What Words
Vol. 13 Ch. 126
ယွဲ့လင်း သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
“ဝန်ကြီးချန်… ကျန်းက ဝန်ကြီးချန်ကို ဒီမှာ ဆက်မနေစေချင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဝန်ကြီးချန်ရဲ့လုပ်ရပ်တွေကို လူထုက စက်ဆုပ်ရွံရှာနေကြတာ မျက်မြင်ပဲလေ၊ ဝန်ကြီးချန်ကို ဒီမှာ ဆက်နေခွင့်ပေးလိုက်တာကမှ အမတ်တွေကို ပိုစိတ်မကောင်းဖြစ်သွားစေမှာပါ”
ချန်ကျင်းမင် မျက်နှာတစ်ခုလုံးသွေးမရှိသလို ဖြူဖပ်နေပါပြီ။ သူဖြည်းညှင်းစွာ ထပ်လျှောက်တင်လိုက်သည်။
“ဒီငယ်သားရဲ့ ကြင်ယာတော်က… ဒီငယ်သားမရှိရင် တကယ်မဖြစ်လို့ပါ၊ ဒီငယ်သားထွက်သွားရမယ်ဆိုရင် သူရှင်သန်နိုင်ဖို့ လမ်းမမြင်တော့ဘူး၊ အရှင်မင်းကြီးသက်ညှာ ပေးတော်မူပါ”
ချန်ကျင်းမင် သူ့ဇနီးသည်ကို ထပ်ခါတလဲလဲ အကြောင်းပြချက်ပေးနေသဖြင့် ယွဲ့လင်း မျက်နှာထားအနည်းငယ်အေးစက်သွားရသည်။
ချန်ကျင်းမင်၏ကြင်ယာတော်က အရှိန်အဝါကြီးမားသည့် မျိုးရိုးမြင့် ဝမ့်မိသားစုမှဖြစ်သည်။ ဘိုးဘေးများလက် ထက်ကတည်းက ဝမ့်မိသားစုတည်ရှိခဲ့ပြီး တိုင်းပြည်အတွက် အကျိုးပြုခဲ့ကြသူများဖြစ်သည်။ ယုံမင်းဆက်ကို စတင် တည်ထောင်သောအခါ တိုင်းပြည်၏ပထမဆုံး ဝန်ကြီးချုပ်က ဝမ့်မိသားစုဝင်တစ်ဦးဖြစ်ခဲ့ပါသည်။
ထိုဝန်ကြီးချုပ်က ယုံမင်းဆက် အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက် မဆုတ်မနစ် စွမ်းဆောင် အကျိုးပြုခဲ့သဖြင့် ဝမ့်မိသားစုကလည်း မျိုးဆက်တိုင်းမှာ အခွင့်ထူးခံ မိသားစုတစ်စုဖြစ်လာခဲ့သည်။
သို့တိုင်း ယခင်မင်းဆက်ပြိုလဲသွားရသည့် အကြောင်းအရင်းကအရှိန်အဝါ၊ အခွင့်အာဏာကြီးမားသည့် မိသားစုတွေ၊ မျိုးနွယ်စုများကြောင့်ပင်။ ထိုမျိုးနွယ်စုတွေက တိုင်း သူပြည်သားများကို မညှာမတာ ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့ကြသဖြင့် မင်းဆက်တစ်ခုလုံး ပြိုလဲသွားခဲ့ခြင်းဖြစ်လေသည်။
ထို့ကြောင့် ယုံမင်းဆက်ကိုတည်ထောင်သောအခါ မျိုးဆက် တိုင်း၏ ဧကရာဇ်မင်းကြီးများက တော်ဝင်အိမ်တော်များ၊ မျိုးနွယ်စုများ၏အခွင့်အာဏာကို ဖိနှိပ်ဖို့ ကြိုးပန်းခဲ့ကြသည်။ သူတို့နည်းလမ်းတွေက မကြမ်းတမ်းခဲ့ကြသော်လည်း ယွဲ့လင်းလက်ထက်ရောက်သောအခါ တော်ဝင်အိမ်တော်နှင့် မျိုးနွယ်စုများ၏ အာဏာပါဝါတွေ အတော်လေး မှေးမှန်သွားခဲ့ပါသည်။
