- ကျင့်ကြံခြင်း၏ ခံစားချက်
Vol. 2 Ch. 14
မျက်စိတစ်မှိတ်အတွင်း ဆံပင်ဖြူနှင့် လူကြီးက ညာဘက်ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး အတွင်းအားကို ထုတ်လွှတ်ကာ လီစီဖုန်း၏ လက်ကောက်ဝတ်မှ အတင်းအဓမ္မ ရုန်းထွက်လိုက်သည်။ ခန္ဓာကိုယ် နောက်သို့ လဲကျသွားသော်လည်း လီစီဖုန်း၏ ဓားတို သူ့ရင်ဘတ်ကို ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လာသည်။
ဆံပင်ဖြူနှင့်လူကြီး တုရွှမ်ဖုန်း ဟန်ချက်ပြန်မထိန်းနိုင်မီ ၁၀ လှမ်းကျော် နောက်ဆုတ်လိုက်ရသည်။ သူ ငုံ့ကြည့်လိုက်ပြီး ရင်ဘတ်ကို ညာလက်ဖြင့် ထိကြည့်ရာ ဒဏ်ရာ မနက်ကြောင်း တွေ့လိုက်ရသဖြင့် ချက်ချင်း သက်ပြင်းချလိုက်မိသည်။
ညာလက်ကို ပြန်ကြည့်လိုက်ရာ အင်္ကျီလက်စ ပြဲသွားပြီး လက်ကောက်ဝတ်တွင် သွေးစို့နေသော အရာ သုံးခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသည်က သူ့ကို ကြောက်ရွံ့မှု ကျန်ရစ်စေပြီး လီစီဖုန်းကို ကြည့်သော အကြည့်မှာ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
အဲဒီကောင်လေးမှာ မယုံနိုင်လောက်အောင် ခွန်အားတွေ ရှိတယ်...
ပြီးတော့ လှုပ်ရှားတာ အရမ်းမြန်တယ်...
ကျန်းနျန် မှင်သက်သွားသည်။သူ့မျက်နှာတွင် ဖုန်များ ပေကျံနေသော်လည်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူ ဘာမြင်လိုက်ရတာလဲ...
သူ့စိတ်ထဲတွင် ကျွမ်းကျင်သော သိုင်းသမားတစ်ယောက် ဖြစ်သည့် အဘိုးတုက သူ့နှင့် ရွယ်တူ ကောင်လေး တစ်ယောက်၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့သည်။
ခုနက သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လီစီဖုန်း ခြုံခိုတိုက်ခိုက်ခြင်း မဟုတ်။ အဘိုးတုက အရင် စတင် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း လီစီဖုန်းက ပိုမြန်နေခြင်း ဖြစ်သည်။
တုရွှမ်ဖုန်းဟုခေါ်သော ဆံပင်ဖြူနှင့် လူကြီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး လီစီဖုန်းကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်ယေ "အထင်ကြီးစရာ စွမ်းရည်ပဲ... မင်းနာမည် ဘယ်သူလဲ..."
လီစီဖုန်းက အံကြိတ်ပြီး "တောင်အောက် မြန်မြန်ဆင်းသွား... မဟုတ်ရင် ခင်ဗျားကို သတ်ပစ်မယ်..."
