အထူးဓားထိန်းချုပ်မှုသိုင်း
Vol. 2 Ch. 8
"ရန်သူ..."
လီချင်းချိုး ချက်ချင်း ထရပ်လိုက်ပြီး ဘေးနားရှိ ကောင်းကင်သက်တံဓားကို ကောက်ယူကာ အိမ်ထဲမှ ပြေးထွက်သွားသည်။
ခြံဝန်းထဲတွင် ကျန်းကျောက်ရှားက သစ်သားဓားတစ်လက်ကို ကိုင်ဆောင်၍ အပြင်သို့ ထွက်နှင့်နေပြီ ဖြစ်ကာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်နေ၏။ သူကြည့်ရာအရပ်သို့ လိုက်ကြည့်လိုက်သောအခါ တောင်တံခါးဝတွင် လူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူက လင်းလက်နေသော လမင်းကို ကျောခိုင်းထားပြီး လေထဲတွင် တလွင့်လွင့် ဖြစ်နေသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားကာ ကောက်ရိုးခမောက် ဆောင်းထားပြီး လက်နှစ်ဖက်ဖြင့် ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။
ဤဟန်ပန်က ဆရာသခင်အဆင့် ဖြစ်ကြောင်း ချက်ချင်း ဖော်ပြနေပေသည်။
ကျန်းယွီချွန်းနှင့် ဝူမန်အာတို့သည်လည်း အိမ်ထဲမှ ထွက်လာကြပြီး လီစီဖုန်းကတော့ ပြတင်းပေါက်မှ ချောင်းကြည့်နေသည်။ လီတုန်းယွဲ့နှင့် လီစီကျင်တို့မှာလည်း သူတို့၏ အခန်းအသီးသီးမှ ပြတင်းပေါက်တွင် မှီ၍ အပြင်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေကြ၏။
ဤသည်က လီချင်းချိုး ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် ကြုံတွေ့ရသည့် ပထမဆုံး အကျပ်အတည်း ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ယုံကြည်မှုအချို့တော့ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းရှောင်းဂိုဏ်းသား အားလုံး မူလစတင်ခြင်းအဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်ကာ တိုက်ခိုက်နိုင်စွမ်း ရှိနေကြသောကြောင့် ဖြစ်သည်။
ရန်ကျွယ်တိန်က လီချင်းချိုး၏ နောက်ဘက်ရှိ ခေါင်မိုးစွန်းပေါ်သို့ ခုန်တက်လိုက်ပြီး အဝေးမှ ဝတ်ရုံဖြူ ဓားသမားကို စိုက်ကြည့်လိုက်သည်။
"လော့လဲ့... မင်း ငါ့နောက်ကို ခရီးမိုင်တစ်ထောင်လောက်အထိ လိုက်လာခဲ့ပြီးပြီ... လက်မလျှော့ချင်သေးဘူးလား..."
ရန်ကျွယ်တိန် မေးလိုက်ရာ သူ့ အသံက ပဲ့တင်ထပ်နေပြီး နာကြည်းမှုများ ပြည့်နှက်နေသည်။
လော့လဲ့ဟု ခေါ်သော ဝတ်ရုံဖြူ ဓားသမားက ရန်ကျွယ်တိန်နှင့် မီတာ ဒါဇင်အနည်းငယ် ဝေးသော တောင်တံခါးဝတွင် ရပ်နေသည်။လေအေးများ တိုက်ခတ်နေသော်လည်း ကိုယ်နေဟန်ထားကတော့ ငြိမ်သက်နေဆဲပင်။ သူက ခေါင်းငုံ့ထားသဖြင့် ကောက်ရိုးခမောက်က သူ့မျက်နှာကို ဖုံးအုပ်ထားပြီး သူ့အသံကိုသာကြားနေရသည်။
"လက်လျှော့ရမယ်ဟုတ်လား... ချင်းဂိုဏ်းကို ပြစ်မှားပြီးမှ အထိအခိုက်မရှိ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်နေသေးတာလား... အဲ့ဒီ လျှို့ဝှက်သိုင်းကျမ်းကို ပေးလိုက်စမ်း... ဒါဆို မင်းကို မြန်မြန်သေခွင့်ပေးမယ်..."
