Pain Can Be Transferred
Vol. 13 Ch. 124
လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူရမယ် ဟုတ် လား…
ယွဲ့ဟွာထံ နီရဲတောက်လောင်နေသော မျက်လုံးများဖြင့် ရှစ်ယိုချန်း စိုက်ကြည့်လိုက်သည်။
ယွဲ့ဟွာအတွက် သူ့နှလုံးသားကော အသက်ဝိညာဉ်ပါပုံအောပြီ အမှုထမ်းဆောင်ခဲ့တာဖြစ်သည်။ ဒီနှစ်တွေထဲ ယွဲ့ဟွာအတွက် နေရာပေါင်းစုံကို လှည့်လည်သွားလာပြီး အဆက်အသွယ်တွေတိုးပွားဖို့ ဆောင်ရွက်ပေးခဲ့သလို တိုင်းသူပြည်သားများ၏ ကြည်ညိုလေးစားမှုကို ခံယူနိုင်ဖို့လည်း ရှစ်ယိုချန်း အများကြီးကူညီပေးခဲ့သည်။
ပညာရေးလောကထဲ ရှစ်မိသားစု၏ဂုဏ်သတင်းကြောင့်သာ မဟုတ်လျှင် ယွဲ့ဟွာ ယခင်တုန်းက ပညာဂုဏ်ရည် မြင့်မားသူအဖြစ် ကျော်ကြားနိုင်ခဲ့စရာအကြောင်းပင်မရှိပါ။
ယခု ချန်ကျင်းမင်ကြောင့် သူအရှက်တကွဲ အကျိုးနည်း ဖြစ်နေရချိန် ယွဲ့ဟွာ၏နှုတ်မှ ‘အရှုံးမရှိဘူး’ဟူသည့် စကားမျိုး ပြောဆိုရဲသေးသည်။ ထို့နောက် သူတို့ကိုလက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူဖို့ပါ အကြံပြုရဲသေးသည်။
သူက ယောက်ျားတစ်ယောက်ဖြစ်ပါသည်။ လူတွေအများကြီး ရှေ့မှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတာဖြစ်သည်။ ဒီနေ့စပြီး သူ့မိတ်ဆွေတွေရှေ့မှာ ပြစရာမျက်နှာပင် မရှိတော့ပါ။ အရှင်မင်းကြီးရှေ့မှာလည်း သူသည် လူပြက်အဆင့်သာ ရှိတော့သည်။
ဒါတွေအားလုံးက ချန်ကျင်းမင်ကြောင့် ဖြစ်ခဲ့ရတာဖြစ် သည်။
ရှစ်ယိုချန်း သွားတွေ ကြေမွမတတ် အံကြိတ်ပစ်လိုက်သည်။ ချန်ကျင်းမင်ကို အစိမ်းလိုက် ဝါးစားချင်နေသည့် မျက်လုံးမျိုးဖြင့် ကြည့်ကာပြောလိုက်သည်။
“ငါဘာလျော်ကြေးမှ မလိုချင်ဘူး၊ ချန်ကျင်းမင်နဲ့ အဲ့ဒီမိန်းမပျက်ကိုပဲ ထိုက်တန်တဲ့ တန်ကြေးပြန်ပေးဆပ်စေချင်တာ!”
မို့ရွှယ်ယင်းကိုလည်း ရှစ်ယိုချန်း စူးရှစွာလှည့်ကြည့်လိုက်သည်။ မို့ရွှယ်ယင်းကတော့ လှောင်ပြောင်သရော်သော အပြုံးမျိုးဖြင့်သာ ကြည့်နေခဲ့ပါသည်။
အန်းယွီကတော့ ဆက်လက်တိတ်ဆိတ်နေခဲ့ပြီး ဘာမှဝင်မပြောခဲ့ပေ။ ‘အမဲလိုက်ထွက်ခြင်း’ဟု အမည်ခံထားသည့် ဒီခရီးစဉ် တစ်ခုလုံးက အရှင်မင်းကြီးစီမံထားသည့် ထောင် ချောက်တစ်ခုသာဖြစ်မှန်း သူနားလည်သွားခဲ့ပါပြီ။
သူတို့ ဘာလိုချင်သလဲဆိုတာ အရေးမကြီးပါ။
အရှင်မင်းကြီး ဘယ်လိုရလဒ်မျိုး လိုချင်သလဲ ဆိုတာကသာ အရေးကြီးပါသည်။
“ဒုဝန်ကြီးရှစ်! ဒီလိုကိစ္စမျိုးမှာ ယောက်ျားသားတစ်ယောက်အနေနဲ့ သဘောထားကြီးပေးသင့်တာပေါ့”
ယွဲ့ဟွာ ဖြောင်းဖြဖို့ ထပ်ကြိုးစားလေသည်။
ယွဲ့ဟွာအတွက်လည်း ရွေးချယ်စရာမရှိပါ။ ချန်ကျင်းမင်က သူ့အတွက်အရေးပါလွန်းသည်။ သူ့ လျှို့ဝှက်ချက်တိုင်းမှာ ချန်ကျင်းမင်၏ခြေရာလက်ရာတွေပါဝင်နေလေသည်။
ယွဲ့ဟွာကို တခြားသူတွေ သစ္စာဖောက်သွားပါက အင်အား အနည်းငယ် လျော့နည်းသွားရုံသာရှိနိုင်သည်။ သို့သော် ချန်ကျင်းမင်သာ သစ္စာဖောက်သွားခဲ့ပါက သူ့အင်ပါယာတစ်ခုလုံးပြိုလဲသွားနိုင်သည်။
“မင်းသားအန်းဟယ်!”
