← Chapters

ဂိုဏ်းစောင့် နတ်သားရဲများ

Vol. 2 Ch. 13

ဂိုဏ်းစောင့် နတ်သားရဲများ

Vol. 2 Ch. 13

ခြံဝန်းထဲတွင် တပည့်အားလုံး စုဝေးနေကြပြီး ရန်ကျွယ်တိန်ပင်လျှင် လူအုပ်နောက်တွင် ရပ်ကာ ခြေဖျားထောက်၍ အထဲသို့ လှမ်းကြည့်နေသည်။

လီချင်းချိုး လူအုပ်အလယ်တွင် ထိုင်ချလိုက်သည်။ သူ့ရှေ့ မြေပြင်ပေါ်တွင် လင်းယုန်ပေါက် သုံးကောင်နှင့် ဥနှစ်လုံး ပါဝင်သော ငှက်သိုက်တစ်ခု ရှိနေသည်။

လင်းယုန်ပေါက် သုံးကောင်တွင် မီးခိုးရောင်ရင့်ရင့် အမွေးများ ရှိပြီး နှုတ်သီးပုံစံက လင်းယုန်ကဲ့သို့ ဟန်ပန်ကို ဖော်ပြနေသည်။ သုံးကောင်စလုံး အလွန် ငယ်ရွယ်သေးပြီး လုံးဝ မပျံသန်းနိုင်သေးပေ။ သိုက်ထဲတွင် တစာစာ အော်မြည်နေကြပြီး တစ်ကောင်နှင့် တစ်ကောင် တိုးဝှေ့နေကြကာ ဥခွံများ ဘေးတွင် ပြန့်ကျဲနေသည်။

ကျန်းယွီချွန်းက လင်းယုန်သိုက်ကို ဘယ်နေရာက တွေ့ခဲ့သည်ကို ပြောပြနေသည်။

အစောပိုင်းက ကျန်းယွီချွန်း တောင်အောက် ဆင်းစဉ် ဆေးပညာ အချို့ သင်ယူရန် မျှော်လင့်ချက်ဖြင့် ဆေးဖက်ဝင် အပင်များဆိုင်ရာ စာအုပ်အချို့ကို အထူးတလည် ဝယ်ယူခဲ့သည်။ ထို့နောက် စာအုပ်များအတိုင်း ဆေးဖက်ဝင် အပင်များကို ရှာဖွေရန် တောင်ပေါ်သို့ တက်ခဲ့ရာ တောင်ထိပ်တစ်ခုပေါ်တွင် လင်းယုန်သိုက် တစ်ခုကို အမှတ်မထင် တွေ့လိုက်ရခြင်း ဖြစ်သည်။

သူက ထိုဖြစ်စဉ်ကို အလွန် အန္တရာယ်များသည့်အလား ပြောပြနေသဖြင့် တပည့်များမှာ ရံဖန်ရံခါ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

ဤလင်းယုန်များကို ကြည့်ရင်း လီချင်းချိုး တာအိုမျိုးဆက် ဇယားကွက်ထဲမှ ဂိုဏ်းစောင့် နတ်သားရဲ အကြောင်း တွေးမိသွားပြီး ဤလင်းယုန်များကို ကျင့်ကြံသူများ ဖြစ်လာအောင် လမ်းပြပေးနိုင်မလားဟု စဉ်းစားမိလိုက်သည်။

"ဆရာ... သူတို့ရဲ့ မိဘတွေကို တွေ့ခဲ့လား..."

