Being PUA’d
Vol. 13 Ch. 125
မြေကြီးပေါ်မှာ ကုန်းနေသည့် ချန်ကျင်းမင်နောက်ကျောကို ကြည့်ရင်း ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
[ချန်ကျင်းမင်က အခြေအနေတစ်ခုကို လိုသလို ပြောင်းလဲကစားနိုင်တဲ့လူတစ်ယောက်ပဲ၊ အစက သူတို့နှစ်ယောက်ကို ရှစ်ယိုချန်း ချောင်ပိတ်ရိုက်နိုင်ခဲ့ပြီလို့ထင်ခဲ့တာ၊ သူနဲ့ ယွဲ့ဟွာရဲ့ဆက်ဆံရေးကို လူတိုင်း သံသယဝင်နေကြပြီ၊ ယွဲ့ဟွာနဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးရှိနေတာကို ဝန်ခံမလား၊ ညဘက်တွေမှာ ထုတ်ပြောလို့မရတဲ့ အရေးကိစ္စတွေဆွေး နွေးကြံစည်နေကြတာကို ဝန်ခံမလား ရွေးချယ်စရာ နှစ်ခုပဲရှိတယ်]
[နှစ်ခုစလုံးကို ဝန်ခံလို့မဖြစ်မှန်းသိတော့ စကားလမ်း ကြောင်းချက်ချင်းလွှဲပစ်လိုက်တာ၊ ပထမဆုံး ရှစ်ယိုချန်းက ဒေါသစိတ်မွှန်နေလို့ မဟုတ်တမ်းတရားတွေ ပြောနေပါတယ်ဆိုပြီး လျှောက်တင်တယ်၊ အဲ့တာကြောင့် ရှစ်ယိုချန်းပြောတဲ့စကားတွေက မယုံကြည်ရဘူးပေါ့၊ ပြီးတော့ အသက်ရှင်ဖို့ ကိုယ်လက်ကိုယ်ဖြတ်လိုက်ရတဲ့သူရဲကောင်း တစ်ယောက်လို ရာထူးကနှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပဲ]
[ရာထူးက နှုတ်ထွက်လိုက်မယ်ဆိုရင် သူ့အပြစ်တွေအတွက် ပြန်ပေးဆပ်လိုက်ပြီလို့ထင်ရသလို ရှစ်ယိုချန်းကလည်း သူ့ကို ခွေးရူးလိုလိုက်ကိုက်တော့မှာ မဟုတ်ဘူး၊ ရှစ်ယိုချန်းဘက်က ငြိမ်းအေးပေးလိုက်ပြီ ဆိုတာနဲ့ ဒီကိစ္စကြီး တစ်ခုလုံးကို ဖုံးဖိလို့ ရသွားပြီ]
ကျန်းကျီမြောင် တွေးတောလိုက်ပါသည်။
[ဝန်ကြီးရာထူးကို ဆုံးရှုံးလိုက်ရတာကလည်း ချန်ကျင်းမင်အတွက် ပြဿနာမရှိဘူး၊ မြို့တော်မှာဆက်နေပြီး ယွဲ့ဟွာအတွက် လျှို့ဝှက်ကြံစည်မှုတွေ လုပ်ပေးနိုင်သေးတယ်။ ဧကန္တ နောင်တစ်ချိန်မှာ ပြဿနာရှာဖို့အတွက် ပြင်ဆင်ချိန်တွေတောင် ပိုရှိသွားနိုင်တယ်]
ချန်ကျင်းမင်ကို ယွဲ့လင်း တည်ငြိမ်စွာကြည့်လိုက်သည်။ ယခု ဝန်ကြီးချန်က အလွန်ကျိုးနွံလျက်ရှိပြီး ယွဲ့လင်း၏ အမိန့်တစ်ခုကြောင့် သူ့ ဘဝတစ်ခုလုံး ပျက်စီးသွားနိုင် သည်ဟု ထင်ချင်စရာဖြစ်သည်။ ချန်ကျင်းမင်လည်း သူ့ကို ဒီလို ထင်စေချင်နေတာဖြစ်နိုင်သည်။
သို့သော် မြောင်မြောင်အတွေးသံလိုပဲ ချန်ကျင်းမင်အတွက် အရေးအပါဆုံးကဏ္ဍက ဘာသာရေးဝန်ကြီးဖြစ်နေတာ မဟုတ်ဘဲ ယွဲ့ဟွာတို့အဖွဲ့၏ ‘ဦးနှောက်’ဖြစ်နေခြင်း ဖြစ်သည်။ ဒီရာထူးကို ဆုံးရှုံးလိုက်လျှင်ပင် ဘာမှပြောင်း လဲသွားမည်မဟုတ်ပါ။
ယွဲ့လင်း ဖြည်းညှင်းစွာ မိန့်လိုက်သည်။
