← Chapters

လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းချုပ်

Vol. 2 Ch. 9

လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းချုပ်

Vol. 2 Ch. 9

တစ်ညတာ ကုန်ဆုံးသွားပြီး နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ကောင်းကင်ယံကို ထိုးဖောက်ကာ ချင်းရှောင်းဂိုဏ်း တစ်ခွင်သို့ ဖြာကျလာသည်။ ခေါင်မိုးစွန်းမှ ရေစက်များ ကျဆင်းနေခြင်းက ဆောင်းရာသီ နှင်းများ အရည်ပျော်ကျခြင်းကို ကိုယ်စားပြုနေသည်။

လီချင်းချိုးတယောက် ချီစွမ်းအင် စုပ်ယူရန်နှင့် ကျင့်ကြံရန် စောစောစီးစီး နိုးထလာခဲ့ပြီး ပြီးခဲ့သည့်ညက ဖြစ်ရပ်များ၏ သက်ရောက်မှု မရှိသည့်အလား အခြားတပည့်များလည်း ထိုနည်းတူ ပြုလုပ်ကြသည်။

သူတို့အားလုံး တောင်တံခါးဝ၏ ရှေ့တွင် ထိုင်ကာ တောင်တန်းများကို မျက်နှာမူထားကြပြီး ထူထပ်သော မြူခိုးများကြားမှ ခမ်းနားထည်ဝါသော မြစ်များနှင့် တောင်တန်းများ ဝေဝါးစွာ ပေါ်ထွက်နေ၏။ ထိုသို့သော လှပသည့် ရှုခင်းက သူတို့ကို ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ရန် လွယ်ကူစေသည်။

ပြီးခဲ့သည့်ညက လှုံ့ဆော်မှုကြောင့် အခြားတပည့်များ သိသိသာသာ ကြောက်ရွံ့နေကြပြီး ပို၍ ဝီရိယရှိစွာ ကျင့်ကြံလာကြသည်။ ရန်ကျွယ်တိန် အတွက်မူ ဒဏ်ရာဟောင်းများ မကျက်သေးခင် ဒဏ်ရာသစ်များ ထပ်တိုးလာသဖြင့် အိမ်ထဲ၌သာ အနားယူနေရ၏။

တစ်နာရီခန့် ကြာသောအခါ လီချင်းချိုး ထရပ်လိုက်ပြီး တပည့်များကို လူစုခွဲလိုက်သည်။ ကျန်းကျောက်ရှားက ဝူမန်အာကို တောင်ကုန်းနောက်ဘက်သို့ ဆွဲခေါ်သွားပြီး ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့မှာ ထင်းခွေရန်နှင့် ကြက်စာကျွေးရန် ကျန်နေခဲ့သည်။ အငယ်ဆုံးများ ဖြစ်ကြသော လီစီဖုန်းနှင့် လီစီကျင်တို့မှာမူ ဘေးကင်းရန်သာ လိုအပ်သည်။

လီချင်းချိုးက ရန်ကျွယ်တိန်၏ အခန်းသို့ သွားပြီး တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ပါ..."

ရန်ကျွယ်တိန်၏ အသံ ထွက်ပေါ်လာရာ လေသံတွင် မောပန်းနွမ်းနယ်မှုများ ပါဝင်နေသည်။

ရန်တိန်ကျွယ်က ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူ တစ်ဦး မဟုတ်သဖြင့် အိပ်စက်ရန် လိုအပ်သော်လည်း တစ်ညလုံး အဆိပ်ထုတ်နေခဲ့ရ သောကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်သည်။

လီချင်းချိုး တံခါးဖွင့်ဝင်လိုက်ပြီး ပြန်ပိတ်လိုက်ကာ စားပွဲသို့ လျှောက်သွား၍ ထိုင်လိုက်ပြီး ကုတင်ပေါ်ရှိ ရန်ကျွယ်တိန်ကို ကြည့်၍ မေးလိုက်သည်။

"အဲဒီ လျှို့ဝှက်သိုင်းကျမ်းကို ခင်ဗျား ဘယ်က ရခဲ့တာလဲ..."

