မျှော်လင့်ချက်မဲ့သော အခြေအနေတွင် အသန်မာဆုံး….
Vol. 1 Ch. 7
"နဂါးသတ်သူရဲကောင်း ဟုတ်လား..."
လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အံ့သြစရာကောင်းသည်မှာ သူတို့ သူ့အကြောင်း ကြားဖူးကြသည်။ဒါကလည်း ကျန်းခေါ်ထျန်း ဆီကဖြစ်သည်။ ကျန်းခေါ်ထျန်း တောင်အောက်သို့ အလောတကြီး ဆင်းသွားရခြင်းမှာ နဂါးသတ်သူရဲကောင်းနှင့် ချန်ဟိုင် ဓားသူတော်စင် (ပင်လယ်ဓားသူတော်စင်) တို့၏ တိုက်ပွဲကို သွားရောက် ကြည့်ရှုချင်သောကြောင့် ဖြစ်သည်။
သူ မထွက်ခွာမီ ဤသတင်းအချက်အလက်ကို ပြောပြခဲ့ခြင်းသာ ဖြစ်ပြီး နဂါးသတ်သူရဲကောင်းအကြောင်း များများစားစား ရှင်းပြမသွားခဲ့ပေ။
ကျန်းဟူတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိပြီး လီချင်းချိုးနှင့် အခြားသူများ သိပ်အာရုံမစိုက်ခဲ့ကြပေ။
ကျန်းခေါ်ထျန်း ပြောခဲ့သော နဂါးသတ်သူရဲကောင်း ချင်းရှောင်းဂိုဏ်း တောင်ခြေသို့ ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
"ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ..." ဟု လီချင်းချိုး သတိထားပြီး မေးလိုက်တော့
ရန်ကျွယ်တိန် ခါးသီးစွာ ပြုံးလိုက်သည်။
"သိသာပါတယ်...ကျုပ်က ရန်သူတွေဆီကနေ ထွက်ပြေးလာတာပါ... ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး... ကျုပ်ရန်သူတွေ ထွက်သွားတာ ကြာပါပြီ... ကျုပ်ရဲ့ အတွင်းအား သိုင်းပညာကို အားကိုးပြီး ၇ ရက်လုံးလုံး အသက်ရှူအောင့်ထားခဲ့တယ်... သူ့ကို မတွေ့တော့ဘူး..."
၇ ရက်လုံးလုံး အသက်ရှူအောင့်ထားတယ် ဟုတ်လား….
အဲဒီလောက်တောင် စွမ်းတာလား….
လီချင်းချိုးနှင့် ကျန်းယွီချွန်း အလွန် ဗဟုသုတ တိုးသွားကြသော်လည်း ရန်ကျွယ်တိန်၏ စကားကို လွယ်လွယ်နှင့် မယုံကြည်ကြပေ။
ရန်ကျွယ်တိန်က….. "ခင်ဗျားတို့ တောင်တက် တောင်ဆင်း လုပ်နေတာ ကြည့်ရတာ ရွာသားတွေ မဟုတ်လောက်ဘူး... ခင်ဗျားတို့က ချင်းရှောင်းဂိုဏ်းက ဂိုဏ်းသားတွေ မဟုတ်လား... ကျုပ် ခင်ဗျားတို့ရဲ့ ဆရာသခင် လင်ရွှန်းဖုန်းနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ်... သူ့ရဲ့ စိတ်နေသဘောထားကို တော်တော် သဘောကျတယ်... ကျုပ်ကို ပြန်ခေါ်သွားပါလား... ဒဏ်ရာတွေ သက်သာသွားရင် ခင်ဗျားတို့ကို သိုင်းပညာ သင်ပေးမယ်...ကျုပ်မှာလက်ဝါးသိုင်းကွက် တစ်စုံ ရှိတယ်... ရိုက်ချက်တစ်ချက်က တောင်တွေနဲ့ ပင်လယ်တွေကို ရွေ့လျားစေနိုင်ပြီး ကျန်းဟူကို လှုပ်ခါနိုင်စေလိမ့်မယ်..."
