← Chapters

A Great Harvest

Vol. 13 Ch. 128

A Great Harvest

Vol. 13 Ch. 128

တစ်နေ့လုံး ပင်ပန်းခဲ့ကြပြီးနောက် နန်းတော်အတွင်းသို့ လူတွေ မြင်းတွေ ညတွင်းချင်း ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

ဒီနေ့ညက လူပေါင်းများစွာအတွက် အိပ်မပျော်နိုင်သည့် ညတစ်ညဖြစ်လာခဲ့သည်။ ကျန်းကျီမြောင် အလွန်အိပ်ငိုက်နေသော်လည်း သန်းခေါင်ယံရောက်သည့်အချိန်ထိ အားတင်းကာစောင့်ပြီးမှ အိပ်ဖို့ ဆုံးဖြတ်ထားပါသည်။

၁၂ နာရီထိုးတာနဲ့တစ်ပြိုင်နက် တစ်နေ့တာ ရရှိခဲ့သည့် ရမှတ်တွေကို စာရင်းရှင်းပေးတော့မှာ ဖြစ်သည်။ ဒီတစ်ခေါက် ရရှိမည့် အမှတ်များက ကျန်ရှိနေသေးသည့် ဇာတ် လမ်းတစ်ဝက်ကို ဝယ်ယူဖို့ လုံလောက်လိမ့်မည်ဟု ကျန်းကျီမြောင် ခန့်မှန်းမိပါသည်။ ဒါဆို ဇာတ်လမ်းကို အိပ်မက်အသွင်ဖြင့် မြင်မက်နိုင်သည်။

ထိုသို့တွေထားသော်လည်း တစ်နေကုန်ပင်ပင်ပန်းပန်း ခရီးနှင်ခဲ့ရပြီး ဖရဲသီးတွေလည်း အစားများသွားသဖြင့် ကျန်းကျီမြောင် အတော်လေး ခြေကုန်လက်ပန်းကျနေခဲ့သည်။ ကျန်းကျီမြောင် သန်းခေါင်တိုင်သည်အထိ စောင့်ဖို့ ကြံထားသော်ငှား ကုတင်နဲ့ ထိလိုက်တာနဲ့တစ်ပြိုင်နက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

ကျန်းကျီမြောင် တစ်ဖက်သို့ လှည့်လိုက်စဉ် အတူပါသွားသည့်စောင်ကိုကြည့်ရင်း ယွဲ့လင်း ခေတ္တတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် စောင်အစွန်းနားလေးကို ခက်ခက်ခဲခဲ ပြန်ဆွဲယူလိုက်ပြီး သူ့ဝမ်းဗိုက်ပေါ် အုပ်ထားလိုက်လေတော့သည်။

နောက်တစ်နေ့မနက် မိုးလင်းသောအခါ ယွဲ့လင်း ခြေလှမ်းခပ်ဖွဖွဖြင့် အိပ်ရာထခဲ့ပြီး ညီလာခံသို့ ကြွမြန်းခဲ့ပါသည်။ ဒီနေ့တော့ ကျန်းကျီမြောင်ကို သူ မနှိုးတော့ပါ။

ချန်ကျင်းမင်၏အရေးကိစ္စမှာ အပေါ်ယံကကြည့်လျှင်တော့ သူတို့အတွက် အပြတ်အသပ်အောင်ပွဲဟု ထင်ရနိုင်သည်။ သို့သော် ယွဲ့ဟွာတို့ဘက်မှာလည်း တန်ပြန်တိုက်စစ်ဆင်ဖို့ အသည်းအသန် ပြင်ဆင်နေမှာ သေချာပါသည်။

ဒီရက်ပိုင်းထဲ ညီလာခံမှာ မတည်မငြိမ် အုတ်အော်သောင်း တင်း ဖြစ်နေလိမ့်မည်။ ထို့အပြင် ယွဲ့ဟွာလည်း မြောင်မြောင်အား သံသယဝင်နေပုံပေါ်သည်။ ထို့ကြောင့် မြောင်မြောင်ကိုတတ်နိုင်သမျှ ပွဲမထုတ်ဖို့ ယွဲ့လင်း ဆုံးဖြတ်ထားခဲ့သည်။