“ဝန်ကြီးချန် ရာထူးကနှုတ်ထွက်ဖို့ ဆုံးဖြတ်ချက် သေချာသွားပြီလား”
“သေချာပါတယ် အရှင်မင်းကြီး”
ချန်ကျင်းမင် ခေါင်းမဖော်ဘဲ လျှောက်တင်လိုက်ပါသည်။
ယွဲ့လင်း အဓိပ္ပာယ်ပါစွာ မိန့်လိုက်သည်။
“ဝန်ကြီးချန် တောင်းဆိုမှတော့ ကျန်းဖိအား မပေးတော့ပါဘူး၊ အစကတော့ ငယ်သားတွေရဲ့ ပုဂ္ဂိုလ်ရေးရာပြဿနာတွေကို ကျန်းဝင်မစွက်ဖက်ချင်ခဲ့ဘူး၊ သို့ပေမယ့် ဝန်ကြီးချန်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက ကြီးမားလွန်းတယ်၊ ရာထူးက နှုတ်ထွက်ပြီးတဲ့အခါကျရင် ဝန်ကြီးချန်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တတို့ကို ကောင်းမွန်အောင် နေထိုင်မယ်မဟုတ်လား၊ ဒီလို ယောက်ျားမိန်းမကိစ္စတွေနဲ့ ပတ်သတ်ပြီး အမှားအယွင်း ထပ်လုပ်မိဦးမယ်ဆိုရင် နောက်တစ်ခါ ဘာကိုစတေးပြီး အပြစ်တွေကို ပေးဆပ်ဦးမှာလဲ”
ယွဲ့လင်း၏စကားလုံးများက ချန်ကျင်းမင်အတွက် သတိ ပေးစကားဟု ထင်ရသော်လည်း အရာရှိအမတ်များအားလုံး မျက်နှာပြောင်းလဲသွားကြသည်။
သူတို့အားလုံး သိပြီးသားဖြစ်သည်။ ချန်ကျင်းမင် ရှုပ်ပွေထားသည့် လူတွေက မို့ရွှယ်ယင်းနှင့် တန့်ရွှေ့လန်တို့ နှစ်ယောက်တည်း မဖြစ်နိုင်ပါ။ မိဖုရားကြီး၏အတွေးသံကို နားထောင်ကြည့်လျှင် ကောင်းကောင်းသိနိုင်ပါသည်။
ဝန်ကြီးချန်က အိမ်ထောင်ရှိပြီးသား ယောက်ျား၊ မိန်းမတွေကို အထူးသဘောကျတတ်တာဖြစ်ပြီး သားတစ်ယောက်နှင့် သမီးငါးယောက်လည်းရှိနေပါသေးသည်။
ချန်ကျင်းမင်သာ မြို့တော်အတွင်းမှာ ဆက်နေထိုင်မည်ဆိုလျှင် ကျန်ရှိနေသည့် အချစ်တော်များနဲ့ ဆက်ပြီး ပတ်သတ်နေလောက်သည်။ တချို့ အမတ်တွေဆို ကိုယ့်ဇနီးကိုယ် သံသယမျက်လုံးများဖြင့်ကြည့်နေမိပါပြီ။ သူတို့ ဇနီးတွေ ချန်ကျင်းမင်ကိုကြည့်နေသည့် အကြည့်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေကြရသည်။
အခြားကိစ္စတွေကို မပြောလိုသော်လည်း ဒီကိစ္စမှာတော့ အရာရှိအမတ်များ အားလုံး၏စိတ်မှာ တစည်းတလုံးတည်း ရှိနေသည်။ ရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ်သဖြင့် မြို့တော်မှာ ချန်ကျင်းမင် ဆက်နေစရာအကြောင်းမရှိတော့ပါ။
“အရှင်မင်းကြီး! ချန်ကျင်းမင်က အတွင်းထဲထိ အကျင့် စာရိတ္တပျက်ယွင်းနေတဲ့ လူတစ်ယောက်ပါ၊ ဒီလို ရာထူးက ထုတ်ပယ်လိုက်ရုံနဲ့မလုံလောက်သေးပါဘူး၊ သူ့ကို မြို့တော်ထံ တစ်သက်လုံးပြန်လာလို့မရအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်!”