ဝမ့်မိသားစုက သာဓကပဲဖြစ်သည်။ ယုံမင်းဆက်ကို စတင်တည်ထောင်စဉ်တုန်းက ဝမ့်မိသားစု၏ အာဏာပါဝါမှာ အထွတ်အထိပ် ရောက်ခဲ့ကြသည်။။ သို့သော် ယုံမင်းဆက်ကို စတင်တည်ထောင်သူ ဧကရာဇ်မင်းကြီးနဲ့ ဝန်ကြီးချုပ်ဝမ့်တို့ လျှို့ဝှက်တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ကြသည်။
ဘယ်လိုအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြမှန်း သေချာမသိသော်လည်း ဝမ်ကြီးချုပ်ဝမ့်အာဏာအထွတ်အထိပ် ရောက်ရှိနေတုန်းမှာပဲ ရာထူးမှ နှုတ်ထွက် အနားယူသွားခဲ့ပါသည်။ နောက်တစ်ရက် မိုးလင်းတာနဲ့ သူ့ဇာတိမြေကို ပြန်သွားခဲ့ရသည်။
ဝန်ကြီးချုပ်ဝမ့် အနားယူသွားပြီးနောက် ဝမ့်မိသားစုမျိုး ဆက်အတော်များများက နန်းတော်အတွင်းမှာ အရာရှိမှူးမတ်များအဖြစ် အမှုထမ်းဆောင်ခဲ့ကြသည်။ သို့သော် လွန်လွန်ကျူးကျူးတော့ မဟုတ်ကြပေ။ ယွဲ့လင်းလက် ထက်သို့ ရောက်သောအခါ နန်းတော်အတွင်းမှာ ဝမ့်မိသားစုမျိုးဆက်မူ တစ်ဦးတစ်ယောက်မှမရှိကြတော့ပါ။
သို့သော် ထိုမျိုးရိုးမြင့် မိသားစုများကအာဏာအချက်အ ချာမှ စွန့်ခွာလိုစိတ်မရှိကြပေ။ သူတို့ရဲ့ လွှမ်းမိုးနိုင်မှုကို ထိန်းသိမ်းဖို့ အသုံးချသည့် နည်းလမ်းကတော့ နန်းတော်အတွင်းရှိ မျိုးရိုးနိမ့်သည့် ပညာသင်သားများအား ထောက် ပံ့ပေးခြင်းမျိုးဖြစ်သည်။ နန်းတော်အတွင်းမှာ ဝမ့်မျိုးရိုးအမည်နှင့် ဝန်ကြီးမှူးမတ်တွေ မရှိကြသော်လည်း ဝမ့်မိသားစု၏အထောက်အပံ့ကို ရရှိထားကြသည့် ဝန်ကြီးမှူးမတ်တွေကတော့ အများကြီးရှိနေပါသည်။
ချန်ကျင်းမင် အခုလို အဆက်အသွယ်တွေကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်နိုင်ခဲ့တာကလည်း ဝမ့်မိသားစု၏တိသမီးတစ်ယောက်အား လက်ဆက်ထားခြင်းကြောင့်သာ ဖြစ်သည်။
ဝမ့်ဝမ်ရုန်သည် ချန်ကျင်းမင်၏နောက်ဆုံး ဝှက်ဖဲဖြစ်လေသည်။
ယွဲ့လင်း မျက်နှာမှောင်မိုက်သွားခဲ့ပါသည်။ အရာရှိအမတ်တချို့လည်း အနည်းငယ် တွန့်ဆုတ်သွားမိကြသည်။
