အမြင့်ဆုံး သစ္စာတရား
Vol. 2 Ch. 11
နွေဦးပွဲတော်၏ ပျော်ရွှင်ဖွယ် အငွေ့အသက်များ ကုန်ဆုံးသွားပြီးနောက် ချင်းရှောင်းဂိုဏ်း၏ နေ့ရက်များ ပုံမှန်အတိုင်း အေးချမ်းဆိတ်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြန်သည်။ အချို့က ဝိညာဉ်လမ်းစဉ်ကို ကျင့်ကြံကြပြီး အချို့က သိုင်းပညာကို လေ့ကျင့်နေကြသည်။
တစ်လခန့် ကြာသောအခါ လီချင်းချိုး မြေအောက် စိတ်ဝိညာဉ်ရေအိုင်တွင် မူလစတင်ခြင်းအဆင့် ဒုတိယအဆင့်သို့ နောက်ဆုံးတွင် ချိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။ သူ့ ခန္ဓာကိုယ်ထဲရှိ မူလချီစွမ်းအင်များ ယခင်ကထက် အဆများစွာ ပိုမို သန်မာလာသည်ဟု ခံစားလိုက်ရသော်လည်း သူ့ပါရမီနှင့် ကျန်းကျောက်ရှား၏ ပါရမီကြား ကွာဟချက်ကို တွေးမိပြီး သက်ပြင်းမချဘဲ မနေနိုင်ပေ။
တပည့်များက မြေအောက် စိတ်ဝိညာဉ်ရေအိုင်သို့ အလှည့်ကျ သွားရောက်ကြသော်လည်း သူကတော့ အကြိမ်ရေ အများဆုံး သွားရောက်သူ ဖြစ်သည်။ အခြားတပည့်များက ကန့်ကွက်ခြင်း မရှိသည့်အပြင် ကျန်းကျောက်ရှားက သူ့ကို နေ့တိုင်း သွားစေချင်နေသေး၏။ အကြောင်းမှာ ကျန်းကျောက်ရှားတွင် လုပ်စရာ အခြားအလုပ် မရှိသောကြောင့် ဖြစ်သည်။
လီချင်းချိုးက ဂိုဏ်းတူ မောင်နှမများကို ပြုစုပျိုးထောင်ခဲ့သူ ဖြစ်ရာ ယခု လီချင်းချိုး ကောင်းမွန်သော ဘဝကို ခံစားနေရခြင်းမှာ မတရားဘူးဟု သူတို့ မခံစားရပေ။ ဆန့်ကျင်ဘက် အနေဖြင့် ဤသည်မှာ သူ ရသင့်ရထိုက်သော အရာဟု သူတို့ ခံစားရသည်။
ထို့အပြင် ဂိုဏ်းချုပ် ပိုမို သန်မာလာလေ ချင်းရှောင်းဂိုဏ်းက ပိုမို ခရီးပေါက်လေ ဖြစ်သည်။
"ဂိုဏ်းချုပ်... အခုလေးတင် အဆင့်တက်သွားတာလား..."
ရေအိုင်၏ တစ်ဖက်ကမ်းတွင် ထိုင်နေသော လီတုန်းယွဲ့က လီချင်းချိုးကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဤနေရာရှိ ဝိညာဉ်စွမ်းအင်များက လီချင်းချိုးထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်နေသည်ကို သူမ ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူမ၏ စွမ်းအင် စုပ်ယူမှုကိုပင် အနှောင့်အယှက် ဖြစ်စေသည်။
လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး ပြုံးကာ "ဟုတ်တယ်... ငါ အဆင့်တက်သွားပြီ... နောက်တစ်ဆင့်အနေနဲ့ ဟွမ်ယွမ်ကျမ်းစာ ဒုတိယအဆင့်ကို ကျင့်ကြံလို့ ရပြီ..."