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဖူယန်ကန်မှာ ရေကျချိန်ဆိုရင် ကန်အောက်ခြေကို သွားတဲ့ လမ်းကြောင်း ပေါ်လာတတ်တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တယ်... ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သိုင်းလောက ဂန္ထဝင်တစ်ယောက် ချန်ထားခဲ့တဲ့ လျှို့ဝှက်ခန်းတစ်ခု ကန်အောက်ခြေမှာ ရှိတယ်တဲ့... ကျုပ်လည်း စိတ်ဝင်စားလို့ သွားကြည့်တော့ ကောလာဟလတွေ ပြောတဲ့အတိုင်း ဖြစ်နေတယ်... ကျန်းဟူက လူတစ်စုနဲ့အတူ ကန်အောက်ခြေကို ဆင်းသွားတော့ ကံကောင်းထောက်မစွာနဲ့ အဲဒီ လျှို့ဝှက်သိုင်းကျမ်း ပါတဲ့ သေတ္တာတစ်လုံးကို တွေ့ခဲ့တယ်... အပြင်ပြန်ရောက်တော့ ချင်းဂိုဏ်းက ပညာရှင်တွေနဲ့ တွေ့ပြီး တိုက်ထုတ်ခဲ့ရတယ်... အဲဒီမှာတင် ကိစ္စပြီးပြီ ထင်ခဲ့ပေမဲ့ ဓားသူတော်စင် ချန်ချန်ဟိုင်နဲ့ အပြန်အလှန် ဒဏ်ရာရထားတဲ့အချိန်မှာ သူတို့ လာတိုက်မယ်လို့ မထင်ထားခဲ့ဘူး..."

ဤအကြောင်း ပြောရင်းနှင့်ပင် သူ စိတ်ဓာတ်ကျနေဆဲ ဖြစ်သည်။ အတုဖြစ်သော လျှို့ဝှက်သိုင်းကျမ်း တစ်ခုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာရခဲ့ခြင်းက တကယ်ကို ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်။

"အတုလို့ ထင်နေမှတော့ ဘာလို့ ချင်းဂိုဏ်းကို မပေးလိုက်တာလဲ..."

လီချင်းချိုးက နားမလည်စွာ မေးလိုက်သည်။

ရန်ကျွယ်တိန်က မျက်လုံးပြူးကြည့်ကာ ဒေါသတကြီးဖြင့်"အတုဖြစ်နေရင်တောင် အဲဒီကောင်တွေကို မပေးနိုင်ပါဘူး... ဒီ လျှို့ဝှက်သိုင်းကျမ်းရဲ့ ဂုဏ်သတင်းကို အသုံးပြုပြီး သူတို့ ဘယ်လောက် ပြဿနာရှာမလဲ ဘယ်သူသိမှာလဲ... သူတို့က ပုံမှန်ဆို လိမ်ညာလှည့်ဖြားရတာ ကြိုက်ကြတယ်... အရာရှိတွေနဲ့ မှူးမတ်တွေ ဘယ်လောက်များများ သူတို့ လှည့်ဖြားတာ ခံခဲ့ရပြီး သာမန်ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသလဲ... ချင်းဂိုဏ်းအတွက်ကတော့ လျှို့ဝှက်သိုင်းကျမ်းရဲ့ အစစ်အမှန် ဖြစ်မှုက သိပ်အရေးမကြီးဘူး... သူတို့ လိုချင်တာက သိုင်းလောက ဂန္ထဝင်ရဲ့ ဂုဏ်သတင်းပဲ..."

"သိုင်းလောက ဂန္ထဝင်ရဲ့ နတ်ဘုရားစွမ်းရည်နဲ့ ထူးခြားတဲ့ ပညာရပ်ကို နဂါးသတ်သူရဲကောင်းဆီကနေ လုယူနိုင်ခဲ့တယ်ဆိုတဲ့ သတင်းပြန့်သွားတာနဲ့ သူတို့ရဲ့ ဂုဏ်သတင်းက သေချာပေါက် မိုးထိအောင် တက်သွားလိမ့်မယ်... သူတို့ နန်းတွင်းနဲ့တောင် ပတ်သက်လာနိုင်တယ်... ဒီနှစ်တွေမှာ သူတို့က အာဏာကို အမြဲတမ်း တွယ်ဖက်ချင်နေခဲ့တာ... ပြီးတော့ ခင်ဗျား မြင်တဲ့အတိုင်းပဲ... ကျုပ်က အတုပါလို့ ပြောရင်တောင် သူတို့ ယုံကြမှာ မဟုတ်ဘူး... လျှို့ဝှက်သိုင်းကျမ်းကို ပေးလိုက်ရင်တောင် သူတို့ ကျုပ်ကို သတ်မှာပဲ... ဒုတိယ မိတ္တူကို ရှာမတွေ့တော့မှပဲ ရပ်တန့်ကြလိမ့်မယ်..."