သူတို့ ချန်ကျင်းမင်ကို ထပ်မမြင်ချင်တော့တာသေချာသည်။ သို့သော် ချန်ကျင်းမင်ကို အတင်းအကြပ် နယ်နှင်ဒဏ်ပေးလိုက်သဖြင့် ဝမ့်ဝမ်ရုံ အသက်ဆုံးရှုံးသွားလျှင် ဝမ့်မိသားစုကို သူတို့ မျက်နှာပြဝံ့တော့မည် မဟုတ်ပါ။
ဝမ့်မိသားစုက သူတို့ကို ရွှေငွေစည်းစိမ်တွေနဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်သည်။ ယခုသူတို့ကြောင့် ဝမ့်မိသားစု၏ သမီးအရင်းတစ်ယောက် အသက်ဆုံးရှုံးလိုက်ရလျှင် ဘယ်လိုပဲကြည့်ကြည့် တရားမျှတမှုမရှိနိုင်ပါ။
ချန်ကျင်းမင်ထံ ကျန်းကျီမြောင် စက်ဆုပ်စွာကြည့်လိုက်သည်။
[ဒီလူယုတ်မာက ဝမ့်မိသားစုရဲ့သမီးကိုအရှက်မရှိ အသုံး ချရဲတယ်! ချန်ရှုယိ အနောက်နန်းဆောင်ထဲ စရောက်က တည်းက သူ့အမေ အိပ်ရာထဲလဲနေခဲ့တာ၊ သုံးနှစ်အကြာမှာ ချန်ရှုယိရဲ့အမေ ကျန်းမာရေးရုတ်တရက်ကြီး ပိုဆိုးသွားပြီး အသက်ထွက်သွားလိမ့်မယ်! ငါ့ အမြင်အရဆိုရင်တော့ ချန်ကျင်းမင်ထွက်သွားမှ ချန်ရှုယိရဲ့အမေ ကျန်းမာ ရေးပြန်ကောင်းလာနိုင်မယ်!]
အရာရှိအမတ်များ မျက်နှာအနည်းငယ် ပြောင်းလဲသွားကြသည်။ ကျန်းကျီမြောင်၏အတွေးသံကို သုံးသပ်ကြည့်ခြင်းအားဖြင့် ဝမ့်ဝမ်ရုန်ကို ကျန်းမာရေးချွို့ယွင်းသွားစေဖို့အတွက် ချန်ကျင်းမင် နောက်ကွယ်မှာတစ်ခုခုကြံစည် ဆောင်ရွက်ထားခြင်း ဖြစ်ရမည်။
ချန်ကျင်းမင်ကို ကြည့်နေသည့် မျက်လုံးများ ချက်ချင်းဆိုသလို ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။ ယခင်တုန်းက ချန်ကျင်းမင် ပုဂ္ဂိုလ်ရေးရာ စာရိတ္တပျက်ပြားရုံသာရှိသည်။ ယခု ဝမ့်ဝမ်ရုန်၏နာမကျန်းဖြစ်မှုက အမှန်တကယ် သူ့လက်ချက်သာဆိုလျှင် စာရိတ္တပျက်ပြားရုံမဟုတ်ဘဲ လူ့အမှိုက်သရိုက်ဟု ခေါ်ဆိုသင့်နေပါပြီ။
မြို့တော်ကို ချန်ကျင်းမင် စတင်ရောက်ရှိလာစဉ်တုန်းက အားကိုးစရာ ဘယ်သူမှမရှိသလို မိသားစုနောက်ခံကလည်းမရှိသဖြင့် တစ်ကိုယ်တည်း အခက်အခဲတွေ ကြုံခဲ့ရမှန်း အားလုံးသိပါသည်။ သူ အခုလို အဆင့်ထိရောက်လာဖို့အတွက် ဝမ့်မိသားစုက အများကြီးကူညီပေးခဲ့ရသည်။ ချန်ကျင်းမင်၏အောင်မြင်မှုတိုင်းကို ဝမ့်ဝမ်ရုန်နှင့် ဝမ့်မိသားစုက တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
