← Chapters

ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်

Vol. 2 Ch. 10

ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်

Vol. 2 Ch. 10

ဘာလို့ လူတစ်ယောက် ခေါ်လာရတာလဲ...

လီချင်းချိုး စိတ်ထဲတွင် အံ့သြသွားသော်လည်း မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိပေ။

မူလချီ တစ်စက်မျှပင် မကျင့်ကြံရသေးသော တပည့် ခုနစ်ယောက်ကို လက်ခံထားပြီး ဖြစ်၍ လီချင်းချိုး၏ လူအင်အား တိုးချဲ့လိုစိတ် သိသိသာသာ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်လမ်းစဉ်ဆိုသည်မှာ လူတိုင်း ကျင့်ကြံနိုင်သည် မဟုတ်ပေ။

မကျင့်ကြံနိုင်သူများက ချင်းရှောင်းဂိုဏ်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သဖြင့် ယခုမှစ၍ တပည့်လက်ခံခြင်းကို သတိထားရမည် ဖြစ်သည်။

ထမ်းပိုးကို ချပြီးနောက် ကျန်းယွီချွန်းက လီချင်းချိုး ရှေ့သို့ အမြန် လာခဲ့သည်။

"ဂိုဏ်းချုပ်... ကုကျိုးပြည်နယ်မှာ စစ်တပ် ပုန်ကန်မှု ဖြစ်ပွားနေတယ်... လမ်းမှာ ဒုက္ခသည်တွေ အများကြီး တွေ့ခဲ့ရတယ်... ပြီးတော့ အဲဒီကလေးက ကျွန်တော်တို့နောက်ကို မိုင်တစ်ရာလောက် လိုက်လာခဲ့တာ... ကျွန်တော်တို့ သူ့ကို တကယ် ပစ်ထားခဲ့ဖို့ မလုပ်ရက်တာနဲ့ ခေါ်ထားလိုက်ရတယ်... တတိယဂိုဏ်းတူညီလေး ပြောသလိုပဲ... ဒီလောက်ဝေးတဲ့ ခရီးကို ကျွန်တော်တို့နောက်က လိုက်လာနိုင်တဲ့ ဇွဲလုံ့လကိုသာ သိုင်းလမ်းစဉ်မှာ အသုံးပြုမယ်ဆိုရင် ဒီကလေး သေချာပေါက် ပါရမီရှင် ဖြစ်လာမှာ..."

မိုင်တစ်ရာ ဟုတ်လား...

ဒါက တကယ့်ကို ထူးခြားတာပဲ... ဒီလောက်ငယ်တဲ့ ကလေးကို ထားလိုက်ဦး... လူကြီးတစ်ယောက်တောင် ဒီလောက် အကွာအဝေးကို ဆက်တိုက် လမ်းလျှောက်ရင် ပင်ပန်းနွမ်းနယ်နေမှာ ဖြစ်ပြီး သူတို့က ရှည်လျားတဲ့ တောင်တက်လမ်းကိုပါ တက်ခဲ့ရသေးသည်။

လီချင်းချိုး သူတောင်းစားလေးကို ကြည့်လိုက်ရာ မတ်တတ်ရပ်နိုင်သေးသည်ကို တွေ့လိုက်ရသဖြင့် အတော်လေး အံသြမိသည်။

"ဘာလို့ စစ်တပ် ပုန်ကန်မှု ဖြစ်တာလဲ... မင်းတို့ လမ်းမှာ ပြဿနာ တစ်ခုခုနဲ့ မကြုံခဲ့ဘူးလား..."

ကျန်းယွီချွန်းက "ကျွန်တော်တို့ ဘာပြဿနာ မကြုံခဲ့ပါဘူး... စစ်တပ်က သောင်းကျန်းနေလို့ ဓားပြတွေ သိပ်မတွေ့ရဘူး... မြို့ထဲရောက်မှပဲ ဒီနှစ်ပိုင်းတွေမှာ ကမ္ဘာကြီး မငြိမ်းချမ်းမှန်း သိလိုက်ရတာ... အရာရှိတွေက အရည်အချင်းမရှိဘူး... နေရာတိုင်းမှာ အငတ်ဘေးတွေ ဆိုက်နေတယ်..."