ယွဲ့ဟွာ ရှုံးပွဲဆက်တိုက်ကြုံတွေ့နေရသော်လည်း ကံကြမ္မာ ၏မျက်နှာသာပေးမှုကို ခံခဲ့ရစဉ်တုန်းက အာဏာတွေ ဘယ်လောက်ထိ စုဆောင်းထားခဲ့သလဲဆိုတာ ခန့်မှန်းရခက်သည်။ ထို့ကြောင့် ကျန်းကျီမြောင်အား မုန်တိုင်းထဲဆင်းဖို့ ယွဲ့လင်း ခွင့်မပြုနိုင်ချေ။

ကျန်းကျီမြောင် အပူအပင်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေခဲ့သည်။ သူမ အိပ်ရာနိုးလာသောအခါ နေမင်းကြီးက ကောင်းကင်ပေါ် အတော်မြင့်တက်နေပြီဖြစ်သည်။

ကျန်းကျီမြောင် အိပ်ရာနိုးလာတာကို မြင်သောအခါ ကျွေ့ယွဲ့ ညင်ညင်သာသာ ဝင်လာပြီး ကိုယ်လက်သန့်စင်ဖို့နဲ့ အဝတ်အစားလဲဖို့အတွက် ကူညီပေးလိုက်ပါသည်။

အနောက်နန်းဆောင် ကိုယ်လုပ်တော်တွေလည်း အစော ကြီးရောက်ရှိနေပုံရသည်။ ကျန်းကျီမြောင် ဆွဲပေးထားသည့် အချိန်ဇယားအတိုင်း အားလုံးလိုက်နာကြကာ အတန်းတွေ တက်ရောက်ခဲ့ကြသည်။

ကျန်းကျီမြောင် ရီဝေစွာ မေးလိုက်သည်။

“ဘယ်အချိန်ရှိနေပြီလဲ…”

စိတ်လွတ်ကိုယ်လွတ် အိပ်ပျော်နေခဲ့သဖြင့် ဘယ်အချိန်ရောက်ပြီလဲဆိုတာပင် သူမ မသိတော့ပါ။

ကျွေ့ယွဲ့ တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။

“နေ့လယ်စာသုံးဆောင်ချိန် ရောက်နေပါပြီ အရှင်မ”

ကျန်းကျီမြောင် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

နေ့လယ်စာစားချိန်အထိ အိပ်ပျော်သွားခဲ့တာလား!

ကျန်းကျီမြောင် သုတ်သုတ်ပျာပျာဖြစ်သွားပြီး ရှက်ရွံ့စွာ မိန့်လိုက်ပါသည်။

“ဘာလို့ စောစော လာမနှိုးကြတာလဲ”

ကျွေ့ယွဲ့ ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

“အရှင်မအိပ်စက်နေတာကို မနှောင့်ယှက်ဖို့ အရှင်မင်းကြီးက သေချာ ညွှန်ကြားသွားလို့ပါ”

ကျွေ့ယွဲ့ အလွန် ကြည်နူးဝမ်းသာမိပါသည်။ မိဖုရားကြီးအပေါ် အရှင်မင်းကြီးမေတ္တာရှိမှန်း တစ်နေ့ထက်တစ်နေ့ ပိုသိသာလာခဲ့သည်။

သို့သော်… မိဖုရားကြီး၏လူယုံတော်များ ဖြစ်ကြသည့် သူမတို့သာ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ သံဝါသမပြုရသေးမှန်း သိထားကြသည်။ သံဝါသမပြုဘဲ မျိုးဆက်ရရှိနိုင်မည် မဟုတ်ပါ။ မိဖုရားကြီးမှာ သားသမီးမရှိပါက ရှေ့လျှောက် နန်းတော်ထဲအခက်အခဲ ကြုံလာရနိုင်ပါသည်။

အနောက်နန်းဆောင် ကိုယ်လုပ်တော်များက ယခုအချိန်မှာ မိဖုရားကြီးအပေါ် တလေးတစား ဆက်ဆံနေကြသော် လည်း တစ်နေ့နေ့တစ်ချိန်ချိန် ကိုယ်လုပ်တော်ထဲမှ တစ်စုံ တစ်ယောက် ကိုယ်ဝန်ရသွားခဲ့ပါက ထီးနန်းအတွက်ယှဉ် ပြိုင်မှုတွေ ဖြစ်လာပါလိမ့်မည်။

မိဖုရားကြီးအပေါ် အရှင်မင်းကြီး စိတ်ခုစရာတစ်ခုခု ရှိနေလို့ပဲလား…

ဒါမှမဟုတ် အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်မှာ တကယ်ပဲ ပြဿနာတစ်ခုခု ရှိနေတာလား…