လီချင်းချိုးက သိလိုစိတ်ဖြင့် မေးလိုက်မိပြန်သည်။

"ချင်းဂိုဏ်းနဲ့ ဧကရာဇ်ဖြူစံအိမ် ဘယ်သူက ပိုစွမ်းအားကြီးလဲ..."

ရန်ကျွယ်တိန် စဉ်းစားလိုက်ပြီး "သူတို့က သိပ်မကွာပါဘူး... ဒါပေမဲ့ ဧကရာဇ်ဖြူစံအိမ်က နန်းတွင်းနဲ့ အဆက်အသွယ်ရှိတော့ ချင်းဂိုဏ်းက အလွယ်တကူ ရန်မစရဲဘူး... နှစ်ဖက်စလုံးက ပဋိပက္ခ ဖြစ်ခဲတယ်... အခုနောက်ပိုင်း ဧကရာဇ်ဖြူစံအိမ်က ကျန်းဟူ ကိစ္စတွေမှာ သိပ်မပါတော့ဘူး... ဒါပေမဲ့ ချင်းဂိုဏ်းက မတူဘူး... သူတို့က ရည်မှန်းချက်ကြီးပြီး သိုင်းလောကရဲ့ အရှင်သခင် ဖြစ်ချင်နေကြတာ..."

ဤခေါင်းစဉ်ကို အသုံးပြု၍ ရန်ကျွယ်တိန်နှင့် ခေတ္တမျှ စကားစမြည် ပြောလိုက်ရာ လက်ရှိ ကုကျိုးပြည်နယ် သိုင်းလောက အခြေအနေကို အနည်းငယ် နားလည်လာသည်။

တာလီမင်းဆက်က သူ့ယခင်ဘဝမှ ဟွာရှာထက် များစွာ ကြီးမားကြောင်း တွေ့ရှိလိုက်ရသည်။ ကုကျိုးပြည်နယ် တစ်ခုတည်းကပင် ဟွာရှာ၏ ထက်ဝက်ခန့် ရှိပြီး ပြည်နယ်မြို့ပေါင်း ဒါဇင်ချီကာ ကျန်းဟု ဂိုဏ်းပေါင်းများစွာ ရှိနေသည်။

ရန်ကျွယ်တိန် ချောင်းဆိုးလာသည်အထိ သူတို့ စကားပြောကြပြီးနောက် လီချင်းချိုး ရပ်တန့်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

သူက လေကျင့်စဥ်ကို အရင် ကျင့်ကြံရန် စီစဉ်ထားပြီး ပြီးခဲ့သည့်ညက တိုက်ပွဲကို ကြည့်ပြီးနောက် သူ၏ ကိုယ်ဖော့ပညာမှာ ကျန်းဟူပညာရှင်များနှင့် ယှဉ်လျှင် ကွာဟချက် ရှိနေသေးကြောင်း သဘောပေါက်လိုက်သည်။

အထူးဓားထိန်းချုပ်မှုသိုင်း အတွက်မူ လောလောဆယ် မကျင့်ချင်သေးပေ။ ဤမန္တန်က အမှန်တကယ် အစွမ်းပြနိုင်ရန် ဓားကိုးလက် လိုအပ်သည်။

နောင်တွင် သူ မန္တန်များ ပိုမို ရရှိလာသောအခါ စုစည်းလိုက်မည် ဖြစ်သည်။ လူတစ်ယောက်၏ စွမ်းအင်မှာ အကန့်အသတ် ရှိပြီး ရသမျှ အကုန် လိုက်ကျင့်၍ မရနိုင်ပေ။