ထိုကဲ့သို့သော ကမ္ဘာ့အဖြစ်အပျက်ကြီးများနှင့် ပတ်သက်၍ လီချင်းချိုး ကိုယ်ချင်းစာသော်လည်း ဘာမှတတ်နိုင်ပေ။

သူက သိလိုစိတ်ဖြင့် "ဒီလို အခြေအနေမျိုးမှာ ဒီလောက်များတဲ့ လက်နက်တွေ ဝယ်ဖို့ ပိုက်ဆံဘယ်က ရတာလဲ... မင်းတို့ ဓားပြတိုက်ခဲ့တာတော့ မဟုတ်ပါဘူးနော်..."မေးလိုက်သည်။

ကျန်းယွီချွန်းက လက်ကိုမြှောက်၍ သူ့နောက်ရှိ ကျန်းကျောက်ရှားကို လက်မဖြင့် ထိုးပြပြီး ပြုံးလိုက်ကာ

"တတိယဂိုဏ်းတူညီလေးရဲ့ ကျေးဇူးကြောင့်ပါ... သူ့ရဲ့ ဓားသိုင်းက မြို့ထဲက မိသားစု တစ်စုရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်... အဲဒီ မိသားစုရဲ့ သခင်လေးက သူ့ကို အိမ်တော်ထဲဝင်ဖို့ ခေါ်ပေမဲ့ သူငြင်းလိုက်တယ်... ဒါနဲ့ သူတို့က ပိုက်ဆံအိတ်ကြီးတစ်လုံး ဆုချပြီး နောက်ပိုင်းကျရင် ချင်းရှောင်းဂိုဏ်းကို လာလည်မယ်လို့ ပြောလိုက်တယ်..."

"မင်းတို့ ဒီအတိုင်း အလကား ယူလာတာလား..."

"မဟုတ်ပါဘူး... သူတို့မိသားစု ပြဿနာကြုံရင် ချင်းရှောင်းဂိုဏ်းကို လူလွှတ်လိုက်ပါ... ကျွန်တော်တို့ သေချာပေါက် အစွမ်းကုန် ကူညီပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်..."

"ဒီလိုမှပေါ့... ကျေးဇူးကြွေး ဆိုတာ အဲလိုပဲ... ပေးလိုက်ယူလိုက် လုပ်မှ ပိုနက်ရှိုင်းလာတာ... တစ်ဖက်လူက ဒီလောက် ရက်ရောမှတော့ ငါတို့ရဲ့ လက်ရှိ အခြေအနေအတွက် စည်းရုံးသင့်တဲ့သူတွေပဲ..."

လီချင်းချိုး ခေါင်းညိတ်လိုက်မိသည်။ ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ ပေးခဲ့သည့် ကတိကို သူ အလွန် သဘောကျသည်။ သူတို့ အကြောင်းမဲ့ သူများအပေါ် ကျေးဇူးကြွေး မတင်သင့်သလို ဤသည်က ချင်းရှောင်းဂိုဏ်း နာမည်ကျော်ကြားလာစေရန် အခွင့်ကောင်းလည်း ဖြစ်သည်။

အကယ်၍ လင်ရွှန်းဖုန်း ချန်ထားခဲ့သော ချင်းရှောင်းဂိုဏ်းသာ အခြေခံအုတ်မြစ် ခိုင်မာသော ဂိုဏ်းကြီး တစ်ခု ဖြစ်ခဲ့လျှင် သူတို့ တောင်အောက်ဆင်းစရာ လိုမည် မဟုတ်ပေ။