ဒုတိယအချက်သာဆို အရှင်မင်းကြီး၏ ညီတော်တွေအားလုံးက ကျန်းမာသန်စွမ်းကြသဖြင့် အရှင်မင်းကြီးမှာသာ ဆက်ခံသူမရှိလျှင် နန်းတော်ထဲ မတည်မငြိမ်ဖြစ်လာနိုင်သည်။

ဒါတွေက ကျွေ့ယွဲ့စိတ်ထဲမှာသာ တွေးနိုင်သည့်အရာတွေဖြစ်သည်။ သူမလို အခြွေအရံတစ်ယောက် ဝင်စွက်ဖက်နိုင်သည့် ကိစ္စတွေ မဟုတ်ပါ။

ကျန်းကျီမြောင်အတွက် ကျွေ့ယွဲ့အစာပြေကြာစေ့စွပ်ပြုတ် တစ်ပန်းကန် ယူဆောင်လာပေးခဲ့သည်။ ထို့နောက် နေ့လယ်စာ သွားပြင်ဆင်ခဲ့ပါသည်။

ဒီအချိန်အထိ အိပ်ခဲ့မိသဖြင့် ကျန်းကျီမြောင်လည်း ရှက်ရွံ့မိပါသည်။ သို့သော် သူမ ရရှိလိုက်သည့် အမှတ်တွေကို မြင်တာနဲ့တစ်ပြိုင်နက် ရှက်ရွံ့မှုတွေ ဘယ်ပျောက်သွားမှန်း မသိတော့ဘဲ ချက်ချင်းပျော်ရွှင်မြူးထူးသွားခဲ့ရသည်။

ဘုရားရေ!!

ချန်ကျင်းမင်က အဲ့လောက် အားကိုးရတာလား!!

အံ့ဩတုန်လှုပ်မှုစာရင်းကို ကြည့်ရသလောက်တော့ မနေ့က အမဲလိုက်ထွက်မှုမှာ ပါဝင်ခဲ့သည့် အရာရှိအမတ်များနှင့် အစောင့်တပ်သားများ နှုတ်လုံခဲ့ကြတာသေချာသည်။ သို့သော် မနေ့က အမဲလိုက်အဖွဲ့ တစ်ဖွဲ့တည်းနဲ့တင် ကျန်းကျီမြောင် အံ့ဩတုန်လှုပ်မှုရမှတ်် ၂၀၀,၀၀၀ ကျော် ရရှိသွားခဲ့ပါသည်။

ယခင်တစ်ခေါက် ကျန်းကျစ်ဖျင်နှင့်ပတ်သတ်သည့် အချိန်အကန့်အသတ် အတင်းအဖျင်း မစ်ရှင်တုန်းက သူမ နည်းလမ်းပေါင်းစုံသုံးပြီး သတင်းပြန့်အောင် ဖန်တီးခဲ့တာဖြစ် သည်။ ထိုအချိန်တုန်းက ကျန်းကျစ်ဖျင်၏ အကြောင်းကို တစ်တိုင်းပြည်လုံးနီးပါး သိသွားခဲ့သော်လည်း ၇၀,၀၀၀ ကျော်စွန်းစွန်းလေးသာ ရရှိခဲ့လေသည်။

သို့သော်လည်း ဒီတစ်ခါတော့ အမဲလိုက်အဖွဲ့မှာ လူထောင်ဂဏန်းခန့်သာပါဝင်သည်။ ထိုလူတွေက သူမအတွက် အံ့ဩတုန်လှုပ်မှု ရမှတ် ၂၀၀,၀၀၀ ကျော်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် ပျမ်းမျှအားဖြင့် တစ်ဦးကို ၁၀ မှတ်ကျော်ကျော် ပေးစွမ်းနိုင်ခဲ့တာဖြစ်သည်။

ချန်ကျင်းမင်နှင့် ရင်းနှီးသူတွေက ရမှတ်များများ ပိုပေးနိုင်ကြသည်။ အံ့ဩတုန်လှုပ်မှုရမှတ် အများဆုံး ပေးနိုင်ခဲ့သူက တခြားသူမဟုတ်ဘဲ ရှစ်ယိုချန်းဖြစ်နေပါသည်။