သူသည် ကျန်းကျောက်ရှား၏ တိုက်ခိုက်ပုံကို သဘောကျသော်လည်း သူ့အလှည့် ရောက်သောအခါ အလွန် စိတ်လှုပ်ရှားနေသည်။
ပုံမှန်ဆို သူ ဒီလောက် သွေးဆာနေမည် မဟုတ်သော်လည်း ချင်းရှောင်းဂိုဏ်းနှင့် ပတ်သက်လာလျှင် လူသတ်လိုစိတ်ကို မထိန်းချုပ်နိုင်ပေ။
ကျန်းကျောက်ရှားက ချင်းရှောင်းဂိုဏ်း၏ အသန်မာဆုံးလူ ဖြစ်သည်။ အကယ်၍ သူသာ ထွက်ခွာသွားပါက ခုနစ်စဉ်တောင်ထိပ်မဟာမိတ်နှင့် ချင်းဂိုဏ်းတို့က ချင်းရှောင်းဂိုဏ်းကို အကြီးအကျယ် ကျူးကျော်လာကြလိမ့်မည်။ ထိုအခါ အားလုံး ပြီးသွားပေလိမ့်မည်။
လီစီဖုန်း၏ စကားကို ကြားသောအခါ တုရွှမ်ဖုန်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။ သူ့မျက်လုံးထဲတွင် လူသတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားကာ အေးစက်သည့် ရယ်သံဖြင့်ရယ်မောလိုက်သည်။ သူ အတွင်းအား စတင် လှည့်ပတ်လိုက်ရာ ဝတ်ရုံများနှင့် ဆံပင်များ လွင့်ပျံလာပြီး အရှိန်အဝါကလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
"ငါ သိုင်းလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ... မင်းပြောတဲ့ စကားမျိုးကို မရေမတွက်နိုင်အောင် ကြားဖူးတယ်... ဘယ်သူမှ တကယ် မလုပ်နိုင်ခဲ့ဘူး..."
တုရွှမ်ဖုန်း သူ့ကိုယ်သူ "ငါ" ဟု သုံးနှုန်းလာပြီး ပုံပန်းသဏ္ဍာန်ကလည်း အာဏာရှင်ဆန်လာကာ ယခင်က လူကြီးနှင့် လုံးဝ ကွဲပြားခြားနားသွားသည်။
လီစီဖုန်း ကြောက်လန့်သွားသော်လည်း ခန္ဓာကိုယ်ထဲမှ မူလချီကို စုစည်းလိုက်သည်နှင့် သူရသတ္တိများ သိသိသာသာ တိုးပွားလာပြီး မျက်နှာထား ရက်စက်ကြမ်းကြုတ်သွားသည်။
အကယ်၍ တုရွှမ်ဖုန်းကသာ အိုမင်းပြီး ကြမ်းကြုတ်သော ကျားတစ်ကောင် ဖြစ်လျှင် လီစီဖုန်းကတော့ ပါးနပ်ပြီး ရက်စက်သော တစ်ကောင်တည်းသော ဝံပုလွေ ဖြစ်သည်။ နှစ်ယောက် တိုက်ခိုက်ကြသောအခါ ကျန်းနျန် ကြောက်လန့်လွန်းသဖြင့် နောက်သို့ တရစပ် ဆုတ်သွားရသည်။
"စီဖုန်း... မင်း ဘာလုပ်နေတာလဲ..."
အသံတစ်သံ ထွက်ပေါ်လာသဖြင့် လီစီဖုန်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့ ကျန်းကျောက်ရှားက မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်၏ ထိပ်တွင် ရပ်နေသည်။ ခြေထောက်အောက်ရှိ သေးသွယ်သော သစ်ကိုင်းများက သူ့ကို စုတ်ပြတ်နေသော အဝတ်အစားများကြားမှ လောကနှင့် ကင်းကွာသော ကျက်သရေကို ပေးစွမ်းနေသည်။
ကျန်းကျောက်ရှားက မျက်နှာသေနှင့် လီစီဖုန်းကို မကြည့်ဘဲ တုရွှမ်ဖုန်းကို စိုက်ကြည့်နေသည်။
အကြောင်းအရင်း တစ်ခုခုကြောင့် ကျန်းကျောက်ရှား စိုက်ကြည့်သောအခါ တုရွှမ်ဖုန်း ရှင်းပြရခက်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူ့ကို ခြိမ်းခြောက်နိုင်သူ တစ်ယောက်သာ တွေ့ဖူးသည်။ ထိုသူမှာ တိုင်းပြည်အနှံ့ ကျော်ကြားသော ပြိုင်ဘက်ကင်း ဆရာသခင် တစ်ဦး ဖြစ်သည်။ ယခု ဤလူက အလွန် ငယ်ရွယ်ပုံရသဖြင့် သူ့ကို အံ့အားသင့်စေသည်။
ချင်းရှောင်းဂိုဏ်းမှာ ဘယ်တုန်းက ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက် ရှိသွားတာလဲ...