ဤတောင်ပေါ်တွင် အရင်းအမြစ်များ ရှားပါးပြီး တပည့်စုဆောင်းရန် ခက်ခဲသဖြင့် လောကထဲသို့ ဝင်ရောက်ခြင်းမှာ မလွှဲမရှောင်သာသော ကိစ္စဖြစ်သည်။

ချင်းရှောင်းဂိုဏ်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုပြီး လီချင်းချိုး ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်ရန် လိုအပ်သည်။ ဒီအတောအတွင်း သူ့ကျင့်ကြံခြင်း ပါရမီက ကျန်းကျောက်ရှားနှင့် ယှဉ်လျှင် လုံးဝ မမီကြောင်း တွေ့ရှိခဲ့ရသည်။

သူသည် နှစ်ရက်တစ်ခါ မြေအောက်စိတ်ဝိညာဉ်ရေအိုင် သို့ သွားသော်လည်း မူလစတင်ခြင်းအဆင့် ဒုတိယအဆင့်သို့ ချိုးဖောက်ဝင်ရောက်ခြင်း မရှိသေးပေ။

သို့သော် ယခင်က ကံတရားများကို ကူးယူနိုင်ခဲ့သဖြင့် အနာဂတ်တွင်လည်း ထပ်မံ ပြုလုပ်နိုင်မည် ဖြစ်ရာ သူ့နှလုံးသားမှာ မျှော်လင့်ချက်များ ပြည့်နှက်နေပြီး စိတ်ဓာတ်မကျပေ။

တပည့်များက ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ကို အထုတ်အပိုးများ ကူသယ်ပေးကြသည်။ လက်နက်များအပြင် မျိုးစေ့များစွာကိုလည်း သယ်ဆောင်လာကြသဖြင့် အတော်လေးအကျိုးအမြတ်များသည်ဟုဆိုနိူင်သည်။

ကျန်းယွီချွန်းက သူတောင်းစားလေးကို လီချင်းချိုး ရှေ့သို့ ခေါ်လာပြီး "မင်း ချင်းရှောင်းဂိုဏ်းကို ဝင်ချင်ရင် ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက် လိုတယ်... ငါတို့စကားက အရာမဝင်ဘူး..."

သူတောင်းစားလေးမှာ ၈ နှစ်၊ ၉ နှစ်ခန့်သာ ရှိပုံရပြီး အရပ်က လီချင်းချိုး၏ ပခုံးအထိပင် မရောက်သေးပေ။ သူမက လီချင်းချိုးကို ကြည်လင်သော မျက်လုံးများဖြင့် မော့ကြည့်ပြီး ပြောလိုက်သည်။

" လက်ခံပေးဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုပါတယ်..."

ထိုသို့ပြောပြီးနောက် သူမ ချက်ချင်း ဒူးထောက်၍ လီချင်းချိုးကို ဦးညွှတ်လိုက်လေသည်။

အခြားတပည့်များ အားလုံး စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ လီချင်းချိုး သူတို့ကို စိုက်ကြည့်လိုက်ရာချက်ချင်းပင် အထုတ်အပိုးများကို ဂိုဏ်းထဲသို့ ယူဆောင်သွားကြသည်။

တောင်တံခါးဝရှေ့တွင် လီချင်းချိုး၊ ကျန်းယွီချွန်းနှင့် သူတောင်းစားလေး တို့သာ ကျန်ရစ်သောအခါ နေဝင်ချိန် နေရောင်ခြည်က သူတို့အပေါ် ကျရောက်နေပြီး သူတို့၏ အရိပ်များကို ဆွဲဆန့်ထားသလိုထင်ရစေသည်။

လီချင်းချိုး သူတောင်းစားလေးကို ငုံ့ကြည့်လိုက်ပြီး"မင်းနာမည် ဘယ်သူလဲ... မင်းရဲ့ မိသားစုကော ဘာဖြစ်သွားတာလဲ..."ဟု မေးလိုက်သည်။