ကျန်းယွီချွန်း၏ ပထမဆုံး တပည့်ဖြစ်သူ ဟွမ်ရှန်က မေးခွန်းမေးလိုက်သည်။ သူသည် တပည့်သစ် ၇ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ၁၃ နှစ် ရှိပြီ ဖြစ်ကာ အုပ်စုငယ်လေးထဲတွင် ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သည်။ သူက မူလချီကို မကျင့်ကြံနိုင်သေးသော်လည်း သိုင်းပညာ ပါရမီမှာ ကောင်းမွန်ပြီး သူ့ စွမ်းရည်မှာ ၇ ယောက်အနက် အသန်မာဆုံး ဖြစ်သည်။

ကျန်းယွီချွန်း ခေါင်းခါလိုက်ပြီး "မတွေ့ဘူး... တကယ်လို့သာ တွေ့ခဲ့ရင် ဒီလောက် လွယ်မှာ မဟုတ်ဘူး..."

လီချင်းချိုး မတ်တတ်ထရပ်ပြီး ရယ်မောလိုက်သည်။ "ကောင်းတယ်... သူတို့ကို မွေးထားလိုက်... အထူးသဖြင့် အဲဒီ ဥနှစ်လုံးကို... အကောင်ပေါက်လာအောင် အစွမ်းကုန် ကြိုးစား... အနာဂတ်မှာ သူတို့ကို ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းစောင့် နတ်သားရဲတွေ ဖြစ်လာစေရမယ်... သိုင်းလောကက လူတွေ လင်းယုန်ကို မြင်တာနဲ့ ချင်းရှောင်းဂိုဏ်း လာနေပြီ ဆိုတာ သိပြီး ရှောင်သွားကြလိမ့်မယ်... အဲဒါဆို သိပ်မိုက်သွားမှာ မဟုတ်ဘူးလား..."

ထိုစကားကို ကြားသောအခါ တပည့်များ၏ မျက်လုံးများ တောက်ပလာပြီး ကျန်းကျောက်ရှားပင်လျှင် အကောင်ပေါက်လေးများ ရှိရာ ငှက်သိုက်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်မိသည်။

ရန်ကျွယ်တိန်က မနေနိုင်ဘဲ "လင်းယုန်တွေက ခွေးတွေ မဟုတ်ဘူး... ယဉ်ပါးအောင် လုပ်ဖို့ မလွယ်ဘူး... သူတို့ ကြီးလာရင် သေချာပေါက် ပျံထွက်သွားကြလိမ့်မယ်..."

"ဒါဆို နည်းလမ်းတွေ ပိုစဉ်းစားဖို့ လိုတာပေါ့... အောင်မြင်ရင် အကောင်းဆုံးပဲ..." ဟု လီချင်းချိုးက ဂရုမစိုက်သလို ပြောလိုက်သည်။

ကျင့်ကြံခြင်းကလွဲ၍ ဤတောင်ပေါ်တွင် လုပ်စရာ များများစားစား မရှိပေ။ အိမ်မွေးတိရစ္ဆာန် မွေးထားခြင်းက ကောင်းမွန်ပေလိမ့်မည်။

တပည့်များက လီချင်းချိုး၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ ထိုကိစ္စကို ဆွေးနွေးလာကြသည်။

လီချင်းချိုး နားထောင်နေပြီး သူတို့၏ တွေးခေါ်မှုကို ကျယ်ပြန့်လာအောင် ကူညီပေးလိုက်သည်။

ချင်းရှောင်းဂိုဏ်းက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်လွန်းသည်။ ကျန်းယွီချွန်းက ဆေးပညာကို အစပျိုး သင်ယူပြီး လင်းယုန်သိုက်ကိုပင် သယ်ဆောင်လာသကဲ့သို့ တပည့်များ ဖန်တီးနိုင်စွမ်း ရှိရန် လိုအပ်သည်။

စကားပြောနေရင်းနှင့် ချင်းရှောင်းဂိုဏ်းအတွက် တရားဝင် ဖွဲ့စည်းပုံ တစ်ခု တည်ထောင်ရန် လိုအပ်ကြောင်း လီချင်းချိုး ရုတ်တရက် ခံစားလိုက်ရသည်။