မယုံနိုင်စရာပဲ...
လီစီဖုန်းက သူ့ကို ခြိမ်းခြောက်မှု ခံစားနေရစေပြီ ဖြစ်သော်လည်း ယခု ရောက်လာသော လူငယ်က သူနှင့် လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရစေသည်။
သူ လှုပ်ရှားလိုက်ပါက ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မည်ဟု ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။
"တတိယဂိုဏ်းတူအစ်ကို... ကျွန်တော်..." လီစီဖုန်း ဖုံးကွယ်၍ မရတော့သဖြင့် ထုတ်ပြောရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
တတိယဂိုဏ်းတူအစ်ကို ဟုတ်လား...
တုရွှမ်ဖုန်းက အံ့သြစွာ မေးလိုက်သည်။ "မင်းက ကျန်းကျောက်ရှား လား..."
"အစ်ကိုကြီး..."
ကျန်းနျန်က အံ့သြစွာ အော်လိုက်သည်။ သူက ကျန်းကျောက်ရှား၏ ပုံရိပ်ကို လေးစားအားကျမိသည်။ သူ့ အစ်ကိုကြီးက သူ စိတ်ကူးထားသည်ထက် ပိုမို ခန့်ညားသည်။
သို့သော် ကျန်းကျောက်ရှားက သူ့ကို ခေါ်သော အာလုပ်စကားကို စိတ်မဝင်စားပေ။ သူက တုရွှမ်ဖုန်းကို စူးစိုက်ကြည့်ပြီး "စီဖုန်း... ငါ မေးနေတယ်လေ... တတိယဂိုဏ်းတူအစ်ကိုရဲ့ စကားက အရာမဝင်ဘူးလား..."
လီစီဖုန်း တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောက်ရွံ့သွားသည်။ ထို့ကြောင့် စောစောက ဖြစ်ပွားခဲ့သော ပဋိပက္ခကို အမြန် ပြန်ပြောပြလိုက်ရသည်။
သွားပြီ...
ငါ့ရဲ့ တတိယဂိုဏ်းတူအစ်ကို ငါ့ကို သေချာပေါက် ရိုက်တော့မယ်...
လီစီဖုန်း စိတ်ထဲ၌ ညည်းညူလိုက်မိသည်။ တတိယဂိုဏ်းတူအစ်ကို၏ ဆွေမျိုးများကို တိုက်ခိုက်ခြင်းက ကိစ္စသေးသေးလေး မဟုတ်ပေ။
နားထောင်ပြီးနောက် ကျန်းကျောက်ရှား၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ သူက အေးစက်စက် နှာမှုတ်လိုက်ပြီး "မင်း လုပ်တာ ကောင်းတယ်... ဒါပေမဲ့ မလုံလောက်ဘူး... မင်း သူတို့ကို တခါတည်းသတ်လိုက်သင့်တာ..."
ထိုစကားကို ကြားသောအခါ တုရွှမ်ဖုန်းနှင့် ကျန်းနျန်တို့သာမက လီစီဖုန်းလည်း အံ့အားသင့်သွားသည်။
"ဒါပေမဲ့ သူတို့က အစ်ကို့ကို လာရှာတာလေ... ပြီးတော့ အဲဒီကလေးက အစ်ကို့ရဲ့ ညီလေး..." လီစီဖုန်းက တံတွေးမြိုချပြီး သတိထား၍ ပြန်ပြောလိုက်သည်။
ကျန်းကျောက်ရှားက မျက်နှာသေဖြင့် "ငါ့မှာ ညီလေး နှစ်ယောက်ပဲ ရှိတယ်... မင်းနဲ့ မန်အာ..."