လီတုန်းယွဲ့က အားကျသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါနဲ့ ဂိုဏ်းချုပ်... သိုင်းလောကမှာ သိုင်းသမားတွေကို အဆင့်ခွဲခြားထားတယ်လို့ စီနီယာရန် ပြောတာ ကြားဖူးတယ်... မူလစတင်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့်က ပထမတန်းစား ဆရာသခင်အဆင့်လို့ သတ်မှတ်လို့ရလား... ဒါမှမဟုတ် အဲဒီထက် ပိုမြင့်မလား..."
ကျန်းကျောက်ရှား လော့လဲ့ကို ချက်ချင်း သတ်ဖြတ်လိုက်သည့် မြင်ကွင်းက သူမ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်သည်။ ဒါက ခြုံခိုတိုက်ခိုက်မှု ဖြစ်သော်လည်း လော့လဲ့က ပထမတန်းစား ဆရာသခင် တစ်ဦးဖြစ်ကြောင်း ရန်ကျွယ်တိန်က ပြောပြခဲ့ဖူးသည်။ ခြုံခိုတိုက်ခိုက်မှု ဖြစ်လျှင်ပင် သူ့ကို သတ်နိုင်သူသည် ပထမတန်းစား ဆရာသခင် အဆင့်နှင့် မဝေးကွာလှပေ။
"အဲဒါကိုတော့ ငါ ရှင်းရှင်းလင်းလင်း မပြောတော့ဘူး... ဒါ့အပြင် ငါတို့ ကျင့်ကြံတာက ကိုယ့်ကိုယ်ကိုယ် သန်မာလာဖို့လေ... သူများတွေနဲ့ ယှဉ်ပြိုင်ဖို့ အမြဲ တွေးနေရမှာ မဟုတ်ဘူး..." ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်သည်။
ဝိညာဉ်လမ်းစဉ် လိုက်စားသူများအတွက် အရေးကြီးဆုံးမှာ စိတ်ကို ပြုပြင်ပျိုးထောင်ခြင်း ဖြစ်သည်။ တစ်ညတည်းနှင့် အောင်မြင်ရန် မဟုတ်ဘဲ ရှည်လျားသော ကာလတစ်ခုအထိ ကြိုးစားအားထုတ်ရမည့် အရာဖြစ်သည်။
လီတုန်းယွဲ့ ခေါင်းညိတ်ပြီး "နားလည်ပါပြီ... ကျွန်မက သိချင်လို့ မေးကြည့်တာပါ..."
သူတို့နှစ်ဦး စကားပြောရင်းနှင့် ကျင့်ကြံနေကြသော်လည်း စကားအနည်းငယ် ပြောပြီးနောက် တိတ်ဆိတ်သွားကြသည်။
နှစ်နာရီခန့် ကြာသောအခါ သူတို့ အတူတူ ထွက်ခွာလာပြီး ချင်းရှောင်းဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
ချင်းရှောင်းဂိုဏ်းသို့ ပြန်ရောက်သောအခါ နေဝင်ရီတရောအချိန် ဖြစ်နေပြီ။ တပည့်အများစုက သူတို့ ပုံမှန်နေထိုင်ရာ ခြံဝန်းထဲတွင် စုဝေးနေကြပြီ ဖြစ်ပြီး ထမင်းစားရန် ပြင်ဆင်နေကြသည်။
အခြားတပည့်များက စားပွဲဝိုင်းတွင် ထိုင်ကာ ယနေ့ သင်ယူခဲ့ရသည်များကို ဆွေးနွေးနေကြစဉ် ရွှီနင်း တစ်ယောက်တည်း မီးဖိုချောင်အပြင်ဘက်တွင် ဟင်းပွဲများ လာပို့မည်ကို စောင့်ဆိုင်းရင်း ရပ်နေသည်ကို လီချင်းချိုး သတိထားမိလိုက်သည်။
တပည့်များက ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံခြင်းအပြင် ရန်ကျွယ်တိန်ထံမှ သိုင်းပညာ သင်ယူရင်း အချိန်အများစုကို ကုန်ဆုံးလေ့ရှိသည်။ သူတို့၏ စွမ်းရည်များက လီစီဖုန်းလောက် လျင်မြန်စွာ မတိုးတက်သော်လည်းခန္ဓာကိုယ်များ သိသိသာသာ သန်မာလာသည်။