ဥပမာအားဖြင့် လစဉ် လာမည့်လအတွက် ဖွံ့ဖြိုးတိုးတက်မှုကို စီစဉ်ရန် ဂိုဏ်းတူ မောင်နှမ ခြောက်ယောက်နှင့် လေးနက်သော အစည်းအဝေး တစ်ခု ကျင်းပသည်။ သူတို့ ပျင်းရိ၍ မရသလို ဤသည်က ခေါင်းဆောင်မှု စိတ်ဓာတ်ကို ပြုစုပျိုးထောင်ရန်လည်း ကူညီပေးသည်။

အနာဂတ်တွင် ချင်းရှောင်းဂိုဏ်း၏ သိုင်းပညာ ထွန်းကားလာစေရန် တပည့်များကိုလည်း သိုင်းပညာ ဂိုဏ်းခွဲများ အသီးသီး ခွဲခြားထားသင့်သည်။

ဝိညာဉ်လမ်းစဉ် ကျင့်ကြံသော တပည့်များ အတွက်မူ ကျင့်ကြံသူ ဖြစ်လာခြင်းအတွက် ဆုလာဘ်များ ရရှိပြီး ဖြစ်၍ ချင်းရှောင်းဂိုဏ်း၏ အထက်တန်းလွှာများ အဖြစ် သတ်မှတ်နိုင်သည်။

နောက်ထပ် အရေးကြီးဆုံး အရာမှာ ချင်းရှောင်းဂိုဏ်းအတွက် ခိုင်မာသော အုတ်မြစ် ချထားရန် ဖြစ်သည်။

အတွင်းရေး ကိစ္စရပ်များကို ခိုင်မာသော စည်းမျဉ်းများဖြင့် အုပ်ချုပ်ရမည် ဖြစ်ပြီး ဘဏ္ဍာရေးကို စနစ်တကျ စီစဉ်ရမည်။

အရင်းအမြစ်များကို ရေရှည်အတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်။

မြေရိုင်းများကို စတင် ရှင်းလင်းရန် လိုအပ်သည်။

လီချင်းချိုး ပိုစဉ်းစားလေ အချိန်မလောက်ကြောင်း ပိုသဘောပေါက်လေ ဖြစ်ပြီး သူ့ချဉ်းကပ်မှုက အလွန် ပေါ့လျော့လွန်းခဲ့သည်။

ထိုညနေခင်းတွင် လီချင်းချိုးက ဂိုဏ်းတူ မောင်နှမ ခြောက်ယောက်ကို အစည်းအဝေး လုပ်ရန် သူ့အခန်းသို့ ခေါ်လိုက်သည်။ ဝူမန်အာက နုံအထုံထိုင်းပြီးလီစီဖုန်းနှင့် လီစီကျင်တို့က ငယ်ရွယ်သော်လည်း လီချင်းချိုး သူတို့ကို ဖိတ်ခေါ်ခဲ့သည်။

လူ ခုနစ်ယောက် စကားပြောကြရင်း ပိုမို စိတ်လှုပ်ရှားလာကြပြီး ကျန်းကျောက်ရှားပင်လျှင် အပြုသဘောဆောင်သော အကြံဉာဏ်များစွာ ပေးခဲ့သည်။

အစည်းအဝေး ပြီးဆုံးပြီးနောက် သူတို့အားလုံး မိမိတို့၏ အခန်း အသီးသီးသို့ ပြန်သွားကြပြီး အခြားတပည့်များနှင့် အစည်းအဝေး အငယ်စားလေးများ စတင် ပြုလုပ်ကြသည်။ ထိုညတွင် ချင်းရှောင်းဂိုဏ်းတခုလုံး ညဉ့်နက်သည်အထိ လှုပ်ရှားရုန်းကန်နေရသည်။ နောက်တစ်နေ့ နံနက် လေ့ကျင့်ခန်း လုပ်ရန် ထကြသောအခါ သူတို့ အများစု.မျက်ကွင်းများ ညိုနေကြသည်။