လီစီဖုန်း တိတ်ဆိတ်သွားပြီး နက်ရှိုင်းစွာ ခံစားလိုက်ရသော်လည်း ရှင်းပြရခက်သော ဝမ်းနည်းမှု တစ်ခုကိုလည်း ခံစားလိုက်ရသည်။ ငယ်ရွယ်သေးသဖြင့် သူ ဘာကြောင့် ဝမ်းနည်းရသည်ကို နားမလည်နိုင်ပေ။
တုရွှမ်ဖုန်းက "ကျန်းကျောက်ရှား... အဲဒီတုန်းက ကိစ္စတွေက မင်း ထင်သလို မဟုတ်ဘူး... မင်းအဖေက ရွေးချယ်စရာ မရှိလို့ ရွှန်းဖုန်းကို မင်းကို တောင်ပေါ် ခေါ်သွားခိုင်းခဲ့တာ..."
ကျန်းကျောက်ရှားက အေးစက်စွာဖြင့် "သူ ဘာတွေးနေလဲ ငါ မသိချင်ဘူး... ငါ မြင်ခဲ့တာနဲ့ ငါ မှတ်မိတာကိုပဲ ယုံတယ်..."
သူ ခါးမှ ဓားကို ဆွဲထုတ်လိုက်ပြီး တုရွှမ်ဖုန်းကို ချိန်ရွယ်ကာ ဆက်ပြောလိုက်သည်။ "ခင်ဗျားကို နောက်ဆုံး အခွင့်အရေး ပေးမယ်..."
တုရွှမ်ဖုန်း၏ မျက်နှာထား ရုပ်ဆိုးသွားပြီး အံကြိတ်ကာ "သခင်လေး... သွားရအောင်..."
ကျန်းနျန် သူ့ဆီသို့ အမြန် လျှောက်သွားပြီး သခင်နှင့် ကျွန်တို့ ရပ်တန့်ခြင်း မရှိဘဲ ထွက်ခွာသွားကြသည်။
ကျန်းကျောက်ရှား ဓားကို ပြန်သိမ်းလိုက်ပြီး လေထဲသို့ ခုန်တက်ကာ လီစီဖုန်း ရှေ့သို့ တင့်တယ်စွာ ဆင်းသက်လိုက်သည်။ သူ ဆင်းသက်လိုက်စဉ် သူ့ပတ်လည်တွင် လေများ ဝန်းရံနေသည်ကို လီစီဖုန်း တွေ့လိုက်ရသည်။
"လေပြင်းသိုင်းကွက် လား..."
လီစီဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ကျန်းကျောက်ရှား လက်ကိုမြှောက်ပြီး သူ့ခေါင်းကို ခေါက်လိုက်ကာ "မင်းရဲ့ စွမ်းရည်က တိမ်လွန်းတယ်... ခန္ဓာကိုယ်လည်း မဖွံ့ဖြိုးသေးဘူး... နောက်တစ်ခါ အားကြီးတဲ့ ရန်သူနဲ့ တွေ့ရင် ချက်ချင်း အသေသတ်တာ အကောင်းဆုံးပဲ... အချိန်ဆွဲမနေနဲ့..."
လီစီဖုန်း ခေါင်းကို ပွတ်ရင်း နားမလည်စွာ မေးလိုက်သည်။ "တတိယဂိုဏ်းတူအစ်ကို... သူတို့ကို တကယ် သတ်စေချင်တာလား..."
တတိယဂိုဏ်းတူအစ်ကိုက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ...
ပထမဆုံးအကြိမ် အနေဖြင့် လီစီဖုန်းက ကျန်းကျောက်ရှားကို လေးစားအားကျသွားပြီး သူ့လို ဖြစ်ချင်သွားသည်။
"ဒါပေါ့..."