သို့သော် အထူးဓားထိန်းချုပ်မှုသိုင်း ကိုတော့ သေချာပေါက် ကျင့်ကြံရမည် ဖြစ်သည်။ သူ့ ပါရမီကို အလဟဿ အဖြစ်မခံနိုင်ပေ။

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြန်သည်။

ရက်အနည်းငယ် ကြာပြီးနောက် တောင်ပေါ်ရှိ နှင်းအများစု အရည်ပျော်သွားပြီး ရန်ကျွယ်တိန်လည်း အခန်းမှ ထွက်လာနိုင်ပြီ ဖြစ်သည်။

သူက ဝူမန်အာကို မပတ်သက်ရဲတော့သလို ကျန်းကျောက်ရှားနှင့် လောင်းကြေးအကြောင်းကိုလည်း မပြောရဲတော့ပေ။

မကြာမီ သူ့အာရုံက လီစီဖုန်းနှင့် လီစီကျင်တို့အပေါ် ကျရောက်သွားသည်။

ဤကလေးနှစ်ယောက်မှာ ငယ်ရွယ်သော်လည်း သိုင်းပညာအတွက် မျိုးစေ့ကောင်းများ ဖြစ်ကြသည်။

ချင်းရှောင်းဂိုဏ်းက တကယ်ကို ထူးဆန်းတယ်... ပါရမီရှင်တွေ နည်းနည်း များလွန်းနေတယ်... ဟု မရေရွတ်ဘဲ မနေနိုင်ပေ။

လဝက်ခန့် ကြာပြီးနောက် ကျန်းယွီချွန်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဝူမန်အာနှင့် လီတုန်းယွဲ့တို့ကို ခေါ်ကာ တပည့်သစ်များ စုဆောင်းရန် တောင်အောက်သို့ ဆင်းသွားသည်။ ရန်ကျွယ်တိန်ကိုမူ သူ့ကို ရှာဖွေနေသော ချင်းဂိုဏ်း တပည့်များနှင့် မတွေ့ဆုံစေရန် လီချင်းချိုးက ချင်းရှောင်းဂိုဏ်းတွင်သာ နေရန် ကန့်သတ်ထားလိုက်သည်။

ရန်ကျွယ်တိန်ကလည်း ဤအချက်ကို ကန့်ကွက်ခြင်း မရှိပေ။ သူလည်း ထိုအတိုင်း တွေးထားသည်။

ထိုညနေခင်းတွင် ကျန်းယွီချွန်းနှင့် အခြားနှစ်ဦးတို့က ကလေး ခုနစ်ယောက်ကို တောင်ပေါ်သို့ ခေါ်ဆောင်လာကြသည်။ ယောက်ျားလေး ခြောက်ယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်ပြီး အကြီးဆုံးမှာ ၁၃ နှစ်ထက် မကျော်သလို အငယ်ဆုံးမှာ ၆ နှစ်သာ ရှိသေးသည်။

ရိုးရှင်းသော ဂိုဏ်းဝင်ခွင့် အခမ်းအနား ပြီးနောက် လီချင်းချိုးက သူတို့၏ စွမ်းရည်ပြားများကို စစ်ဆေးကြည့်ရာ သူတို့၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့မှာ အလွန်ညံ့ဖျင်းပြီး ထူးခြားမှု မရှိကြောင်း တွေ့လိုက်ရသည်။

ဆရာသခင်က သူ့အတွက် အခြေခံကောင်းတွေ ချန်ထားပေးခဲ့တာပဲ... ဟု တွေးကာ လီချင်းချိုး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

လင်ရွှန်းဖုန်း၏ လူရွေးချယ်တတ်သော အမြင်ကို ကြည့်ခြင်းအားဖြင့် သူ့ရည်မှန်းချက်များက မသေးငယ်သော်လည်း ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းတွင် မျောပါသွားခဲ့ရသည်မှာ နှမြောစရာပင်။

လီချင်းချိုးက တပည့်သစ်များကို ကျား၊ မ ခွဲခြား၍ နေထိုင်စေပြီး ဂိုဏ်းတူအစ်ကို၊ အစ်မကြီးများနှင့် အတူတူ ကျပ်ကျပ်တည်းတည်း နေစေလိုက်သည်။ လီတုန်းယွဲ့၊ လီစီဖုန်းနှင့် အခြားသူများမှာ စိတ်မရှိကြသည့်အပြင် အနာဂတ်တွင် အကြီးအကဲများ ဖြစ်လာကြမည် ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