ဒေါသကြောင့် ရှစ်ယိုချန်းတစ်ကိုယ်လုံး အကြောတွေ ထောင်လာခဲ့ပါသည်။
“အရှင်မင်းသား အဲ့လောက်ရက်ရောနေရင် တခြားသူတွေကို မပြောနဲ့၊ အရှင်မင်းသားအနားမှာ နီးနီးကပ်ကပ် ထားရှိတဲ့ အခြွေအရံလေးတစ်ယောက် ရှိတယ် မဟုတ်လား၊ သူကအရမ်းလှပတယ်လို့ ဒီငယ်သားထင်မိလို့ ဒီငယ်သားဆီမှာကိုယ်လုပ်တော်အဖြစ် အမှုထမ်းဖို့ ပေးသနားနိုင်မလား”
ယွဲ့ဟွာ ချက်ချင်းဆိုသလို ဒေါသပေါက်ကွဲသွားသည်။
“ရိုင်းလှချည်လား! ငါ့အခြွေအရံက မင်းသိမ်းပိုက်နိုင်တဲ့ မိန်းမမျိုးမို့လို့လား!”
ရှစ်ယိုချန်းကလည်း ဒေါသမီးတောက်လောင်နေပါသည်။
“မင်းသားအန်းဟယ်က သူ့အခြွေအရံတွေကျတော့ တစ်ယောက်မှ ပေးမသနားနိုင်ဘူးတဲ့၊ ဒါနဲ့များ သူများတွေကို သဘောထားကြီးဖို့ ဖြောင်းဖြနေသေးတယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ သူတော်ကောင်းယောင်ဆောင်နေတာ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား!”
ယွဲ့ဟွာ မျက်နှာပျက်သွားခဲ့သည်။ ငယ်စဉ်အချိန်ကစလို့ ယခုအချိန်အထိ သူ့မှာအခက်အခဲဆိုတာ မရှိခဲ့ဘဲ အရာရာ ချောမွေ့ခဲ့သည်။ သို့သော် ခုတလော အခက်အခဲပြဿနာတွေကို ဆက်တိုက်ဆိုသလိုကြုံတွေ့နေရပါသည်။ မြို့စားရှဲ့ ထိုးကြိတ်တာကို ခံခဲ့ရတာကကိစ္စမရှိပေ။ ရှဲ့ချန်းကမူ ရာထူးအဆင့်အတန်းမြင့်မားသည့် မြို့စားတစ်ဦးဖြစ် သည်။
သို့သော် ရှစ်ယိုချန်းကတော့ သူမွေးထားသည့် ခွေးသာသာအဆင့်ရှိသူဖြစ်ပါသည်။ သူ့ခွေးကို သခင်စကားနားထောင်စေချင်သော်လည်း ခွေးက မလိမ္မာဘဲ သခင်အားပြန်တောင်ဟောင်နေပါသေးသည်။
ယွဲ့ဟွာ အံကြိတ်ကာ ပြောလိုက်သည်။
“စကားကို ကြည့်ပြောပါ ဒုဝန်ကြီးရှစ်!”