တောင်ထိပ်တွင် ရပ်နေသော ရန်ကျွယ်တိန်က ကိုယ်လက်ဆန့်တန်းလိုက်ပြီး အောက်ဘက် ခြံဝန်းအတွင်းရှိ တက်ကြွနေသော ချင်းရှောင်းဂိုဏ်း တပည့်များကို ငုံ့ကြည့်ကာ အတော်လေး စိတ်လှုပ်ရှားသွားသည်။

ဆယ်နှစ် ကြာသောအခါ ချင်းရှောင်းဂိုဏ်း ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာမည်၊ ပိုမို သန်မာလာမည်၊ ကမ္ဘာမြေကို တုန်လှုပ်စေသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။

ဒီထက်ပိုပြီး ကြိုးစားဖို့ လိုကောင်း လိုလိမ့်မယ်...

သေချာ စဉ်းစားပြီးနောက် ရန်ကျွယ်တိန်က ရွာမှ ခေါ်လာသော တပည့် ခုနစ်ယောက်ကို အလေးအနက်ထား ပြုစုပျိုးထောင်ရန် ဆုံးဖြတ်လိုက်သည်။ ဤခုနစ်ယောက်သည် အနာဂတ်တွင် ချင်းရှောင်းဂိုဏ်း၏ ကျောရိုး ဖြစ်လာကြပေလိမ့်မည်။ ရွှီနင်း အတွက်မူ သူ သင်ပေးချင်လျှင်ပင် သင်ပေး၍ ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်မလေးက ယခု လီချင်းချိုး စကားကိုသာ နားထောင်သောကြောင့် ဖြစ်သည်။

နောက်ရက်များတွင် တပည့်များက သူတို့၏ လှုပ်ရှားမှုများကို စတင် တိုးချဲ့လာကြသည်။ ခြံဝန်းသုံးခု အတွင်း သိုင်းပညာ လေ့ကျင့်ခြင်းက သူတို့အတွက် မလုံလောက်တော့သဖြင့် တောင်ခြေရှိ သစ်တောများသို့ သွားရောက် လေ့ကျင့်လာကြသည်။ ရန်ကျွယ်တိန်သည်လည်း သူတို့ကို တစ်ယောက်ချင်းစီ စတင် သင်ကြားပေးသည်။

လီချင်းချိုးကလည်း ရန်ကျွယ်တိန်၏ သဘောထားကို ကျေနပ်သဖြင့် သူ့အပေါ် အမြင် စတင် ပြောင်းလဲလာသည်။

...

မျက်စိတစ်မှိတ်အတွင်း သုံးလ ကုန်ဆုံးသွားပြီး ရာသီဥတု ပူပြင်းနေကာ ပုံမှန်ဆို ဆော့ကစားတတ်သော လီစီဖုန်းတယောက် သစ်ပင်အောက်တွင် အနားယူနေသော်လည်း စိတ်မငြိမ်မသက် ဖြစ်နေသည်။

ဤနေရာသည် တောင်ခါးပန်းတွင် ဖြစ်ပြီး တောင်ထိပ်ရှိ ဂိုဏ်းနှင့် ပေနှစ်ရာခန့် ကွာဝေးသည်။ ဂိုဏ်းချုပ် မှာကြားထားသည့်အတိုင်း တစ်ယောက်တည်း လေ့ကျင့်နေခြင်း ဖြစ်သည်။ လေကျင့်စဥ်ကို ကျင့်ကြံသည့်အခါ ရန်ကျွယ်တိန်နှင့် အခြားသူများကို အမြင်မခံရစေရန် ဂရုစိုက်ရသည်။

လီစီဖုန်း လေကျင့်စဥ်ကို လဝက်ခန့် ကျင့်ကြံခဲ့သော်လည်း အနှစ်သာရကို သဘောမပေါက်နိုင်သေးဘဲ လက်လျှော့လုနီးပါး ဖြစ်နေပြီ။

"မကျင့်ကြံရတာက ပိုပျော်စရာကောင်းသေးတယ်..."

