← Chapters

Recap of Previous Events

Vol. 13 Ch. 130

Recap of Previous Events

Vol. 13 Ch. 130

ခန်းမဆောင်ထဲမှာ နေ့လယ်စာကို တည်ခင်းပြီးသွားပြီ ဖြစ်ကာ ကျန်းကျီမြောင် ရုပ်ရှင်ကို ဖွင့်ကြည့်ဖို့ ပြင်လိုက်ပါသည်။

ထိုစဉ် ယွဲ့လင်း အချိန်ကိုက်ရောက်လာပြီး ကျန်းကျီမြောင်ဘေးမှာ သက်တောင့်သက်သာ ဝင်ထိုင်လိုက်ပါသည်။ ကျန်းကျီမြောင် စိတ်ထဲမှ စောဒက တက်လိုက်မိသည်။

[ဖုန့်ယီနန်းဆောင်ကို အရှင်မင်းကြီး လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာများလား ? သူများစားချိန် သောက်ချိန်တိုင်း ဘာလို့ အချိန်ကိုက်ရောက်လာတာလဲ!]

ယွဲ့လင်း အနည်းငယ်ချောင်းဆိုးလိုက်ပြီး မိန့်ကြားလိုက်ပါသည်။

“ကျန်း နန်းတွင်းရေးရာ ဆောင်ရွက်ပြီးသွားပြီမို့လို့ စည် ကားသိုက်မြိုက်တဲ့ ဖုန့်ယီနန်းဆောင်ကို ကြွမြန်းလာခဲ့တာပါ၊ ကျန်းတစ်ယောက်စာအတွက်တော့ နေ့လယ်စာ လုံလုံလောက်လောက် ရှိလောက်မှာပါ ဟုတ်တယ်မလား”

ကျန်းကျီမြောင်တစ်ခုခု ပြောဖို့ကြံလိုက်စဉ် အနားမှာရပ် နေသည့် လီသဲ့ဟွိုက်က သေတ္တာတစ်လုံးထုတ်ကာ ဖွင့်ပြလိုက်သည်။ အထဲမှာ ရွှေပဲစေ့တွေ အပြည့်ရှိနေပါသည်။

ကျန်းကျီမြောင် မျက်လုံးများ အရောင်တောက်သွားခဲ့၏။

“ရှိတာပေါ့! တခြားသူတွေအတွက်သာ မလုံလောက်ရင် မလုံလောက်မယ်၊ အရှင်မင်းကြီးအတွက်တော့ အမြဲတမ်း လုံလောက်ပါတယ်!”

သေတ္တာကို အမြန်သိမ်းဖို့ ကျွေ့ယွဲ့အား ကျန်းကျီမြောင် မျက်လုံးဖြင့် အချက်ပြလိုက်ပြီးနောက် သူ အကြိုက်နှစ် သက်ဆုံး ငန်းကင်ကို ယွဲ့လင်းရှေ့ နာနာကျင်ကျင်နဲ့ တွန်းပို့ပေးလိုက်ပါသည်။ ယွဲ့လင်း ခပ်ပါးပါး ပြုံးလိုက်ပြီး ငန်းကင်တစ်တုံးကိုယူကာ ကျန်းကျီမြောင် ပန်းကန်ထဲ ထည့်ပေးလိုက်ပါသည်။

ကျန်းကျီမြောင် ချက်ချင်းပျော်ရွှင်သွားသည်။ ငန်းကင်ကို အရသာခံရင်း တစ်ဝက်တစ်ပျက်ဖြစ်ခဲ့သော အလုပ်ကို ဆက်လုပ်ဖို့ ပြင်လိုက်သည်။

ရုပ်ရှင် စတင်ပြသစေ!

ယခင်ဇာတ်လမ်းတွေကို ကျန်းကျီမြောင် မေ့သွားမည်စိုးသဖြင့် စနစ်က ၁၅ မိနစ်ကြာသည့် ‘ဇာတ်ကြောင်းပြန်ခြင်း’ကို ထည့်သွင်းပေးထားသည်။ ကျန်းကျီမြောင် မျက် စပစ်လိုက်မိပါသည်။

[ဒီခွေးစနစ် ဘယ်သူ့ဆီက သင်ထားတာလဲ ? နောက် ကြောင်းပြန်တာ ၁၅ မိနစ်၊ နောက်အခန်း အမြည်းအစမ်းက ၁၅ မိနစ်ဆိုရင် တကယ့်ဇာတ်လမ်းက မျက်တောင်တခတ်စာပဲ ကျန်တော့မှာပေါ့!]