ရှစ်ယိုချန်း အေးစက်စွာရယ်မောလိုက်သည်။ သူယခု ဘာမှ မဆင်မစဉ်းစားနိုင်တော့ပါ။ တစ်စုံတစ်ယောက်အပေါ် ဒေါသပုံချချင်စိတ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ထို့ကြောင့် သူဒေါသတကြီး အော်ပြောလိုက်လေသည်။
“ဒီငယ်သား စကားမှားသွားလို့လား ? ဒါနဲ့ ဝန်ကြီးချန်က ယောက်ျားကော၊ မိန်းမကော ကြိုက်နှစ်သက်တဲ့လူလို့ ကောလဟာလ ကြားမိတယ်၊ မင်းသားအန်းဟယ်က သူ့ကို ဒီလောက်ထိ ကာကွယ်ပေးနေရအောင် အရှင်မင်းသားနဲ့ ဝန်ကြီးချန်တို့ကြားက ဆက်ဆံရေးက… ထင်သလောက် မရိုးရှင်းဘူးထင်တယ်နော်”
ရှစ်ယိုချန်း ရှေ့နောက်မစဉ်းစာတော့ဘဲ စိတ်ထဲရှိရာ စကား လုံးတိုင်းကို ထုတ်ပြောခဲ့လေသည်။
ကျန်းကျီမြောင် မျက်လုံးများ အရောင်တောက်သွားခဲ့ပါသည်။
[ဝါး… အဲ့လို တွေးကြည့်လို့တောင် ရတယ်ပေါ့ ! ငါ မစဉ်း စားခဲ့မိဘူး! ချန်ကျင်းမင်က ယွဲ့ဟွာအပေါ် အတော်သစ္စာရှိသလို ယွဲ့ဟွာကလည်း သူ့ကို အသေအလဲကာကွယ်ပေးနေတာ၊ ဒါ ဘာသဘောလဲ ? နှစ်ဦးနှစ်ဖက် မေတ္တာသက်ဝင်နေတဲ့ သဘောပေါ့! ဒီနှစ်ယောက်ကြားထဲ… မသင်္ကာစရာ အကြောင်းကိစ္စတစ်ခုခု တကယ်ရှိနေတာများလား]
ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့ထံ ကျန်းကျီမြောင် တစ်လှည့်စီ ကြည့်လိုက်သည်။
တခြားသူတွေလည်း ကျန်းကျီမြောင်နဲ့အတူတူလိုက်ကြည့်ခဲ့ကြပါသည်။ အန်းယွီပင် သံသယမျက်နှာမျိုးဖြစ်သွားခဲ့သည်။
အသက်အရွယ်အရဆို ချန်ကျင်းမင်က ယွဲ့ဟွာ၏ခမည်းတော်တောင်ဖြစ်နိုင်ပါသည်။ သို့သော် ဒီလိုအရာမျိုးဆိုတာ… တပ်အပ်ပြောလို့မရနိုင်ပါ။
ချန်ကျင်းမင်ကလည်း အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုသူဖြစ်သည်။ ထို့အပြင် ယွဲ့ဟွာမှာလည်း ဒီလို… ဝါသနာမျိုး ရှိမနေနိုင်ဘူးဟု အသေအချာမပြောနိုင်ပေ။
ဒေါသဖြင့် စိတ်ထင်ရာပြောလိုက်မိသည့် စကားကြောင့် လူတွေဝိုင်းကြည့်ကုန်ကြလိမ့်မည်ဟု ရှစ်ယိုချန်း ထင်မထားခဲ့ပါ။ သူလည်း ခေတ္တကြက်သေသေသွားခဲ့မိသည်။
မဟုတ်သေးဘူး…
သူစိတ်ထဲရှိရာ ပြောလိုက်တာကို တကယ်ကြီး ယုံသွားကြတာလား…
ရှစ်ယိုချန်း တစ်ခုခုဝင်ပြောဖို့ကြံလိုက်သော်လည်း ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့၏အကျည်းတန်လှသော မျက်နှာများကိုမြင်သွားပြီး ရုတ်ခြည်းဆိုသလို ရင်ထဲ စိတ်ကျေနပ်မှုတွေ လွှမ်းမိုးသွားခဲ့သည်။
စိတ်ထဲရှိရာ ပြောလိုက်တာ ဆိုလည်း ဘာဖြစ်လဲ…
ယွဲ့ဟွာနဲ့ ချန်ကျင်းမင်တို့ သက်သေပြစရာမှ မရှိတာ!
ပြီးတော့ သူလည်း စိတ်ကျေနပ်မှုရတာပဲ!
“ရှစ်ယိုချန်း! မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ!”
ချန်ကျင်းမင် သည်းမခံနိုင်တော့ပါ။ ပြဿနာစတင်သည့် အချိန်မှစလို့ ပထမဆုံးအကြိမ်အဖြစ် သူပြန်ချေပလိုက်သည်။
“မင်းသားအန်းဟယ်ကို ဒီလို မဟုတ်မမှန်စွပ်စွဲတာ ဘယ် လောက်ကြီးမားတဲ့ပြစ်မှုလဲ မသိဘူးလားကွ!”
