← Chapters

မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန်ခြေတစ်လှမ်းအလို

Vol. 20 Ch. 271

မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန်ခြေတစ်လှမ်းအလို

Vol. 20 Ch. 271

အခန်း (၂၇၁) မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန်ခြေတစ်လှမ်းအလို

ခြံဝန်းထဲတွင် ကျန်းလန်က ငြိမ်သက်စွာ ထိုင်နေပြီး ရှောင်ယွိကတော့ သူ့နံဘေးတွင် နှုတ်ခမ်းစူလျှက် ရှိသည်။

"ဂိုဏ်းတူမောင်လေးက ဘာလို့ ထိတ်လန့်မသွားရတာလဲ"

ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်လပ်ထည့်သွင်းပေးနေရင်း…

"အခြားသူတွေလည်း အရင်က ဒီလိုမျိုးအကွက်တွေ လုပ်ဖူးတယ်လေ ၊ ဂိုဏ်းတူအစ်မ… ကိုယ့်ကို ထိတ်လန့်စေချင်တယ်ဆိုရင် ဒီထက်နည်းနည်းလောက် ထပ်ကြိုးစားလိုက်ဦး"

မိုးတိတ်သွားပြီ ဖြစ်သည်။

ကောင်းကင်ကြီးက ကြည်လင်နေပြီး နေလည်းပွင့်နေပေပြီ။ မြေပြင်ထက်တွင်ပင် မိုးရေစက်များ ထင်ကျန်နေခြင်း မရှိတော့ပေ။

ရှောင်ယွိက 'မနက်ဖန်လက်ထပ်ရတော့မည်' ဟု ပြောသလောက် အချိန်ကြာမသွားခဲ့သော်လည်း ကျန်းလန် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်နေသည်မှာ လဝက်ခန် အချိန်ကြမြင့်သွားခဲ့သည်။

(၁၀)နှစ်ခန့်ကြာမသွားသည်မှာ ကံကောင်းသည် ပြောရမည်။

"ဂိုဏ်းတူမောင်လေးက ခဏခဏ ဉာဏ်အလင်းပွင့်တဲ့ အတွေ့အကြုံမျိုး ရတယ်နော်"

ရှောင်ယွိက ကျန်းလန်ကို ကြည့်ရင်း အံ့သြစွာ ဆိုသည်။

"တစ်နေ့ကျရင် ဂိုဏ်းတူမောင်လေးက တိတ်တိတ်လေး ကျွန်မကို ကျော်တက်သွားမလား မပြောနိုင်ဘူး"

ထိုစကားနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၀)ခန့်ကတည်းက ကျန်းလန်ရင်ထဲတွင် အဖြေရှိပြီးသား ဖြစ်သည်။ သို့သော် လောလောဆယ်တွင် သူက ထိုကိစ္စကို စိတ်မဝင်စားပေ။

ရှောင်ယွိက သူ့ကို လဝက်ခန့် အတူတူအဖော်ပြုပေးနေသောကြောင့် နဝမတောင်ထွတ်တွင် နေထိုင်သည့်အချိန် ကြာမြင့်သဖြင့် သူမ ကိုယ်တွင်းမိစ္ဆာဝင်ရောက်မည်ကို ကျန်းလန် စိုးရိမ်နေမိသည်။

ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ပြီး…

"ဂိုဏ်းတူအစ်မ… လဝက်လောက် နဝမတောင်ထွတ်မှာရောက်နေတာ ကိုယ်တွင်းမိစ္ဆာဝင်နေဦးမယ်"

ရှောင်ယွိက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်သောကြောင့် စိုးရိမ်စရာတော့မရှိပေ။ သို့သော် ကိုယ်တွင်းမိစ္ဆာဝင်ရောက်သည့်ကိစ္စက ဂရုစိုက်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။

ရှောင်ယွိက ကျန်းလန်ကို ပြန်ကြည့်လိုက်ရင်း…

"ကျွန်မ ဘာမှ မဖြစ်ပါဘူး ၊ မယုံရင် ဂိုဏ်းတူမောင်လေး စစ်ဆေးကြည့်လေ"