စနစ်က မခံမရပ်နိုင်ဖြစ်သွားပြီး ပြန်ချေပလိုက်ပါသည်။

“စနစ်ပိုင်ရှင်! ဇာတ်လမ်းက ၂ နာရီကျော်ကြာမြင့်ပါတယ်!”

သို့သော် စနစ်လိပ်ပြာမလုံဖြစ်သွားပါသည်။ စနစ်ပိုင်ရှင်က စိတ်ထဲရှိရာ လျှောက်ပြောနေခြင်း ဖြစ်နိုင်သော်လည်း ရုပ်ရှင်အဆုံးတွင် နောက်အခန်းအတွက် အမြည်းအစမ်းဟူ၍ သူတကယ်ထည့်ထားမိသည်။

နောက်ကြောင်းပြန်သည့် ၁၅ မိနစ်ကို ကျန်းကျီမြောင် အားလုံးမှတ်မိနေသဖြင့် ဒီတိုင်းဖွင့်ထားလိုက်ပြီး စားစရာရှိတာ ဆက်စားနေခဲ့ပါသည်။

ယခုကတည်းက ဗိုက်ဖြည့်ထားတာ ပိုကောင်းလိမ့်မည်။ ရုပ်ရှင်စတင်တာနဲ့တစ်ပြိုင်နက် စားချင်စိတ်ရှိမှာ မဟုတ်တော့ပါ။

ဒီရုပ်ရှင်က သူတို့ကြည့်ဖူးသည့် တခြားဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေနဲ့ ကွာခြားနေသည်။ အနောက်နန်းဆောင် ကိုယ် လုပ်တော်များ၏မျက်နှာတွေလည်း မှေးမှိန်သွားခဲ့သည်။

ယခင်တုန်းက ဇာတ်လမ်းတွဲတွေထဲမှာ တခြားသူတွေရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို သူမတို့ စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ရတာဖြစ်သည်။ သို့သော် ဒီတစ်ခါတော့ ရုပ်ရှင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြရတော့မှာဖြစ်သည်။

ထိုအဖြစ်အပျက်တွေက…. မိဖုရားကြီး မကြာခဏတွေးဖူးသည့် ‘မူရင်းဝတ္ထုဇာတ်လမ်း’ဆိုတာ ဖြစ်နိုင်သည်။ မိဖုရားကြီးကြောင့်သာ မဟုတ်ပါက သူမတို့ ဘယ်လိုဇာတ်သိမ်းသွားမလဲ မကြာခင်မြင်နိုင်ပါတော့မည်။

ဒီရုပ်ရှင်ကို ယွဲ့ဟွာ၏ရှုထောင့်မှ အဓိက ပြသထားတာဖြစ်သည်။ ထို့ကြောင့် အတော်များများ ကြည့်ချင်စိတ်‌ ပျောက်သွားကြသော်လည်း ဇာတ်လမ်းကို နားလည်ဖို့အတွက် သည်းခံကြည့်ရှုလိုက်ကြပါသည်။

ရုပ်ရှင်၏အမည်က ‘ကူးပြောင်းလာပြီးနောက် TXT စနစ်ဖြင့် နန်းတက်ခြင်း’ ဟုဆိုသော်လည်း ရုပ်ရှင်ထဲက အကြောင်းအရာအတော်များများက မိန်းကလေးတွေရဲ့ နှလုံးသားကို ယွဲ့ဟွာ ဘယ်လိုသိမ်းပိုက်ခဲ့သလဲ ဆိုတာသာ ဖြစ်သည်။

နောက်ကြောင်းပြန် ၁၅ မိနစ်ကို ကြည့်ရုံနဲ့အားလုံး စိတ် လက်မသက်မသာ ဖြစ်သွားကြပါသည်။

လက်ထောက်စစ်သူကြီး ဟန်ရုန်၏ညီမဖြစ်သူကို ယွဲ့ဟွာ သူရဲကောင်းဆန်ဆန် ကယ်တင်ခဲ့သည့် ပုံရိပ်အား ကြင်ယာတော်သဲ့ မြင်သွားသည်။ ထို့နောက် ဝူကျီးကို လုပ်ကြံဖို့အတွက် သူတို့အားလုံး ပူးပေါင်းကြံစည်ခဲ့ကြလေသည်။