ဤသူတောင်းစားလေး ချင်းရှောင်းဂိုဏ်းသို့ ဝင်ရောက်ပြီးသည်နှင့် သူမ လိမ်ညာခြင်း ရှိမရှိ ဆုံးဖြတ်ရန် အချက်အလက်များကို သူ အတည်ပြုနိုင်သည်။

အခြားသူများကို သတိထားခြင်းက မဖြစ်မနေ လိုအပ်သည်။

လီချင်းချိုး အဓိက ကြောက်ရွံ့သည်မှာ သူမက ကြီးမားသော ရန်ငြိုးများ သယ်ဆောင်လာပြီး ချင်းရှောင်းဂိုဏ်းကို ပြဿနာ ဝဲဂယက်ထဲ ဆွဲထည့်မည်ကိုပင်။

သူတောင်းစားလေး၏ နဖူးက မြေကြီးနှင့် ကပ်နေပြီး သူမက အက်ကွဲသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မနာမည် ရွှီနင်းပါ... ငယ်ငယ်ကတည်းက အဖေနဲ့ အတူနေခဲ့တာ... အဖေကလည်း လွန်ခဲ့တဲ့ တစ်နှစ်က ဆုံးသွားတော့... အခုထိ ကိုယ့်ဘာသာ ရပ်တည်ပြီး မသေအောင် နေခဲ့ရပါတယ်..."

"မင်းမှာ ဆွေမျိုး မရှိဘူးလား..." လီချင်းချိုးက ထပ်မေးလိုက်သည်။

"မရှိပါဘူး..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး လုံးဝ စိတ်အေးသွားသည်။

"ကဲ... ကတိသစ္စာ သုံးချက်ပြုပြီး ဂိုဏ်းထဲ ဝင်လို့ရပြီ..."

ကျန်းယွီချွန်းက ချက်ချင်း ဝင်ပြောပြီး ရွှီနင်းကို သူ့နောက်မှ လိုက်ဆိုခိုင်းလိုက်သည်။

သူမ ရွတ်ဆိုပြီးသောအခါ လီချင်းချိုးကိုယ်တိုင် သူမကို ထူပေးပြီး "ချင်းရှောင်းဂိုဏ်းက အလကားနေတဲ့သူတွေကို မထားဘူး... ဒါပေမဲ့ မင်း ချင်းရှောင်းဂိုဏ်းထဲ ဝင်လာသရွေ့ မင်းက ငါတို့လူပဲ... ငါတို့ မင်းကို နောက်ဘယ်တော့မှ အစာငတ်ခံမှာ မဟုတ်ဘူး... ပြီးတော့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ပေးမယ်..."

ရွှီနင်းက မှေးမှိန်နေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်သော်လည်း သူ့ စကားများကြောင့် စိတ်လှုပ်ရှားပုံ မရပေ။ လီချင်းချိုးကလည်း ဒါတွေကို ဂရုမစိုက်ပေ။ သူက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

"သူ့ကို အထဲခေါ်သွားလိုက်... အရင်ဆုံး ရေချိုးပြီး အဝတ်အစား လဲခိုင်းလိုက်ဦး..." လီချင်းချိုးက ကျန်းယွီချွန်းကို ပြောလိုက်သည်။

ကျန်းယွီချွန်း ခေါင်းညိတ်ပြီး ရွှီနင်းကို ဂိုဏ်းထဲသို့ ခေါ်ဆောင်သွားသည်။ အစက သူမလက်ကို ကိုင်ချင်သော်လည်း သူမက ရှောင်တိမ်းသွားသည်။ သူ သိပ်ဂရုမစိုက်တော့ဘဲ လူစိမ်းမို့ ရှက်နေသည်ဟု ယူဆလိုက်သည်။

လီချင်းချိုးက နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာပြီး တာအိုမျိုးဆက် ဇယားကွက်ကို ဖွင့်ကာ တပည့်များ၏ အသေးစိတ် အချက်အလက်များထဲမှ ရွှီနင်း၏ ပုံရိပ်ကို ရှာဖွေလိုက်သည်။

