← Chapters

The Complete Plot

Vol. 13 Ch. 129

The Complete Plot

Vol. 13 Ch. 129

စနစ်မျက်နှာပြင်ပေါ်တွင် ဘားတန်းလေးတစ်ခု ရုတ်တ ရက်ပေါ်လာခဲ့သည်။ ထိုဘားတန်းလေး ပြည့်သွားသောအခါ ရုပ်ရှင်ကို စတင်ကြည့်ရှုနိုင်မည်ဖြစ်သည်။

“စေတနာနဲ့ အသိပေးပါရစေ”စနစ်က ဆိုသည်။

“စနစ်ပိုင်ရှင်မှာ လက်ရှိ ၁,၇၉၀ မှတ် ကျန်ရှိနေပါတယ်။ စနစ်စတိုးဆိုင်ကို Level 2 မြှင့်တင်ဖို့အတွက် ၁,၅၀၀ မှတ် လိုအပ်ပါတယ်။ စနစ်စတိုးဆိုင်ကို Level 2 မြှင့်တင်ချင်ရင် စနစ်ပိုင်ရှင် အမှတ်တွေကို စုထားလိုက်တာ ပိုကောင်းပါလိမ့်မယ်”

ကျန်းကျီမြောင် ကြက်သေသေသွားလေသည်။ သူမအာရုံထဲ မေးခွန်းသင်္ကေတများစွာ ပေါ်လာခဲ့သည်။

ထို့နောက် စနစ်ကို ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းကာ မေးမြန်းလိုက်ပါသည်။

“ခွေးစနစ်! စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်ဖို့ အမှတ်လိုတယ်ဆိုတာ အစောကြီးကတည်းက ဘာလို့မပြောတာလဲ!”

စနစ် အပြစ်ကင်းစင်စွာ ပြန်ဖြေလိုက်ပါသည်။

“မပြောလိုက်မိဘူးလား…ဒါဆို မေ့လျော့သွားတာဖြစ်မှာပါ၊ ဒါပေမယ့် စနစ်ပိုင်ရှင် စိတ်ပူစရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအမှတ် လုံလုံလောက်လောက် ရှိနေတာပဲဥစ္စာ”

ကျန်းကျီမြောင် အံကြိတ်လိုက်မိပါသည်။

လုံလောက်တာတော့ လုံလောက်ပါသည်။ သို့သော် ထို ၁,၅၀၀ မှတ်ကို သွားထိလို့မရတော့သဖြင့် သူမ ပိုင်ဆိုင်မှုုက အတော်လေး လျော့ကျသွားပြီဖြစ်သည်။

သူမ အမှန်တကယ် အသုံးပြုနိုင်တာဆိုလို့ ၂၉၀ မှတ်သာ ရှိတော့သည်။ ပထမတော့ ဂိမ်းလေးတစ်ဂိမ်းလောက် ဝယ်ယူဖို့ ကျန်းကျီမြောင် စိတ်ကူးထားခဲ့သည်။ သို့သော် လည်း ယခုတော့ ထိုအမှတ်တွေကို မထိရက် မတို့ရက်တော့ပေ။

“ခွေးစနစ်! ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း! Level 3 တင်တဲ့အခါကျရင်လည်း အမှတ်လိုဦးမှာလား!”

ကျန်းကျီမြောင် မေးလိုက်သည်။

စနစ် အမြန်ဖြေလိုက်ပါသည်။

“Level 3 တင်ဖို့ကလည်း ဈေးမကြီးပါဘူး၊ အမှတ် ၃,၀၀၀ လေးပဲ လိုတာပါ၊ စနစ်က ပေးမယ့် သက်ဆိုင်ရာမစ်ရှင်တွေကို အောင်မြင်အောင် ထမ်းဆောင်ပြီး အမှတ် ၃,၀၀၀ လောက်လေး သုံးလိုက်တာနဲ့ အားလုံး အောင်မြင်သွားပါပြီ၊ စနစ်ပိုင်ရှင်ရဲ့ ပါရမီမျိုးနဲ့ဆို ဒီလောက်က ထမင်းစား ရေသောက်ရသလို လွယ်ကူပါလိမ့်မယ်”

“ဟား…”

ကျန်းကျီမြောင် အေးစက်ခြောက်သွေ့စွာ ရယ်မောလိုက်မိသည်။

၃,၀၀၀ တဲ့လား!!