ကြင်ယာတော်သဲ့ မျက်လုံးများ အေးစက်သွားခဲ့၏။ သူ့ အစ်ကိုတော်က စစ်မြေပြင်မှာထူးချွန်သော်လည်း လူမှုရေးမှာတော့ လိုအပ်ချက်ရှိနေသေးမှန်း သူမ သိသည်။ ဒီတစ် ခါ မိဖုရားကြီး၏ အတွေးသံကြောင့် ဝူကျီး သတိပိုထားနိုင်သွားပြီဖြစ်သည်။ သို့သော် ရန်သူက ဒါကိုသိသွားပြီး ဗျူဟာပြောင်းလဲလိုက်ပါက ကြင်ယာတော်သဲ့ ဝူကျီးကို စစ်မြေပြင်သို့ တစ်ယောက်တည်း စေလွှတ်ဝံ့တော့မှာ မဟုတ်ပါ။

ခေတ်သစ်ဆေးပညာများကို အသုံးချပြီး စုစစ်ယောင်၏ နှလုံးသားအား ယွဲ့ဟွာ ဘယ်လိုသိမ်းပိုက်သွားခဲ့သလဲဆိုတာကို ကြင်ယာတော်စု မြင်ခဲ့ရသည်။ စုစစ်ယောင်က အိမ်မှာ ဘယ်လို မမျှမတဆက်ဆံခံရကြောင်းကို ယွဲ့ဟွာအား မကြာခဏ တိုင်တောလေ့ရှိသည်။

ကြင်ယာတော်စု အေးစက်စွာ ရယ်မောလိုက်မိပါသည်။ စုစစ်ယောင်အတွက် ကလဲ့စားချေဖို့ သူမကို ဘဝပျက်သွားမည်အထင်ဖြင့် အနောက်နန်းဆောင်ထဲ ယွဲ့ဟွာ ပို့လိုက်တာဖြစ်မည်။ သို့သော် အနောက်နန်းဆောင်ထဲရောက်ရှိလာတာကြောင့်သာ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် မိဖုရားကြီးနှင့် တွေ့ဆုံခဲ့ရသည်ကို ယွဲ့ဟွာ မသိလောက်ပါ။

သမီးဖြစ်သူကို အနောက်နန်းဆောင်ထဲစေလွှတ်ပြီး သူလျှို အဖြစ် တာဝန်ပေးလို့ရသည်ဟု ရုပ်ရှင်ထဲမှာ ချန်ကျင်းမင် အကြံပြုနေသည်ကိုမြင်သောအခါ ချန်ရှုယိမျက်လုံးများ အလွန်ခံစားချက်မဲ့နေခဲ့ပါသည်။ အန်းကျောက်ရီကမူ သူ့အမည်ကို ကြင်ယာတော်ရွေးချယ်သည့်အထဲ မယ်တော် စာရင်းခိုးသွင်းပေးလိုက်သည့် မြင်ကွင်းအားမြင်ပြီး ခေါင်းငုံ့သွားမိသည်။

တခြားကိုယ်လုပ်တော်တွေလည်း မျက်နှာထားပေါင်းစုံ ဖြစ်နေကြသည်။ ယခု အနောက်နန်းဆောင်ထဲ ရောက်ရှိနေကြသည့် ကိုယ်လုပ်တော်အများစုက အတင်းအကြပ်စေ ခိုင်းခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်တုန်းက ယွဲ့လင်းကို မင်းဆိုးမင်းညစ်တစ်ပါးဟု ထင်ခဲ့ကြသဖြင့် အနောက်နန်းဆောင်ထဲဝင်ရောက်လာခြင်းက သေဒဏ်ချမှတ်ခံလိုက်ရတာနဲ့ ညီမျှသည်ဟု ခံယူခဲ့ကြသည်။

နောက်ကြောင်းပြန် ၁၅ မိနစ် ပြီးဆုံးသွားသောအခါ ရုပ်ရှင်အမှန်တကယ် စတင်ခဲ့ပါသည်။

ဇာတ်လမ်း၏ ဒုတိယတစ်ဝက်က ပိုစိတ်ဝင်စားဖို့ကောင်းပါသည်။ ယွဲ့လင်း ထီးနန်းဘယ်လို ရရှိခဲ့သလဲဆိုတာကို ပြသတော့မှာဖြစ်သည်။