လီစီဖုန်းလေး လက်ကို ခေါင်းနောက်တွင် ပစ်တင်ကာ ခြေထောက်ချိတ်၍ ခြေထောက် လှုပ်ယမ်းရင်း စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။

လက်ရှိဘဝလေးက အတော်လေး ကောင်းမွန်သည်၊ ပူပင်သောက ကင်းဝေးပြီး နေ့စဉ် လုပ်ချင်သောအရာများစွာ ရှိသည်ဟု ခံစားရသည်။

ဒီနေ့ ကြွက်သိုက်ကို ဝင်မွှေချင်သည်။ ယခင်က တွေ့ခဲ့ဖူးသော ကြွက်ကြီး လွတ်သွားခဲ့သည်ကို သူ မှတ်မိနေသေးသည်။

အဝေးမှ အသံများ ထွက်ပေါ်လာသဖြင့် လီစီဖုန်း ထထိုင်လိုက်ပြီး သေချာ ကြည့်လိုက်သည်။ အဝေးမှ လျှောက်လာသော လူရိပ်နှစ်ခုကို တွေ့လိုက်ရကာ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်ပြီး ခရီးပန်းလာပုံရကာ လမ်းဘေးမှ ပေါင်းပင်များကို ဖယ်ရှားလာကြသည်။

"ဟို... ဟိုမှာ ကလေးတစ်ယောက်..."

ရှေ့မှ လျှောက်လာသော ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် လူငယ်က လီစီဖုန်းကို လက်ညှိုးထိုး၍ အာမေဋိတ်သံ ပြုလိုက်သည်။ သူ့နောက်မှ လူကြီးမှာ အရပ်ရှည်ပြီး အိတ်တစ်လုံး လွယ်ထားသည်။ ဆံပင်ဖြူနေပြီ ဖြစ်သော်လည်း လူများကို သန်စွမ်းသော ခံစားချက် ပေးစွမ်းနေဆဲ ဖြစ်သည်။

ဆံပင်ဖြူနှင့် လူကြီးက မော့ကြည့်လိုက်ပြီး လီစီဖုန်းကို ချက်ချင်း တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။

ဤနေရာက တောင်ခြေရှိ ရွာနှင့် အလွန်ဝေးကွာသဖြင့် ကလေးတစ်ယောက် ဖြတ်ကျော်လာနိုင်သည့် နေရာ မဟုတ်ပေ။

သူ တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မေးလိုက်သည်။ "ကလေး... မင်းက ချင်းရှောင်းဂိုဏ်းက တပည့်လား..."

လီစီဖုန်း ထွက်မပြေးပေ။ သူက မြေကြီးပေါ်တွင် ထိုင်လျက် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်... ခင်ဗျားတို့က ဘယ်သူတွေလဲ..."

ချင်းရှောင်းဂိုဏ်းမှ တပည့်ဖြစ်ကြောင်း ကြားသောအခါ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လူငယ်က ခြေလှမ်းများကို ချက်ချင်း မြန်ဆန်လိုက်ပြီး ပြေးလာသည်။

"သခင်လေး... ဖြည်းဖြည်းသွားပါ..."

ဆံပင်ဖြူနှင့် လူကြီးက နောက်မှ လိုက်လာပြီး သက်ပြင်းချကာ လှမ်းအော်လိုက်သည်။

ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော ကောင်လေးက လီစီဖုန်း အနားသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ငါ့နာမည် ကျန်းနျန် ပါ... ၁၃ နှစ် ရှိပြီ... မင်းနာမည် ဘယ်သူလဲ... အသက် ဘယ်လောက်လဲ..."

လီစီဖုန်း မတ်တတ်ထရပ်ပြီး ပြန်ဖြေလိုက်သည်။

"ငါ့နာမည် လီစီဖုန်း... ဒီနှစ် ၁၃ နှစ် ရှိပြီ..."