လင်ရွှန်းဖုန်းအကြောင်း ထည့်ပြောလိုက်သောအခါ လီချင်းချိုးတို့ အနည်းငယ် စိတ်အေးသွားကြသည်။
"ဆရာသခင်ရဲ့ ဂုဏ်သတင်းက ကျန်းဟူမှာ တော်တော်လေး ကျော်ကြားမယ်လို့ မထင်ထားဘူး... အလကား ကြွားလုံးထုတ်တာတော့ မဟုတ်ဘူးပဲ..."
လီချင်းချိုး ကိုယ့်ဘာသာ တွေးလိုက်မိ၏။
သူ ချက်ချင်း သဘောမတူသေးဘဲ ကောင်းကျိုးဆိုးကျိုးများကို စတင် ချိန်ဆနေသေးသည်။
ရန်ကျွယ်တိန်က….."ဒီဒဏ်ရာရပြီးနောက်ပိုင်း ကျုပ် ကျန်းဟူကနေ
အနားယူချင်ပြီ...ချင်းရှောင်းဂိုဏ်းက ကောင်းပါတယ်... လောကီရေးရာတွေနဲ့ ဝေးတယ်လေ... တကယ်လို့ ခင်ဗျားတို့ အလုပ်ကြမ်းလုပ်ဖို့ လူလိုရင် ကျုပ် လုပ်နိုင်ပါတယ်... ထမင်းတစ်နပ်နဲ့ ကောက်ရိုးဖျာတစ်ချပ် ပေးရင် ရပြီ..."
ကျန်းယွီချွန်း အနည်းငယ် စိတ်ဝင်စားသွားပြီး လီချင်းချိုးကို ကြည့်လိုက်၏။
လီချင်းချိုး ရုတ်တရက် အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်က….
"ခင်ဗျား ချင်းရှောင်းဂိုဏ်းကို ဝင်ချင်တယ်ဆိုရင် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်နာရမယ်... အခု ချင်းရှောင်းဂိုဏ်း ဘက်ကို မျက်နှာမူပြီး ဒူးထောက်လိုက်... ပြီးရင် ကတိသစ္စာ ၃ ချက် ဆိုရမယ်..."
"ပထမ... ဂိုဏ်းတူမောင်နှမ အချင်းချင်း ဘယ်တော့မှ မထိခိုက်စေရဘူး..."
"ဒုတိယ... ချင်းရှောင်းဂိုဏ်းရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ မပျက်စီးစေရဘူး..."
"တတိယ... ချင်းရှောင်းဂိုဏ်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒရှိရမယ်..."
ကျန်းယွီချွန်း အံ့သြသွားသည်။
ဒီစည်းကမ်းတွေ ဘယ်တုန်းက ချမှတ်လိုက်တာလဲ…..
သူ နားမလည်သော်လည်း အသံတစ်ခွန်းမျှ မထွက်ဘဲ မျက်နှာထား တည်တည်ဖြင့်သာ နေလိုက်သည်။
ရန်ကျွယ်တိန်က ဤကတိသစ္စာ ၃ ချက်ကို အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆသည်။ထိုအချက်များက သူ၏ မူဝါဒများကို မချိုးဖောက်ပေ။
ထို့ကြောင့် ပင်ပန်းကြီးစွာ ထလိုက်ပြီး လီချင်းချိုး ညွှန်ပြသည့် ဘက်သို့ ဒူးထောက်လိုက်ကာ လက်တစ်ဖက် မြှောက်ပြီး လီချင်းချိုး ပြောခဲ့သည့် ကတိသစ္စာ ၃ ချက်ကို လိုက်ဆိုကာ ကျိန်ဆိုလိုက်လေသည်။
ထိုအခါ လီချင်းချိုး ချက်ချင်းပင် တာအိုမျိုးဆက် ဇယားကို ဆွဲထုတ်ပြီး စစ်ဆေးလိုက်သည်။
သေချာပါသည်….ဂိုဏ်းသားစာရင်းတွင် လူတစ်ယောက် တိုးလာခဲ့ချေပြီ….