ဂိုဏ်းစဝင်သည့် ပထမ ခုနစ်ရက်တွင် လီချင်းချိုးက သူတို့ကို ဂိုဏ်းနှင့် အရင် ရင်းနှီးကျွမ်းဝင်အောင် လုပ်ခိုင်းလိုက်ပြီး ခုနစ်ရက် ကြာပြီးနောက် ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကို ဟွမ်ယွမ်ကျမ်းစာ သင်ကြားပေးစေသည်။

အနာဂတ်တွင် လီတုန်းယွဲ့က သင်ကြားရေး အကြီးအကဲအဖြစ် တာဝန်ယူနိုင်ပေလိမ့်မည်။ လီစီဖုန်းနှင့် လီစီကျင်တို့ အတွက်မူ စောင့်ကြည့်ရန် လိုသေးသည်။

ထပ်ပြောရမည်ဆိုလျှင် သိုင်းပညာ တစ်လခန့် လေ့ကျင့်ပြီးနောက် ရန်ကျွယ်တိန်၏ လမ်းညွှန်မှုအောက်တွင် လီစီဖုန်း၏ စွမ်းရည်များ တစ်ဟုန်ထိုး တိုးတက်လာပြီး နံရံများနှင့် ခေါင်မိုးများကို စတင် ကျော်တက်နိုင်နေပြီ ဖြစ်ရာ တပည့်သစ်များကို မကြာခဏ အံ့အားသင့်စေခဲ့သည်။

ဆောင်းရာသီ လုံးဝ ကုန်ဆုံးသွားပြီး နှစ်သစ်ကူး နီးကပ်လာချေပြီ။

တာလီမင်းဆက်တွင်လည်း နွေဦးပွဲတော် ရှိသည်။ နွေဦးပွဲတော် ရောက်တိုင်း လီချင်းချိုး ယခင်ဘဝကို သတိရမိတတ်သည်။

ဒီနေ့ မွန်းလွဲပိုင်းတွင် လီချင်းချိုး ခြံဝန်းထဲ၌ အနားယူနေသည်။ လေကျင့်စဥ်ကို ကျင့်ကြံပြီးစ ဖြစ်၍ အနည်းငယ် ပင်ပန်းနေသည်။သို့သော် အလုပ်ရှုပ်နေကြသော တပည့်များကို ကြည့်ရင်း စိတ်ထဲတွင် အတော်လေး ကျေနပ်နေမိသည်။

အချို့က တံမြက်စည်း လှည်းနေကြသည်၊ အချို့က ရေခပ်နေကြသည်၊ အချို့က ခေါင်မိုးစွန်းများကို ပြုပြင်နေကြသည်... အရာအားလုံးက ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည် ရွေ့လျားနေကြသည်။

ထိုစဉ် ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့ ခြံဝန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြကါ လီချင်းချိုး၏ ဘေးတစ်ဖက်စီတွင် ဝင်ထိုင်လိုက်ကြသည်။

"ဂိုဏ်းချုပ်... ကျွန်တော် ပြောစရာရှိတယ်... ကျွန်တော်တို့ လက်နက်တချို့ ဝယ်ဖို့ တောင်အောက်က မြို့ထဲကို သွားချင်တယ်... ဘယ်လိုသဘောရလဲ..." ဟု ကျန်းကျောက်ရှားက မေးလိုက်သည်။

ချင်းရှောင်းဂိုဏ်း တစ်ခုလုံးတွင် ဓားနှစ်လက်သာ ရှိပြီး တစ်လက်ကို လင်ရွှန်းဖုန်း ယူသွားခဲ့ပြီ ဖြစ်သည်။ ကျန်းကျောက်ရှား ဓားတလက်လိုချင်သည်မှာ ကြာပြီ ဖြစ်သည်။