ချန်ကျင်းမင်ကိစ္စလို စိတ်လှုပ်ရှားစရာကောင်းသည့် အတင်းအဖျင်းမျိုးကို လူပေါင်း ထောင်နဲ့ချီပြီး ရှုမြင်ခဲ့ရတာတောင် သူမ အမှတ် ၂,၀၀၀ သာရရှိခဲ့တာ ဖြစ်သည်။ အမှတ် ၃,၀၀၀ ရဖို့ဆို ဘယ်လောက်ကြီးမားသည့် အတင်းအဖျင်းကို လိုအပ်မလဲ မပြောတတ်တော့ပါ။

ဒီကမ္ဘာကြီးထဲမှာ ချန်ကျင်းမင်၏ လျှို့ဝှက်ချက်လောက် တုန်လှုပ်စရာကောင်းသည့် အတင်းအဖျင်းမျိုး ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူးဟု ကျန်းကျီမြောင် ခံစားမိပါသည်။ စဉ်းစားမိလေလေ ဒေါသထွက်လာလေလေဖြစ်ကာ မျက်နှာလည်း အလွန်မှောင်မိုက်သွားပါသည်။

ကျန်းကျီမြောင်၏ အာရုံထဲမှ စနစ်လည်း ဂုတ်တိုသွားပြီး ထောင့်နားလေးမှာ တိတ်တိတ်လေး သွားပုန်းနေလိုက်တော့သည်။

ကျန်းကျီမြောင် ဒေါသကို ချုပ်တည်းလျက် အနောက်နန်းဆောင် ညီအစ်မတွေကို အရင်သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ကျန်းကျီမြောင်ကို မြင်သောအခါ ကိုယ်လုပ်တော်များအားလုံး ဂါဝရပြုလိုက်ကြသည်။

သို့သော် ကျန်းကျီမြောင် မျက်နှာမကောင်းတာကိုမြင်ပြီး အားလုံး အနည်းငယ် စိုးရိမ်ပူပန်သွားမိပါသည်။

မနေ့က အမဲလိုက်ထွက်ရင်း တစ်ခုခုများဖြစ်ခဲ့လို့လား…

အရှင်မ မျက်နှာ ဘာလို့ ဒီလောက် ညှိုးငယ်နေရတာလဲ။

ကျန်းကျီမြောင် အသက်ဝဝ ရှူလိုက်ပြီး ခွေးစနစ်ကိစ္စကို အာရုံအနောက်ခန်းထဲထည့်ကာ ခေတ္တသိမ်းဆည်းထားလိုက်ပါသည်။ ထို့နောက် ချန်ရှုယိနှင့် အန်းကျောက်ရီတို့ကို သူမ ကြည့်လိုက်သည်။

[မနေ့က အမဲလိုက်ထွက်တာကို အကြောင်းပြပြီး အရှင်မင်း ကြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သွားတာ၊ ယွဲ့ဟွာရဲ့ ယမ်းမှုန့်ထုတ်လုပ်ရေးစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို ချန်ကျင်းမင်ရဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်၊ ချန်ကျင်းမင်က သူ့ထိုက်နဲ့သူကံ ခံလိုက်ရတာ။ ပြီးတော့ အရှင်မင်းကြီးကလည်း ဘာသတင်းမှ မပြန့်စေဖို့ အမိန့်ထုတ်ပြန်ထားတယ်၊ ဒါပေမယ့်… ချန်ရှုယိနဲ့ အန်းကျောက်ရီတို့ အနည်းနဲ့အများတော့ ဝေဖန်ခံရဦးမှာပဲ]

ထိုနှစ်ယောက်နဲ့ အချိန်တစ်ခုယူပြီး စကားသေချာပြောရမည်ဟု ကျန်းကျီမြောင် တွေးလိုက်ပါသည်။

ချန်ရှုယိ ကြက်သေသေသွားခဲ့သည်။ သူမ ရုတ်တရက်နားလည်သွားခဲ့ပါသည်။

ဒီနေ့ ကြင်ယာတော်သဲ့ သူမကို ထူးထူးဆန်းဆန်း အတိုက် အခံမလုပ်ဘဲ မျက်လုံးတွေကလည်း သိမ်မွေ့နေခဲ့သည်။ ကြင်ယာတော်သဲ့ကိုကြည့်ရုံနှင့် ချန်ရှုယိ ကြက်သီးမွေးညှင်းများပင်ထမိသည်။ ယခု မိဖုရားကြီး၏ အတွေးသံကို ကြားလိုက်ရခါမှ သူမ နားလည်သွားခဲ့လေသည်။