သူ ဝင်ရောက်ကြည့်ရှုလိုက်ရာ ရန်ကျွယ်တိန်၏ ကိုယ်စားပြုရုပ်ပုံကို တွေ့လိုက်ရသည်။
[အမည်- ရန်ကျွယ်တိန်]
[ကျား/မ- ကျား]
[အသက်- ၃၅ နှစ်]
[သစ္စာရှိမှု (ဂိုဏ်းချုပ် / ဂိုဏ်း)- ၅၀ / ၅၀ (အများဆုံး ၁၀၀)]
[ကျင့်ကြံမှု ပါရမီ-ကောင်းမွန်သည်]
[နားလည်သဘောပေါက်နိုင်စွမ်း-ကောင်းမွန်သည်]
[ကံတရား- သူရဲကောင်းဆန်ပြီး တရားမျှတခြင်း၊ မျှော်လင့်ချက်မဲ့သော အခြေအနေတွင် အသန်မာဆုံး]
[သူရဲကောင်းဆန်ပြီး တရားမျှတခြင်း- အခြားသူများအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံလိုစိတ် ရှိခြင်း၊ တရားမျှတမှုကို ဘဝစည်းမျဉ်းအဖြစ် ခံယူထားခြင်း၊ အသေးငယ်ဆုံးသော ကြင်နာမှုကိုပင် စမ်းချောင်းပမာ ပြန်လည် ပေးဆပ်တတ်ခြင်း]
[မျှော်လင့်ချက်မဲ့သော အခြေအနေတွင် အသန်မာဆုံး-မျှော်လင့်ချက်မဲ့သော အခြေအနေများတွင် ပိုမိုကြီးမားသော ခွန်အားကို ထုတ်ဖော်နိုင်ခြင်း]
... "သူရဲကောင်းဆန်ပြီး တရားမျှတခြင်း" ဟူသော စာလုံး ၄ လုံးကို မြင်လိုက်ရသဖြင့် လီချင်းချိုး ချက်ချင်း စိတ်အေးသွား၏။
"မျှော်လင့်ချက်မဲ့သော အခြေအနေတွင် အသန်မာဆုံး" ဟူသော ကံတရားကို သူ အလွန် သိချင်နေမိသည်။
ရန်ကျွယ်တိန် သေမင်းလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းမှာ သေချာပေါက် သေမည့် အခြေအနေမှ တိုက်ခိုက်ထွက်ခွာလာနိုင်ခြင်းကြောင့် ဖြစ်ပေမည်လား။
လီချင်းချိုး သိပ်အများကြီး ဆက်မတွေးတော့ပေ။ သူ တာအိုမျိုးဆက် ဇယားကို ပိတ်လိုက်ပြီး …..
"ယွီချွန်း... သူ့ကို ထူပေးလိုက်... သွားကြစို့..."
ကျန်းယွီချွန်း တွန့်ဆုတ်နေသော်လည်း အမိန့်ကို နာခံလိုက်သည်။
ရန်ကျွယ်တိန် အထူခံလိုက်ရပြီး ပြုံးစိစိဖြင့်…. "လူငယ်လေးတွေ နာမည် ဘယ်လိုခေါ်လဲ..." ဟု မေးလိုက်တော့….
"ကျွန်တော့်နာမည် လီချင်းချိုး... ချင်းရှောင်းဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ်ပါ... သူ့နာမည်က ကျန်းယွီချွန်း... ကျွန်တော့်ရဲ့ ဒုတိယ ဂျူနီယာညီလေးပါ..."ဟု ပြန်ဖြေလိုက်သည်။
"သူရဲကောင်းဆန်ပြီး တရားမျှတခြင်း" ဟူသော စာလုံး ၄ လုံးမှာ ကြင်နာလွန်းလှသည်၊ ယခု ရန်ကျွယ်တိန်၏ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားပြီဟု သူ ခံစားနေရ၏။
ဤလူ၏ ဆရာသခင်အဖြစ် ဂုဏ်သတင်းမှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။
တစ်ခုတည်းသော နှမြောစရာမှာ ရန်ကျွယ်တိန်၏ စွမ်းရည်များ မည်မျှ သန်မာသည်ကို သူ မသိနိုင်ခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ် ဟုတ်လား... ဒါဆို လင်ရွှန်းဖုန်းကရော..." ရန်ကျွယ်တိန် အံ့သြစွာ မေးလိုက်သည်။
"ကျွန်တော့် ဆရာသခင်က အင်မော်တယ် လိုက်ရှာဖို့ သွားတယ်... ကျွန်တော်တို့ကို စွန့်ပစ်သွားတာ..."