ရှစ်ယိုချန်း အရှက်သိက္ခာတစ်စက်မှ မကျန်တော့သူ ဖြစ် သည်။ ထို့ကြောင့် သူအသက်ရှင်ချင်စိတ်ပင် မရှိတော့ပါ။ ဘယ်လောက်ကြီးမားသည့် ပြစ်မှုဖြစ်နေပါစေ သူ ဂရုမစိုက်တော့ပေ။
ရှစ်ယိုချန်း ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောလိုက်ပါသည်။
“ဘာလို့လဲ ? ဝန်ကြီးချန် အခုလို ခုခံပြောဆိုတာမျိုး တစ် ခါမှ မမြင်ဖူးပါဘူး၊ အခုကျမှ ထူးထူးဆန်းဆန်း ဘာလို့ သည်းမခံနိုင်တော့တာလဲ ? ကြည့်ရတာ မင်းသားအန်းဟယ်အပေါ် ဝန်ကြီးချန်က အကြွင်းမဲ့တဲ့ မေတ္တာမျိုးထားနေတာပဲ”
ရှစ်ယိုချန်း အထိန်းအကွပ်မဲ့စွာ စွပ်စွဲလိုက်လေသည်။
“အရင်တုန်းက ဒီလိုမစဉ်းစားခဲ့မိဘူး၊ အခု သေချာစဉ်းစားကြည့်မှ တော်တော် သံသယဖြစ်စရာကောင်းတာပဲ၊ မင်းသားအန်းဟယ်ရဲ့ စံအိမ်မှာ အပြင်လူတွေကို ဘယ် တော့မှ ညအိပ် တည်းခိုခွင့်မပေးဘူး၊ ဒါပေမယ့် ချန်ကျင်းမင်ကတော့ တစ်ဦးတည်းသော ခြွင်းချက်ဖြစ်နေတယ်၊ မင်းသားအန်းဟယ်ရဲ့စံအိမ်မှာ ဝန်ကြီးချန် ညပေါင်းများစွာ တည်းခိုခဲ့ဖူးတယ်၊ ပြီးတော့ အရုဏ်တက်မိုးလင်းတဲ့အချိန်အထိနှစ်ယောက်သား တစ်ခန်းထဲမှာပဲ အတူတူနေထိုင်လေ့ရှိတယ်လို့ ကြားမိတယ်”
ချန်ကျင်းမင်: “???”
ယွဲ့ဟွာ ခံနိုင်ရည်မရှိတော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
“ခွေးမသား! ဝန်ကြီးချန်နဲ့ ငါ အလုပ်ကိစ္စတွေ ဆွေးနွေးနေတာကွ!”
သူက ယောက်ျားစစ်စစ်ဖြစ်သည်။ အရိုးထဲထိအောင် ယောက်ျားစစ်ပါသည်။
ဒီတိုင်းပြည်မှာ ယောက်ျားစစ်စစ်ဖြစ်ကြောင်း သက်သေပြဖို့ ဘယ်တုန်းက လိုအပ်သွားတာလဲ!
“ဪ… အလုပ်ကိစ္စဆွေးနွေးတာပေါ့ ဟုတ်လား”
ရှစ်ယိုချန်းလေသံတို့က အရွဲ့တိုက်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မနက်ပိုင်းမှာ ဆွေးနွေးလို့မရဘဲ ညကြီးမိုးချုပ်အချိန်ကျမှဆွေးနွေးရအောင် ဘယ်လို အလုပ်ကိစ္စမျိုးလဲ သိချင်လိုက်တာ! ပြီးတော့ အဲ့ဒီအလုပ်ကိစ္စကို ရက်နဲ့ချီပြီး ကြာအောင်ဆွေးနွေးခဲ့ရတာပေါ့၊ လူတိုင်းကြားနိုင်အောင် အခုချက်ချင်း ရှင်းပြလိုက်စမ်းပါ!”
