The Fish Pond Blows Up
Vol. 13 Ch. 121
“ဒါဆို အဲ့ဒီမျိုးမစစ်လေးက…”
သခင်မရှစ် ဒေါသမီးများ တောက်လောင်သွားကာ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။ သူမ အံကြိတ်လျက် ပြန်ချေပလိုက်ပါသည်။
“အဲ့တော့ ဘာဖြစ်လဲ၊ နင်က သူ့ကို သမီးလေးမွေးပေးထားတယ်ပေါ့ ဟုတ်လား ? ငါက သူ့အတွက် သားတစ်ယောက် မွေးပေးထားတာဟဲ့! ငါ့သားလေးက ဉာဏ်လည်းကောင်းတယ်! တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ထင်ပေါ်ကျော်ဇောမယ့် ကံဇာတာပါလာမှန်း သိသာတယ်၊ နင့်သမီးက ဘယ်နေရာမှာ ဘာအသုံးကျလို့လဲ!”
ထိုစကားကိုကြားသောအခါ ရှစ်ယိုချန်းထံအားလုံးအကြည့်ရောက်သွားခဲ့ကြပြန်သည်။
ရှစ်ယိုချန်း ရူးသွပ်ချင်သွားပါသည်။
အဲ့တာ… အဲ့တာ ဘာအဓိပ္ပာယ်လဲ ?
သူအမြဲ ဂုဏ်ယူဝံ့ကြွားခဲ့ရတဲ့ သားဖြစ်သူက သူ့သွေးသားအရင်း မဟုတ်ဘူးတဲ့လား…
ရှစ်ယိုချန်း သူ့ဇနီးနဲ့တောင် စာရင်းရှင်းချင်စိတ်မရှိတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။
“ချန်ကျင်းမင်!!!!!!!!”
ချန်ကျင်းမင်ထံသို့ ရှစ်ယိုချန်း တဟုန်ထိုးပြေးသွားခဲ့သည်။ အခြေအနေကိုမြင်ပြီး အားလုံးလမ်းဖယ် ပေးလိုက် ကြပါသည်။ သူတို့ ပွဲဆက်ကြည့်ရမည်ဆိုလျှင် ချန်ကျင်းမင် အထိုးအကြိတ်ခံရလည်း မမှုနိုင်ပါ။
ရှစ်ယိုချန်း ဒေါသတကြီးဟစ်ကြွေးရင်း ချန်ကျင်းမင်ကို ခုန်အုပ်လိုက်သည်။ ရန်ပွဲထဲ ကြားညပ်သွားမည်စိုးသဖြင့် ဝူကျီး အမြန်ရှောင်ပေးလိုက်ပါသည်။
ပုံမှန်ဆို ရှစ်ယိုချန်းက အင်အားချည့်နဲ့သည့်ပုံစံပေါက်သော်လည်း ယခုတော့ အတော်လေးအမျက်ဒေါသပေါက် ကွဲနေခဲ့ပါသည်။ ချန်ကျင်းမင်၏လည်ပင်းအင်္ကျီစကို ဆွဲကာမျက်နှာတည့်တည့် အကြမ်းပတမ်း ထိုးကြိတ်ပစ်လိုက်သည်။
“ရန်မဖြစ်ကြပါနဲ့”
ဘေးမှ ဝူကျီး ဝတ်ကျေတမ်းကျေ တစ်ခေါက်လောက် သတိပေးလိုက်ပြီး ပွဲဆက်ကြည့်နေခဲ့လေသည်။
ထိုးကြိတ်မှုများကြောင့် ချန်ကျင်းမင် မူးဝေသွားပြီး ရှင်းပြဖို့ မနည်းကြိုးစားနေရပါသည်။
“ယိုချန်း စိတ်လျှော့ပါ…”
ခွက်-
ချန်ကျင်းမင် မျက်နှာပေါ် လက်သီးတစ်ချက်ပြီးတစ်ချက် ကျရောက်လာခဲ့သည်။