ဓားအိမ်မှ ဓားထုတ်လိုက်သည့် စူးရှသော အသံနှင့်အတူ လော့လဲ့က ဓားကို ဆွဲထုတ်၍ ရန်ကျွယ်တိန် ရှိရာသို့ လန့်ဖျပ်သွားသော ငန်းတစ်ကောင်အလား ခုန်ပျံ လာသည်။
လီချင်းချိုး မျက်မှောင်ကြုံလိုက်မိသည်။ လော့လဲ့၏ နောက်မှ ချီစွမ်းအင် တစ်မျိုးက တွန်းပို့နေသည်ကို သူ မြင်တွေ့နေရပြီး ပျံသန်းနေသကဲ့သို့ ထင်မှတ်ရစေသည်။
ဤသည်က ကိုယ်ဖော့ပညာလော။
ခေါင်မိုးစွန်းကို ဖြတ်ကျော်သွားသည့်အခါ လော့လဲ့၏ ခြေဖျားများက ရေပြင်ကို ထိခတ်သွားသော ပုစဉ်းတစ်ကောင်ကဲ့သို့ ဖွဖွလေး ထိရုံမျှဖြင့် အလွန်လျင်မြန်စွာ ရွေ့လျားသွားသည်။ အကယ်၍ လီချင်းချိုးသာ မူလစတင်ခြင်းအဆင့်သို့ မရောက်ရှိသေးပါက ဤအရာကို သတိထားမိရန် ခက်ခဲပေလိမ့်မည်။
ကောင်းလေစွ။
သိပ်ပြီး ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။ အားပြုရန် အမှီအခို လိုအပ်သေးသည် ဖြစ်ရာ လော့လဲ့၏ သိုင်းပညာမှာ ထင်သလောက် ကြောက်စရာမကောင်းကြောင်း ပြသနေသည်။
ခေါင်မိုးစွန်းပေါ်တွင် ရပ်နေသော ရန်ကျွယ်တိန် နောက်ဆုံးတော့ ရန်လိုနေသည့် လော့လဲ့ကို ရင်ဆိုင်လိုက်သည်။သူက ချက်ချင်း မြင်းထိုင် ပုံစံယူလိုက်ပြီး ညာဘက်လက်ဝါးကို ခါးမှနေ၍ အပေါ်သို့ ပင့်တင်လိုက်သည်။ ထို့နောက် လက်ဝါးကို အောက်သို့ ပြန်စိုက်ကာ လော့လဲ့ထံသို့ ရိုက်ထုတ်လိုက်သည်။
ဘုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ရန်ကျွယ်တိန်က အားကောင်းသော ချီစွမ်းအင် လှိုင်းတစ်ခုကို လက်ဝါးတစ်ချက်တည်းဖြင့် ထုတ်လွှတ်လိုက်ရာ လေထဲမှ လော့လဲ့ကို ဒီရေလှိုင်းတံပိုးကဲ့သို့ ပိတ်ဆို့ ဟန့်တားလိုက်သည်ကို လီချင်းချိုး၊ ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့ မြင်လိုက်ရသည်။လော့လဲ့ ချက်ချင်းပင် လွင့်ထွက်သွားသော်လည်း မြေပြင်ပေါ်သို့ မကျမီ ကိုယ်ကို လှည့်၍ ခြံဝန်းထဲသို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
လော့လဲ့ မော့ကြည့်လိုက်ရာ ကောက်ရိုးခမောက် ပင့်တက်သွားပြီး ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်နှာကို ဖော်ပြလိုက်သည်။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း အဆိပ်မိထားတာ သေချာပါတယ်... အဲဒီ နတ်ဘုရားသိုင်းကို မင်း တတ်မြောက်သွားတာလား..."