မနေ့က အမဲလိုက်ထွက်သည့်အထဲ ကြင်ယာတော်သဲ့လည်း ပါသွားသဖြင့် သူမ တစ်ခုခုသိလာတာဖြစ်ရမည်။

အဲ့တာကြောင့်… သူ့ကို ကရုဏာသက်နေတာလား…

ချန်ရှုယိမျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်။ ပြိုင် ဘက်ဖြစ်သူ ကြင်ယာတော်သဲ့၏ကရုဏာသက်မှုကို ခံရမည့် နေ့တစ်နေ့ ရောက်ရှိလာလိမ့်မည်ဟု ချန်ရှုယိ ထင်မထားခဲ့ပေ။

[မနေ့က ချန်ကျင်းမင် ရာထူးက ဖြုတ်ချခံလိုက်တယ်၊ အဲ့ဒီသတင်း မကြာခင် ပြန့်သွားလိမ့်မယ်၊ အစကတော့ သူ့ကို မြို့တော်ကနေ မောင်းထုတ်ဖို့လုပ်ကြပေမယ့် သူ့ဇနီးအားကို ပြုစုစောင့်ရှောက်ရဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီမှာဆက်နေနိုင်အောင် ကြံခဲ့တယ်]

ချန်ရှုယိ အတော်လေးတည်ငြိမ်နေခဲ့သော်လည်း ထိုအတွေးသံကို ကြားသောအခါ မျက်နှာပျက်သွားခဲ့လေသည်။ သူ့ ဖခင်သည် လူကောင်းသူကောင်းမဟုတ်ပါ။ ဒါကို သူမ သိထားတာကြာပြီဖြစ်သည်။

ထို့ကြောင့် ချန်ရှုယိ အံ့ဩတုန်လှုပ်မှုတော့ မရှိခဲ့ပေ။ ချန်ကျင်းမင် သရုပ်မှန်တွေ ဖော်ထုတ်ခံလိုက်ရပြီး ရာထူးမှ ဖြုတ်ချခံလိုက်ရတာက သူ့အတွက် ဝမ်းသာစရာပင်။

သို့သော် မိဖုရားကြီး၏အတွေးသံတွေကို ကြားပြီးနောက် သူမ မျက်နှာအကျည်းတန်သွားခဲ့သည်။ ဖခင်ဖြစ်သူက သူ့ မယ်တော်ကို ပြုစုစောင့်ရှောက်ဖို့ဟူသည့် ဆင်ခြေကို အသုံးခဲ့တာဖြစ်သဖြင့် သေချာတာတစ်ခုတော့ ရှိသွားပါပြီ။ ဖခင်ဖြစ်သူရှိနေသေးသရွေ့ သူ့မိခင် ကျန်းမာရေးပြန်ကောင်းလာတော့မည် မဟုတ်ပါ။

မိခင်ကျန်းမာရေးမကောင်းမှ ဖခင်ဖြစ်သူအတွက် အကြောင်းပြချက် ဆက်ပေးနိုင်မည်ဖြစ်သည်။

ချန်ရှုယိ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားခဲ့ပါသည်။ အနောက်နန်းဆောင်ထဲ သူမ မဝင်ရောက်ခင်တုန်းက အမေကျန်းမာရေး ကောင်းမွန်ခဲ့သည်။ ယခုတော့ အိပ်ရာထဲ လဲနေခဲ့ပါပြီ။ ချန်ကျင်းမင် တစ်ခုခု ကြံစည်ခဲ့တာ သေချာသည်။

ဆေးကုသမှု စောစောစီးစီး ခံယူလိုက်ပါက သူ့မိခင်ကျန်း မာရေး ပြန်ကောင်းလာနိုင်ပါသည်။ သို့သော် ချန်ကျင်းမင်လက်ထဲမှာသာ ဆက်ထားလိုက်ပါက ရှင်သန်နိုင်ဖို့ပင် လမ်းမမြင်တော့ပေ။