ကျန်းယွီချွန်း ဤစကားကို ပြောသောအခါ လေသံတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
လင်ရွှန်းဖုန်း သူ့ကို ချင်းရှောင်းဂိုဏ်းသို့ ပြန်ခေါ်လာချိန်ကတည်းက သူ့ကို စောင့်ရှောက်ခဲ့သူမှာ အခြေခံအားဖြင့် လီချင်းချိုးသာ ဖြစ်သည်။ သူ လင်ရွှန်းဖုန်းနှင့် စကားအနည်းငယ်သာ ပြောခဲ့ရပြီး ယခု လင်ရွှန်းဖုန်း၏ စွန့်ပစ်ခြင်း ခံလိုက်ရသဖြင့် မည်သို့ နာကြည်းခြင်း မရှိဘဲ နေပါမည်နည်း။
"အင်မော်တယ် လိုက်ရှာတယ် ဟုတ်လား..."
ရန်ကျွယ်တိန် အံ့သြစွာဖြင့် လျှာတစ်ချက် သပ်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
သူတို့ ၃ ဦး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုရင်း ခြေလှမ်း မရပ်တန့်ခဲ့ကြပေ။
ချင်းရှောင်းဂိုဏ်းသို့ ပြန်ရောက်ရန် တစ်နာရီတိတိ ကြာမြင့်ခဲ့သည်။
ပြန်ရောက်သောအခါ လီတုန်းယွဲ့၊ လီစီကျင်နှင့် လီစီဖုန်းတို့ ဝိုင်းအုံလာကြ၏။ လူတစ်ယောက် ပိုလာသည်ကို မြင်သောအခါ သူတို့အားလုံး အလွန် သိချင်နေကြသည်။
လီချင်းချိုးက ရန်ကျွယ်တိန် ယာယီ တည်းခိုရန်အတွက် ဆရာသခင်၏ အခန်းကို ရှင်းလင်းပေးရန် သူတို့ကို ပြောလိုက်သည်။
လင်ရွှန်းဖုန်း၏ အခန်းတွင် ရတနာများ မရှိကြောင်း လီချင်းချိုး စစ်ဆေးပြီး ဖြစ်သည်။ ထိုအခန်းက သူ့အခန်းထက်ပင် ပိုမို ရိုးရှင်းနေပြီး လုံးဝ ဆင်းရဲမွဲတေသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ပေ။
ရန်ကျွယ်တိန်ကလည်း အားနာမနေပေ။ မပြောင်းရွှေ့မီ ကျန်းယွီချွန်းကို သူ့အတွက် ဝိုင်အဟောင်း ၂ အိုး ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။
ကြက်သားပါလျှင် ပိုကောင်းမည်ဟုပင်ဆိုသေးသည်။
ကျန်းယွီချွန်း သူ့ကို အလိုမလိုက်ဘဲ ဝိုင်တစ်အိုးသာ ပေးလိုက်သည်။
နောက်ထပ် နေ့ဝက်ခန့်ကြာသည်အထိ ရန်ကျွယ်တိန်က ဒဏ်ရာများ ကုသရန် အခန်းထဲတွင် ကျင့်ကြံနေလေသည်။
သူ ကိုယ့်ဘာသာ ကုသနိုင်သည်ကို မြင်သောအခါ လီချင်းချိုး များစွာ စိတ်အေးသွား၏။
အဘယ်ကြောင့်ဆိုသော် သူတို့ လူများကို မကယ်နိုင်သောကြောင့် ဖြစ်သည်။
နောင်တစ်ချိန် ဂျူနီယာညီလေး (သို့မဟုတ်) ညီမလေး ဒဏ်ရာရခဲ့လျှင် ရန်ကျွယ်တိန် ကူညီနိုင်သေးသည်။ ဤနည်းဖြင့် တွေးကြည့်လျှင် ရန်ကျွယ်တိန်က တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။
ညနေစောင်းမှသာ ကျန်းကျောက်ရှားနှင့် ဝူမန်အာတို့ တောအုပ်ထဲမှ ထွက်လာကြသည်။
ဝူမန်အာ၏ ဝတ်ရုံမှာ စုတ်ပြဲနေပြီး မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေသည်။
"ဘာဖြစ်တာလဲ..." လီချင်းချိုး မျက်မှောင်ကြုတ်ကာ မေးလိုက်တော့
ကျန်းကျောက်ရှားက ဂရုမစိုက်သလိုဟန်ဖြင့် ….