စကားဆုံးသည်နှင့် လော့လဲ့၏ မျက်နှာထားက ပိုမို ရက်စက်ကြမ်းကြုတ်သွားသည်။
ရန်ကျွယ်တိန်က ခေါင်မိုးစွန်းပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး နှုတ်ခမ်းထောင့် ကွေးညွတ်သွားပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။
"ငါ ကျန်းဟူလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ... မင်းရဲ့ ယုတ်မာတဲ့ လှည့်ကွက်တွေက ငါ့ကို ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ... မင်းပြောတဲ့ နတ်ဘုရားသိုင်း ဆိုတာကြီးက အတုကြီး... ကျင့်လို့မရတဲ့ အရာပဲ..."
လော့လဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး ဓားဖြင့် ရန်ကျွယ်တိန်ထံသို့ ပြေးဝင်လာသည်။
သူတို့နှစ်ဦးမှာ ခြေလှမ်း တစ်ဒါဇင်ခန့် ကွာဝေးသော်လည်း မျက်စိတစ်မှိတ်အတွင်း လော့လဲ့က ရန်ကျွယ်တိန်ထံသို့ ရောက်ရှိလာပြီး သူ၏ ဓားမှာ ထက်ရှကာ လှုပ်ရှားမှုများက သရဲတစ္ဆေကဲ့သို့ လျင်မြန်လှသည်။ ရန်ကျွယ်တိန်က လက်ဝါးကို မြှောက်၍ ခုခံလိုက်ပြီး ပြိုင်ဘက်၏ ဓားကို ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်လိုက်လေသည်။
သူတို့၏ ပုံရိပ်များ ရောထွေးသွားပြီး ခြံဝန်းအတွင်း တိုက်ခိုက်နေကြကာ တစ်ယောက်၏ သိုင်းကွက်ကို တစ်ယောက် တုံ့ပြန်နေကြသည်။
ချီစွမ်းအင်များ လှုပ်ရှားသွားသဖြင့် မြေပြင်ပေါ်ရှိ နှင်းများ မြူခိုးများအဖြစ် ပြောင်းလဲကာ လွင့်ပျံလာသည်။
ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်၍ အကြည့်ဖြင့် မေးမြန်းလိုက်သည်။
လီချင်းချိုးက ခေါင်းကို အနည်းငယ် ခါလိုက်ပြီး စိတ်လိုက်မာန်ပါ မလုပ်ရန် အချက်ပြလိုက်သည်။
ဤသည်က သိုင်းလောက ဆရာသခင်များ၏ ခွန်အားကို လေ့လာရန် အခွင့်ကောင်း ဖြစ်သည်။
ရန်ကျွယ်တိန်နှင့် လော့လဲ့တို့မှာ အမှန်တကယ်ပင် စွမ်းအားကြီးမားကြသည်ဟု ဆိုရမည်။
သူတို့၏ တုံ့ပြန်နိုင်စွမ်းနှင့် ခွန်အားမှာ သာမန်လူများထက် များစွာ သာလွန်နေသည်။ မူလစတင်ခြင်းအဆင့် ပထမအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
အမှန်စင်စစ် လီချင်းချိုးက လီစီဖုန်းနှင့် လီစီကျင်တို့လို ကလေးကျင့်ကြံသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက ဤလူနှစ်ယောက်လုံးကို ချက်ချင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိသည်။
သူတို့၏ သိုင်းကွက်များက ပြောင်မြောက်သော်လည်း လီချင်းချိုး၏ မူလချီ ထုတ်လွှတ်နှုန်းက ပိုမြန်သည်။ တိုက်ပွဲစသည်နှင့် သူ ချက်ချင်း အနိုင်ယူနိုင်ပေလိမ့်မည်။
ထို့အပြင် အတွင်းအား ချီစွမ်းအင်နှင့် မူလချီကြား ကွာဟချက် အလွန်ကြီးမားကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။ ရန်ကျွယ်တိန်၏ အတွင်းအား ချီစွမ်းအင်မှာ နက်ရှိုင်းကျယ်ပြန့်ပြီး နှင်းများကို ကခုန်စေနိုင်သော်လည်း မူလချီနှင့် ရင်ဆိုင်ရပါက သူ့ကိုယ်ပိုင်အတွင်းအား ချီစွမ်းအင်မှာ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ထိုးဖောက် ဖျက်ဆီးခံရပေလိမ့်မည်။