“နားလည်မှုလွဲနေပြီထင်တယ်…”
ခွက်-
ရှစ်ယိုချန်း စိတ်လွတ်နေပါပြီ။ သူ့မိန်းမနှင့် ချန်ကျင်းမင် ဖောက်ပြန်ရုံသာဆို ရှစ်ယိုချန်း ဒီလောက်ထိ ဒေါသထွက်မိမှာ မဟုတ်ပါ။
သို့သော် လွန်ခဲ့သည့် နှစ်တွေအတွင်း သူ့သားအကြောင်း နေရာတကာ ကြွားဝါပြောဆိုခဲ့တာတွေကို ပြန်တွေးမိသော အခါ… သူ့မိတ်ဆွေများရဲ့ မျက်နှာကိုတောင်မကြည့်ဝံ့တော့ပါ။
ဒါတွေအားလုံးက ဒီလူယုတ်မာ ချန်ကျင်းမင်ကြောင့် ဖြစ်ခဲ့ရတာသေချာသည်။ ရှစ်ယိုချန်းဆိုသည့် သူ့မျက်နှာ၊ ရှစ်မိသားစု၏ ဂုဏ်သိက္ခာအကုန်လုံး နင်းခြေခံလိုက်ရပါပြီ။
ပထမတော့ ထိုးကြိတ်မှုကို ချန်ကျင်းမင်သည်းခံနေခဲ့သေးသည်။ သို့သော် အတန်ကြာတော့ သည်းမခံနိုင်တော့ဘဲ ကုန်းကုန်းကွကွ ပြန်ထကာ ရှစ်ယိုချန်းကို ပြန်တိုက်ခိုက်လေတော့သည်။ နှစ်ယောက်သား လုံးထွေးသတ်ပုတ် ထိုးကြိတ်ရင်း ရန်ပွဲအကြီးအကျယ်ဖြစ်သွားခဲ့ပါသည်။
ခွက်- ခွက်- ခွက်-
ချန်ကျင်းမင်နဲ့ ရှစ်ယိုချန်းတို့ ထိုးကြိတ်နေကြစဉ် သခင်မနှစ်ယောက်လည်း ရန်ဖြစ်ရင်းလက်တွေပါလာကြပြီ ဖြစ် သည်။ အော်သံတွေ၊ ပါးချသံတွေနဲ့ ဆူညံနေပြီး ပွဲကြီးပွဲ ကောင်းတစ်ခု ဖြစ်လာခဲ့သည်။
ယွဲ့ဟွာ တစ်ကိုယ်လုံး ကျောက်ရုပ်လိုတောင့်တင်းသွားခဲ့လေသည်။ သူ့အတွက် ချန်ကျင်းမင် ဘယ်လောက် အရေးပါသလဲဆိုတာ သူကိုယ်တိုင်သာ သိပါသည်။ ချန်ကျင်းမင်၏တစ်ကိုယ်တော်ဘဝက အနည်းငယ်… အရောင်အသွေး စုံလင်မှန်း သူလည်း သိပြီးသားဖြစ်သည်။
သို့သော် ဒီလောက်ထိ အရောင်အသွေးစုံလင်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။ ဒီလိုအရာတွေကို လျှို့ဝှက်ထားနိုင်လျှင် ကိစ္စမရှိသော်လည်း လူသိရှင်ကြားဖြစ်သွားပါက ပြဿနာအကြီးအကျယ် တက်မှာသေချာသည်။
ဒီပြဿနာကို ယွဲ့ဟွာ ဘယ်လိုဖြေရှင်းရမည်နည်း။ ဒီဘက်မှာ အုတ်နင်းသောင်းနင်းဖြစ်နေတာတောင် သခင်မ နှစ်ယောက်က အနားမှာဘယ်သူမှမရှိသလို ရန်ဖြစ်လို့ကောင်း နေကြဆဲ ဖြစ်သည်။ ယွဲ့ဟွာ သူတို့နား ပြေးသွားပြီး ‘နားကန်းနေကြလား’ဟုပင် မေးချင်မိပါသည်။