"သိုင်းပညာ လေ့ကျင့်မှတော့ ဘယ်လိုလုပ် မထိခိုက်ဘဲ နေမလဲ... ဒါတွေက အပေါ်ယံ ဒဏ်ရာတွေပါ... ဘာမှ မဟုတ်ပါဘူး..."
ဝူမန်အာက ခေါင်းကုတ်ပြီး တုံးအအ ရယ်မောနေသည်။
လီချင်းချိုး သူ့ကို ကြည့်ပြီး…..
"တကယ်လို့ အရမ်း နာရင် အစ်ကို့ကို ပြော... မင်းရဲ့ တတိယ ဂျူနီယာအစ်ကိုကို လျှော့ခိုင်းလိုက်မယ်..."
ဝူမန်အာ ရိုးသားစွာ ရယ်မောလိုက်ပြီး….
"မနာပါဘူး... ကျွန်တော် ဂိုဏ်းချုပ်အစ်ကိုကို ကာကွယ်ချင်တယ်... ဂျူနီယာညီလေးနဲ့ ညီမလေးကို ကာကွယ်ချင်တယ်... ကျွန်တော် ပိုသန်မာလာရမယ်..."
လီချင်းချိုး စိတ်ထိခိုက်သွားပြီး အနည်းငယ် နာကျင်သွားမိသည်။
ဝူမန်အာသည် ဗလတောင့်သော်လည်း ယခုနှစ်မှ ၁၃ နှစ်သာ ရှိသေးသည် မဟုတ်ပါလား….
ထို့ကြောင့် နောက်ပိုင်းတွင် ကျန်းကျောက်ရှား၏ ကြက်ပေါင်ကို ဝူမန်အာအား ပေးရန် ဆုံးဖြတ်လိုက်သည်။
ထားလိုက်ပါတော့….
တတိယ ဂျူနီယာညီလေးလည်း စေတနာနဲ့လေ့ကျင့်ပေးနေတာပဲ… ငါ့ရဲ့ ကြက်ပေါင်ကိုပဲ သူ့ကို ပေးလိုက်တော့မယ်…..
လီချင်းချိုးက ညနေခင်း လေ့ကျင့်ခန်းအကြောင်း ဆွေးနွေးရန် သူတို့ကို စားပွဲရှည်တွင် ထိုင်ခိုင်းလိုက်သည်။
ကျန်းကျောက်ရှားကတော့ ဝူမန်အာ မည်သည့် ပြင်ပသိုင်းပညာ လေ့ကျင့်နေသည်ကို ရှင်းရှင်းလင်းလင်း မပြောဖူးပေ၊
သူတို့ကို အံ့အားသင့်စေချင်သည်ဟုသာဆိုသည်။
ကျန်းကျောက်ရှားအပေါ် ယုံကြည်မှုကြောင့် လီချင်းချိုး တိတ်တဆိတ် ချောင်းမကြည့်ခဲ့ပေ။
ကျန်းယွီချွန်း ချက်ပြုတ်ပြီးသောအခါ ရန်ကျွယ်တိန် အနံ့ရပြီး ရောက်ချလာသည်။
"ခင်ဗျား ဘယ်သူလဲ..."