သူ့ကိုယ်သူ ကျန်းနျန်နှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ သူက အရပ်အနည်းငယ် ပိုပုနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ဓာတ်ကျသွားသည်။

ထိုအချိန်တွင် ဆံပင်ဖြူနှင့် လူကြီး ရောက်လာပြီး မေးလိုက်သည်။ "ညီလေး... မင်းရဲ့ ဆရာ လင်ရွှန်းဖုန်း ဒီမှာ ရှိလား..."

လီစီဖုန်း သူ့ကို ကြည့်ပြီး "ဆရာ ထွက်သွားတာ ကြာပြီ... သူက ရှောင်ယောင်သိုင်းပြိုင်ပွဲမှာ သိုင်းလောကကနေ အနားယူမယ်လို့ ကြေညာခဲ့တယ် မဟုတ်လား... ခင်ဗျားတို့ မကြားဖူးဘူးလား..."

လင်ရွှန်းဖုန်း သိုင်းလောကမှ အနားယူကြောင်း ကြေညာခဲ့ပြီးချိန်မှစ၍ လီချင်းချိုးကလည်း ဤအချက်ကို ဖုံးကွယ်ထားခြင်း မပြုရန် တပည့်များကို ခွင့်ပြုထားသည်။

ဆံပင်ဖြူနှင့် လူကြီးက ထိုစကားကို ကြားသောအခါ စိတ်ပျက်မသွားဘဲ ပြုံး၍ မေးလိုက်သည်။

"ကျန်းကျောက်ရှား ဂိုဏ်းမှာ ရှိသေးလား..."

"ခင်ဗျားက တတိယဂိုဏ်းတူအစ်ကိုကို သိလို့လား..." လီစီဖုန်းက သတိထား၍ မေးလိုက်သည်။

သူတို့အားလုံးက ကျန်း မျိုးရိုးတွေပဲ...

တစ်ခုခုတော့ မှားနေပြီ...

လီစီဖုန်းက ကျန်းကျောက်ရှားကို ကြောက်ရွံ့သော်လည်း ညီအစ်ကို နှစ်ယောက်ကြား သံယောဇဉ်မှာ အလွန် ခိုင်မြဲသည်။ သူတို့နှစ်ယောက်လုံး မိဘမဲ့များ ဖြစ်ကြသော်လည်း တစ်ယောက်၏ နောက်ခံကို တစ်ယောက် မသိကြပေ။

တတိယဂိုဏ်းတူအစ်ကိုက တောင်အောက်မှာ အိမ်ရှိတာလား...

တတိယဂိုဏ်းတူအစ်ကို ထွက်သွားရင် ချင်းရှောင်းဂိုဏ်း ဘာဖြစ်သွားမလဲ...

လီစီဖုန်းက ငယ်ရွယ်ပြီး ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း တကယ်တမ်းတွင် အလွန် တွေးခေါ်တတ်သူ ဖြစ်သည်။ ယခုအချိန်တွင် ဆိုးရွားသော အကျိုးဆက်များစွာကို တွေးမိသွားသည်။

ချင်းရှောင်းဂိုဏ်းက အခုလောလောဆယ် ကျန်းကျောက်ရှား မရှိလို့ မဖြစ်ဘူး...

"သူက ငါ့အစ်ကိုပါ... ငါတို့က သူ့ကို အိမ်ပြန်ခေါ်ဖို့ တကူးတက လာရှာကြတာ..."

ကျန်းနျန်က ပြုံးပြီး ပြောလိုက်သည်။ သူက အလွန် ချောမောပြီး အသားအရေ ဖြူဝင်းကာ နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးကြောင့် အလွန် နှစ်လိုဖွယ် ကောင်းသည်။

သို့သော် သူ့အပြုံးက လီစီဖုန်းကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

"တတိယဂိုဏ်းတူအစ်ကိုက ကျုပ်ဆရာနဲ့အတူ တောင်အောက် ဆင်းသွားပြီ... ဒါကြောင့် ခင်ဗျားတို့ အလကား လာမိတာပဲ..."