ချန်ကျင်းမင်တို့ ရန်ပွဲကို အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြစဉ် သခင်မနှစ်ယောက်ကလည်း အမျက်ဒေါ သထွက်လွန်းသဖြင့် ရန်ဖြစ်ရင်း စံအိမ်ထဲက ပစ္စည်းတွေကို ရိုက်ခွဲနေကြပါပြီ။ အခန်းထဲမှာ ရိုက်ခွဲစရာပစ္စည်း မရှိတော့သောအခါ တစ်ယောက်ကိုယ်တစ်ယောက် ကုတ်ဖဲ့ကြပြန်သည်။
စံအိမ်ထဲမှာ ရန်ဖြစ်လို့ မလွတ်လပ်တော့တာကြောင့် သခင်မနှစ်ယောက် အပြင်သို့ထွက်လာခဲ့ကြသည်။ ထို အခါမှ ခြံထဲရောက်နေသည့် လူအုပ်ကြီးကို သူမတို့ မြင်လိုက်ရလေတော့သည်။
အချင်းချင်း ဆံပင်တွေဆောင့်ဆွဲနေကြသည့် သခင်မနှစ်ယောက် ရုတ်တရက် ကြက်သေသေသွားကြသည်။ ထို့ နောက် ဆံပင်တွေကိုလွှတ်လိုက်ကြပြီး ကိုယ့်မျက်လုံးကိုယ် ပွတ်ကြည့်မိကြပါသည်။
ဂယောင်ချောက်ချားတွေ မြင်နေတာလား…
ဘာလို့ လူတွေအများကြီး ရှိနေတာလဲ…
“ရန်မဖြစ်ကြပါနဲ့!”
ချန်ကျင်းမင်၏ လူယုံတော်နှစ်ယောက်က သခင်မတွေကို အော်ဟစ်တားမြစ်နေဆဲဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်လည်း ကြက်သေသေသွားခဲ့ပါသည်။
ခြံထဲ ဒီလောက်လူတွေအများကြီး ဝင်လာတာကို ဘာလို့ ဘာအသံမှ မကြားခဲ့ရတာလဲ…
ရှစ်ယိုချန်းနှင့် ချန်ကျင်းမင်တို့တိုက်ပွဲလည်း အဆုံးသတ် သွားခဲ့ပြီဖြစ်သည်။ ရှစ်ယိုချန်းက သခင်မရှစ်ကို အကောင်လိုက် ဝါးစားတော့မည့်အလား အမျက်ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေပါသည်။
သခင်မရှစ် မျက်လုံးများ အလွန်တုန်လှုပ်ချောက်ချားသွားခဲ့သည်။
ရှစ်ယိုချန်း!
သူက ဘာလို့ ဒီရောက်နေတာလဲ!
အရှင်မင်းကြီးနဲ့အတူတူ အမဲလိုက်ထွက်သွားတာ မဟုတ်ဘူးလား!
ထို့နောက် ရှစ်ယိုချန်း တက်နင်းထားသည့်လူကို သခင်မရှစ် သေသေချာချာကြည့်လိုက်သည်။
အဲ့…အဲ့…အဲ့တာ ချန်ကျင်းမင် မဟုတ်လား!
သခင်မရှစ် မလှုပ်ရှားရဲတော့ဘဲ ကျောက်ရုပ်လို ငြိမ်သက်သွားခဲ့သည်။ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကိုလည်း သူမ မြင်လိုက်ရပါပြီ။ ထို့အပြင် ဘေးနားကလူတွေကလည်း… အရာရှိအမတ်တွေ မဟုတ်လား…
အားလုံး အမဲလိုက်ထွက်ခဲ့ကြတာဆို!
ဒီမှာ အမဲလိုက်စရာ ဘာရှိလို့လဲ! ဧကန္တ…
သူမတို့က သားကောင်တွေ ဖြစ်သွားခဲ့တာလား!