ထို့ကြောင့် မယ်တော့်အား ခမည်းတော်လက်ထဲကျရောက်သွားခွင့်ပေးလို့ မဖြစ်ပါ။ မယ်တော့်ကို သွားတွေ့နိုင်မည့် အခွင့်အရေးတစ်ခု ရအောင်ရှာဖွေရမည်။ စည်းကမ်းဖောက်ဖျက်ရာ ကျသော်လည်း ရွေးချယ်စရာမရှိပေ။ အရှင်မင်းကြီးကို တောင်းပန်ရပါမည်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျန်းကျီမြောင်ကို ချန်ရှုယိ အကူ အညီတောင်းဖို့ မရည်ရွယ်ထားပါ။ မိဖုရားကြီးကို မယုံ ကြည်လို့ မဟုတ်သော်လည်း ဒီကိစ္စက စည်းမျဉ်းစည်း ကမ်းနှင့် မကိုက်ညီသည့် ကိစ္စဖြစ်နေတာကြောင့်ပင်။

မိဖုရားကြီးမှာ သဘောထားဖြူစင်သူဖြစ်သဖြင့် သူမသာ အကူအညီတောင်းလိုက်လျှင် အရှင်မင်းကြီးကို ကျိန်းသေပေါက်သွားတောင်းဆိုပေးပါလိမ့်မည်။ သူမ အတွက်နှင့် မိဖုရားကြီးကို အရှင်မင်းကြီး အမျက်ဒေါသထွက်သွားပါက သူ မျက်နှာပြဝံ့မည်မဟုတ်တော့ပါ။

ချန်ရှုယိ ဆုံးဖြတ်ချက်ချလိုက်သည်။ ခဏနေလျှင် တော် ဝင်စာကြည့်ဆောင်ရှေ့မှာ ဒူးသွားထောက်ပါမည်။ ဘာတွေပဲဖြစ်လာပါစေ အရှင်မင်းကြီး၏သက်ညှာမှုကို သူမ တောင်းခံရမည်။

ထို့နောက် အန်းကျောက်ရီကို ကျန်းကျီမြောင် ကြည့်လိုက်သည်။

[ကြင်ယာတော်အန်းကတော့ အဖေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ၊ အန်းကျောက်ရီက သူ့သမီးပါလို့ ကောင်းကင်ဘုံကို တိုင်တည်ပြီး အန်းယွီ ကျိန်ဆိုနေခဲ့တာ၊ သူ့ခံယူချက်က ပြတ်သားခိုင်မာလို့ ဘယ်သူမှမေးခွန်းတောင် မထုတ်ရဲကြတော့ဘူး]

အန်းကျောက်ရီ ခေါင်းငုံ့လိုက်ပြီး မျက်ဝန်းများ အနည်း ငယ် စိုစွတ်လာခဲ့ပါသည်။ သူ… အန်းယွီ၏ သမီးအရင်းမဟုတ်မှန်း သေချာပါသည်။ သို့သော် သူ့အတွက် အန်းယွီ အရာရာ ရင်ဆိုင်ပေးခဲ့သည်။

[ဒါပေမယ့် အခုချိန်ကစပြီး အန်းကျောက်ရီမှာ အမေတော့ ရှိတော့မှာ မဟုတ်ဘူး]

ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။

[အရှင်မင်းကြီးက အန်းယွီနဲ့ တန့်ရွှေ့လန်တို့ကို ကွာရှင်းပြတ်စဲခွင့် ပြုခဲ့တယ်၊ တန့်ရွှေ့လန်က အန်းကျောက်ရီအကြောင်း နည်းနည်းလေးတောင် မမေးမြန်းဘဲ ချန်ကျင်းမင်နောက် မတွန့်မဆုတ် လိုက်သွားခဲ့တာ၊ ချန်ကျင်းမင်မှာ ပဏာမ ကြင်ယာတော် ရှိနေပြီးသား၊ အဲ့လိုနောက်ကလိုက်သွားတော့ ဘာလုပ်လို့ရမှာလဲ၊ ကိုယ်လုပ်တော် ဖြစ်ချင်လို့လား၊ အဲ့လိုသာဆို သူ့ရင်ထဲမှာ အန်းကျောက်ရီကောရှိသေးရဲ့လားလို့ မေးချင်လိုက်တာ]

သူများဆီမှာ လိုလိုလားလား ကိုယ်လုပ်တော်သွားလုပ်နေသည့် အမေတစ်ယောက်ကို အန်းကျောက်ရီပိုင်ဆိုင်လိုက်ရလျှင် ဘယ်လောက်တောင် ဝေဖန်ရှုတ်ချခံလိုက်ရမလဲ မတွေးဝံ့စရာပင်။