ကျန်းကျောက်ရှားက ရန်ကျွယ်တိန်ကို မျက်မှောင်ကြုတ်ကြည့်ပြီး အေးစက်သော အသံဖြင့် မေးလိုက်တော့ ကျန်းကျောက်ရှား တစ်ခုခု လုပ်မည်ကို စိုးရိမ်သဖြင့် ကျန်းယွီချွန်းက ရန်ကျွယ်တိန်ကို သူ့အား အမြန် မိတ်ဆက်ပေးလိုက်ရသည်။
ကျန်းကျောက်ရှားက ကျန်းခေါ်ထျန်းကိုပင် ပြန်ပြောရဲသည်ကို သိထားသင့်သည်။
ကျန်းကျောက်ရှား၏ အကြည့်ကို ရင်ဆိုင်ရင်း ရန်ကျွယ်တိန်လည်း မျက်လုံးကျဉ်းမြောင်းသွားသည်။
ဒီကောင်လေး အသက်မကြီးသေးပေမယ့် သူ့ကို အလွန် အန္တရာယ်ရှိသည်ဟု ခံစားရစေနိုင်သည်။
လီချင်းချိုး ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဤမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေမိသည်။ သူ ကျန်းကျောက်ရှားကို အလွန် ကျေနပ်နေသည်။
တတိယ ဂျူနီယာညီလေးက ဂိုဏ်းအတွင်း သန်မာရုံသာမက ပြင်ပတွင်လည်း အလွန် တင်းမာသူ ဖြစ်၏။ ဒါ့ကြောင့်ဤစိတ်နေသဘောထားကို ပို၍ နှစ်သက်လာသည်။
ဂိုဏ်းတစ်ခု ရပ်တည်နိုင်ရန်အတွက် သန်မာသော ပုဂ္ဂိုလ်များ ရှိရမည်။ ကျန်းယွီချွန်းက လုပ်ရပ်များတွင် တည်ငြိမ်သော်လည်း သူ၏ ပင်ကိုယ်စရိုက်မှာ အနည်းငယ် ပျော့ညံ့နေသေးသည်။ သူ့ကို ပူးပေါင်းကူညီရန် ကျန်းကျောက်ရှား ရှိနေခြင်းမှာ ပို၍ပင်အဆင်ပြေနိုင်သည်။
"ခင်ဗျား ကျန်းဟူမှာ ဘယ်လို ဂုဏ်သတင်းပဲ ရှိရှိ... ချင်းရှောင်းဂိုဏ်းကို ဒုက္ခပေးရဲရင် ခင်ဗျား နောင်တရသွားစေရမယ်....."
ကျန်းယွီချွန်း၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် ကျန်းကျောက်ရှား ခြိမ်းခြောက်စကား ဆိုလိုက်ပြီး ထိုင်ချလိုက်သည်။
သို့သော် ရန်ကျွယ်တိန် ဒေါသမထွက်ပေ။ ထိုအစား ကျန်းကျောက်ရှားကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်၏။
မူလက လီချင်းချိုး ဂိုဏ်းချုပ်ဖြစ်လာခြင်းအတွက် သူ အလွန် စိတ်ပူခဲ့ပြီး ချင်းရှောင်းဂိုဏ်းတွင် အဘယ်ကြောင့် ကလေးများသာ ရှိနေသနည်းဟု တွေးတောခဲ့သည်။
ယခု ကြည့်ရသည်မှာ ချင်းရှောင်းဂိုဏ်းတွင် လျှို့ဝှက်လက်နက်အချို့ ရှိနေသေးပုံရသည်!
ရန်ကျွယ်တိန် ထိုင်ပြီးနောက် အားမနာတမ်း တူကို ကောက်ကိုင်ကာ စတင် စားသောက်ရင်း အခြားဂိုဏ်းသားများကိုလည်း လေ့လာကြည့်ရှုလိုက်သည်။
ဝူမန်အာက သူ၏ အာရုံကို အမှန်တကယ် ဖမ်းစားလိုက်ချေပြီ….
ဒီကလေးက သိသာထင်ရှားတဲ့ သိုင်းပညာ ပါရမီရှင်ပဲ!
လီချင်းချိုးက ရန်ကျွယ်တိန်၏ အကြည့်ကို သတိပြုမိပြီး …..