“အမှန်ပါပဲ! ချန်ကျင်းမင်လို လူမျိုးရှိနေရင် မြို့တော်ထဲက လေထုတွေတောင် ညစ်ညမ်းသွားနိုင်တယ်လို့ ဒီငယ်သား ခံစားမိတယ်! အဲ့တာကြောင့် သူ ဒီမှာဆက်နေလို့ လုံးဝမဖြစ်ပါဘူး!”
“ချန်ကျင်းမင်ကို နယ်နှင်ဒဏ်ပေးတော်မူပါ!”
အမတ်များ တစ်ယောက်ပြီးတစ်ယောက် တောင်းဆိုလာကြသည်။ အလွန်အရေးကြီးပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စသဖွယ် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အ ဆိုင်ပင် လျှောက်တင်နေကြခြင်းဖြစ်သည်။
ဒီချန်ကျင်းမင်က ယောက်ျားကော မိန်းမကော သဘောကျသူဖြစ်သည်။ အခုချိန်မှာ သူတို့သာ ဆုံးဖြတ်ချက်ချဖို့ နှေးကွေးနေလျှင် သူတို့အားချန်ကျင်းမင်နှင့် ပတ်သတ်နေ သည်ဟု သံသယဖြစ်သွားကြလိမ့်မည်။
ချန်ကျင်းမင်နှင့် အမှန်တကယ် ပတ်သတ်ခဲ့ဖူးသူများလည်း အသံပိုကျယ်အောင်ပင် အော်နေကြသည်။ ချန်ကျင်းမင် အာဏာတွေ ဆုံးရှုံးသွားတာကို မြင်ခဲ့ရပြီဖြစ်သဖြင့် သူတို့ ချက်ချင်းရှောင်မှဖြစ်မည်။
ချန်ကျင်းမင် ဒူးထောက်ရင်း တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ လူအုပ်ကြီး၏အော်သံတွေကြောင့် သူ့နားတွေတောင် အူလာပြီး မျက်နှာလည်း ဖြူရော်သွားခဲ့ပါသည်။
အချစ်ရေးကဏ္ဍမှာ သူနှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့တာဖြစ်ပြီး သူ့ကိုယ် သူ ပြိုင်ဘက်ကင်းသည်ဟုထင်ခဲ့မိသည်။ သူက သာမန် ခြေရှုပ်တတ်သူများနှင့်ကွာခြားသည်။ သူနှင့် သူ့ရဲ့‘အချစ်စစ်’တိုင်းမှာ ဇာတ်လမ်းလေးတွေ ရှိတတ်ကြသည်။
သူနဲ့ တန့်ရွှေ့လန်တို့သည် ငယ်ချစ်ဦးများအဖြစ် အတူတူ ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ ချန်ကျင်းမင်မှာ ဆင်းရဲ နွမ်းပါးသည့် မိသားစုမှ ပေါက်ဖွားလာခဲ့တာဖြစ်ပြီး တန့်ရွှေ့လန်၏မိသားစုသည်တော့ ချမ်းသာကြွယ်ဝကြသည်။
သူ့မိသားစုက ပညာရေးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်မှန်း ချန်ကျင်းမင်နားလည်ခဲ့သည်။ ထို့ကြောင့် သူ့ပညာ ရေးကို ထောက်ပံ့ပေးနိုင်မည့်လူတစ်ယောက်အား ရှာဖွေဖို့ ကြိုးစားရတော့သည်။ တန့်ရွှေ့လန်က သူ့ပထမဆုံး ပစ်မှတ်် ဖြစ်လာခဲ့ပါသည်။ ဆောင်းရာသီတစ်ရက်မှာ ချန်ကျင်းမင် တစ်ဦးတည်းသော ညီဖြစ်သူကို တစ်ညလုံးရေအေးစိမ်ခိုင်းခဲ့ပြီး ဖျားနာသွားအောင် လုပ်ခဲ့သည်။
ထို့နောက် မနက်မိုးလင်းသောအခါ အဖျားတက်နေသည့် ညီဖြစ်သူကို ကျောပေါ် ထမ်းလျက် တန့်ရွှေ့လန်ဆီကို သွားပြီး သူ့ညီလေးကိုကယ်တင်ပေးဖို့ မျက်ရည်များဖြင့် တောင်းပန်ခဲ့လေသည်။ ထန့်ရွှေလန်ကလည်း တုံးအသူဖြစ်ပြီး စိတ်ပျော့သဖြင့် ကရုဏာသက်ဝင်ကာ ကူညီပေးခဲ့ပါသည်။