ရွှီနင်း၏ ပုံရိပ်မှာ အံ့သြစရာကောင်းလောက်အောင် နူးညံ့ပြီး အသားအရေ ဖြူဝင်းနေသည်။အကယ်၍ သူသာ ဤပုံရိပ်ကို အရင် မမြင်ဖူးပါက သူမကို သူ၏ ရှေ့တွင် ရပ်နေသော ရွှီနင်းနှင့် တွဲဖက်ကြည့်ရန် ခက်ခဲပေလိမ့်မည်။

သူမက မိန်းကလေးလား...

လီချင်းချိုး အံ့သြစွာ တွေးလိုက်ပြီး ရွှီနင်း၏ ပုံရိပ်ကို နှိပ်၍ အသေးစိတ်ကို ကြည့်လိုက်သည်။

[အမည်-ရွှီနင်း]

[ကျား/မ- မ]

[အသက်- ၉ နှစ်]

[သစ္စာရှိမှု (ဂိုဏ်းချုပ် / ဂိုဏ်း)- ၇၀ / ၉၀ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်း ပါရမီ- ထူးချွန် ]

[နားလည်သဘောပေါက်နိုင်စွမ်း- အထူးကောင်းမွန် (Excellent)]

[ကံတရား- ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်၊ စွဲလမ်းစိတ်၊ ပြိုင်ဆိုင်လိုစိတ်]

[ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်-ရှားပါးသော ဓာတ်ကြီးတစ်ပါးတည်းပါသည့် ဝိညာဉ်အရင်းမြစ် ဖြစ်ပြီး လျှပ်စီးဓာတ် တာအိုပညာရပ်များအတွက် ထူးခြားသော ပါရမီ ရှိသည်။ လျှပ်စီးကပ်ဘေးက ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ် ပိုင်ဆိုင်သူများအတွက် အမှန်တကယ်တွင် ကောင်းချီးတစ်ခု ဖြစ်သည်။]

[စွဲလမ်းစိတ်-သူမ ဆုံးဖြတ်ထားသည့် ကိစ္စတစ်ခုကို သေသည်အထိ ပြောင်းလဲမည် မဟုတ်။]

[ပြိုင်ဆိုင်လိုစိတ်- သဘာဝအလျောက် စိတ်ဓာတ်ခိုင်မာပြီး အခြားသူများထက် နိမ့်ကျနေမည်ကို မလိုလား။]

... လီချင်းချိုး၏ အသက်ရှူသံ ရုတ်တရက် မြန်ဆန်သွားသည်။

ကျင့်ကြံခြင်း ပါရမီ၊ ထူးချွန်...

နားလည်သဘောပေါက်နိုင်စွမ်း၊ အထူးကောင်းမွန်...

အဆင့်သတ်မှတ်ချက်များက ကျန်းကျောက်ရှားနှင့် ပြောင်းပြန် ဖြစ်နေသော်လည်း အနည်းဆုံးတော့ သူမက ကျန်းကျောက်ရှားထက် မနိမ့်ကျကြောင်း ပြသနေသည်။

လီချင်းချိုး၏ နားလည်မှုအရ ကျင့်ကြံခြင်း ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်း အဆင့်သတ်မှတ်ချက်များမှာ အနိမ့်ဆုံးမှ အမြင့်ဆုံးထိ - အလွန်နိမ့်၊ သာမန်၊ အလယ်အလတ်၊ ကောင်းမွန်၊ အထူးကောင်းမွန် နှင့် ထူးချွန်တို့ ဖြစ်ကြသည်။ယခုထိတော့ ပိုမြင့်သော အဆင့်ကို မတွေ့ဖူးသေးပေ။

ထို့အပြင် ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ် ကံတရားမှာ အတော်လေး ထူးကဲပုံရသည်။