ချန်ကျင်းမင်ကမူ ကျေးဇူးအား အငြှိုးတရားနှင့် တုန့်ပြန်ခဲ့သည်။ သူ့ရာထူးအာဏာ တည်မြဲသွားသည်နှင့်တစ်ပြိုင် နက် တစ်ဖက်ကမ်းသို့ ရောက်အောင် ပေါင်းကူးပေးခဲ့သည့် တံတားကို မီးရှို့ဖျက်ဆီးဖို ကြိုးစားသည်။ ဝမ့်ဝမ်ရုန်ကို ရှင်းလင်းဖို့ သူကြံစည်ခဲ့သည်။
ဒီလိုလုပ်ရပ်မျိုးက သားရဲတိစ္ဆာန်တစ်ကောင်နဲ့ မခြားနားပါ။
အားလုံးရဲ့မျက်လုံးတွေထဲ အမုန်းတရားများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူတို့ကိုယ်တိုင်က ပြီးပြည့်စုံသည့်လူတွေ မဟုတ်ကြသော်လည်း ကိုယ့်ကိုအဘက်ဘက်မှ ကူညီထောက်ပံ့ပေးခဲ့သည့် ပဏာမဇနီးတစ်ယောက်အား ထိုသို့လုပ်ရလောက်သည့်အထိတော့ မယုတ်မာကြပါ။
“အစ်ကိုတော်… ယုံမင်းဆက်ကို စတင်တည်ထောင်က တည်းက ဘိုးဘေးတွေကို ဝမ့်မိသားစု အားထုတ်ကြိုးပန်းပြီး ကူညီထောက်ပံ့ပေးခဲ့ကြတာနော်၊ ဒီအရေးကိစ္စကြောင့် ဝမ့်မိသားစုရဲ့ သမီးတစ်ယောက် အသက်ဆုံးရှုံးသွားမယ်ဆိုရင် တိုင်းသူပြည်သားတွေအကြားမှာ ရှုတ်ချစရာ ဖြစ်လာနိုင်ပါတယ်”
ယွဲ့ဟွာ အမြန်လျှောက်တင်လိုက်ပါသည်။
“ဝန်ကြီးချန်က ရာထူးကနေ နှုတ်ထွက်ပေးမယ်လို့တောင် ဆုံးဖြတ်ပြီးပြီပဲ၊ သူ့ကို မြို့တော်ကနေ နယ်နှင်ဒဏ်ပေးရလောက်တဲ့အထိ လိုအပ်ပါဦးမလား”
ချန်ကျင်းမင်ကို ယွဲ့လင်း ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။
“ဒီလိုဆိုရင်လည်း နယ်နှင်ဒဏ်ပေးမယ့် ကိစ္စကို ခေတ္တဆိုင်းငံ့ထားကြတာပေါ့၊ သခင်မချန်ကို သေသေချာချာ ဆေးကုသပေးနိုင်ဖို့အတွက် ကျန်း သမားတော်တွေ စေလွှတ်ပေးပါမယ်”
ချန်ကျင်းမင် အံ့အားသင့် ပျော်ရွှင်သွားသည်။
“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး၊ ဒီငယ်သားရဲ့ ကြင်ယာတော်သာ ကျန်းမာရေးပြန်ကောင်းလာနိုင်မယ်ဆိုရင် ဒီငယ်သား ချက်ချင်းသေပေးရမယ်ဆိုရင်တောင် သေဝံ့ပါတယ်”
ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားသည်။ သူ့ပဏာမဇနီးကို ချန်ကျင်းမင် ကြံစည်နေခဲ့မှန်းသိသာသည်။ သို့သော် ယခုတော့ ထိုပဏာမဇနီး ဝမ့်မိသားစုဝင်တစ်ဦး ဖြစ်နေသည်ဟူသောအချက်က သူ ဒီမှာ ဆက်နေနိုင်မည့် တစ်ခုတည်းသော အကြောင်းအရင်းဖြစ်လာခဲ့သည်။