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်အသာဆန့်ထုတ်ကာ ရှောင်ယွိ၏ မျက်ခုံးနှစ်ခုကြားနေရာသို့ အသာထိတွေ့လိုက်သည်။

အမှန်တကယ်ပင် ရှောင်ယွိတွင် ကိုယ်တွင်းမိစ္ဆာဝင်ရောက်နေခြင်းမရှိပေ။ ထိုအခါမှ ကျန်းလန် စိတ်သက်သာရာရသွားပြီး လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

အမှန်တော့ ရှောင်ယွိသာ သူ့ကို အဖော်ပြုနေမပေးဘဲ ပြန်သွားမည်ဆိုလျှင် သူ၏ ဉာဏ်အလင်းပွင့်ခြင်းသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ရှောင်ယွိက ထိုအချက်ကို ခံစားမိသောကြောင့် ကျန်းလန်ကို အဖော်ပြုပေးနေခဲ့ခြင်း ဖြစ်သည်။ အဓိကအချက်မှာ သူမကိုယ်တိုင်လည်း ကျန်းလန်အနားတွင် နေထိုင်လိုသောကြောင့် ဖြစ်သည်။

ထိုနေ့ ညနေခင်းတွင်တော့ ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်ရန် ကျန်းလန်က လိုက်ပို့ပေးသည်။

သူတို့ အတူတူ အချိန်ဖြုန်းသည်မှာကြာမြင့်လာလေ ရှောင်ယွိက ပိုပြီး မလည်ရှုတ်လေး ဖြစ်လာလေ ဖြစ်သည်။ သို့သော် ကျန်းလန်ကတော့ စိတ်မသက်မသာ မခံစားရဘဲ နှစ်ခြိုက်နေမိသည်။

သူမ မလည်ရှုတ်ဂျစ်တူးကျသည်ကို အစပိုင်းတွင် အနည်းငယ် ထူးဆန်းသလို ခံစားရသော်လည်း ယခုတော့ သူမ မလည်ရှုတ်မလုပ်လျှင်ပင် သူ့မှာ စိတ်မသက်မသာ ဖြစ်ရသည်။

ရှောင်ယွိမဟုတ်ဘဲ ဂိုဏ်းတူအစ်မလုန်ယွိ ပုံစံနှင့်ဆိုလျှင် ကျန်းလန် ထိုသို့ မခံစားရပေ။

ရှောင်ယွိနှင့် လုန်ယွိ မတူသည်မှာ လုန်ယွိက အမြဲတမ်း ခံစားချက်ကင်းမဲ့ပြီး အေးစက်နေတတ်ကာ စကားပြောလျှင်လည်း အသက်မဝင်လှပေ။

သို့သော် လုန်ယွိအသွင်အပြင်ကိုလည်း ကျန်းလန်က မနှစ်သက်ခြင်း မဖြစ်မိပေ။ အမှန်တော့ လုန်ယွိနှင့် ရှောင်ယွိဆိုသည်က တစ်ယောက်တည်းပဲ မဟုတ်ပါလား။

***

ရှောင်ယွိပြန်သွားပြီးနောက် ကျန်းလန် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ စောစောက သိရှိနားလည်ခဲ့သည့် ဉာဏ်အလင်းပွင့်ခြင်းကို ကျေည်သည်အထိ ဆက်လက် ကျင့်ကြံရမည် ဖြစ်သည်။

ထိုသို့ဖြင့်…

နေ့နှင့်ည အခါခါ ကျော်ဖြတ်ခဲ့ပြီး ရာသီလေးလီ ပြောင်းလဲခဲ့လေသည်။

ကျန်းလန် တစ်ယောက်တည်း ကျင့်ကြံနေစဉ်မှာပင်…

နေ့ရက်တစ်ရက်တွင်တော့ နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်လာကြသည်။ သို့သော် နောက်တစ်နှစ်တွင်တော့ နဂါးမျိုးနွယ်များ ပြန်သွားကြလေသည်။

ရှောင်ယွိလည်း ဘာမှ မထိခိုက်သလို အဋ္ဌမမင်းသားကိုလည်း နဂါးမျိုးနွယ်များက ပြန်ခေါ်သွားကြခြင်း မရှိပေ။