"ရန်ကျွယ်တိန်... ခင်ဗျား ဒဏ်ရာတွေ သက်သာသွားရင် ယွီချွန်းကို ကူညီပေးတာအပြင် ခင်ဗျားပြောတဲ့ လက်ဝါးသိုင်းကွက်ကို ဂိုဏ်းသားတွေကို သင်ပေးရမယ်..."
ရန်ကျွယ်တိန်က မျက်ခုံးပင့်ပြီး…..
"ဝူမန်အာလည်း ကျွန်တော်နဲ့အတူ ကျင့်ကြံလို့ ရမလား..."
"မလိုဘူး... သူက ကျွန်တော်နဲ့ ကျင့်ကြံမှာ..."
ကျန်းကျောက်ရှားက ဦးအောင် ငြင်းလိုက်သည်။
ရန်ကျွယ်တိန်က ကျန်းကျောက်ရှားကို ကြည့်ပြီး ရယ်မောလိုက်ကာ….
"ကောင်လေး... ငါ့ရဲ့ ဒီလက်ဝါးသိုင်းကွက်က ကမ္ဘာကျော်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုကွ..."
ကျန်းကျောက်ရှားက အလျှော့မပေးဘဲ….
"ဒါဆိုရင် ဒီလိုလုပ်ဗျာ... ခင်ဗျား ဒဏ်ရာတွေ သက်သာသွားရင် ခင်ဗျားရဲ့ ကမ္ဘာကျော် ထူးခြားတဲ့ စွမ်းရည်ကို သုံးပြီး မန်အာနဲ့ ယှဉ်ပြိုင်ကြည့်..."
ဤစကားက ရန်ကျွယ်တိန်၏ စိတ်ရှည်မှုကို ဆွပေးသလို ဖြစ်သွားသည်။
"ကောင်းပြီလေ... ငါ့ရဲ့ နှစ် ၂၀ ကြာ ပြင်းထန်တဲ့ ကျင့်ကြံမှုကို ကလေးတစ်ယောက်က ကျော်ဖြတ်နိုင်လောက်အောင် မင်း ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ငါ ကြည့်ချင်သေးတယ်..."
လီတုန်းယွဲ့က လီချင်းချိုးကို စိုးရိမ်စွာ ကြည့်လိုက်တော့ လီချင်းချိုး၏ မျက်နှာတွင် ပွဲကြည့်ချင်သော အမူအရာကို မြင်လိုက်ရသဖြင့် သူ မပြောဘဲ နေလိုက်ရတော့သည်။
လီစီဖုန်းနှင့် လီစီကျင်တို့မှာ ငယ်ရွယ်လွန်းသဖြင့် လူမှုရေးကိစ္စများကို နားမလည်ကြပေ။ သူတို့ စတင် အားပေးကြသဖြင့် ညစာစားပွဲမှာ အလွန် သက်ဝင်လှုပ်ရှားသွား၏။
ထိုညတွင် အခြားဂိုဏ်းသားများ အခန်းသို့ ပြန်ရောက်ပြီးနောက် ရန်ကျွယ်တိန်ကို သတိထားနေကြသဖြင့် အလွန် စိတ်လှုပ်ရှားနေကြသည်။
သို့သော် လီချင်းချိုးမှာမူ အလွန် စိတ်အေးလက်အေး ရှိနေပြီး အိပ်စက်ရန် မလိုအပ်တော့ဘဲ ညတိုင်း ကျင့်ကြံနေလေသည်။
နောက်တစ်နေ့ မနက်စောစောတွင် လီချင်းချိုးက ကျန်းကျောက်ရှားကို ခေါ်ပြီး တောင်အောက်ဆင်းသွားရာ ကျန်းယွီချွန်း အလွန် စိတ်လှုပ်ရှားသွားသည်။
ရန်ကျွယ်တိန်ကို သူတစ်ယောက်တည်း စောင့်ကြည့်ရသည်မှာ ဖိအားများလွန်းသည်ဟု သူ ခံစားရသောကြောင့်ပင်…..