ကျန်းကျောက်ရှား လှည့်ထွက်သွားရာ လီစီဖုန်း အမြန် နောက်ကလိုက်သွားခဲ့သည်။
အဝေးမှ တုရွှမ်ဖုန်း ဆွဲခေါ်သွားခြင်း ခံရသော ကျန်းနျန် ပြန်လှည့်ကြည့်လိုက်ရာ ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့က ပို၍ ညီအစ်ကိုနှင့် တူသည်ဟု ခံစားလိုက်ရသည်။ တောက်ပသော နေရောင်ခြည်များ သစ်ပင်များကို ထိုးဖောက် ဝင်ရောက်နေပြီး ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့၏ ပုံရိပ်များ သူ့အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားချေပြီ။
...
ခြံဝန်းထဲတွင် လီချင်းချိုး စာရေးနေပြီး လီတုန်းယွဲ့ သူ့ဘေးတွင် ရပ်ကာ ယပ်ခတ်ပေးနေသည်။ သူမကိုယ်တိုင် ချွေးများ ထွက်နေသော်လည်း မောပန်းသည့် လက္ခဏာ မပြဘဲ သူ့ကို မျက်တောင်မခတ် ကြည့်နေသည်။
ကျန်းကျောက်ရှားနှင့် အခြားတစ်ယောက် ပြန်ရောက်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသော်လည်း လီချင်းချိုး သိပ်အာရုံမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ဟွမ်ယွမ်ကျမ်းစာ ကို ရေးသားရာတွင် အလုပ်ရှုပ်နေသောကြောင့် ဖြစ်သည်။
ကျန်းကျောက်ရှား သူ့ဆီသို့ တည့်တည့် လျှောက်လာပြီး စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
နားထောင်ပြီးနောက် လီချင်းချိုးက လီစီဖုန်းကို မျက်စောင်းခဲပြီး ဆူပူလိုက်သည်။
"တော်လိုက်တာ... မင်း သတ္တိရှိလှချည်လား... အရင်လုပ်ပြီးမှ လာပြောရဲတယ်ပေါ့..."
လီတုန်းယွဲ့လည်း လီစီဖုန်းကို လေးစားမှု အသစ်ဖြင့် ကြည့်လိုက်မိသည်။ သူမ၏ ဂိုဏ်းတူမောင်လေး ဤမျှ ရက်စက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အရင်က သူ ဒီလိုမျိုးမှန်း သူမ မသိခဲ့ပေ။
လီစီဖုန်းက နစ်နာသလိုဟန်ဖြင့်"တတိယဂိုဏ်းတူအစ်ကို သူတို့နဲ့ လိုက်သွားမှာ ကြောက်လို့ပါ..."
ကျန်းကျောက်ရှားက နှာမှုတ်လိုက်ပြီး "အဲဒီတုန်းက ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာ မဟုတ်ဘူး... ငါ့အဖေက အာဏာရှိတဲ့သူရဲ့ သမီးကို လက်ထပ်ဖို့ ငါ့အမေကို သေအောင် ဖိအားပေးခဲ့တယ်... ပြီးတော့ ငါ့ကို စွန့်ပစ်ချင်ခဲ့တာ... ဆရာသာ အချိန်မီ ပေါ်မလာရင် ငါ သူ့တပည့်တွေရဲ့ လက်ချက်နဲ့ သေလောက်ပြီ... ငါ ဘယ်တော့မှ ပြန်သွားမှာ မဟုတ်ဘူး... ဂိုဏ်းချုပ်... စိတ်မပူပါနဲ့... ကျွန်တော် ဂိုဏ်းချုပ်ကို အမြဲ ကူညီပါ့မယ်..."