ထိုနှစ်မှာပင် အဋ္ဌမမင်းသားက ကျန်းလန်ထံ လာရောက်လည်ပတ်ပြီး စကားစမြည်ပြောဖြစ်ကြသည်။

"ယောက်ဖရေ… ခွန်လွန်တောင်က ကျွေးတဲ့ထမင်းစားပြီး အသက်ရှင်နေရတာလည်း အတော်ကြာပြီ ၊ ဒါပေမဲ့ ဒီဒေသက တောကောင်တွေက အရမ်းအနံ့မွှေးတော့ စားချင်စိတ်ပေါက်လာလို့ နည်းနည်းပါးပါး သွားဖမ်းလိုက်ဦးမယ် ၊ ပြန်လာရင် ယောက်ဖအတွက်လည်း နှစ်ကောင်လောက် ယူခဲ့မယ် ၊ အစ်မအတွက်ရောပေါ့"

ထိုစကားကြားတော့ နဂါးများက တောကောင်များကို အစိမ်းစားသလား ၊ ချက်စားသလား ကျန်လန် သိချင်သွားမိသည်။

နောက်ပိုင်းနေ့ရက်များတွင်တော့ အဋ္ဌမမင်းသားသည် ခွန်လွန်တောင်တွင် အေးအေးဆေးဆေးပင် ရှိနေလေသည်။

သူက အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်သော်လည်း မည်သည့်ပြဿနာမှ မရှာပေ။ ခွန်လွန်တောင်တွင် သူ့အတွက်အန္တရယ်မရှိသောကြောင့် စိတ်အေးလက်အေး ရှိနေဟန်တူသည်။

ကျန်းလန် အပြင်သို့ခဏထွက်ပြီး သတင်းစုံစမ်းသည့်အခါ နဂါးမျိုးနွယ်များက ရှောင်ယွိကို နဂါးတိုင်းပြည်သို့ ခဏပြန်ခေါ်သွားရန် ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သို့ရာတွင် သူတို့ ပြန်သွားကြသည့်တိုင် ရှောင်ယွိကိုလည်း ခေါ်သွားနိုင်ခြင်း မရှိခဲ့ကြပေ။

နဂါးမျိုးနွယ်များက အဋ္ဌမမင်သားအတွက်သာ ရောက်လာခြင်း ဖြစ်မည်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။ လုန်မန်ကို ပြန်ခေါ်နိုင်ရန်အတွက် လုန်ယွိကို တစ်စုံတစ်ခု အသုံးချလိုခြင်းကြောင့် ပြန်ခေါ်သွားရန် စကားဦးသမ်းခြင်း ဖြစ်ပေမည်။

သို့သော် ထိုကိစ္စများက သူနှင့်လည် မသက်ဆိုင်လေရာ ကျန်းလန် နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။

***

ထိုသို့ဖြင့်…

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်း (၃၀) က ကုန်ဆုံးသွားခဲ့သည်။

မရဏဂူထဲတွင် ကျင့်ကြံနေသည့်ကျန်းလန်က မျက်လုံးများကို ဖြည်ဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အလင်းရောင်များ လက်ခနဲတစ်ချက် တောက်ပသွားသည်။

သူ အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် သူက ကျင့်ကြံခြင်းကို မရပ်နားဘဲ မန္တန်များနှင့် တန်ခိုးစွမ်းအားများကို ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူ့အတွက် မြန်နိုင်သမျှမြန်မြန် အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ရန်လိုအပ်ပြီး မိုးကောင်းကင်အင်မော်တယ်ဖြစ်လာအောင် ကြိုးစားရမည် ဖြစ်သည်။

သူ ကျင့်ကြံနေသည့်အချိန်များအတွင်း သူ့ကို လျှို့ဝှက်စောင့်ကြည့်သူများ ၊ အာရုံခံကြည့်သူများ များစွာ ရှိသည်ကိုလည်း သတိထားမိခဲ့သည်။ သို့သော် အချိန်သာကုန်သွားသည် သူ့အကြောင်း မည်သည့်အရာကိုမှ သိရှိသွားကြခြင်း မရှိပေ။