ယခုကြည့်ရသည်မှာ ကျန်းကျောက်ရှားသာ မူလစတင်ခြင်းအဆင့် ဒုတိယအဆင့်သို့ မချိုးဖောက်နိုင်သေးလျှင်ပင် လော့လဲ့ သူ့ကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ပြုလုပ်နိုင်မည်မဟုတ်ပေ။
တစ်ခုတည်းသော ပြောင်းလဲနိုင်သည့် အချက်မှာ သူတို့ ပေါ့ဆပြီး ပြတ်သားမှု မရှိခြင်းပင် ဖြစ်သည်။
ကျန်းယွီချွန်းက ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် မျက်နှာထားလည်း ပြေလျော့သွားသည်။
ကျန်းကျောက်ရှား အတွက်မူ အစမှ အဆုံးတိုင်အောင် အထင်အမြင်သေးသော အပြုံးတစ်ခုသာ မျက်နှာပေါ်တွင် ရှိနေသည်။ သူက လော့လဲ့ကို မျက်လုံးထဲပင် မထည့်ထားပေ။
အပြန်အလှန် တိုက်ခိုက်မှု အခါသုံးဆယ်ခန့် ကြာပြီးနောက် လော့လဲ့က လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ဆူပွက်နေသော အတွင်းအား ချီစွမ်းအင်ကြောင့် လက်ဝါးတပြင်လုံး အနီရောင် တောက်လာသည်။ ရန်ကျွယ်တိန်က ရှောင်တိမ်းခြင်း မပြုဘဲ ထိုသိုင်းကွက်ကို ရင်ဆိုင်ရန် လက်ဝါးကို မြှောက်လိုက်သည်။
ဘုန်း...
စွမ်းအားပြင်းသော အတွင်းအား ချီစွမ်းအင် နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားရာ ခြံဝန်း၏ ဘက်ပေါင်းစုံမှ ခေါင်မိုးစွန်းများနှင့် အုတ်ကြွပ်များ တုန်ခါသွားပြီး ပြတင်းပေါက်များ တကျွီကျွီ မြည်သွားသည်။
လော့လဲ့၏ ကောက်ရိုးခမောက် လွင့်စင်သွားပြီး ဖရိုဖရဲ ဆံပင်များနှင့်အတူ အံကြိတ်ကာ ရန်ကျွယ်တိန်၏ အတွင်းအား ချီစွမ်းအင်ကို ရင်ဆိုင်နေရသည်။ ရန်ကျွယ်တိန်က လော့လဲ့ကို အကျပ်ရိုက်စေခဲ့သည့်အလား မောက်မာသော အပြုံးဖြင့် ပြုံးနေလေသည်။
သို့သော် ရန်ကျွယ်တိန် ရုန်းကန်နေရသည်ကို လီချင်းချိုး မြင်နိုင်သည်။ ထိုလူ၏ ဒဏ်ရာများက အရှင်း မပျောက်ကင်းသေးဘဲ အတွင်းအား ချီစွမ်းအင်မှာလည်း အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးပေ။
သုံးကြိမ်ခန့် အသက်ရှူချိန်ကြာအောင် အားပြိုင်ပြီးနောက် ရန်ကျွယ်တိန်က လက်မောင်းကို ခါလိုက်ရာ လော့လဲ့ နောက်သို့ ဆုတ်သွားရသည်။
လော့လဲ့ ခြေလှမ်းဆယ်လှမ်းကျော် နောက်ဆုတ်ပြီးမှ ဟန်ချက်ပြန်ထိန်းနိုင်ကာ မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်၍ လတ်ဆတ်သော သွေးတစ်လုပ် အန်ချလိုက်ရာ မြေပြင်ပေါ်တွင် သွေးများ ပြန့်ကျဲသွားသည်။
ရန်ကျွယ်တိန်က လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သိုင်းလောက ဆရာသခင် တစ်ဦး၏ ဟန်ပန်ကို ထုတ်ဖော်လိုက်သည်။ သူက လော့လဲ့ကို လက်ညှိုးထိုး၍ …"ထွက်သွားစမ်း... ပြန်သွားပြီး ချင်းဂိုဏ်းက လူတွေကို ပြောလိုက်... နောက်တစ်ခါ ထပ်လာရင် ငါ ညှာတာမှာ မဟုတ်ဘူးလို့..."