ရွှီနင်းကတော့ ဟွမ်ယွမ်ကျမ်းစာကို မကျင့်ကြံရသေးပေ။ လီချင်းချိုး၏ ညွှန်ကြားချက် မရှိဘဲ လီတုန်းယွဲ့နှင့် ကျန်းယွီချွန်းတို့ကလည်း မိမိသဘောဖြင့် တပည့်များကို သင်ကြားပေးမည် မဟုတ်ချေ။ ရန်ကျွယ်တိန်ပင်လျှင် ထိုကျမ်းစာကို မကျင့်ကြံရသေးပေ။
အမှန်စင်စစ် ရန်ကျွယ်တိန်က ချင်းရှောင်းဂိုဏ်း၏ အတွင်းအား ကျင့်စဉ်ကို စိတ်မဝင်စားပေ။ သိုင်းသမားများအတွက်မူ ကျင့်စဉ် အသစ်က အဟောင်းထက် များစွာ မသာလွန်ပါက မိမိသဘောဖြင့် အတွင်းအား ကျင့်စဉ် ပြောင်းလဲခြင်းက ကြီးမားသော တားမြစ်ချက် တစ်ခုဖြစ်သည်။
ကျင့်စဉ်ပြောင်းလဲခြင်း ဆိုသည်မှာ အတွင်းအားကို အစမှ ပြန်လည် စတင် ကျင့်ကြံရမည် ဖြစ်ပြီး တစ်လ၊ နှစ်လ အတွင်း ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ပေ။
လီချင်းချိုးက ရွှီနင်း၏ နောက်သို့ လျှောက်သွားပြီး မေးလိုက်သည်။"မင်း သိုင်းပညာ လေ့ကျင့်ချင်လား..."
ရွှီနင်း လန့်ဖျပ်သွားပြီး လှည့်ကြည့်ကာ သတိထား၍ မေးလိုက်သည်။ "အတွင်းအားလား..."
သူမ သိုင်းပညာကို သင်ယူနေပြီး အခြားတပည့်များထက် ပိုမို ကြိုးစားသဖြင့် ရန်ကျွယ်တိန်၏ ချီးကျူးမှုကို မကြာခဏ ရရှိလေ့ရှိသည်။
သို့သော် ရန်ကျွယ်တိန်က ယောက်ျားလေးများကို မိန်းကလေးများထက် ပိုမို ဦးစားပေးကြောင်း ထင်ရှားပြီး လီစီဖုန်းကိုသာ အဓိကထား သင်ကြားပေးကာ အခြားတပည့်များကို သင်ပေးသော သိုင်းကွက်များမှာ သာမန်မျှသာ ဖြစ်သည်။
"ဒါပေါ့... ပြီးတော့ ဒါက ချင်းရှောင်းဂိုဏ်းရဲ့ ထူးခြားတဲ့ အတွင်းအားပညာရပ်ပဲ..."
လီချင်းချိုးက ခန့်မှန်းရခက်သော အပြုံးဖြင့် ပြောလိုက်တော့ သူ့စကားများက ရွှီနင်းကို အံ့အားသင့်စေသည်။ရွှီနငိးကလည်း ရန်ကျွယ်တိန်၏ အတွင်းအား ထုတ်ဖော်ပြသမှုကို မြင်တွေ့ဖူးပြီး အလွန် အထင်ကြီးခဲ့ဖူးရာ အတွင်းအား သင်ယူရန် ဆန္ဒရှိနေသည်မှာ ကြာပြီ ဖြစ်သည်။
"သင်ချင်ပါတယ်... ကျွန်မ တကယ် သင်ချင်ပါတယ်..." ကြက်ပေါက်လေး စပါးကောက်သကဲ့သို့ ရွှီနင်းက ခေါင်းကို တရစပ် ညိတ်ပြလိုက်ပြီး မျက်လုံးများ တောက်ပနေရှာသည်။ ဤသည်က သူမ စိတ်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း ဖြစ်သည်။
လီချင်းချိုးက ပြုံး၍ "ငါ မင်းကို အတွင်းအား သင်ပေးမယ်ဆိုရင် မင်း ငါ့ကို ဘယ်လို ခေါ်မလဲ..."