သူ၏ ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို မည်သူမှ ထိုးဖောက်နိုင်စွမ်း မရှိကြပေ။ ဧကရာဇ်ရှီးဟယ်၏အကြည့်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဤလူများသည် သာမန်မျှသာ ဖြစ်သည်။

နှစ်ပေါင်း (၃၀) ကြာမြင့်ပြီးသည့်နောက် သူရရှိထားသည့် 'လက်သီးနတ်ဘုရား' ရာထူးကို ပျက်သုန်းတစ်စပြင် လောကကြီးမှ အင်အားစုကြီးများအားလုံး သိရှိနေလောက်ပြီ ဖြစ်သည်။

ထို့ပြင် ခွန်လွန်တောင်သို့လည်း သူလျှိုများစွာ ထပ်မံရောက်ရှိလာသည်။ သူလျှိုအများစုက 'လက်သီးနတ်ဘုရား' အကြောင်းစုံစမ်းရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်များစွာက သူလျှိုများကို ကြိုတင်ရှင်းလင်းထား၍သာ တော်တော့သည်ဟု ဆိုရမည်။

"ဧကရာဇ်ရှီးဟယ်က ငါ့ကို အသုံးချနေတယ်လို့ ခံစားနေရတယ်"

ကျန်းလန် ခေါင်းခါယမ်းကာ သက်ပြင်းချရင်း တွေးမိသည်။

မည်သို့ပင်ဖြစ်စေ ခွန်လွန်တောင်တွင်နေထိုင်ခြင်းက ဧကရာဇ်ရှီးဟယ်၏ အကာအကွယ်အောက်တွင် ရှိနေလေသည်။ ဧကရာဇ်ရှီးဟယ်က သူ၏ နတ်ဘုရားရာထူးကို ကာကွယ်ပေးထားမည် ဖြစ်သည်။

သူကိုယ်တိုင် အန္တရယ်ကင်းရန်ကတော့ ဆရာဖြစ်သူအပေါ်တွင် မူတည်သည်။

အဋ္ဌမမင်းသား သူ့ထံလာရောက်လည်ပတ်တိုင်း အပြင်လောကမှ သတင်းစုံကို သယ်လာပေးသည်။

ယခုဆိုလျှင် သေရည်ဆိုင်မှ ကောင်ငယ်လေးက အရှိန်အဟုန်ဖြင့် တန်ခိုးစွမ်းအားမြင့်မားလာပြီး ဇာမဏီများကိုပင် တိုက်ခိုက်နိုင်နေပြီဟု ဆိုသည်။

ထိုကောင်ငယ်လေး ထိုသို့တိုးတက်လာသည်မှ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား၏ကူညီပေးမှု အများကြီးပါဝင်ကြောင်း လုန်မန်က ဝင့်ဝင့်ကြွားကြွားလေး ပြောတတ်သည်။

ခွန်လွန်တောင်တွင်တော့ မည်သည့်ပြဿနာမှ ကြီးကြီးမားမား မရှိပေ။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ထပ်မံပြုလုပ်မည့်ကိစ္စကိုတော့ ဆရာဖြစ်သူက ကျန်းလန်ကို ပြောပြထားသည်။ သူက ကျန်းလန်ကို ပြင်ပလောကသို့ ထွက်ခွာရန် တိုက်တွန်းလိုသည်။

သို့သော် ခွန်လွန်တောင်မှ ထွက်ခွာခြင်းက အန္တရယ်များလွန်းသဖြင့် ကျန်းလန်က သဘောမတူဝံ့ခဲ့ပေ။

နှစ်ပေါင်း (၃၀)အတွင်း နတ်မိစ္ဆာဧကရာဇ်ဖြစ်သူ "ဧကရာဇ်ချုန်းကိုး" သည် "လက်သီးနတ်ဘုရား" နှင့်ပတ်သက်သည့် အချက်အလက်များစွာကို ရရှိထားနိုင်သည်။

သို့ဆိုလျှင် "လက်သီးနတ်ဘုရား" မှာ ခွန်လွန်တောင်တွင် ရှိနေကြောင်းကိုလည်း သေချာပေါက် ခန့်မှန်းနိုင်ပေလိမ့်မည်။