ကံဆိုးစွာဖြင့် လီချင်းချိုးက သူ့ရဲ့ အကြံပေးချက်ကို နားမထောင်ဘဲ စိတ်အေးအေးထားရန် ပြောခဲ့သည်။
မြေအောက်စိတ်ဝိညာဉ်ရေအိုင်သို့ ရောက်သောအခါ ကျန်းကျောက်ရှား အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
သူတို့နှစ်ဦး ထိုနေရာတွင် နေ့ဝက်ခန့် ကျင့်ကြံပြီးနောက် လီချင်းချိုးက ညွှန်ကြားချက် အနည်းငယ် ပေးကာ သူ့ကို ဂိုဏ်းသို့ အတင်းအကြပ် ပြန်ခေါ်သွားသည်။
မနက်ဖြန် ကျန်းကျောက်ရှားက လီတုန်းယွဲ့ကို ခေါ်ပြီး ကျင့်ကြံရပေမည်။
ထိုကဲ့သို့ပင် လဝက်ခန့် လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။
လီချင်းချိုး၏ ဂိုဏ်းသား ၇ ယောက်စလုံး မြေအောက်စိတ်ဝိညာဉ်ရေအိုင်သို့ ရောက်ဖူးကြပြီး စကားမပေါက်ကြားစေရန် အချင်းချင်း သတိပေးရလေသည်။
ရန်ကျွယ်တိန်ကတော့ မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိဘဲ သူတို့ အမဲလိုက်ထွက်သည် (သို့မဟုတ်) အလုပ်လုပ်သည်ဟုသာ ထင်မြင်နေ၏။
ဤနေ့တွင် လီချင်းချိုးကို ထိုးနှက်ချက် ဖြစ်စေသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ထိုအချက်မှာ ကျန်းကျောက်ရှား မူလစတင်ခြင်းအဆင့် ဒုတိယအလွှာသို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဤနေ့ တကယ် ရောက်လာသောအခါ သူ့ပါရမီက အခြားသူများထက် နိမ့်ကျနေသဖြင့် စိတ်ပျက်မိနေဆဲပင်…..
ပေါက်ကွဲထွက်စေရန် ကျန်းကျောက်ရှားကို စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး ကျန်းကျောက်ရှား၏ ဆံပင်များကို ဖွလိုက်ရာ ကျန်းကျောက်ရှားမှာ ပျော်ရွှင်မှုကိုသာ အာရုံစိုက်နေပြီး ဂိုဏ်းချုပ်အစ်ကို၏ အတွေးစများကို မမြင်နိုင်ခဲ့ပေ။
ထိုညနေခင်းတွင် လီချင်းချိုး အခန်းသို့ ပြန်လာခဲ့သည်။ သူ ကုတင်ပေါ်တွင် ထိုင်ရင်း မွန်းတည့်ချိန်က ကျန်းကျောက်ရှား၏ တက်လှမ်းခြင်းအကြောင်း စဉ်းစားကာ စိတ်ခံစားမှု အနည်းငယ် ဖြစ်နေဆဲ ဖြစ်သည်။
"ငါ့ညီအစ်ကို ဒုက္ခရောက်မှာကို ကြောက်တယ်... ပြီးတော့ ငါ့ညီအစ်ကို Land Rover မောင်းနေမှာကိုလည်း ကြောက်တယ်..."
လီချင်းချိုး ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်မိသည်။ စိတ်ဓာတ်ကို ချိန်ညှိပြီးသား ဖြစ်ကာ ကျန်းကျောက်ရှား၏ အောင်မြင်မှုအတွက် ပျော်ရွှင်နေမိသည်။
ရုတ်တရက်….
ပြတင်းပေါက် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်ပြတ်သားကာ ညကောင်းကင်ယံအောက်တွင် ပဲ့တင်ထပ်နေသည်။
"ရန်ကျွယ်တိန်... နဂါးသတ်သူရဲကောင်း အနေနဲ့ မင်းက ကလေးတစ်သိုက်ရဲ့ အကာအကွယ်ကို ယူဦးမှာလား... ထွက်လာပြီး အသေခံစမ်း... ဒါမှမဟုတ်ရင် ငါ ချင်းရှောင်းဂိုဏ်းတခုလုံးကို သတ်ဖြတ်ပစ်မယ်...