ယွဲ့ဟွာ ယမ်းမှုန့်တွေ ထုတ်လုပ်ပြီး စစ်သည်တော်တွေကိုလည်း လျှို့ဝှက်လေ့ကျင့်ပေးခဲ့သည်။ စစ်သည်တော်များကို သူလေ့ကျင့်ပေးသည့် နည်းလမ်းများက ခေတ်သစ်ဆန်ပါသည်။ ထိုနည်းလမ်းများကို အသုံးပြုပြီးနောက် သူ့စစ်သည်တော်များ၏အရည်အသွေး အများကြီးတိုးတက်လာခဲ့သည်။

သူလျှိုတွေကိုလည်း အမြောက်အများမွေးထုတ်ခဲ့ပြီး နန်းတွင်းအရာရှိများစွာ၏ လျှို့ဝှက်ချက်တွေကို ထောက်လှမ်းခဲ့သည်။ ပုန်ကန်မှု တရားဝင်စတင်သောအခါ ထိုလျှို့ဝှက်ချက်တွေကိုအသုံးချပြီး ရာထူးမြင့်အမတ်များကို ခြိမ်း ခြောက်ခဲ့ပါသည်။

လောတိုင်းပြည်နှင့် တာ့ယုံတိုင်းပြည်တို့၏ စစ်ပွဲလည်း စတင်ခဲ့သည်။ ဒီဘဝမှာ မဖြစ်နိုင်တော့မှန်း သိနေသော် လည်း ဟန်ရုန်၏ကြံစည်မှုကြောင့် ရန်သူ့ပိုင်နက်ထဲ တပ်ဖွဲ့အသေးစားလေးဖြင့် ချီတက်သွားရသည့် ဝူကျီးကို ကြည့်ရင်း ကြင်ယာတော်သဲ့မျက်လုံးများ နီရဲသွားခဲ့သည်။

အစကတော့ ထိုဗျူဟာကို အားလုံးသဘောတူညီထားကြပြီးသားဖြစ်သည်။ ဝူကျီးက ရန်သူတွေ သတိလက်လွတ် ဖြစ်သွားအောင် သူတို့ပိုင်နက်ထဲတပ်ဖွဲ့အသေးစားလေးနဲ့ အရင်ဆုံး ချီတက်သွားမည် ဖြစ်သည်။ ရန်သူတွေ ငါးစာဟပ်လာသည်နှင့် ဟန်ရုန်မှ ကျန်ရှိနေသည့် စစ်တပ်ကို ဦးဆောင်ကာ စစ်ကူလာပေးရမည်ဖြစ်သည်။ သို့သော် ရန်သူ့ပိုင်နက်ထဲ ဝူကျီးရောက်ရှိသွားသော်လည်း ဟန်ရုန်နှင့် စစ်ကူများ ရောက်ရှိမလာခဲ့ပေ။

ထို့ကြောင့် ဝူကျီးနှင့် သူဦးဆောင်သွားသည့် တပ်သား ၅၀ တို့ ထိုနေရာမှာပဲ ကျဆုံးခဲ့ရသည်။ သေဆုံးသွားသည့်တိုင်‌အောင် ဝူကျီး ဟန်ရုန်အား သံသယမဖြစ်ခဲ့ပါ။ ဟန်ရုန်မတော်တဆမှုတစ်ခုခုကြုံခဲ့ရတာကြောင့် စစ်ကူမပေးနိုင်ခဲ့ခြင်းဟုသာ ယုံကြည်နေခဲ့သည်။

ဝူကျီးသေဆုံးသွားပြီးနောက် နောက်ထပ်ဇာတ်ဝင်ခန်းက ယွဲ့ဟွာနဲ့ သူ့လူတွေ အောင်ပွဲခံနေသည့် ဇာတ်ဝင်ခန်းဖြစ် သည်။ ယွဲ့လင်းက မင်းဆိုးမင်းညစ်ဖြစ်ကြောင်း အားလုံး လက်ခံပြီးတာတောင် ဝူမိသားစုနဲ့ ကျန်းမိသားစုတို့က ယွဲ့လင်းဘက်မှာ မားမားမတ်မတ် ရပ်တည်နေကြဆဲဖြစ် သည်။ ထို့ကြောင့် တိုင်းသူပြည်သားတွေအတွက် ဝူမိသား စုကို ရှင်းလင်းပစ်လိုက်ရတာဟု ယွဲ့ဟွာ အကြောင်းပြချက်ပေးခဲ့ပါသည်။

ရုပ်ရှင်ထဲမှာ တခြားသူတွေနဲ့ ခွက်ချင်းတိုက်ပြီး အောင်ပွဲခံနေသည့် ယွဲ့ဟွာကို မြင်သောအခါ ဝူချုံးလန် တစ်ကိုယ်လုံးအေးစက်သွားခဲ့သည်။

အလကားသက်သက်သေဆုံးခဲ့ရတဲ့ စစ်သည်တော်တွေကကော တိုင်းသူပြည်သားတွေပဲ မဟုတ်ဘူးလား!