ရှစ်ယိုချန်း ဒေါသပေါက်ကွဲသွားခဲ့တုန်းက သူမကို အံ့ဩတုန်လှုပ်မှုရမှတ် စုစုပေါင်း ၇၅၀ ကြီးများတောင် ပေးနိုင်ခဲ့လေသည်။ ထိုတစ်ကြိမ်တည်းနဲ့ အံ့ဩတုန်လှုပ်မှုရမှတ်ဇယားမှာ ရှစ်ယိုချန်း နံပါတ် ၁ ချိတ်သွားပြီ ဖြစ်သည်။ ယခင်တုန်းက နံပါတ် ၁ ဖြစ်ခဲ့သော မိန်းမစိုးကြီးလီ ဘယ်နားရောက်သွားမှန်းပင် မသိတော့ပေ။

အံ့ဩတုန်လှုပ်မှု ရလဒ်ဇယားကို ကျန်းကျီမြောင် သေချာကြည့်လိုက်ပြီးမျက်လုံးများဝိုင်းစက်သွားခဲ့သည်။ အတင်း အဖျင်းတစ်ခုက ကိုယ်နဲ့သက်ဆိုင်နေလေလေ စိတ်လှုပ် ရှားမှု ပိုများနိုင်လေလေဖြစ်ကာ အံ့ဩတုန်လှုပ်မှု ရလဒ်တွေလည်း ပိုပေးနိုင်လေလေဖြစ်သည်။ ထို့ကြောင့် ရှစ်ယိုချန်း၏ အံ့ဩတုန်လှုပ်မှုရလဒ်များ ဘာကြောင့် ဒီလောက်များပြားနေရသလဲဆိုတာ နားလည်ရလွယ်ကူသည်။

အဆင့် ၂ က အန်းယွီဖြစ်သည်။ ဒါလည်း ဖြစ်သင့်သည်။ သို့သော် အဆင့် ၃ ကတော့… စိတ်ဝင်စားစရာ ကောင်းနေပါသည်။ အဆင့် ၃ က တော်ဝင်ကိုယ်စောင့်တပ်၏ခေါင်း ဆောင်တစ်ဦးဖြစ်သည်။

သူက ဘာလို့ ဒီလောက်အံ့ဩတုန်လှုပ်ခဲ့ရတာလဲ…

ထိုအမည်ကို ကျန်းကျီမြောင် စိတ်ထဲသေချာ မှတ်ထားလိုက်ပါသည်။

အဆင့် ၃ တင်မကဘဲ ဇယားပေါ်ရှိ ထိပ်တန်း အယောက် ၁၀၀ ၏ အမည်တွေကို စနစ်အား မှတ်တမ်း တင်ခိုင်းထားပါသည်။ ထိုအယောက် ၁၀၀ က ချန်ကျင်းမင်နှင့် မရိုးမသားပတ်သတ်မှုရှိနေသည်ဟု တပ်အပ် ကောက်ချက်ချလိုက်လို့လည်း မရပါ။ သူတို့ ဒီတိုင်း စိတ်လှုပ်ရှားလွယ်တာလည်း ဖြစ်နိုင်သည်။

ဥပမာအားဖြင့် အဆင့် ၁၀ ချိတ်သည့် အတိုင်ပင်ခံအမတ်ကြီးက ဖရဲသီးစားရတာ အလွန်သဘောကျသဖြင့် ရမှတ်များများ ရခဲ့တာဖြစ်သည်။

ဖရဲသီးကြိုက်သူများမှအပ အယောက် ၁၀၀ ထဲ သေချာဆန်းစစ်လိုက်လျှင် အံ့အားသင့်စရာတွေ ပေါ်လာမှာ သေ ချာပါသည်။ ဒီစာရင်းက အံ့ဩတုန်လှုပ်မှုရမှတ် စာရင်းတစ်ခုသာ မဟုတ်တော့ဘဲ ချန်ကျင်းမင်၏အဆက်အ သွယ် ကွန်ရက်ကို ဖော်ထုတ်နိုင်မည့် စာရင်းလည်း ဖြစ်နေပါသည်။

အံ့ဩတုန်လှုပ်မှုရမှတ်တွေကို ဒီလိုအသုံးချလို့ရမှန်း ကျန်းကျီမြောင် နားလည်သွားခဲ့သည်။ ဒီစာရင်းကိုသာလက် ကိုင် ပြုထားပါက ချန်ကျင်းမင်၏အဆက်အသွယ်တွေကို အနှေးနဲ့အမြန် ဖော်ထုတ်နိုင်ပါလိမ့်မည်။