အဖိုးတန်ဆုံးအချက်မှာ ရွှီနင်း၏ ချင်းရှောင်းဂိုဏ်းအပေါ် သစ္စာရှိမှု ချက်ချင်း ၉၀ အထိ ရောက်ရှိသွားခြင်း ဖြစ်ပြီး သူ့အပေါ် သစ္စာရှိမှုကမူ နှိုင်းယှဉ်လျှင် နည်းပါးနေသည်။

စွဲလမ်းစိတ်ကံတရားကြောင့် သူမက ချင်းရှောင်းဂိုဏ်းကို သူမ၏ အိမ်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သောကြောင့် ဖြစ်နိုင်သလော။

လီချင်းချိုးတယောက် ရွှီနင်း၏ အနာဂတ်ကို တိတ်တဆိတ် မျှော်လင့်နေမိသည်။

အနာဂတ်တွင် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ကို တိုက်ခိုက်ရေးအတွက် သီးသန့်ထားရှိကာ ချင်းရှောင်းဂိုဏ်း၏ ဘယ်လက်ရုံးညာလက်ရုံး အစောင့်အရှောက်များ အဖြစ် ခန့်အပ်နိုင်သည်။

ခြံဝန်းထဲသို့ လျှောက်သွားရာ ကျန်းယွီချွန်းက ရွှီနင်းကို အိမ်ထဲသို့ ဆွဲခေါ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသော်လည်း ရွှီနင်းက ခေါင်းမာစွာ ငြင်းဆန်နေပြီး အသံတစ်ချက်မျှ မထွက်ပေ။

"တုန်းယွဲ့... နင် ရွှီနင်းကို တာဝန်ယူလိုက်... သူ့ကို ရေချိုးပေးပြီး အဝတ်အစား လဲပေးလိုက်..."

လီချင်းချိုးက အနီးနားတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကြည့်နေသော လီတုန်းယွဲ့ကို လှမ်းပြောလိုက်သည်။ သူ စကားပြောလိုက်သည်နှင့် ကျန်းယွီချွန်းနှင့် ရွှီနင်း နှစ်ယောက်စလုံး သူ့ကို လှည့်ကြည့်လာကြသည်။

"ဂိုဏ်းချုပ်... ဒါက..." ကျန်းယွီချွန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

လီချင်းချိုး သူ့ကို မျက်စောင်းခဲပြီး"သူက မိန်းကလေးလေ... မင်း ဘာလုပ်နေတာလဲ..."

မိန်းကလေး ဟုတ်လား...

ကျန်းယွီချွန်း ချက်ချင်း လန့်ဖျပ်ပြီး နောက်ဆုတ်သွားကာ ရွှီနင်းကို စိုက်ကြည့်နေမိသည်။

ရွှီနင်းက လှည့်၍ သူမထံ လျှောက်လာနေသော လီတုန်းယွဲ့ ဆီသို့ သွားလိုက်သည်။

ကျန်းယွီချွန်း လီချင်းချိုး ဘေးနားသို့ ရောက်လာပြီး တီးတိုးမေးလိုက်သည်။

"ဂိုဏ်းချုပ်က သူ မိန်းကလေးမှန်း ဘယ်လိုသိတာလဲ..."

"ဂိုဏ်းချုပ်ရဲ့ အမြင်အာရုံက မင်း ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး..."

"ဒါဆို ဘာလို့ စောစောက မပြောတာလဲ..."

"မင်း သိတယ် ထင်လို့လေ..."

ထိုစကားကို ကြားပြီးနောက် ကျန်းယွီချွန်းက လီတုန်းယွဲ့ကို ကြည့်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။"ဂိုဏ်းချုပ် မှားနေမှာစိုးလို့ ကျွန်တော် သွားကြည့်လိုက်ရမလား..."

"စတုတ္ထဂိုဏ်းတူညီမလေးမှာ ပါးစပ်ပါပါတယ်ကွ..."