"ဂိုဏ်းချုပ်..."
"ဟင်..."
"ဆရာသခင်..."
ရွှီနင်းက ဆရာနှင့် တပည့် ဆက်ဆံရေးက မည်သည်ကို ကိုယ်စားပြုကြောင်း သိထားသဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။ သိုင်းလောကတွင် ဆရာနှင့် တပည့် သံယောဇဉ်ဆိုသည်မှာ သားအဖ သံယောဇဉ်ထက်ပင် ပိုမို အရေးကြီးသည်။
လီချင်းချိုး ပြုံးလိုက်ပြီး "ငါ့ကို သုံးကြိမ် ဦးချလိုက်... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပထမဆုံး တပည့်ပဲ..."
ထိုစကားကို ကြားသောအခါ ချက်ပြုတ်နေသော ကျန်းယွီချွန်းက စူးစမ်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်မိသည်။
"ဂိုဏ်းချုပ်... ခင်ဗျားရဲ့ ပထမဆုံး တပည့်က ဘယ်လိုလုပ် မိန်းကလေး ဖြစ်ရတာလဲ..."
ကျန်းကျောက်ရှား၏ အသံ ထွက်ပေါ်လာပြီး ဓားတစ်လက်ကို ကိုင်ဆောင်၍ လျှောက်လာသည်။
သံဓားကို ကိုင်ဆောင်ပြီးချိန်မှစ၍ တက်ကြွ ထက်မြက်လာပြီး တစ်ခါတစ်ရံတွင် သူ သစ်တောထဲ၌ ဓားကစားနေစဉ် ပေပေါင်းများစွာ အကွာမှ လေတိုးသံကိုပင် ကြားနိုင်သည်။
ကျန်းကျောက်ရှားကို ယခုအခါ ချင်းရှောင်းဂိုဏ်း၏ အသန်မာဆုံးလူ အဖြစ် အသိအမှတ်ပြုထားကြသည်။
ကျန်းကျောက်ရှား၏ စကားကို ကြားသောအခါ ရန်ကျွယ်တိန် အပါအဝင် အခြားတပည့်များကလည်း လှည့်ကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် ရွှီနင်း၏ မျက်နှာ ရဲခနဲ ဖြစ်သွားသော်လည်း သူမက ကျန်းကျောက်ရှားကို မကျေနပ်စွာ ကြည့်လိုက်သည်။
"မိန်းကလေး ဖြစ်တော့ ဘာဖြစ်လဲ... အနာဂတ်မှာ သူက မင်းထက်တောင် ပိုတော်ချင် တော်နေမှာ..."
လီချင်းချိုးက ဂရုမစိုက်သလို ပြောလိုက်ရာ ရွှီနင်း၏ စိတ်ကို နက်ရှိုင်းစွာ ထိရှသွားစေပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသည်။
ထို့နောက် လီချင်းချိုးက ရွှီနင်းကို ကြည့်ပြီး အမြန် ဦးချရန် အချက်ပြလိုက်သည်။
ရွှီနင်း ချက်ချင်း ဒူးထောက်လိုက်ပြီး လီချင်းချိုးကို သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။
ထိုသို့ဖြင့် လီချင်းချိုးတယောက် သူ၏ ပထမဆုံး တပည့်ကို လက်ခံလိုက်၏။
သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒီလို ပါရမီရှင်မျိုးကို သူ အမြန်ဆုံး ပြုစုပျိုးထောင်ချင်နေမိသည်။
သို့သော် ရွှီနင်း ပိုမို သန်မာလာပြီး ဂိုဏ်းချုပ် ရာထူးကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်သဖြင့် မသမာသော နည်းလမ်းအချို့ကို သုံးခဲ့ရသည်။
ဤနည်းဖြင့် စွဲလမ်းစိတ် ကံတရား ပိုင်ဆိုင်ထားသော ရွှီနင်းသည် ယခုမှစ၍ သူ့အပေါ် သစ္စာရှိတော့မည် ဖြစ်ပြီး သစ္စာဖောက်မည် မဟုတ်ပေ။
ကျန်းကျောက်ရှား၏ ရိုင်းစိုင်းသော စကားများနှင့် ပတ်သက်၍ ရွှီနင်း မကျေနပ်လျှင်ပင် အမုန်းတရား အဆင့်ထိ ရောက်သွားမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းကျောက်ရှားက သူမ၏ အသက်သခင် ဖြစ်နေသောကြောင့် ဖြစ်သည်။
"ကဲ... အရင် စားကြရအောင်..."