ချန်ကျင်းမင်၏အကြံအစည်တွေအောက်မှာ တန့်ရွှေ့လန် သူ့အား တကယ် မေတ္တာရှိသွားခဲ့ပါသည်။ ထို့အပြင် ချန်ကျင်းမင်၏ဆန္ဒအတိုင်း တန့်မိသားစုထံမှ ငွေကြေးအထောက်အပံ့တွေကိုလည်း ရရှိခဲ့ပါသည်။
ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ အဖျားရောဂါကြောင့် သူ့ညီ ဦးနှောက်ပျက်သွားပြီး ငတုံးတစ်ယောက် ဖြစ်သွားတာပင်။ သို့သော် ကိစ္စမရှိပါ။ ဦးနှောက်မမှန်တော့သည့် ညီငယ်တစ်ယောက်ရှိနေသဖြင့် မေတ္တာကြီးမားသည့်အစ်ကိုကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ဖို့ ပိုလွယ်ကူသွားပါသည်။
သို့သော် ပြဿနာက သူ့ကို ထန်ရွှေ့လန် အလွန်အမင်း စွဲလမ်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် တန့်ရွှေ့လန်ကို အန်းယွီနှင့် ပေးစားဖို့ သူနည်းလမ်းရှာဖွေခဲ့သည်။ အန်းမိသား စုက အရှိန်အဝါမသေးသဖြင့် တန့်မိသားစုကလည်း ထိန်းမြှားမှုကို ကျေနပ်မှုရှိသည်။ ထို့ကြောင့် တိတ်တခိုးချစ်သူအဖြစ်နဲ့ပဲ ကျေနပ်စေဖို့ တန့်ရွှေ့လန်ကို သူ ဖြောင်းဖြခဲ့ရသည်။
မို့ရွှယ်ယင်းကို ရရှိဖို့အတွက်လည်း ချန်ကျင်းမင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပါသည်။ ရှစ်ယိုချန်း၏ ကြောင်တောင် တောင် ဝါသနာများအကြောင်း သူ သိနေသဖြင့် မို့ရွှယ်ယင်းရှေ့မှာ မြင်းစီးစွမ်းရည်၊ လေးအတတ်စွမ်းရည် စသည်တို့ကို ထုတ်ပြပြီး သူဘယ်လောက် ယောက်ျားပီသကြောင်းကို ပြသခဲ့ပါသည်။ မို့ရွှယ်ယင်းလည်း အမှန်တကယ် သဘောကျခဲ့သည်။
တခြားအချစ်တော် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်လည်း ချန်ကျင်းမင် အရာရာကိုစေ့စေ့စပ်စပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူ့နှလုံးသားအစစ်အမှန်ကို ထုတ်မသုံးခဲ့လျှင်တောင် တခြားကဏ္ဍတွေမှာ အများကြီး အားထုတ်ကြိုးပန်းခဲ့ရပါသည်။
ဖြစ်ချင်တော့ သူ့ဘဝအခြေအနေ ဆုတ်ယုတ်သွားတာနဲ့တစ်ပြိုင်နက် ထိုလူများက သူ့အားရှောင်ကြဉ်ပြီး ထွက်ခွာသွားဖို့ကြိုးစားနေကြပါပြီ။
ချန်ကျင်းမင် ခေါင်းဆက်ငုံ့ထားသော်လည်း သူ့မျက်လုံးထဲမှာ သွေးအေးရက်စက်မှု အရိပ်အယောင်များ ရိပ်ပြေးသွားခဲ့သည်။ ဒီလူတွေကို သူ့လက်ထဲမှ ခုလိုလွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ပါ။
သို့သော် ဒီနေ့ကတော့ ထိုအရာတွေအတွက် အချိန်မတန်သေးပေ။