မနေ့က အဖြစ်အပျက်ကြောင့် အံ့ဩတုန်လှုပ်မှုရမှတ်များကို စာရင်းရှင်းပြီးနောက် ကျန်းကျီမြောင် ၂,၀၀၃ မှတ်တိတိ ရရှိခဲ့ပါသည်။ ထို့ကြောင့် စုစုပေါင်းအမှတ် ၂,၂၇၀ အထိ ရရှိသွားပြီဖြစ်သည်။ သူမ အမှတ် ၇၀၀ လောက် တစ်ခါတည်း ရရှိခဲ့တုန်းက ညတွင်းချင်း သူဌေးကြီးဖြစ်သွားသလို ခံစားခဲ့ရသည်။

ယခု ၂,၂၇၀ အထိ ရောက်ရှိသွားသောအခါ ကျန်းကျီမြောင်ခေါင်းထဲ အတွေးတစ်ခုသာ ရှိပါတော့သည်။

‘အောင်နိုင်သူစစ်စစ်ဆိုတာ ငါပဲကွ!!!’

ထို့နောက် ၄၈၀ မှတ်ကို အသုံးပြုပြီး လက်ကျန် ဇာတ် လမ်းတစ်ဝက်ကို ဝယ်ယူလိုက်ကာ ဇာတ်လမ်း ၁၀၀% ကို ကျန်းကျီမြောင် ပိုင်ဆိုင်သွားခဲ့ပါသည်။ ယခင်တုန်းက ဇာတ်လမ်းအကြောင်း တစ်ဝက်တစ်ပျက်သာ သိထားသဖြင့် ကျန်းကျီမြောင် စိတ်ချလက်ချ မနေနိုင်ဖြစ်ခဲ့ရသည်။

ဘာပဲဖြစ်ဖြစ် အဘက်ဘက်မှပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားတစ်ယောက်ကို အမြစ်ပြတ်မချေမှုန်းနိုင်ပါက အချိန်မရွေး ပြန်နိုးထလာနိုင်သည်။

“ဇာတ်လမ်းကို စနစ်ပိုင်ရှင် ဘယ်လိုအသွင်နဲ့ ရှုမြင်ချင်ပါသလဲ”

စနစ်က မေးမြန်းလိုက်သည်။

ကျန်းကျီမြောင် ခေတ္တကြက်သေသေသွားခဲ့သည်။ ယခင်တုန်းက ဝတ္ထုဇာတ်လမ်းကို အိပ်မက်အသွင်ဖြင့် သူမ ကြည့်ရှုခဲ့တာဖြစ်သည်။ တခြားနည်းလမ်းတွေ ရှိနေသေးမှန်း မသိခဲ့ပါ။ ထို့အပြင် ယခုမှ အိပ်ရာနိုးလာတာဖြစ်သဖြင့် ပြန်အိပ်လို့လည်း မရတော့ပါ။

“တခြား ဘယ်လိုနည်းနဲ့ ကြည့်လို့ရသေးလို့လဲ”

ကျန်းကျီမြောင် ပြန်မေးကြည့်လိုက်ပါသည်။

စနစ်က ဆိုသည်။ “ပထမနည်းလမ်းကတော့ စနစ်ပိုင်ရှင် ယခင်တစ်ခေါက်က အသုံးပြုခဲ့သလိုပဲ အိပ်မက်အသွင်နဲ့ ရှုမြင်ခြင်းဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ အဲ့ဒီဇာတ်လမ်းကို ရုပ်ရှင်အသွင်ပြောင်းပြီး စနစ်ပိုင်ရှင် ကြည့် ရှုလို့ရအောင် ဒီစနစ် ဖန်တီးပေးနိုင်ပါတယ်”

ကျန်းကျီမြောင် တွန့်ဆုတ်မှုမရှိဘဲ ဆုံးဖြတ်လိုက်သည်။ “ဒါဆိုရင် ဒုတိယနည်းလမ်းနဲ့ သွားကြတာပေါ့”

စနစ်အတည်ပြုလိုက်သည်။

“ဇာတ်လမ်းကို ရုပ်ရှင်အသွင် ပြောင်းလဲဖို့ ၁၅ မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်၊ ၁၅ မိနစ် ကြာတဲ့အခါ စနစ်ပိုင်ရှင် ကြည့်ရှုနိုင်ပါလိမ့်မယ်”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပါသည်။

All Chapters