လော့လဲ့ မော့ကြည့်လိုက်သည်။ လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သရော်ဝန်ဖြင့်"ငါ့ကို သွားခွင့်ပြုမယ်ဟုတ်လား... ကြည့်ရတာ မင်းက ထင်သလောက် မသန်မာဘူးပဲ..."
ရန်ကျွယ်တိန်၏ မျက်နှာထား အေးစက်သွားပြီး "မင်း တကယ်ပဲ ငါ့လက်ချက်နဲ့ သေချင်နေတာလား..."
စကားဆုံးသည်နှင့် သူ့ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူ ငုံ့ကြည့်လိုက်ရာ ညာဘက်လက်ဝါးပေါ်တွင် အနီရောင် အဖုအပိမ့်များ ပေါ်လာပြီး မီးလောင်ထားသကဲ့သို့ ရေကြည်ဖုများ လျင်မြန်စွာ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"နဂါးသတ်သူရဲကောင်း... ခင်ဗျားက ဘယ်လို လက်ဝါးသိုင်းကွက်မျိုးကိုများ ရဲရဲတင်းတင်း လက်ခံရဲတာလဲ... ကိုယ့်ရဲ့ လက်ဝါးရိုက်ချက်က ဘယ်လောက် နာမည်ကြီးတယ် ဆိုတာတောင် ထည့်မတွက်ဘူးပဲ..."ဟု လော့လဲ့က မတ်တတ်ထရပ်ပြီး သရော်လိုက်သည်။
အခြေအနေ မကောင်းတော့ကြောင်း ရန်ကျွယ်တိန် စိတ်ထဲ၌ တွေးလိုက်မိချေပြီ။ သူက လော့လဲ့ကို အမြန် ခြောက်လှန့် မောင်းထုတ်ပြီး လီချင်းချိုးတို့နှင့်အတူ ထွက်ပြေးချင်ခဲ့သဖြင့် တိုက်ခိုက်နေစဉ်အတွင်း ပေါ့ဆမိခဲ့ခြင်း ဖြစ်သည်။
သူက ဘယ်ဘက်လက်ဖြင့် ညာဘက်လက်မောင်းရှိ သွေးကြောအမှတ်များကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး အဆိပ်ထုတ်ရန် ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။
လော့လဲ့က ဓားကို ကိုင်ဆောင်၍ ရန်ကျွယ်တိန်ထံသို့ လျှောက်လာရင်း သူ စကားပြောရန် ပြင်လိုက်စဉ်...
ရွှစ်...
လေတိုးသံ တစ်ခု ထွက်ပေါ်လာကာ လော့လဲ့၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားပြီး မျက်နှာထား ရုတ်ခြည်း တောင့်တင်းသွားသည်။ သူ့ကို မျက်နှာမူထားသော ရန်ကျွယ်တိန်ကတော့ စူးရှသော ချီစွမ်းအင် လေလှိုင်းတစ်ခု သူ့ပါးပြင်ကို ပွတ်တိုက်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး နာကျင်မှုကို ခံစားလိုက်ရသည်။
ရန်ကျွယ်တိန် အာရုံစိုက် ကြည့်လိုက်ရာ လော့လဲ့၏ နဖူးပေါ်တွင် သွေးပေါက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဘုန်း...