မင်းသားအန်းဟယ်နှင့် ချန်ကျင်းမင်တို့ ဆွေးနွေးခဲ့ကြသည့် အရေးကိစ္စတွေကို သူများတွေသိသွားလို့ လုံးဝမဖြစ်ပါ။
ဝမ်းချုပ်သလို တင်းမာနေကြသည့် သူတို့မျက်နှာတွေကို ကြည့်ရင်း ရှစ်ယိုချန်း ပိုကျေနပ်သွားခဲ့လေသည်။ သူအရှက်ရခဲ့သည်များကိုပင် မေ့မေ့လျော့လျော့ဖြစ်သွားခဲ့ရသည်။
ထင်ထားသည့်အတိုင်းပဲ နာကျင်မှုဆိုတာက တစ်ပါးသူထံကို လွှဲပြောင်းပေးနိုင်သည့်အရာဖြစ်သည်။ ယခု ယွဲ့ဟွာနှင့် ချန်ကျင်းမင်တို့ နာကျင်နေရပြီဖြစ်သဖြင့် ရှစ်ယိုချန်း ရုတ် တရက်ဆိုသလို စိတ်သက်သာရာရသွားခဲ့သည်။
ကျန်းကျီမြောင်လည်း ရှစ်ယိုချန်းကို စိတ်ထဲမှအားပေးလိုက်ပါသည်။
[ဘယ်လိုအခြေအနေကြီးလဲ! ဟိုနှစ်ယောက် ချောင်ပိတ်ရိုက်ခံလိုက်ရတာပဲ! ယွဲ့ဟွာနဲ့ ချန်ကျင်းမင်တို့ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိနေကြပါတယ်လို့ ဝန်ခံရင် ဝန်ခံ၊ ဝန်မခံဘူးဆိုရင်တော့ သူတို့ တစ်ခုခုကြံစည်နေတယ် ဆိုတာကို ဝန်ခံရတော့မယ်! ငါ သာဆို မေတ္တာရှိနေတယ်လို့ပဲ ဝန်ခံလိုက်မှာ!]
ချန်ကျင်းမင် အသက်ဝဝ ရှူလိုက်ပြီး စိတ်လျှော့လိုက်လေသည်။ ထို့နောက် ယွဲ့လင်းထံ လျှောက်သွားပြီး ဖြည်းညှင်းစွာ ဒူးထောက်လိုက်ပါသည်။
“အရှင်မင်းကြီး… ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တာ ဒီငယ်သားပါ၊ ဒုဝန်ကြီးရှစ် အမျက်ဒေါသထွက်ပြီး အခုလိုမဟုတ်တမ်းတရားတွေ ပြောခဲ့ရတာလည်း ဒီငယ်သားကြောင့်ပါပဲ၊ အားလုံးက ဒီငယ်သားရဲ့ အပြစ်တွေလို့ ဝန်ခံပါတယ်”
ထို့နောက် မြေကြီးပေါ် ဦးချကာ ချန်ကျင်းမင် လျှောက်တင်လိုက်ပါသည်။
“ဒီငယ်သား နန်းတော်ထဲမှာ မဆုတ်မနစ် အမှုထမ်းဆောင် ခဲ့တာ နှစ် ၂၀ ရှိပါပြီ၊ နှစ် ၂၀ အတွင်းမှာ ဒီငယ်သား တာဝန်ဝတ္တရား လစ်ဟင်းခဲ့တာမျိုး တစ်ခါတလေတောင် မရှိခဲ့ပါဘူး၊ သို့ပေမယ့် ဒီငယ်သားရဲ့ အကျင့်စာရိတ္တမှာတော့ လိုအပ်ချက်အမှန်တကယ်ရှိနေပါတယ်၊ ဒါ့ကြောင့် နန်းတော်မှာ ဝန်ကြီးတစ်ဦးအနေနဲ့ မျက်နှာမပြဝံ့တော့ပါဘူး၊ ဒီငယ်သားကို တာဝန်က ရပ်ဆိုင်းပေးတော်မူပါ အရှင်မင်းကြီး”
ချန်ကျင်းမင် တာဝန်ကနေ အနားယူချင်တယ် ဟုတ် လား…!
ယွဲ့ဟွာ မျက်နှာပျက်သွားခဲ့သည်။ ပထမတော့ သူလက်မခံနိုင်ခဲ့ပါ။ သူ့ဘက်က အရေးကိစ္စအတော်များများမှာ ချန်ကျင်းမင်ကို မရှိမဖြစ်လိုအပ်နေပါသေးသည်။
သို့သော် အချိန်သိပ်မယူလိုက်ရဘဲ ယွဲ့ဟွာ နားလည်သွားခဲ့သည်။ ဒီနေ့ဖြစ်ပျက်ခဲ့သည့် ပြဿနာက အလွန်ကြီးမားသဖြင့် ရာနှုန်းပြည့်လွတ်မြောက်နိုင်သည့်လမ်းဟူ၍ မရှိနိုင်တော့ပါ။
ဒီလို ရာထူးမှ ထုတ်ပယ်ခံရသည်ကသာ သူတို့အတွက် အကောင်းဆုံး ရလဒ်ဖြစ်နေနိုင်ပါသည်။