တန့်ရွှေ့လန်က သမီးဖြစ်သူအတွက် နည်းနည်းလေးမှ ထည့်မတွက်ပါ။ သူ့ရင်ထဲမှာ ‘အစ်ကိုကျင်းမင်’ကလွဲပြီး ဘယ်သူမှ ရှိပုံလည်း မပေါ်ပေ။

ကျန်းကျီမြောင် အတွေးထဲ ညည်းညူလိုက်စဉ် အန်းကျောက်ရီ မျက်နှာဖြူရော်သွားခဲ့ပါသည်။

အမေက… သူ့ကို တကယ်စွန့်ပစ်သွားခဲ့ပြီလား။

သူမအပေါ် မိခင်ဖြစ်သူမေတ္တာမရှိမှန်း ငယ်စဉ်ကတည်းက အန်းကျောက်ရီသိခဲ့ရပါသည်။ ချန်ရှုယိဆို အခက်အခဲတစ်ခုခု ကြုံရတိုင်း သူမ မိခင်(ဝမ့်ဝမ်ရုန်)ထံ သွားပြီး ငိုယိုရင်ဖွင့်တတ်သည်။ ထိုအခါ ချန်ရှုယိ၏မယ်တော်မှ သူ့ကို ရင်ခွင်ထဲ ထွေးပွေ့ကာ နွေးနွေးထွေးထွေးချော့မြူပေးလေ့ရှိပါသည်။

အန်းကျောက်ရီလည်း ချန်ရှုယိအားအတုခိုးပြီး သူ့မိခင်ထံမှာ ငိုယို ရင်ဖွင့်ခဲ့သည်။ သို့သော် မိခင်ဖြစ်သူမှ သူမကိုဆူငေါက်ခဲ့ပြီး အာရုံလာမနောက်ဖို့သာ ပြောခဲ့ပါသည်။

ချန်ရှုယိအမေ၏ မိခင်မေတ္တာကို မြင်ဖူးတာကြောင့် သူ့ကို တန့်ရွှေ့လန် မချစ်မနှစ်သက်မှန်း အန်းကျောက်ရီ သေချာနိုင်ခဲ့တာ ဖြစ်သည်။ ထိုအမှန်တရားကို လက်ခံနိုင်ဖို့အတွက် အန်းကျောက်ရီ ၁၀ နှစ်လောက် ကြိုးစားခဲ့ရသည်။

မိခင်မေတ္တာကို မတောင့်တတော့ဟု ယုံကြည်ထားသော် လည်း သူ့ကို တန့်ရွှေ့လန် စွန့်ပစ်သွားခဲ့ပြီး ချန်ကျင်းမင်နောက် တွန့်ဆုတ်မှုမရှိ လိုက်သွားခဲ့သည်ဟု ကြားလိုက်ရသောအခါ အန်းကျောက်ရီ မျက်ရည်ဝဲမိဆဲပင်။

သို့သော် မိဖုရားကြီး တွေ့သွားလို့မဖြစ်ပါ။ ထို့ကြောင့် သူ့မျက်ရည်တွေကို အစွမ်းကုန် ချုပ်တည်းထားခဲ့သည်။

ချန်ရှုယိလည်း သက်ပြင်းချလိုက်ပြီး လက်ကိုင်ပဝါတစ်ထည် ကမ်းပေးခဲ့သည်။ အန်းကျောက်ရီ လက်ကိုင်ပဝါကို ယူလိုက်ပြီး မျက်ရည်တွေကို တိတ်တဆိတ် သုတ်လိုက်လေသည်။

ထိုစဉ် ကျွေ့ယွဲ့ ရောက်ရှိလာပြီး နေ့လယ်စာများ တည်ခင်း ပြင်ဆင်ပြီးပြီဖြစ်ကြောင်း လျှောက်တင်ခဲ့ပါသည်။ အား လုံးကို အတူတူ သုံးဆောင်ဖို့ ကျန်းကျီမြောင်ဖိတ်ကြားခဲ့သည်။

[၁၅ မိနစ် ပြည့်သွားပြီပဲ၊ ဇာတ်လမ်းက ဘယ်လိုလဲ ငါသိချင်လှပြီ]

ဇာတ်လမ်းဟုတ်လား…

ကိုယ်လုပ်တော်များအားလုံး နားရွက်ထောင်သွားကြသည်။ အန်းကျောက်ရီပင် ငိုယိုဖို့ ခေတ္တမေ့လျော့သွားခဲ့လေသည်။

All Chapters