လီချင်းချိုးက ရွှီနင်းကို ထူပေးလိုက်ပြီး သူမ၏ ဒူးခေါင်းမှ ဖုန်များကို ပုတ်ပေးကာ နူးညံ့စွာ ပြုံးပြလိုက်သည်။
သာမန်တပည့်များနှင့် ကိုယ်ပိုင်တပည့်များအပေါ် ဆက်ဆံပုံက ကွဲပြားရမည်။ လီချင်းချိုးက ရွှီနင်းထက် ၇ နှစ်သာ ကြီးသော်လည်း သမီးတစ်ယောက်ကို ပြုစုပျိုးထောင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဂိုဏ်းချုပ် ကိုယ်ပိုင်တပည့်လက်ခံခြင်းက ကိစ္စကြီး တစ်ခု ဖြစ်သဖြင့် ထမင်းစားပွဲဝိုင်းတွင် လူတိုင်း ထိုအကြောင်း ဆွေးနွေးနေကြသည်။
အတင့်ရဲသော တပည့်အချို့က လီချင်းချိုး၏ တပည့်အဖြစ် လက်ခံရန် တောင်းဆိုကြသော်လည်း အားလုံးကို ငြင်းပယ်လိုက်သည်။ သို့သော် ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကတော့ မနေနိုင်ဘဲ တပည့်တစ်ယောက်စီ လက်ခံလိုက်ကြသည်။
ကျန်းကျောက်ရှား အတွက်မူ ဤတပည့်များကို အရေးမလုပ်ပေ။ အေးစက်သော သူ့မျက်နှာထားကြောင့် မည်သူမျှ သူ့အနား မကပ်ရဲကြချေ။
ရန်ကျွယ်တိန်က ဝိုင်ပန်းကန်လုံးကို ချပြီး သက်ပြင်းချလိုက်သည်။ "ဂိုဏ်းချုပ်... ဘယ်ဂိုဏ်းမှာမဆို ပထမဆုံး တပည့်ကြီးရဲ့ အဆင့်အတန်းက ရိုးရှင်းတာ မဟုတ်ဘူး... သူ နိုင်ပါ့မလား..."
ထိုစကားကို ကြားသောအခါ ရွှီနင်း နှုတ်ခမ်း တင်းတင်း စေ့လိုက်မိသည်။
သူမ တတ်နိုင်သည်မှာ ဘာမှမရှိ။ သူမက ငယ်ရွယ်ရုံသာမက ပိန်လှီသေးသည်။ ရန်ကျွယ်တိန် မည်သို့ပင် ကြည့်စေကာမူ သူမက အရာရောက်မည့်ပုံ မပေါ်သလို ငူ့အချစ်တော် လီစီဖုန်းလောက်လည်း ကောင်းမွန်နိုင်မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် လီစီဖုန်းက လီချင်းချိုးနှင့် မျိုးဆက်တူ ဖြစ်နေသဖြင့် တပည့်လက်ခံ၍ မရနိုင်သေးပေ။
"အဆင်မပြေလည်း ကိစ္စမရှိပါဘူး... ချင်းရှောင်းဂိုဏ်းက သိုင်းဂိုဏ်း တစ်ခု ဖြစ်ပေမဲ့ ငါတို့က ပြိုင်ဆိုင်တဲ့ လမ်းစဉ်ကို မသွားဘူး... သိုင်းပညာ စွမ်းရည်ထက် သူ့ရဲ့ စိတ်နေသဘောထားနဲ့ တာဝန်ယူစိတ်ကို ငါ ပိုဂရုစိုက်တယ်... ဒီကလေးမလေးက ငါ့ကို ကျေနပ်စေလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
လီချင်းချိုးက ချိုသာသော စကားများဖြင့် ရွှီနင်း၏ စိတ်ကို ဆက်လက် သိမ်းသွင်းလိုက်သည်။
ကျုပ် ခင်ဗျားကို ပိုက်ဆံပေးထားတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ကျုပ်ကောင်းစားဖို့ ဒီလောက် စိတ်အားထက်သန်နေရတာလဲ..." ဟု တွေးရင်း ရန်ကျွယ်တိန်ကို လက်ခုပ်တီးပေးချင်နေမိတော့သည်။
"ကဲပါ... ရှောင်နင်းက ဂိုဏ်းချုပ်ရဲ့ တပည့် ဖြစ်သွားပြီဆိုတော့ အခုကစပြီး သူက ကျွန်မတို့ရဲ့ တူမလေး ဖြစ်သွားပြီ... အနာဂတ်ကိုပဲ ကြည့်ကြတာပေါ့..."