ကျန်းကျီမြောင် စဉ်းစားမိပါသည်။ ချန်ကျင်းမင်၏ အကြံ အစည်များက ရှုပ်ထွေးလှသည်။ ဝမ့်ဝမ်ရုန်သာ တန့်ရွှေ့လန်လို ချန်ကျင်းမင်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးနေမလားဆိုတာ မသိနိုင်သေးပါ။ ဒီလိုသာဆို အခက်တွေ့နိုင်ပါသည်။
သူမက ချန်ရှုယိ၏မိခင်ဖြစ်သည်။ ချန်ရှုယိကို ကျန်းကျီမြောင် ညီအစ်မလိုသဘောထားသဖြင့် သူ့ မိခင်အား အသက်မဆုံးရှုံးစေချင်သည်မှာ သေချာသည်။
ဒီနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေအကုန်လုံးသတင်းပြန့်နှံ့သွားမှာ သေချာပါသည်။ ချန်ရှုယိလည်း အနှေးနဲ့အမြန် ကြားသွားလိမ့်မည်။
ကျန်းကျီမြောင် သက်ပြင်းချမိပါသည်။ အကြောင်းစုံသိလိုက်ရလျှင် ချန်ရှုယိ ဘယ်လိုတွေးမလဲ သူမ မခန့်မှန်းတတ်ပါ။ ဘာဆက်လုပ်ရမလဲ မဆုံးဖြတ်ခင် ချန်ရှုယိနှင့် အရင်တိုင်ပင်လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။
“အခုချိန်ကစပြီး ချန်ကျင်းမင်ရဲ့ ရာထူးအာဏာတွေကို ရုတ်သိမ်းလိုက်ပြီ၊ နန်းတော်အတွင်း ပြန်လည်အမှုထမ်းခွင့် မရှိတော့ဘဲ တစ်သက်လုံး အရပ်သားအဖြစ်သာ နေထိုင်သွားစေ”
ယွဲ့လင်း အမိန့်ထုတ်ပြန်လိုက်သည်။
“အရှင်မင်းကြီးရဲ့ အမိန့်တော်ကို… ဒီငယ်သား နာခံပါ့မယ်”
ချန်ကျင်းမင် ဂါဝရပြုကာ အမိန့်နာခံလိုက်ပါသည်။
ထို့နောက် မို့ရွှယ်ယင်းကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။ ရှစ်ယိုချန်းကလည်း မျှော်လင့်တကြီးကြည့်လိုက်ပါသည်။ ချန်ကျင်းမင် ရာထူးမှ နှုတ်ထွက်လိုက်ရုံနဲ့ ရှစ်ယိုချန်း ကျေနပ်နိုင်မှာ မဟုတ်ပါ။ မို့ရွှယ်ယင်းလည်း ပြစ်ဒဏ်တစ်ခုခု ခံရသင့်သည်။
“ရှစ်ယိုချန်းနဲ့ မို့ရွှယ်ယင်းတို့ ချက်ချင်းကွာရှင်းပြတ်စဲစေ၊ မို့ရွှယ်ယင်း ဇာတိမြေကို တစ်ကိုယ်တည်းပြန်စေ"
ယွဲ့လင်း အမိန့်ထုတ်ပြန်လိုက်သည်။
ဇာတိမြေကို ပြန်ရရုံပဲလား…
ရှစ်ယိုချန်း မကျေမနပ်ဖြစ်သွားခဲ့သည်။
“အရှင်မင်းကြီး! ဒီလို အရှက်မရှိတဲ့ မိန်းမကို…”
ရှစ်ယိုချန်းကို ကြည့်ကာ မို့ရွှယ်ယင်း စကားဖြတ်ပြောလိုက်ပါသည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့! ဒီငယ်သားကို သူနဲ့ စကားအနည်းငယ် ပြောဆိုခွင့်ပြောပါ”
ရှစ်ယိုချန်း ဒေါသတကြီးငေါက်လိုက်သည်။
“နင့်လို မိန်းမပျက်မျိုးနဲ့ ဘယ်သူမှ စကားမပြောချင်ဘူး!”