ကျန်းလန်မှာတော့…

သူ၏ခန္ဓာကိုယ်နှင့် နတ်ဘုရားရာထူးပေါင်းစပ်ခြင်း အနည်းငယ်တိုးတက်လာသည်မှလွဲပြီး ထို နတ်ဘုရားရာထူး ဖြစ်တည်သည့် မူလဇာစ်မြစ်ကို သိရှိနားလည်ခြင်း မရှိသေးပေ။

ထိုအချက်ကြောင့်ပင် နတ်ဘုရားရာထူးမှတစ်ဆင့် သတင်းအချက်အလက်များ ရယူနိုင်ရန် အတားအဆီးဖြစ်လျှက် ရှိသည်။ သူက တန်ခိုးစွမ်းအားနည်းပါးနေဆဲ မဟုတ်ပါလား။

အသံများကတော့ မကြာခဏ ကြားနေရဆဲ ဖြစ်ပြီး ပီပီပြင်ပြင် အသံများကိုတော့ (၂)ကြိမ်ခန့် ကြားခဲ့ရသည်။

တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို တစ်ကြိမ်မျှ အသုံးပြုခဲ့ရုံဖြင့်  အဘယ့်ကြောင့် တစ္ဆေတိုင်းပြည်၏ လက်သီးနတ်ဘုရား ဖြစ်သွားရသည်ကို ကျန်းလန် ယခုအချိန်ထိ နားမလည်သေးပေ။

ထို့ပြင် တစ္ဆေတိုင်းပြည်ကလည်း အဘယ့်ကြောင့် 'လက်သီးနတ်ဘုရား' ကို ဆက်လက်ကိုးကွယ်နေကြပါသနည်း။

ပြန်စဉ်းစားကြည့်လျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအတွင်းမှ ထွက်ပေါ်လာသည့် စိတ်နယ်လွန်ကြိုးမျှင်ငယ်က သူ့ကို နတ်ဘုရားရာထူးနှင့် ပေါင်းစပ်ပေးခဲ့ခြင်း မဟုတ်ပေ။ သို့သော် ထိုအရာက သူ၏ နတ်ဘုရားရာထူးကို ပိုမိုခိုင်မာစေခဲ့သည်။

ထိုအကြောင်းအရာများကို နားလည်လာစေရန် ဖြည်းဖြည်းချင်း ကြိုးစားရမည် ဖြစ်ပြီး ကြာမြင့်စွာ အချိန်ယူရပေဦးမည်။

***

မိုးများသည်းကြီးမည်းကြီး ရွာသွန်းပြီးသည့်နောက် မြေပြင်ထက်တွင် မိုးရေများက ထင်ကျန်နေဆဲပင်။

ယခုအချိန်က မိုးရာသီဖြစ်၏။

အေးမြလတ်ဆတ်သည့် မိုးသက်လေအငွေ့အသက်များက မရဏဂူအတွင်းသို့ ဝင်ရောက်လာသည်။

အနက်ရောင်မရဏအငွေ့အသက်များဖုံးလွှမ်းနေသည့် မရဏဂူထဲတွင် အလင်းရောင်မှိန်မှိန်တစ်ခု တောက်ပနေသည်။ ထိုအလင်းရောင်က ကျန်းလန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး အချုပ်အနှောင်များအားလုံးကို ဖျက်စီးပစ်လိုက်သည်။

"ဝုန်း…"

ရေလှိုင်းသံများက ကျန်းလန်၏ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထွက်ပေါ်နေသည်။

သူ့ခန္ဓာကိုယ်က တောင်တစ်လုံးပမာ ဖြစ်ပြီး တန်ခိုးစွမ်းအားများက ရေလှိုင်းများပမာ မြင့်တက်နေသည်။ တန်ခိုးစွမ်းအားများက သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးသို့ လှည့်ပတ်သွားသည်။

ကျန်းလန်က အစစ်အမှန်အင်မော်တယ် တန်ခိုးစွမ်းအားများကို အပြည့်အ၀ ထိန်းချုပ်ထားသည်။

"ဘုန်း…"

ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး ရေလှိုင်းများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်ပြီး အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က တာအိုရုပ်လုံးပေါ်လာခြင်းကြောင့် ထွက်ပေါ်လာသည့်အလင်းရောင် ဖြစ်သည်။