သူ ဓားတစ်လက် လိုချင်သည်... တကယ့် ဓားအစစ်တစ်လက်လိုချင်သည်။

သူတင်မက အခြားတပည့်များလည်း သိုင်းပညာ လေ့ကျင့်ရန် လက်နက်များ လိုအပ်နေကြသည်။ သူတို့တွေ လက်သီးသိုင်းနှင့် ခြေသိုင်း သက်သက်ကိုသာ အမြဲ သင်ယူနေလို့မဖြစ်ပေ။

လီချင်းချိုးက သူ့ကို မျက်စောင်းခဲပြီး "ငါတို့မှာ ဝယ်ဖို့ပိုက်ဆံဘယ်မှာရှိလို့လဲ..."ဟု အငေါ်တူးလိုက်သည်။

ကျန်းယွီချွန်းက"ကျွန်တော်တို့တွေ ဆုကြေးရဖို့ မြို့ထဲမှာ ဓားသိုင်းကပြဖို့ စီစဉ်ထားပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းက တကယ် တိုးတက်လာဖို့ဆိုရင် ပိုက်ဆံလိုတယ်... ပြီးတော့ ဒီအခွင့်အရေးကို သုံးပြီး ချင်းရှောင်းဂိုဏ်းကို ကြော်ငြာဖို့လည်း စဉ်းစားထားတယ်... နောက်ပိုင်းကျရင် လူတွေကို အခက်အခဲ ဖြေရှင်းပေးပြီး ပိုက်ဆံရှာလို့ ရတာပေါ့... ကျွန်တော်တို့ တကယ် ပိုက်ဆံလိုနေပြီ... ပါးစပ်ပေါက် ရှစ်ပေါက် ထပ်တိုးလာတော့ ရိက္ခာထောက်ပံ့မှုက ကျပ်တည်းနေပြီ..."

လူများကို အခက်အခဲ ဖြေရှင်းပေးခြင်း ဆိုသည်မှာ ကျန်းဟူဂိုဏ်းအများစု စတင်ခဲ့ကြသည့် နည်းလမ်းပင်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အငှားလူမိုက်လုပ်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ကျော်ကြားမှု ပိုရှိလာမှသာ လူများက ဂိုဏ်းထဲသို့ဝင်ရောက်လိုကြမည် ဖြစ်သည်။

လီချင်းချိုးအတွေးက ဘာမှမလုပ်မီ နှစ်အနည်းငယ် ငြိမ်နေချင်ခဲ့သော်လည်း ကျန်းယွီချွန်း ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် သူတို့လုပ်ရပ်က ကျန်းဟူဂိုဏ်းကြီးများကို ဆန့်ကျင်နေခြင်း မဟုတ်ပေ။

ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့၏ ခွန်အားမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ကောင်းပြီ... ဒါပေမဲ့ အပြင်သွားတဲ့အခါ ဂရုစိုက်ဖို့တော့ မှတ်ထားရမယ်... ကိုယ့်အရည်အချင်းကို အထင်ကြီးပြီး တခြားသူတွေကို လျှော့မတွက်နဲ့... ပြီးတော့ လူတွေနဲ့ အလွယ်တကူ ပြဿနာ မဖြစ်စေနဲ့..." ဟု လီချင်းချိုးက မှာကြားလိုက်သည်။

ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ အတူသွားခြင်းက သူ့ကို အတော်လေး စိတ်အေးစေသည်။

ကျန်းကျောက်ရှားက စိတ်ဆိုးမာန်ဆိုးဖြင့် "ကျွန်တော်တို့ကို ကလေးတွေများ မှတ်နေလား..."

သို့သော် ကျန်းယွီချွန်းက ခေါင်းညိတ်ပြီး "စိတ်ချပါ ဂိုဏ်းချုပ်... တတိယဂိုဏ်းတူညီလေးကို ကျွန်တော် သေချာပေါက် ထိန်းပါ့မယ်..."

"..."