လီတုန်းယွဲ့ ဝင်မပြောဘဲ မနေနိုင်တော့ပေ။
"တူမလေး... ရှောင်နင်း... နင်က အခုဆို ငါ့ရဲ့ တူမလေး ဖြစ်သွားပြီ..."
လီစီကျင်လေး ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမက ရွှီနင်းထက် တစ်နှစ်ကြီးသော်လည်း နှစ်ယောက်ယှဉ်ရပ်လိုက်လျှင် သူမက ညီမငယ်လေးနှင့် ပိုတူနေတတ်သည်။ဤသို့ဖြစ်ရခြင်းမှာ သူမက ဖြူစင်လွန်းပြီး စကားသိပ်မပြောသော ရွှီနင်းက ပိုမို တည်ငြိမ်ပုံရသောကြောင့် ဖြစ်သည်။
ရွှီနင်း၏ မျက်နှာထား နောက်ဆုံးတွင် လျော့သွားပြီး ပြုံးလိုက်မိသည်။ သူမက လီစီကျင်၏ တက်ကြွလန်းဆန်းမှုကို အလွန် သဘောကျသဖြင့် ပန်းကန်ထဲသို့ ဟင်းထပ်ထည့်ပေးလိုက်သည်။
လီချင်းချိုးက ရွှီနင်း၏ သစ္စာရှိမှုကို စစ်ဆေးရန် တာအိုမျိုးဆက် ဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။
၉၉ / ၉၉...
ဝါး... တကယ့်ကို ထိုးတက်သွားတာပဲ...
လီချင်းချိုး၏ အမြင်တွင် ဤသည်က အမြင့်ဆုံး သစ္စာရှိမှု အဆင့်ပင်။ သစ္စာရှိမှု ၁၀၀ ဆိုသည်မှာ သာမန်လူတစ်ယောက် ရရှိနိုင်သည့် အရာမဟုတ်ပေ။
ဒီလောက်ဆို ရွှီနင်းကို ယုံကြည်စိတ်ချစွာ လေ့ကျင့်ပေးလို့ ရပြီ...
...