သူ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်လာရန် ခြေတစ်လှမ်းခန့်သာလိုတော့သည်။

***

နဝမတောင်ထွတ်ရှိ မက်မွန်တောလေးဆီသို့ ရှောင်ယွိရောက်လာလေသည်။

သူမဝတ်ဆင်လာသည့် လှပသည့်အဝတ်အစားများက လေပြေအဝှေ့တွင် လွင့်ပျံလျှက် ရှိသည်။

ကျန်းလန်က အချိန်တိုင်း ကျင့်ကြံနေလေရာ ယခုဆိုလျှင် မရှိမှုအာကာသ ၊ အလယ်ဆင့်သို့ပင် ရောက်ရှိနေလောက်ပြီဟု သူမ တွေးမိသည်။

သူမက ကျန်းလန်ထက်အနည်းငယ်စောပြီး အင်မော်တယ် ဖြစ်လာမည် ဖြစ်သည်။

ယခုဆိုလျှင် သူမက မရှိမှုအာကာသအောင်မြင့်သည့်အဆင့်သို့ အချိန်မရွေး တက်ရောက်နိုင်နေပြီ ဖြစ်သည်။ ကျန်းလန်ကို စောင့်လိုသည့်အတွက် တမင်သက်သက် (၂)နှစ်မျှ အချိန်ဆွဲထားခြင်း ဖြစ်၏။

ထိုစဉ်…

"ဂရား…"

နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသောကြောင့် ရှောင်ယွိ ကောင်းကင်ထက်မော့ကြည့်လိုက်သည်။

နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်လာကြခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်များက လုန်မန်အတွက် ထပ်မံရောက်ရှိလာခြင် ဖြစ်ဟန်တူပြီး ရှောင်ယွိကတော့ ရောက်လာသူများကို ဝတ္တရားအရ သွားရောက်တွေ့ဆုံရုံမှလွဲပြီး အခြားလုပ်စရာမရှိပေ။

သို့သော်…

ကောင်းကင်ထက်မှ ပျံသန်းသွားသည့် နဂါးမျိုးနွယ်သည် သူမနှင့်ရင်းနှီးကျွမ်းဝင်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။

"အမေ…"

ရှောင်ယွိ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ဤသည်က ခွန်လွန်တောင်သို့ သူမ၏မိခင် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ရှောင်ယွိ နဂါးတိုင်းပြည်မှ ထွက်လာခဲ့ပြီးနောက် မိခင်ဖြစ်သူနှင့် တစ်ခါမှ ပြန်မတွေ့ရတော့ပေ။

သူမကို ပြုစုပျိုးထောင်ခဲ့သူမှာ သူမ၏ ဆရာသာ ဖြစ်သည်။

ခွန်လွန်တောင်တွင် သူမအတွက် အေးစက်သည့်မျက်ဝန်းပေါင်းများစွာနှင့် အန္တရယ်များစွာ ရှိနေခဲ့သည်။ သို့သော် သူမဘက်မှ အမြဲတမ်းရပ်တည်ပေးပြီး ကာကွယ်ပေးခဲ့သူမှာ သူမ၏ ဆရာသာလျှင် ဖြစ်သည်။

ရှောင်ယွိ မျက်မှောင်လေးများ ကြုတ်လိုက်သည်။

သူမနေထိုင်ရာ ခွန်လွန်တောင်သို့ တစ်ခါမှ လာရောက်လည်ပတ်ခြင်းမရှိခဲ့သော မိခင်ဖြစ်သူက ယခုတော့ လုန်မန်အတွက် ရောက်လာသည်တဲ့လား။

သူမရင်ထဲ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။

ထိုခဏမှာပင် သူမနောက်တွင် တစ်စုတစ်ယောက် ရှိနေကြောင်း အာရုံခံလိုက်မိသည်။

သူမ လှည့်ကြည့်လိုက်တော့ ကျန်းလန် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ရှောင်ယွိက ကျန်းလန်ကို ပြုံးပြလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ကျွန်မ စိတ်ညစ်နေတယ်… ၊ ကျွန်မကို စိတ်ညစ်ပျောက်အောင် လုပ်ပေးပါလားဟင်"

All Chapters