ကျန်းကျောက်ရှားက ကျန်းယွီချွန်းကို နာကြည်းစွာ ကြည့်လိုက်သော်လည်း ကျန်းယွီချွန်းက သူ့အကြည့်ကို မမြင်သကဲ့သို့ တည်ငြိမ်စွာ နေနေသည်။

သူတို့ သုံးယောက် ခဏကြာ စကားပြောပြီးနောက် ကျန်းကျောက်ရှားက တောင်အောက်သို့ ဆင်းရန် စိတ်လောနေသည်။ အနီးဆုံးမြို့သို့ ရောက်ရန် ခရီး နှစ်ရက် သွားရမည် ဖြစ်ပြီး တောင်ပေါ်တွင် ညအိပ်ရန် ရှောင်လွှဲ၍ မရနိုင်ပေ။

လီချင်းချိုး သူတို့အတွက် ရိက္ခာခြောက်များနှင့် ရေဘူးများသာ ပြင်ဆင်ပေးနိုင်ပြီး သူတို့ တောင်အောက်သို့ ဆင်းသွားသည်ကို ကြည့်နေလိုက်သည်။

သူက တောင်တံခါးဝတွင် ရပ်ကာ ဂိုဏ်းတူညီ နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း လင်ရွှန်းဖုန်း ထွက်ခွာသွားသည်ကို သတိရမိသွားသည်။

"နှစ်သစ်ကူး မတိုင်ခင် ပြန်ရောက်အောင်လာနော်..."

"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်..."

ကျန်းယွီချွန်းက ပြန်လှည့်ကြည့်ပြီး လီချင်းချိုးကို လက်ပြကာ တောက်ပစွာ ပြုံးပြလိုက်သော်လည်း ကျန်းကျောက်ရှားကတော့ ပြန်လှည့်မကြည့်ပေ။

ပုံရိပ်နှစ်ခု တောင်တန်းများကြား ပျောက်ကွယ်သွားသည်အထိ လီချင်းချိုး အကြည့်ကို ပြန်မရုပ်သိမ်းသေးပေ။

"စိတ်မပူပါနဲ့... အဲဒီ ကောင်လေးကျန်းက အရမ်း စွမ်းအားကြီးပါတယ်... ကျန်းယွီချွန်းရဲ့ စွမ်းရည်ကလည်း မဆိုးပါဘူး... သူတို့နှစ်ယောက် တောင်အောက်ဆင်းသွားတာကိုကြည့်ပြီး အဲဒီ ကျန်းဟူက လူတွေ မျက်ကန်းတစ္ဆေနကြောက် ပြဿနာ လာရှာမှာကိုပဲ ပိုစိတ်ပူမိတယ်..."

ရန်ကျွယ်တိန်က လီချင်းချိုး၏ ဘေးသို့ ရောက်လာပြီး နှစ်သိမ့်လိုက်သည်။

ကျန်းကျောက်ရှား ရက်စက်သည်ဟု သူ အမှန်တကယ် ခံစားမိသည်။ ဒီအတောအတွင်း ကျန်းကျောက်ရှားက တိုက်ခိုက်ရေး အတွေ့အကြုံ ယူလိုသဖြင့် သူ့ကို လာရောက် စိန်ခေါ်လေ့လေ့ရှိသည်။ မူလချီကို အသုံးမပြုလျှင် ရန်တိန်ကျွယ်ဘက်က ကျန်းကျောက်ရှားကို ဖိနှိပ်ထားလေ့ ရှိသည်။

သို့သော် ကျန်းကျောက်ရှား၏ တိုးတက်မှုက မြန်ဆန်လွန်းလှပြီး နောက်ပိုင်းတွင် သိုင်းကွက်တိုင်းက သေစေနိုင်လောက်သည်အထိ ဖြစ်လာရာ သူ့ကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

ဒီကလေးက အနာဂတ်မှာ သေချာပေါက် ကြီးကျယ်တဲ့အရာတွေ လုပ်ပြလိမ့်မယ်...

လီချင်းချိုး သူတို့ကို တောင်အောက်ဆင်းခွင့် ပြုလိုက်ရသည့် အကြောင်းရင်းမှာ ကျန်းကျောက်ရှားနှင့် ရန်ကျွယ်တိန်တို့၏တိုက်ခိုက်ပုံကို မြင်တွေ့ခဲ့ရသောကြောင့်လည်း ဖြစ်သည်။

ရန်ကျွယ်တိန်က ကျန်းကျောက်ရှားကို ကျန်းဟူ အတွေ့အကြုံများစွာ သင်ပေးခဲ့သည်။

လီချင်းချိုး အကြည့်ကို ပြန်ရုပ်သိမ်းပြီး ပြုံးလိုက်ကာ "မတတ်နိုင်ဘူးလေ... သူတို့ တောင်အောက်ကို ပထမဆုံး ဆင်းဖူးတာဆိုတော့ နည်းနည်း စိတ်ပူမိတာပေါ့..."