သခင်မရှစ်က ဂုဏ်သရေရှိ မျိုးရိုးမြင့် မိသားစုတစ်စုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် ဒီအခြေအနေ ဘယ်လောက် ဆိုးရွားသလဲဆိုတာ သူမ နားလည်နိုင် သည်။
သို့သော် သခင်မအန်းကတော့ ဒါတွေကို နားလည်ပုံမပေါ်ပါ။
မြေပေါ်မှာလဲနေသည့် ချန်ကျင်းမင်ကို မြင်သောအခါ သခင်မအန်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အပြေး ရောက်လာခဲ့ပါသည်။ ရှစ်ယိုချန်းအား ဘေးသို့ တွန်းထုတ်လိုက်ပြီး ချန်ကျင်းမင်ကို ဆွဲထူပေးလိုက်ပါသည်။
“အစ်ကိုကျင်းမင်! အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ!”
သူ့ မျက်ဝန်းတွေထဲ ရင်နာမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ချန်ကျင်းမင်ကတော့ သူ့ကို လည်ပင်းသာ ညှစ်ချင်နေပါသည်။ ဒီမိန်းမက တုံးအသော်လည်း အသုံး ချဖို့လွယ်ကူသူဖြစ်သည်။ ထို့ကြောင့် သူမနှင့် အခုချိန်ထိ ဆက်သွယ်နေခဲ့တာဖြစ်သည်။ သို့သော်လည်း ဒီလောက်တုံးအသည့် မိန်းမမျိုးကိုအစကတည်းက ရှောင်ရှားခဲ့သင့်မှန်း ချန်ကျင်းမင် ယခုမှ နားလည်ခဲ့ရပါပြီ။
“ဘာမှမဖြစ်ဘူး”
ချန်ကျင်းမင် အံကြိတ်ကာ ပြောလိုက်သည်။
“သခင်မအန်း သိက္ခာထိန်းစမ်းပါ!”
သခင်မအန်း မှင်သက်သွားသည်။ ချန်ကျင်းမင်၏ အရိပ် အမြွက်ပေးမှုကြောင့် ပွဲကြီးပွဲကောင်း စောင့်ကြည့်နေကြသည့် ခြံထဲက ပရိတ်သတ်ကြီးကို သခင်မအန်း မြင်သွားခဲ့ပါသည်။ ထိုလူတွေရဲ့ နောက်ဆုံးနားမှာ ရပ်နေသည့် အန်းယွီကိုလည်း သူမ မြင်သွားသည်။ အန်းယွီ၏မျက်နှာကမူ ပျော်ရွှင်နေပုံမရသလို ဒေါသထွက်နေပုံလည်း မပေါ်ပါ။
အန်းယွီ မြင်သွားတာကို သခင်မအန်းမစိုးရိမ်ပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာအောင် အန်းယွီကိုယ်တိုင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ ဘယ်လောက်ပဲ တုံးအပါစေ သူမနဲ့ ချန်ကျင်းမင်တို့၏ကိစ္စက လူသိရှင်ကြားဖြစ်လို့ရသည့် ကိစ္စမဟုတ်မှန်းတော့ နားလည်ပါသည်။
သခင်မအန်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အကြောင်းပြချက်ပေးဖို့ ကြိုးစားလိုက်လေသည်။
“ဝန်ကြီးချန်နဲ့ အန်းယွီတို့က အလွန်ရင်းနှီးကြတဲ့ မိတ်ဆွေတွေပါ၊ အဲ့တာကြောင့် ဝန်ကြီးချန်ကို ဒီလိုမြင်လိုက်ရတော့ ဒီသခင်မ ရုတ်တရက် စိုးရိမ်ပူပန်သွားမိတာ… ဒီသခင်မ ရဲ့အမျိုးသားတောင် ဘာမှ စိတ်ရှိမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား သခင်ကြီး…”
အန်းယွီကို သခင်မအန်းမျှော်လင့်တကြီးလှမ်းကြည့်လိုက် ပါသည်။ သူ့ဘက်က အန်းယွီကူပြောပေးလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
သို့သော် အန်းယွီကတော့ တစ်ခွန်းမှ ဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပါသည်။ သူအရူးလုပ်ခံရတာ အတော်ကြာခဲ့ပါပြီ။ ဒီနေ့တော့ ပြဿနာတွေ ဘယ်လောက်ထိ အဓိပ္ပာယ်မဲ့နိုင်မလဲဆိုတာ စောင့်ကြည့်ချင်သည်။
“အန်းယွီ နင်…”
အန်းယွီ ဘာမှ ဝင်ပြောမပေးသဖြင့် သခင်မအန်း ဣန္ဒြေပင် မဆည်နိုင်တော့ပါ။ သူမ တစ်ခုခုပြောဖို့ ကြံလိုက်စဉ် ဘေးနားမှ ဝူချုံးလန် သည်းမခံနိုင်တော့ဘဲဖြတ်ပြောလိုက်လေသည်။
“ရန်ဖြစ်နေတုန်းက သခင်မ ပြောခဲ့တဲ့ စကားတွေကို အားလုံး ကြားပြီးသွားကြပြီ”
သခင်မအန်း: “???”