လီစီဖုန်းက လက်ကာပြလိုက်ပြီး မျက်နှာပေါ်တွင် ကူကယ်ရာမဲ့ဟန်နှင့် စာနာဟန် ဆောင်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဆံပင်ဖြူနှင့် လူကြီးက မျက်မှောင်ကြုတ်ပြီး"ဒါဆို ငါတို့ကို တစ်ညလောက် တည်းခိုခွင့် ပေးလို့ရမလား... အခု တောင်အောက်ဆင်းဖို့က နောက်ကျလွန်းနေပြီ..."

လီစီဖုန်း ခေါင်းခါလိုက်ပြီး "ဂိုဏ်းမှာ တခြားဧည့်သည်တွေ ရှိနေတယ်... ဒါကြောင့် ခင်ဗျားတို့ တည်းဖို့ နေရာမရှိဘူး..."

"သွားကြည့်ရအောင်..." ဆံပင်ဖြူနှင့် လူကြီးက လက်မလျှော့လိုဘဲ ပြောလိုက်သည်။

လီစီဖုန်းက ငယ်ရွယ်လွန်းသေးသဖြင့် ဆံပင်ဖြူနှင့် လူကြီးက သူ့ရဲ့ လှည့်ဖြားမှုကို မြင်တွေ့နေရသည်။

ထိုသို့ပြောပြီးနောက် ဆံပင်ဖြူနှင့် လူကြီးက ကျန်းနျန်ကို ဆွဲ၍ တောင်ပေါ်သို့ တက်ရန် ပြင်လိုက်သည်။

လီစီဖုန်း ထိတ်လန့်သွားပြီး သူတို့လမ်းကို အမြန် ပိတ်ဆို့ကာ "ခင်ဗျားတို့ တောင်ပေါ်တက်ခွင့် မရှိဘူး..."

ဆံပင်ဖြူနှင့် လူကြီးက မကျေနပ်သော်လည်း စိတ်ရှည်လက်ရှည် မေးလိုက်သည်။ "ညီလေး... သခင်လေးကျန်းကို သွားရှာမှာကို ဘာလို့ တားနေရတာလဲ..."

လီစီဖုန်း မျက်လုံးပြူးကြည့်ပြီး "ခင်ဗျားတို့တွေ တတိယဂိုဏ်းတူအစ်ကိုကို စွန့်ပစ်ခဲ့ပြီးတော့ အခုမှ ပြန်လာခေါ်ချင်တယ်ပေါ့... တတိယဂိုဏ်းတူအစ်ကိုကို ဒီလို ထိန်းချုပ်ဖို့ ခင်ဗျားတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ..."

ဆံပင်ဖြူနှင့် လူကြီးက သက်ပြင်းချပြီး "အဲဒီတုန်းက ဖြစ်ခဲ့တာတွေအတွက် အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်... မင်းက ငယ်သေးတော့ ရှင်းပြဖို့ ခက်တယ်... အခု မင်းရဲ့ တတိယဂိုဏ်းတူအစ်ကိုသာ ငါတို့နဲ့ ပြန်လိုက်လာရင် ကောင်းမွန်တဲ့ ဘဝကို ခံစားရမှာ... ဒီတောင်ပေါ်မှာ နေတာထက် ပိုကောင်းတယ်... မင်း တတိယဂိုဏ်းတူအစ်ကိုနဲ့ မခွဲနိုင်ဘူး ဆိုရင် မင်းပါ ငါတို့နဲ့ လိုက်ခဲ့လို့ ရတယ်..."