ဆူညံပွက်လောရိုက်သံတွေကြား ချန်ကျင်းမင် ဖြည်းညှင်း စွာ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီး… ဒီငယ်သားရဲ့ အပြစ်တွေက ခွင့်မလွှတ်နိုင်အောင် ကြီးလေးမှန်း နားလည်ပါတယ်၊ ဝန်ကြီးမှူးမတ်တွေရဲ့ ဒေါသကိုလည်း ဒီငယ်သား နားလည်ပေးနိုင်ပါတယ်၊ ဒီငယ်သားတစ်ယောက်တည်းဆိုရင်တော့ မြို့တော်ကနေ ချက်ချင်း မတွန့်မဆုတ် ထွက်ခွာသွားမှာပါ၊ သို့ပေမယ့်… ဒီငယ်သားရဲ့ ကြင်ယာတော်က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေလို့ ခက်ခဲ ကြမ်းတမ်းတဲ့ ခရီးရှည်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ဒီငယ်သားရဲ့ ကြင်ယာတော်က ဒီငယ်သားအပေါ် အလွန်အားကိုးအားထားပြုလို့ ဒီငယ် သားတစ်ယောက်တည်း ထွက်သွားရင်လည်း သူရှင်သန်နိုင်မှာ မဟုတ်ပါဘူး အရှင်မင်းကြီး”
“အရှင်မင်းကြီး… ဒီငယ်သားရဲ့ အမှားတွေကို နားလည်ပါပြီ၊ ကျန်ရှိနေတဲ့ တစ်သက်တာကို ဒီငယ်သားရဲ့ဇနီးသည်ဘေးမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားချင်တော့တယ်၊ ကျန်တာတွေ ဘာမှ မစဉ်းစားတော့ပါဘူး၊ အရှင်မင်းကြီး သက်ညှာပေးပြီး ဒီငယ်သားရဲ့ဇနီးသည်ကိုပြုစုစောင့် ရှောက်နိုင်ဖို့အတွက် ဒီငယ်သားကို မြို့တော်မှာပဲ ဆက် လက်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်”
ချန်ကျင်းမင် စကားသည် အလွန်ကရုဏာသက်ဖွယ် ကောင်းလှသည်။ သို့သော် ထိုစကားကို နားထောင်ပြီး တန့်ရွှေ့လန် မျက်လုံးများ နီမြန်းသွားကာ မျက်ရည်ကျလုနီး ပါးဖြစ်သွားခဲ့သည်။
တန့်ရွှေ့လန်ကို ကျန်းကျီမြောင် လှမ်းကြည့်လိုက်လေသည်။
[ဧကန္တ ဒီတန့်ရွှေ့လန်တော့ ချန်ကျင်းမင်ရဲ့ PUA တာကို ခံလိုက်ရပြီထင်တယ်၊ ဟူး… အခုချိန်ထိတောင် ဘာလို့ နောင်တ မရသေးတာလဲ]
PUA ဟုတ်လား… PUA ဆိုတာ ဘာကိုပြောတာလဲ ?
{မှတ်ချက် - လိုချင်တာရအောင် လှည့်စားယူပြီး စွန့်ပစ်သွားတာမျိုုးကို ဆိုလိုခြင်း ဖြစ်သည်}
ထိုအသုံးအနှုန်းကို အားလုံး နားမလည်ကြသော်လည်း တန့်ရွှေ့လန်၏ အမူအရာကို ကြည့်ရင်း ခန့်မှန်းကြည့်လို့တော့ ရပါသည်။ ဘာပဲဖြစ်ဖြစ် ကောင်းတာတော့ မဟုတ်နိုင်ပေ။
“အရှင်မင်းကြီး! ဝန်ကြီးချန်က ရာထူးကနေတောင် နှုတ် ထွက်ပြီးပြီလေ၊ နန်းတော်တွက် နှစ်ပေါင်းများစွာကြာ အောင် အမှုထမ်းဆောင်ပေးခဲ့တာ၊ စာရိတ္တပိုင်းမှာ ချွတ်ညယွင်းချက် ရှိနေရင်တောင် အဲ့ဒီအချက်ကို ကြည့်ပြီး စာနာ ထောက်ထားပေးသင့်ပါတယ်၊ အခုလို စိတ်လိုက်မာန်ပါ ဆုံးလိုက်မယ်ဆိုရင် နန်းတော်အတွင်းက ဝန်ကြီးမှူးမတ်တွေ အားလုံးစိတ်မကောင်းဖြစ်သွားကြပါလိမ့်မယ် အရှင်မင်းကြီး!”
ယွဲ့ဟွာ အမြန်လျှောက်တင်လိုက်သည်။
စိတ်မကောင်း ဖြစ်ရမယ်ဟုတ်လား!
အမတ်တွေလည်း ငြိမ်ခံမနေဘဲ သူတို့ စိတ်မကောင်းတစ်စက်လေးတောင် မဖြစ်မိသည့်အကြောင်း ချက်ချင်းထုတ်ပြောခဲ့ကြပါသည်။ ဖြစ်နိုင်လျှင် ချန်ကျင်းမင် မျက်နှာကို တစ်သက်လုံး ပြန်မတွေ့ချင်တော့တာဖြစ်သည်။
ယွဲ့ဟွာ: “…”
ဒီမျိုးမစစ် အမတ်တွေကတော့!!!
ကိုယ်ချင်းစာစိတ် နည်းနည်းလေးတောင် မရှိကြဘူးလား!!