လော့လဲ့ ဘုန်းကနဲ လဲကျသွားတော့မှ ရန်ကျွယ်တိန်တယောက် ကျန်းကျောက်ရှား၏ ပုံရိပ်ကို မြင်လိုက်ရသည်။
ကျန်းကျောက်ရှားကတော့ လက်မြှောက်ထားသည့် ဟန်ပန်ကို ထိန်းသိမ်းထားဆဲပင်။
"စကားများလိုက်တာ..."
ကျန်းကျောက်ရှားက အေးစက်စက် နှာမှုတ်လိုက်သည်။
အိမ်ထဲတွင် ရှိနေကြသော ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ လီစီဖုန်းနှင့် လီစီကျင်တို့ အားလုံး လန့်ဖျပ်သွားကြသည်။ သူတို့အားလုံး ကျန်းကျောက်ရှား၏ မူလချီကို မြင်လိုက်ရပြီး ကျန်းကျောက်ရှား လူသတ်ရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
"မင်း..."
ရန်ကျွယ်တိန်က ကျန်းကျောက်ရှားကို ကြည့်လိုက်သည်။ သူ့ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး စကားကိုပင် ရှေ့နောက် ညီအောင် မပြောနိုင်တော့ပေ။
ကျန်းကျောက်ရှားက ကျန်းယွီချွန်းကို လှမ်းကြည့်ပြီး"ဒုတိယဂိုဏ်းတူအစ်ကို... သူ့ကို မြှုပ်လိုက်..."ဟုသာ ပြောလိုက်သည်။
ကျန်းယွီချွန်း အသိပြန်ဝင်လာပြီး ခေါင်းကို တရစပ် ညိတ်ကာ လော့လဲ့၏ အလောင်းရှိရာသို့ အလိုအလျောက် လျှောက်သွားမိသည်။
"နေဦး... သူ့မှာ ဘာတွေပါလဲ အရင်ကြည့်ရအောင်..."
လီချင်းချိုးက ကျန်းယွီချွန်း၏ နောက်သို့ လိုက်သွားသည်။ သူ သိပ်ပြီး အံ့သြမနေဘဲ ကျန်းကျောက်ရှား၏ ရက်စက်ပြတ်သားမှုကို ကျေနပ်နေမိ၏။
အကယ်၍ ယခုညတွင် လော့လဲ့သာ တောင်ပေါ်မှ ဆင်းသွားခဲ့လျှင် ချင်းရှောင်းဂိုဏ်း အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ သူ့ကို ဤနေရာတွင် သတ်လိုက်ခြင်းက အကောင်းဆုံး ရလဒ်ပင် ဖြစ်သည်။
ရန်ကျွယ်တိန် သတိပြန်ဝင်လာပြီး ကျန်းကျောက်ရှားကို ကြည့်ကာ မေးမြန်းမိလိုက်သည်။ "မင်း ဘာလို့ သူ့ကို သတ်လိုက်တာလဲ... ချင်းဂိုဏ်းက လက်တုံ့ပြန်မှာကို မကြောက်ဘူးလား..."
ကျန်းကျောက်ရှားက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်က "ကျွန်တော်တို့ သူ့ကို မသတ်ရင် ချင်းဂိုဏ်းက ကျွန်တော်တို့ကို လွှတ်ပေးမှာမို့လို့လား... ဒါ့အပြင် ခင်ဗျားက ချင်းရှောင်းဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီ ဆိုတော့ ခင်ဗျားရဲ့ ပြဿနာက ကျွန်တော်တို့ရဲ့ ပြဿနာပဲ..."
သူ့အသက်က ၁၅ နှစ်သာ ရှိသေးသော်လည်း စကားများက အလွန် အာဏာဆန်နေသဖြင့် ရန်ကျွယ်တိန် အတွေးများကာ ငေးငိုင်သွားသည်။
"မင်း ဘယ်သူလဲ..." ရန်ကျွယ်တိန်က ဗလာကျင်းနေသော အကြည့်ဖြင့် မေးလိုက်မိသည်။
ကျန်းကျောက်ရှားက လှည့်၍ အိမ်ဘက်သို့ လျှောက်သွားရင်း နောက်ပြန်မကြည့်ဘဲ ပြောလိုက်သည်က"ချင်းရှောင်းဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်..."