တိုက်ပွဲရှုံးနိမ့်သွားပြီး နယ်စပ်ထဲ လောတိုင်းပြည်စစ်တပ် ထိုးဖောက်ဝင်ရောက်လာလို့ အသတ်ခံလိုက်ရတဲ့ တိုင်းသူ ပြည်သားတွေကိုကော တိုင်းသူပြည်သားလို့ မသတ်မှတ်ဘူးလား!

နောက်ဆုံးမှာတော့ မြို့တော်အထိ လောစစ်တပ် ချီတက်လာနိုင်ခဲ့သည်။ တာ့ယုံတိုင်းပြည် အလွန်အရေးနိမ့်နေချိန် ယမ်းမှုန့်တွေ၊ သေနတ်တွေကို ထုတ်သုံးခဲ့ပြီး မြို့တော်ကြီးကို ကာကွယ်နိုင်ခဲ့ကာ ယွဲ့ဟွာ ထင်ပေါ်ကျော်ဇောခဲ့လေတော့သည်။

သို့သော် သူ့အစ်ကိုတော် ဝူကျီးသာ အသက်ရှင်နေသေးပါက လောတိုင်းပြည်၏အမျိုးယုတ်တွေ မြို့တော်အထိ ရောက်ရှိလာစရာအကြောင်းပင်မရှိပါ။ ဝူချုံးလန်နာကြည်းမှုဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပါသည်။

ယမ်းမှုန့်များကို အသုံးချကာ လောတိုင်းပြည်စစ်တပ်ကို အနိုင်ယူပြီးနောက် ယွဲ့လင်း၏ဂုဏ်သတင်းက ပိုမိုကြီးမားသွားခဲ့သည်။ နန်းတွင်းနန်းပြင်က လူတွေအားလုံး ယွဲ့ဟွာကို နန်းတက်စေချင်သည့် အသံများထွက်လာကြသည်။

မြို့တော်ကို လောတိုင်းပြည်စစ်တပ် တိုက်ခိုက်စဉ် လောတိုင်းပြည်၏မင်းသမီးတစ်ပါးက ယောက်ျားလေးအသွင် ဆောင်ကာ စစ်တပ်ထဲရောပါလာခဲ့သည်။ ထိုမင်းသမီး၏ နှလုံးသားကိုပါ ယွဲ့ဟွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။

ယွဲ့ဟွာကြောင့် လောတိုင်းပြည် စစ်ရှုံးနိမ့်သွားခဲ့ရသော် လည်း ယွဲ့ဟွာကိုအလွန်ကြောက်ရွံ့ကြပါသည်။ ထို့ကြောင့် မင်းသမီးနှင့်လက်ဆက်ခွင့်ပေးခဲ့သည့်အပြင် ထီးနန်းကို သိမ်းပိုက်နိုင်ဖို့ပါ အထောက်အကူ ပေးခဲ့ကြသေးသည်။

ယွဲ့ဟွာ၏အရှိန်အဝါက ပြိုင်ဘက်ကင်းခဲ့သည်။ အပေါ်ယံမှာတော့ သူကောင်းယောင်ဆောင်ကာ ထီးနန်းကို ရယူဖို့ ငြင်းဆန်ခဲ့ပြီး နောက်ကွယ်မှာတော့ အာဏာပါဝါသုံးပြီး ဆူပူအုံကြွမှုများဖြစ်လာအောင် ဖန်တီးနေခဲ့တာဖြစ်သည်။ ယွဲ့လင်းကိုတော့ သူ မှုတောင်မမှုခဲ့ဘဲ တခြားမင်းသားတွေကိုသာ ဖိနှိပ်ဖို့ ယွဲ့ဟွာ အာရုံစိုက်ခဲ့ပါသည်။

လက်အောက်ငယ်သားတွေက မေးမြန်းသောအခါ ယွဲ့ဟွာ ပြောခဲ့သည်။

“သေရတော့မယ့် လူတစ်ယောက်ကို ဘာကြောက်စရာလိုလို့လဲ”

ထို့နောက် လျှို့ဝှက်ချက်တစ်ခုကို ယွဲ့ဟွာ ထုတ်ပြောခဲ့လေသည်။

All Chapters