သူမ အလွန်မှင်သက်သွားခဲ့သည်။
ဒီလူတွေ အဲ့အချိန်ကတည်းက ရောက်နေကြတာလား!
ရှစ်ယိုချန်းကလည်း သခင်မရှစ်ဆီပြေးသွားကာ လက်ကိုအကြမ်းပတမ်း ဆွဲလိုက်ပြီး အံကြိတ်လျက်မေးမြန်းလိုက် သည်။
“အပျက်မ! အမှန်အတိုင်းပြောစမ်း! ငါတို့သားရဲ့ အဖေအရင်းက ဘယ်သူလဲ!”
သခင်မရှစ် ရင်တွေ အလွန်တုန်နေပါပြီ။
အဲ့တာကိုတောင် ကြားသွားကြတယ်လား…
သခင်မရှစ် အမြန်ပြောလိုက်သည်။
“ခုနက ဒီသခင်မ ပြောမိတဲ့စကားတွေ အကုန်လုံး ယုတ္တိမရှိတာတွေပါ၊ အဲ့… အဲ့ကလေးက ရှင့်ကလေးပါ…”
တကယ်တော့ ထိုကလေးက ဘယ်သူ့ကလေးဖြစ်မှန်း သခင်မရှစ်ကိုယ်တိုင်လည်း မသေချာပါ။ အစေပိုင်း သခင် မအန်းကို အလျှော့မပေးချင်သည့်အတွက် ချန်ကျင်းမင်၏ သားဖြစ်သည်ဟု မခံချင်အောင်ပြောဆိုလိုက်ခြင်းသာ။
သို့သော် ထိုကလေးက ရှစ်ယိုချန်း၏သွေးသားအရင်းလည်း ဖြစ်နိုင်ချေရှိသည်။
သူမကို ရှစ်ယိုချန်း မယုံကြည်နိုင်တော့ပါ။ သူ့ရင်ဘတ်သူ လက်ဖြင့်ဖိလိုက်ပြီး မျက်လုံးတွေလည်း ကျွတ်ကျမတတ် ပြူးကျယ်နေခဲ့သည်။
သခင်မရှစ်နှင့် ချန်ကျင်းမင်တို့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ သူပြောလိုက်ပါသည်။
“အဲ့တာကြောင့်… အဲ့တာကြောင့် ဝန်ကြီးချန်ဆီ မကြာခဏ သွားလည်ပတ်ဖို့ ငါ့ကို တိုက်တွန်းခဲ့တာကိုး!”
“အဲ့တာကြောင့် ငါ့ကို အလိုက်တသိနဲ့ ကိုယ်လုပ်တော်တွေ ကူရှာပေးခဲ့တာကိုး! နင့်အခန်းကို ငါမလာရင်တောင် ဘာမှ စောဒက မတက်ခဲ့တာ ဒါ့ကြောင့်ကိုး!”