ကျန်းနျန်က လီစီဖုန်းကို အလွန် စိတ်ဝင်စားနေသည်။ ထိုစကားကို ကြားသောအခါ သူက "ဟုတ်တယ်... မင်း ဘာလို့ ငါတို့နဲ့ မလိုက်ခဲ့တာလဲ... ငါ့အဖေက ရာထူးကြီးတဲ့ အရာရှိ ဖြစ်လာပြီ... ငါတို့ အခု အရမ်းကောင်းတဲ့ ဘဝမှာ နေနေရတာ..."

လီစီဖုန်း နားမဝင်သည့်အပြင် ပို၍ပင် ကြောက်ရွံ့လာပြီး ကျန်းကျောက်ရှား သူ့ကို ထားသွားတော့မည်ဟု ခံစားလိုက်ရသည်။

"မရဘူး... လုံးဝ မရဘူး... ခင်ဗျားတို့ တောင်ပေါ်တက်လို့ မရဘူး..."

လီစီဖုန်းက လက်သီးငယ် နှစ်ဖက်ကို ဆုပ်ထားပြီး ဒေါသတကြီး ပြောလိုက်သည်။ စကားပြောရင်း ခါးမှ ဓားတိုကို ဆွဲထုတ်လိုက်ရာ ဓားသွား အရောင် လက်ခနဲ ဖြစ်သွားသည်။

လီစီဖုန်း လက်နက် ဆွဲထုတ်သည်ကို မြင်သောအခါ ဆံပင်ဖြူနှင့် လူကြီးက ရယ်မောလိုက်သည်။

"လူလေး... ငါ ဘယ်သူလဲဆိုတာ သိရဲ့လား... ငါနဲ့ရင်ဆိုင်မယ်ဆို မင်းကို နတ်ဘုရားတောင် မင်းကို မကယ်နိုင်ဘူး..."

"ပါးစပ်ပိတ်ထားစမ်း... ခွေးကောင်ကြီး..."

လီစီဖုန်း လည်ပင်းကို ဆန့်ထုတ်၍ ပြန်ပက်လိုက်သည်။ ဤစကားလုံးကို သူ၏ ဂိုဏ်းချုပ်ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။

ဆံပင်ဖြူနှင့် လူကြီးက နားမလည်သော်လည်း ကောင်လေး သူ့ကို ကျိန်ဆဲနေကြောင်း ရှင်းလင်းစွာ သိလိုက်သည်။

ဆံပင်ဖြူနှင့် လူကြီး၏ မျက်နှာထား အေးစက်သွားပြီး နှာမှုတ်လိုက်သည်။ "အဲလိုဆိုမှတော့ လင်ရွှန်းဖုန်း ကိုယ်စား လူကြီးတွေကို ဘယ်လို ပြောဆိုရမလဲ ဆိုတာ ငါ သင်ပေးရတာပေါ့..."

သူ လီစီဖုန်းကို လှမ်းဖမ်းလိုက်သော်လည်း

ရုတ်တရက်...လီစီဖုန်း လှုပ်ရှားလိုက်သည်။

သူ့ဘယ်လက်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပင့်တက်သွားပြီး ဆံပင်ဖြူနှင့် လူကြီး၏ ညာဘက် လက်ကောက်ဝတ်ကို ဖမ်းကာ ပြင်းထန်စွာ ဆွဲလိုက်သည်။ မမျှော်လင့်ထားသဖြင့် လူကြီး ဟန်ချက်ပျက်ပြီး သူ့ဘက်သို့ ယိုင်ကျလာသည်။

လီစီဖုန်းတွင် အရန်အစီအစဉ် ရှိသည်။ ဆံပင်ဖြူနှင့် လူကြီးကို ဆွဲလိုက်စဉ် ညာလက်မှ ဓားတိုကို ဆုပ်ကိုင်ကာ လူကြီး၏ ရင်ဘတ်သို့ ထိုးစိုက်လိုက်သည်။

ဆံပင်ဖြူနှင့် လူကြီး၏ မျက်လုံးအိမ်များ ကျယ်သွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေ၏။

All Chapters