သုံးရက် ကြာပြီးနောက် ရွှီနင်းနှင့် လီစီကျင်တို့ကို မြေအောက် စိတ်ဝိညာဉ်ရေအိုင်သို့ လေ့ကျင့်ရန် ခေါ်ဆောင်လာခဲ့သည်။ ဒီနေ့ ရွှီနင်းကို ဟွမ်ယွမ်ကျမ်းစာ ပထမဆုံးအကြိမ် သင်ပေးမည် ဖြစ်ပြီး ရွှီနင်းကလည်း မျှော်လင့်နေသည်။
ကောင်မလေး နှစ်ယောက်က အမြဲတမ်း တတွတ်တွတ် ပြောနေကြသော်လည်း ရွှီနင်းက ကျင့်ကြံရန် စိတ်အားထက်သန်နေသဖြင့် မကြာမီ ဂနာမငြိမ် ဖြစ်နေသော လီစီကျင်ကိုပါ လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားသည်။
ထင်ထားသည့်အတိုင်းပင် ရွှီနင်း၏ မူလချီ စုစည်းမှု နှုန်းထားက အလွန်အမင်း မြန်ဆန်လှသည်။
မြေအောက် စိတ်ဝိညာဉ်ရေအိုင်၏ အထောက်အပံ့ဖြင့် သူမ တစ်နာရီ အတွင်းမှာပင် မူလချီ အနည်းငယ်ကို စုစည်းနိုင်ခဲ့ရာ လီစီကျင်ကို အံ့အားသင့်သွားစေသည်။
လီချင်းချိုးက စိတ်ဒုန်းဒုန်းချထားသော်လည်း လီစီကျင်မှာမူ ကြောက်လန့်သွားသည်။
လီချင်းချိုးက လီစီကျင်ဘက် လှည့်ပြီး "ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့... ဘယ်သူမေးမေး သူ အတွင်းအား ရဖို့ တစ်ရက်လုံး ကြာတယ်လို့ပဲ ပြောလိုက်..."
"ဘာဖြစ်လို့လဲ..." လီစီကျင်က ဗလာကျင်းနေသော မျက်နှာဖြင့် မေးလိုက်သည်။
"မင်းရဲ့ တတိယဂိုဏ်းတူအစ်ကို စိတ်မကောင်း ဖြစ်မှာစိုးလို့..."
ထိုစကားကို ကြားသောအခါ လီစီကျင်သည် ကျန်းကျောက်ရှား၏ သုန်မှုန်သော မျက်နှာကို ပြေးမြင်ယောင်မိပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ တတိယဂိုဏ်းတူအစ်ကိုက သဘောထားသေးသိမ်ပြီး ဒေါသထွက်လွယ်သည်ဟု သူမလည်း ခံစားရသည်။
လီချင်းချိုးက ညွှန်ကြားချက် အချို့ ပေးထားသော်လည်း ရွှီနင်း တစ်ရက်တည်းနှင့် မူလချီ ကျင့်ကြံနိုင်သည်ဆိုသော အချက်က ကျန်းယွီချွန်းနှင့် အခြားသူများကို အံ့သြစေခဲ့သည်။
ကျင့်ကြံသူများက မူလချီနှင့် ပတ်သက်လျှင် အလွန်အမင်း အာရုံခံစား လွယ်ကြသည်။ ရန်ကျွယ်တိန်နှင့် အခြားတပည့်များက သတိမထားမိကြသော်လည်း ရွှီနင်းကို မြင်သည်နှင့် လီချင်းချိုး၏ ဂိုဏ်းတူ မောင်နှမများက တွေ့ရှိသွားကြသည်။
သူတို့ ရွှီနင်းအပေါ် အမြင်ပြောင်းလာကြပြီး ကျန်းကျောက်ရှားပင်လျှင် အမြင်ပြောင်းသွားသည်။
သို့သော် ကျန်းကျောက်ရှား၏ အမြင်က အနည်းငယ်သာ ပြောင်းလဲခြင်း ဖြစ်သည်။ သူ့အမြင်တွင် ရွှီနင်း၏ အောင်မြင်မှုမှာ မြေအောက် စိတ်ဝိညာဉ်ရေအိုင်ကြောင့် အဓိက ဖြစ်သည်ဟု ယူဆသည်။ အကယ်၍ အပြင်တွင် ကျင့်ကြံပါက သူ့လောက် မြန်ဆန်မည် မဟုတ်ဟု တွေးထားသည်။
ရွှီနင်း၏ အောင်မြင်မှုက ချင်းရှောင်းဂိုဏ်း၏ အနာဂတ်အတွက် လီချင်းချိုးကို ပိုမို မျှော်လင့်ချက် ရှိလာစေသည်။