လော့လဲ့၏ အဝတ်အစားများကို ချွတ်ယူနေသော လီချင်းချိုး ထိုစကားကို ကြားသောအခါ မော့ကြည့်ပြီး မပြောဘဲ မနေနိုင်တော့ပေ။
"ငါ သဘောတူလို့လား... ဘာလို့ မင်းသဘောနဲ့မင်း ပြောနေတာလဲ..."
ဒီကောင်လေးကတော့ တကယ်ပဲ ဆရာကြီးဂိုက် ဖမ်းတတ်တာပဲ...
ကျန်းကျောက်ရှားက ပြန်မဖြေဘဲ သူ့အခန်းသို့ လျင်မြန်စွာ ပြန်ဝင်သွားသည်။ သူ အခန်းထဲ ဝင်လိုက်သည်နှင့် လီစီဖုန်း ထွက်လာပြီး လီတုန်းယွဲ့နှင့် လီစီကျင်တို့ပင်လျှင် အမျိုးသမီးတပည့်ဆောင်မှ ထွက်လာကြသည်။
လီချင်းချိုး စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။
ကျန်းကျောက်ရှားက လူသတ်ခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ဖူးခြင်း ဖြစ်သော်လည်း အပြစ်အနာအဆာ မရှိသလိုဟန်ဆောင်နေခြင်း ဖြစ်သည်။ ခုနက တံခါးဝသို့ ဝင်သွားစဉ် လော့လဲ့ကို သတ်ရာတွင် အသုံးပြုခဲ့သည့် လက်တဖက်တုန်ယင်နေသည်ကို လီချင်းချိုး သတိထားမိလိုက်သည်။
ခေတ္တမျှ ရှာဖွေပြီးနောက် လီချင်းချိုး လော့လဲ့ထံမှ လက်နက်ပုန်းများ၊ ရိက္ခာခြောက်များနှင့် တိုကင်ပြားတစ်ခုကိုသာ တွေ့ရှိရသဖြင့် အတော်လေး မကျေမနပ် ဖြစ်သွားသည်။ ထို့နောက် အလောင်းကို မြေမြှုပ်ရန် ဂိုဏ်းတူညီငယ် သုံးယောက်ကို စီစဉ်ခိုင်းလိုက်သည်။
သူ မတ်တတ်ထရပ်ပြီး အဆိပ်ထုတ်ရန် ချီစွမ်းအင် လှည့်ပတ်နေဆဲဖြစ်သော ရန်ကျွယ်တိန်ထံသို့ လျှောက်သွားလိုက်သည်။ ရန်ကျွယ်တိန်မှာ ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်ပြီး ဘာဖြစ်သွားသည်ကို အပြည့်အဝ နားမလည်နိုင်သေးပေ။
"သူပြောတဲ့ လျှို့ဝှက်သိုင်းကျမ်းဆိုတာ ဘာလဲ... ကျုပ်ကို ပေး... ဒီည ခင်ဗျားအသက်ကို ကယ်လိုက်တဲ့ အတွက် ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်..." လီချင်းချိုးက ရန်ကျွယ်တိန်ကို စိုက်ကြည့်လိုက်သည်။
ရန်ကျွယ်တိန်က လက်လျော့လိုက်သည့်ပုံစံဖြင့် "အဲဒီ လျှို့ဝှက်သိုင်းကျမ်းက အတုပါ... လုံးဝ သုံးလို့မရဘူး..."
"ပေးသာ ပေးစမ်းပါ..."
"နေဦး..."