လီချင်းချိုး ထိုစကားကို ပြောလိုက်ပြီး စုဝေးနေသော တပည့်များထံသို့ လျှောက်သွားလိုက်သည်။ ရန်ကျွယ်တိန်လည်း အိမ်ထဲမှ ထွက်လာပြီး လက်နက်အမျိုးမျိုးကို တပည့်များနှင့် မိတ်ဆက်ပေးနေသည်။

ဒါတင်မက ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှား ပြန်သယ်လာသော လက်နက်များမှာ ပုံစံမျိုးစုံ ပါဝင်ပြီး တစ်ခုမှ အပြစ်အနာအဆာ မရှိပေ။

လီချင်းချိုး ဓားရှည်တစ်လက်ကို ကောက်ကိုင်ပြီး စစ်ဆေးကြည့်ရှုရင်း ဘေးနားရှိ ကျန်းကျောက်ရှားကို ချီးကျူးလိုက်သည်။

"ကောင်းတယ်..."

"ဒါပေါ့... နောက်ဆို ဂိုဏ်းချုပ် စိတ်အေးလက်အေး နေပြီး အလုပ်ကိစ္စတွေကို ကျွန်တော့်ကို လွှဲထားလို့ရပြီ... ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် နေရုံပဲ... ကျန်တာ ကျွန်တော် အကုန် ကိုင်တွယ်နိုင်တယ်..." ဟု ကျန်းကျောက်ရှားက ဂုဏ်ယူစွာ ပြောလိုက်သည်။

"အော်... မင်းက ငါ့ကို ဘေးပို့ချင်နေတာလား..."

"ဘာပြောတာလဲ... ကျွန်တော်က အဲလိုလူမျိုးလား... ဒါ့အပြင် ဂိုဏ်းချုပ်က နေ့တိုင်း ဘာမှမလုပ်ဘဲ နေနေတာလေ... အနည်းဆုံးတော့ ကျွန်တော်က ပဉ္စမဂိုဏ်းတူညီလေးကို သင်ပေးနေသေးတယ်... ဂိုဏ်းချုပ်ကမှ ဘာမှမလုပ်တာ..."

"ဒါကြောင့် ငါက ဂိုဏ်းချုပ် ဖြစ်နေတာပေါ့... ငါက ကိစ္စအများကြီးကို တွေးတောရတယ်... မင်း ငါ့ရဲ့ ပင်ပန်းမှုကို နားမလည်ပါဘူး..."

ဂိုဏ်းတူအစ်ကိုနှင့်ညီတို့ စကားနိုင်လုနေကြသည်။ အခြားတပည့်များမှာ နေသားကျနေပြီ ဖြစ်၍ သူတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကို မည်သူမျှ ဝင်မရှုပ်ရဲကြပေ။

ဤဓားများကို အသုံးပြုပြီး အထူးဓားထိန်းချုပ်မှုသိုင်းကို ကျင့်ကြံနိုင်မလားဟု လီချင်းချိုး စိတ်ထဲ၌ တွေးတောနေမိတော့သည်။

... နှစ်သစ်ကူး ရောက်ရှိလာပြီ။

ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ ပြန်ရောက်လာခြင်းက လီချင်းချိုး၏ စိတ်ကို တက်ကြွစေပြီး ချင်းရှောင်းဂိုဏ်း တစ်ခုလုံး မိုးလင်းသည်နှင့် စတင်စည်ကားနေသည်။

တပည့်ကြီးများက မီးပုံးများနှင့် အလှဆင်ပစ္စည်းများ ချိတ်ဆွဲခြင်း၊ ကြက်သတ်ခြင်းနှင့် ဟင်းသီးဟင်းရွက် ဆေးကြောခြင်းတို့ကို ကူညီလုပ်ကိုင်ပေးကြပြီး တပည့်ငယ်လေးများက ရန်ကျွယ်တိန် နားတွင် ဝိုင်းဖွဲ့ကာ သူပြောပြသော ကျန်းဟူ ဇာတ်လမ်းများကို နားထောင်နေကြသည်။