နောက်ပိုင်းတွင် ရွာမှ ခေါ်လာသော တပည့် ၇ ယောက်စလုံး အတွင်းအားကို မကျင့်ကြံနိုင်သေးသဖြင့် လီချင်းချိုးက သူတို့ကို သိုင်းပညာ လေ့ကျင့်ခြင်း၌သာ အာရုံစိုက်ခိုင်းထားလိုက်ရသည်။
မြေအောက် စိတ်ဝိညာဉ်ရေအိုင်ကို အလွယ်တကူ ထုတ်ဖော်ပြသ၍ မရသလို လူများလွန်းလျှင်လည်း သူနှင့် ဂိုဏ်းတူ မောင်နှမများ၏ ကျင့်ကြံမှုကို ထိခိုက်စေနိုင်သည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြန်သည်။
နွေဦးကုန်ဆုံး၍ နွေရာသီသို့ ရောက်ရှိလာသည်။ လီချင်းချိုး ၁၇ နှစ် ပြည့်သွားပြီ ဖြစ်သည်။ ဂိုဏ်းတူ မောင်နှမများက သူ့မွေးနေ့ကို ဆောင်းဦးရာသီတွင်ဟု ထင်နေကြသော်လည်း သူက မွေးနေ့ပွဲအကြီးအကျယ် ကျင်းပရသည်ကို မကြိုက်သဖြင့် ထုတ်မပြောဘဲ နေလိုက်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်...
လီချင်းချိုး တောင်တံခါးဝ ရှေ့ရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်နေပြီး သူ့ရှေ့တွင် ဓားကိုးလက်ကို ချထားသည်။ အထူးဓားထိန်းချုပ်မှုသိုင်းကို ကျင့်ကြံရန်အတွက် ဓားများနှင့် အချိတ်အဆက် ပြုလုပ်နေခြင်း ဖြစ်သည်။
ရုတ်တရက်...
သူ မော့ကြည့်ပြီး တောင်အောက် လမ်းကြောင်းသို့ လှမ်းကြည့်လိုက်တော့ လူတစ်ယောက် သစ်တောထဲမှ ထွက်လာသည်ကိုမြင်လိုက်ရသည်။ ထိုလူသည် အဝါရောင် ဝတ်ရုံကို ခါးပတ်ဖြင့် စည်းနှောင် ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ဓားတစ်လက် လွယ်ထားသည်။ ထိုသူရဲ့သွင်ပြင်က အရပ်ရှည်ပြီး သိုင်းသမား တစ်ယောက် ဖြစ်ကြောင်း ထင်ရှားသည်။
အဝါရောင် ဝတ်ရုံနှင့် လူက မော့ကြည့်လိုက်ရာ တောင်တံခါးဝ ရှေ့တွင် ရှိနေသော လီချင်းချိုးကို မြင်လိုက်ရသည်နှင့် တောက်ပသော အပြုံးတစ်ခု သူ့ မျက်နှာပေါ်တွင် ပေါ်လာပြီး တောင်တက်လမ်းအတိုင်း တက်လာပြီး မေးလိုက်သည်။
"ဒါ ချင်းရှောင်းဂိုဏ်းလားဗျ..."
လီချင်းချိုးက စိတ်ရှုပ်ထွေးစွာ ဖြင့် "ငါ့ခေါင်းပေါ်က စာလုံးတွေကို မမြင်ရဘူးလား..." ဟု အငေါ်တူးလိုက်သည်။
"ချင်းရှောင်းဂိုဏ်း" ဟူသော စာလုံးကြီး သုံးလုံးကို တောင်တံခါးဝတွင် ထွင်းထုထားပါလျက်နှင့် ဤကဲ့သို့ မျက်ကန်းတစ္ဆေ လုပ်နေခြင်းကို သူ သည်းမခံနိုင်ပေ။
အဝါရောင် ဝတ်ရုံနှင့် လူက ဒေါသမထွက်ပေ။
"မြင်ပါတယ်... ဒါပေမဲ့ မင်းကိုယ်တိုင် ဝန်ခံတာကို ကြားချင်လို့ပါ... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ... ကျုပ်က ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ပါ... နာမည်က မော့ကျိုကျောင် ပါ..."