ထိုသို့ပြောပြီး နောက်လှည့်၍ ဂိုဏ်းဘက်သို့ လျှောက်သွားလိုက်သည်။

ရန်ကျွယ်တိန်က လှည့်ကြည့်ပြီး "ဂိုဏ်းချုပ်... ခင်ဗျားရဲ့ ဓားသိုင်းကို ဘယ်တော့လောက် မြင်ခွင့်ရမလဲ... ကောင်လေးရှား ပြောတာတော့ ခင်ဗျားရဲ့ ဓားသိုင်းပါရမီက သူ့ထက်တောင် သာတယ်ဆို..."

လီချင်းချိုးက နောက်ပြန်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

"ထားလိုက်ပါ... ကျုပ်က တိုက်ခိုက်ရတာ မကြိုက်ဘူး..."

ရန်ကျွယ်တိန်က သူ့ကျောပြင်ကို ကြည့်ရင်း ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားလိုက်ရသည်။

နောက်ရက်အနည်းငယ် အတွင်း ကျန်းယွီချွန်းတို့ ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် အမြဲတမ်း စိတ်မအေး ဖြစ်နေခဲ့သော်လည်း လီချင်းချိုးက စိုးရိမ်မှုကို မည်သူ့ကိုမျှ ထုတ်မပြခဲ့ပေ။

နောက်ဆုံးတွင် နွေဦးပွဲတော် အကြိုနေ့၌ ကျန်းယွီချွန်းတို့ ပြန်ရောက်လာကြသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်ရောက်ပြီ... မြန်မြန်... တစ်ယောက်ယောက် လာကူကြပါဦး..."

တောင်တံခါးဝဘက်မှ ကျန်းယွီချွန်း၏ အသံ ထွက်ပေါ်လာသည်။ လီချင်းချိုးနှင့် အခြားသူများ ကြားလိုက်သည်နှင့် ချက်ချင်း ပြေးထွက်လာကြသည်။

လီချင်းချိုးကတေယာ့ အမြန်ဆုံး ဖြစ်သည်။ တောင်တံခါးဝသို့ ရောက်သောအခါ သေချာကြည့်လိုက်ပြီး ချက်ချင်း သက်ပြင်းချလိုက်မိသည်။

ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ ထမ်းပိုး တစ်ခုစီ ထမ်းထားကြသည်။ သတ္တု၏ အေးစက်သော အရောင် ပြန်နေသည့် လက်နက်အချို့ သူတို့၏ အထုပ်များထဲမှ ထိုးထွက်နေပြီး သူတို့နှစ်ယောက်လုံး အကောင်းပကတိ ရှိနေပုံရသည်။

ဒါဆို ဒါက သူတို့ လိုအပ်တဲ့ အကူအညီပေါ့... လီချင်းချိုးက သူတို့ ဒဏ်ရာရလာသည်ဟု ထင်ခဲ့မိခြင်းဖြစ်သည်။

လီချင်းချိုးက နောက်လှည့်ပြီး ရောက်လာသော တပည့်များကို ကူညီရန် ညွှန်ကြားလိုက်ကာ သူကမူ ငြိမ်သက်စွာ ရပ်နေလိုက်သည်။

ဂိုဏ်းချုပ်က ဘယ်လိုလုပ် ဒီလောက် ပင်ပန်းတဲ့ အလုပ်ကို လုပ်ရမှာလဲ...

သူ့အကြည့်က ကျန်းယွီချွန်း၏ နောက်ဘက်သို့ ရောက်သွားရာ သူတို့နောက်မှ လိုက်လာသော သူတောင်းစားလေး တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူတောင်းစားလေးမှာ ဖုန်များ ပေကျံနေပြီး ပိန်လှီကာ ဆံပင်များ ရှုပ်ပွနေသဖြင့် ကျား၊ မ ခွဲခြားရန် မဖြစ်နိုင်ပေ။

All Chapters