“ကောင်းပြီ”
ယွဲ့လင်း ခွင့်ပြုပေးလိုက်ပါသည်။ သူ့အတွက် မို့ရွှယ်ယင်းကို ဘယ်လိုအပြစ်ပဲ ပေးရပေးရကိစ္စမရှိပါ။ သို့သော် မြောင် မြောင်က သူမအား အနည်းငယ်ကရုဏာသက်နေပုံရသည်။ ထို့ကြောင့် မို့ရွှယ်ယင်းကို ယွဲ့လင်းအခွင့်အရေး ပေးလိုက်ရခြင်းဖြစ်သည်။
မို့ရွှယ်ယင်း မတ်တပ်ရပ်လိုက်ပြီး ရှစ်ယိုချန်းကို လူရှင်းသည့်နေရာတစ်နေရာသို့ ဆွဲခေါ်သွားလိုက်ပါသည်။
“တန့်ရွှေ့လန်နဲ့ ရန်ဖြစ်တုန်းက ဒေါသကြောင့် မဟုတ်တမ်းတရားတွေ ပြောခဲ့မိတာ..တကယ်တော့ လဲ့အာလေးက နင့်သားအရင်းပဲ”
ရှစ်ယိုချန်း ကြက်သေသေသွားခဲ့သည်။ သူ့မျက်လုံးထဲ မျှော်လင့်ချက် အရိပ်အယောင်တချို့ပေါ်လာခဲ့သော်လည်း ချက်ချင်းဆိုသလို မယုံသင်္ကာဖြစ်သွားခဲ့သည်။
“နင် ဘယ်လို သက်သေပြနိုင်လို့လဲ”
“နင့်မျက်နှာက အကျည်းတန်တယ်၊ လဲ့အာလေးကချော မောတယ်၊ အဲ့တာကြောင့် နင်သံသယဖြစ်နေတာ မမှားပါဘူး” မို့ရွှယ်ယင်း ပြောလိုက်သည်။
ရှစ်ယိုချန်း အံကြိတ်လိုက်ပြီး မို့ရွှယ်ယင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။
အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ!
မို့ရွှယ်လင်း ဆက်ရှင်းပြလိုက်သည်။
“လဲ့အာလေးရဲ့ ရုပ်ရည်က နင်နဲ့တူတာ မဟုတ်ဘူး၊ နင့်အမေနဲ့ တူတာ၊ နင့်အမေ ငယ်ငယ်တုန်းကလည်း ရုပ်ရည်ပြေပြစ်ချောမောခဲ့တာ မဟုတ်လား ? လဲ့အာလေးကို သူအရမ်းချစ်ရတဲ့ အကြောင်းအရင်းက သူငယ်ငယ်တုန်းကပုံစံနဲ့ တူနေလို့ပဲ၊ အဲ့တာကြောင့် လဲ့အာက နင့်သားအရင်းဆိုတာ သေချာတယ်”
ရှစ်ယိုချန်း အံကြိတ်ကာပြောလိုက်သည်။
“အဲ့တာ ခိုင်လုံတဲ့ သက်သေမှမဟုတ်တာ”
မို့ရွှယ်ယင်း ဂရုမစိုက်စွာ ပြန်ပြောလိုက်ပါသည်။
“နင့်ဖာသာနင် ယုံချင်ယုံ မယုံချင်နေလေ၊ ဒါပေမယ့် ငါသတိတော့ ပေးထားမယ်နော်၊ အဲ့ဒီကိုယ်လုပ်တော်နဲ့ နင်သောင်းကျန်းတာ လွန်လွန်ကျူးကျူးဖြစ်သွားတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက နင့်ကို သမားတော်တစ်ယောက် လာစစ်ဆေးသွားတယ် မဟုတ်လား ? ဒီဘဝမှာ နင်မျိုးဆက်ထပ်ရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ အဲ့ဒီသမားတော်ငါ့ကို တိတ်တဆိတ်ပြောသွားတယ်”
ရှစ်ယိုချန်း: “????”