ရန်ကျွယ်တိန်က ချီစွမ်းအင် လှည့်ပတ်မှုကို ရပ်တန့်လိုက်ပြီး ဖိနပ်ကို ချွတ်ကာ ဖိနပ်အောက်ခံသားထဲမှ ပါးလွှာသော သားရေစ တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဖြန့်လိုက်သောအခါ လူ့မျက်နှာအရွယ်အစားခန့် ရှိပေသည်။
လီချင်းချိုးက ထိုပစ္စည်းကို ရွံရှာစွာ လက်ခံယူလိုက်ပြီး လီတုန်းယွဲ့ထံသို့ ပစ်ပေးကာ ဆေးကြောခိုင်းလိုက်သည်။
လီတုန်းယွဲ့က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ရင်ဘတ်ထဲမှ အဝတ်စတစ်ခု ထုတ်ကာ မြေကြီးပေါ်မှ သားရေပါးကို ထုပ်ပိုးပြီး ရေတွင်းဘက်သို့ ထွက်သွားလေသည်။
"ဒီလူ့မှာ အဖော်တွေ ရှိသေးလား..." လီချင်းချိုးက ရန်ကျွယ်တိန်ကို မေးလိုက်သည်။
ရန်ကျွယ်တိန်က ခေါင်းခါပြီး "သူ တစ်ယောက်တည်း ကျုပ်နောက် လိုက်လာတာ... ကျုပ် တခြားလူနဲ့ တိုက်ခိုက်လို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ခြုံခိုတိုက်ခိုက်တာ... ဒီကောင် တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ..."
ထိုစကားကို ကြားပြီးနောက် လီချင်းချိုး စိတ်သက်သာရာ ရသွားသည်။
သူက ရန်ကျွယ်တိန်ကို ကိုယ့်ဘာသာကိုယ် ဒဏ်ရာကုသရန် ပြောလိုက်ပြီး လီတုန်းယွဲ့ ရှိရာသို့ လျှောက်သွားကာ ဆေးကြောပြီးသည်အထိ စောင့်၍ သားရေပါးကို ယူဆောင်ပြီး အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။
ထိုသားရေမှာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာပြီး ထိတွေ့လိုက်လျှင် အေးစက်နေကာ စာလုံးသေးသေးလေးများ ရေးထိုးထားသည်။ ၎င်းမှာ လူရေခွံ ဖြစ်သည်ဟုပင် သူ အကြီးအကျယ် သံသယ ဝင်မိနေသည်။
အခန်းထဲ ပြန်ရောက်သောအခါ အပြင်ဘက်တွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်လာပါက သိရှိနိုင်ရန် တံခါးကို မပိတ်ပေ။ထို့နောက် စားပွဲတွင် ထိုင်ကာ ဖယောင်းတိုင် မီးညှိပြီး သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
"ဟင်..."
လီချင်းချိုး မျက်ခုံးပင့်သွားပြီး အံ့သြသံ ထွက်ပေါ်လာသည်။
ရန်ကျွယ်တိန် ဤလျှို့ဝှက်သိုင်းကျမ်းကို အတုဟု ထင်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ တကယ်တမ်းတွင် ထိုအရာက မန္တန် တစ်ခု ဖြစ်နေသည်။
ဤမန္တန်က ချီစွမ်းအင်ကို မည်သို့ စုပ်ယူရမည် ဆိုသည်ကို ဖော်ပြထားခြင်း မရှိဘဲ ချီစွမ်းအင်ကို မည်သို့ လှည့်ပတ်ရမည်ကို တိုက်ရိုက် ရှင်းပြထားခြင်း ဖြစ်သည်။ အချို့သော သွေးကြောအမှတ်များမှာ သိုင်းပညာနှင့် ကွဲပြားနေသဖြင့် ရန်ကျွယ်တိန်၏ အမြင်တွင် လုံးဝ အဓိပ္ပာယ်မရှိသော အရာ ဖြစ်နေခြင်း ဖြစ်သည်။
အဆုံးရောက်မှသာ ဤမန္တန်၏ အမည်ကို လီချင်းချိုး သိလိုက်ရ၏။
အထူးဓားထိန်းချုပ်မှုသိုင်း…