လီချင်းချိုးလည်း အနားတွင် ထိုင်၍ နားထောင်နေရင်း သူ့အကြည့်က ရွှီနင်းအပေါ် ရောက်သွားခဲ့သည်။

ရွှီနင်းက သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ဝတ်ဆင်ထားပြီး ယမန်နေ့က တောင်ပေါ်တက်လာစဉ်က ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

သို့သော် သူမ၏ မျက်ကွင်းညိုများနှင့် ပိန်လှီသော အခြေအနေကြောင့် တာအိုမျိုးဆက် ဇယားကွက်ထဲကလောက် မလှပသော်လည်း တစ်ယောက်တည်း ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာသည်။

ရွှီနင်းက အနောက်ဆုံးတွင် ထိုင်ကာ ရန်ကျွယ်တိန်၏ ဇာတ်လမ်းများကို နားထောင်နေပြီး အခြားတပည့်များနှင့် ရောနှောခြင်း မရှိသေးပေ။

လီချင်းချိုးက လက်လှမ်းလိုက်ပြီး နီးစပ်ရာ လှေကားထစ်ပေါ်ရှိ ပန်းကန်ပြားကို ထိကာ ပြောင်းဖူးကင် တစ်ဖူးကို ယူလိုက်ပြီး "ရွှီနင်း... ဒီကိုလာ..."ဟု လှမ်းခေါ်လိုက်သည်။

ရွှီနင်း လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက သူကိုင်ထားသော ပြောင်းဖူးကင်ဆီသို့ ချက်ချင်း ရောက်သွားသည်။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူမ မတ်တတ်ထရပ်ပြီး သူ့ဆီသို့ ကြောက်ရွံ့စွာ လျှောက်လာသည်။

သူ့ရှေ့ရောက်သောအခါ လီချင်းချိုး စကားအများကြီး မပြောဘဲ ပြောင်းဖူးကင်ကို သူမလက်ထဲ ထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ရွှီနင်းက တိုးတိုးလေး ကျေးဇူးတင်စကား ဆိုပြီး ပြောင်းဖူးကင်ကို ယူလိုက်သည်။ သူမ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် လီချင်းချိုး ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ငါ့ဘေးမှာပဲ ဝင်ထိုင်လိုက်... ဒါမှ ပိုနီးပြီး ပိုကြားရမှာ..."

ရွှီနင်း သူ့ကို တစ်ချက်ကြည့်လိုက်ရာ ဇာတ်လမ်းကို အာရုံစိုက် နားထောင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲမှ ပြောင်းဖူးကင်ကို ဖွဖွလေး ကိုက်စားလိုက်သည်။

"ဝါး... ဝါး..."

မကြာမီ ငိုသံတစ်သံကြောင့် လီချင်းချိုး အာရုံနောက်သွားသည်။ လီစီဖုန်းက ခြံဝန်းထဲသို့ ငိုလျက် ပြေးဝင်လာပြီး လီချင်းချိုးကို ငိုယိုတိုင်တန်းလေတော့သည်။

"ဂိုဏ်းချုပ်... တတိယဂိုဏ်းတူအစ်ကို ကျွန်တော့်ကို ရိုက်တယ်... ကျွန်တော် သေလုနီးပါး ဖြစ်သွားပြီ..."

သူက အသည်းအသန် ငိုကြွေးနေသဖြင့် ကျန်သူများအားလုံး သူ့ကို ကြည့်လိုက်ကြသည်။

လီချင်းချိုး သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်ကာ သူရှိရာသို့ လျှောက်သွားလိုက်သည်။

ရွှီနင်း၏ အကြည့်က လီချင်းချိုး နောက်သို့ လိုက်ပါသွားသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်နေပြီး ယမန်နေ့ကနှင့် ယှဉ်လျှင် သူမ၏ အကြည့်တွင် သက်ဝင်လှုပ်ရှားမှု အနည်းငယ် ပိုရှိလာသည်။

All Chapters