အရှိန်အဝါကြီးမားသည့် မျိုးရိုးမြင့် မိသားစုတစ်စုမှ အလိုက်သိတတ်သော သခင်မလေးတစ်ယောက်ကိုပိုင် ဆိုင်ခဲ့ရသဖြင့် ယခင်တုန်းကတော့ ရှစ်ယိုချန်း ကြိတ်ပျော်နေခဲ့ရပါသည်။ သို့သော် နောက်ကွယ်မှာ သူ့ထက်တောင် ပိုကဲနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။
သူ့အပေါ် သဘောထားကြီးပေးမှုကို ကျေးဇူးတင်သည့်အနေဖြင့် သခင်မရှစ်ကို ရှစ်ယိုချန်း အမြဲတမ်း တလေးတစား ဆက်ဆံခဲ့သည်။ ချန်ကျင်းမင်ဘက်မှာ ရပ်တည်ပေးဖို့ ဆုံးဖြတ်ခဲ့ရတာလည်း သခင်မရှစ်၏ တိုက်တွန်းမှုကြောင့်သာ ဖြစ်သည်။ ယခုသေချာပြန်စဉ်းစားကြည့်မှ သူ့ကိုယ်သူ ဟာသကြီးတစ်ခုလို ဖြစ်စေခဲ့လေပြီ။
“အပျက်မ! ငါနင့်ကို ကွာရှင်းမယ်!”
ရှစ်ယိုချန်း အံကြိတ်ရင်း ကြေညာလိုက်သည်။
“ယောက်ျား… ဒါနားလည်မှုလွဲတာပါ”
သခင်မရှစ် ခါးသီးစွာ တောင်းပန်လိုက်ပါသည်။
ရှစ်ယိုချန်း အေးစက်စွာ ရယ်မောလိုက်လေသည်။
“နားလည်မှုလွဲတာဟုတ်လား ? မျက်စိတွေ နားတွေ အများကြီး ရှေ့မှာတောင် နားလည်မှုလွဲတယ်လို့ ပြောရဲသေးတယ်နော်! မို့ရွှယ်ယင်း! နင့်ရဲ့ အကျည်းတန်တဲ့လုပ်ရပ်ကြောင့် အခုချက်ချင်း နင့်ကို ဓားနဲ့ထိုးသတ်လိုက်ရင် တောင် ဘယ်သူမှ တရားမျှတမှုကို တောင်းဆိုကြမှာ မဟုတ်ဘူး! နင့်လို ဂုဏ်သိက္ခာမရှိတဲ့ အပျက်မကို ငါဆက်ပြီး လက်မခံနိုင်ဘူး၊ နင့်ကို မို့မိသားစုဆီပြန်ပို့ပြီး သေသေ ချာချာ ဆုံးမခိုင်းရမယ်!”
မို့ရွှယ်ယင်းကို ရှစ်ယိုချန်း မရပ်မနားတရစပ် ဆဲဆိုကြိမ်း မောင်းလေတော့သည်။
အစကတော့ မို့ရွှယ်ယင်း ခေါင်းငုံ့သည်းခံနေခဲ့သော်လည်း အချိန်အတန်ကြာသောအခါ သူမ သည်းခံချင်စိတ်မရှိတော့ပါ။
ခေါင်းကို ချက်ချင်း ပြန်မော့လိုက်ပြီး အဆိပ်ပြင်းသော အသံဖြင့် ပြန်ချေပလိုက်သည်။
“ဟုတ်တယ် ငါ့မှာ တခြားတစ်ယောက် ရှိတယ်! ဒါပေမယ့် ငါ့ကိုနင် ဘာဝေဖန်ပိုင်ခွင့်ရှိလို့လဲ! ကြာပွတ်နဲ့ အရိုက်ခံမှ စိတ်ကျေနပ်တဲ့ နင့်လို အောက်တန်းစားမျိုးကို ဘယ်မိန်းမမဆို ရွံရှာမှာပဲ!”