ပြီးနောက် ကုတင်ပေါ်သို့ တက်လိုက်သည်။
သူသည် တာအိုမျိုးဆက် ဇယားကို ခေါ်ယူပြီး ကံတရားကို အသက်သွင်းလိုက်၏။
"ကံကောင်းခြင်း ဆုလာဘ် လက်ခံရယူခြင်း"
"ကံကောင်းခြင်းကို အသက်သွင်းခြင်း"
"ကံကောင်းခြင်း ရှာဖွေမှု စတင်နေပြီ။"
"ကံကောင်းခြင်းကို ဖမ်းယူရရှိသည်။ မြေအောက်စိတ်ဝိညာဉ်ရေအိုင် တစ်ခု တွေ့ရှိသည်။ ကံကောင်းခြင်း လမ်းညွှန်မှုကို လက်ခံပါသလား..."
မြေအောက်စိတ်ဝိညာဉ်ရေအိုင် ဟုတ်လား….
လီချင်းချိုး မျက်ခုံးပင့်လိုက်၏။ သူ ထီပေါက်သွားသလို ခံစားလိုက်ရသည်။
ဤအရာသည် ချင်းရှောင်းဂိုဏ်း တက်လှမ်းခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပေသည်။