ကျန်းမိသားစုသည်လည်း သိုင်းပညာ လေ့ကျင့်သော မိသားစု ဖြစ်သော်လည်း သိုင်းလောကရှိ အခြားဂိုဏ်းများကဲ့သို့ပင် သူတို့၏ နာမည်ကို ရှင်းလင်းလိုကြသည်။
လင်ရွှန်းဖုန်းက ကျန်းကျောက်ရှားကို တောင်ပေါ်သို့ စတင် ခေါ်ဆောင်လာစဉ်က ဤအကြောင်းကို သူငယ်ချင်း ဖြစ်သူနှင့် ပြောဆိုနေသည်ကို လီချင်းချိုး ကြားခဲ့ရဖူးရာ ကျန်းကျောက်ရှား ပြောသကဲ့သို့ အမှန်ပင် ဖြစ်သည်။
လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး လီစီဖုန်းကို ထပ်မံ မျက်စောင်းခဲကာ "မှတ်ထား... ကိစ္စတိုင်းအတွက် ငါ့ကို အရင်မေးရမယ်... ဘာဖြစ်ဖြစ်... ငါက မင်းရဲ့ ဂိုဏ်းတူအစ်ကို သက်သက် မဟုတ်ဘဲ ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆိုတာ မင်း သိရမယ်..."
လီစီဖုန်းက သူ့ကံတရားရဲ့ လက္ခဏာတွေကို ပြသနေပြီ... အနာဂတ်မှာ သတိထားဖို့ လိုတယ်...
လီစီဖုန်း သစ္စာဖောက်မည်ကို လီချင်းချိုး မကြောက်ပေ။ လီစီဖုန်း၏ သစ္စာရှိမှုက မေးခွန်းထုတ်စရာ မလို။ သူ ကြောက်သည်မှာ လီစီဖုန်း၏ စေတနာက အကျိုးဆက် ဆိုးရွားပြီး သူ့ကို ပြဿနာ တက်စေမည်ကိုပင်။
သူက ဝိညာဉ်လမ်းစဉ် ကျင့်ကြံရုံသာမက ဂိုဏ်းတူ မောင်နှမများကိုပါ အတူတကွ ကျင့်ကြံစေပြီး မည်သူ့ကိုမျှ နောက်ကျ မကျန်ရစ်စေလိုပေ။
ဤဂိုဏ်းတူ မောင်နှမ တစ်ယောက်ချင်းစီကို သူ ပြုစုပျိုးထောင်ခဲ့သည်။ သူတို့၏ အနှီးများကို လဲပေးခဲ့ပြီး အိပ်ပျော်အောင် ချော့သိပ်ခဲ့သည်။ သူ့ရင်ထဲတွင် သူတို့အားလုံးက မိသားစု ဖြစ်နေပြီ။
"နားလည်ပါပြီ..." လီစီဖုန်းက တီးတိုး ပြောလိုက်သည်။ ဂိုဏ်းတူ အစ်ကို၊ အစ်မများကို ရင်ဆိုင်ရသောအခါ သူသည် လိမ္မာသော ကြောင်ပေါက်လေးကဲ့သို့ ပြုမူပြီး လုံးဝ အန္တရာယ်ကင်းပုံ ပေါက်နေသည်။
"သွား ဆော့ချေ..."
လီချင်းချိုးက လက်ကာပြပြီး ပြောလိုက်သည်။ လီစီဖုန်းကို ကြည့်ရုံဖြင့် ဒေါသထွက်လာပြီး မထိန်းနိုင်ဘဲ ထရိုက်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
လီစီဖုန်းကလည်း ဂိုဏ်းတူအစ်ကို အမှန်တကယ် ဒေါသထွက်နေကြောင်း အာရုံခံမိသဖြင့် ချက်ချင်း လှည့်ပြေးတော့သည်။
ကျန်းကျောက်ရှားက လီချင်းချိုးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ "ဂိုဏ်းချုပ်... ကျန်းမိသားစုက ကျွန်တော်တို့ တံခါးဝကို လာခေါက်နေပြီ... သူတို့က ကျွန်တော့်ကိုတင် မကဘဲ ချင်းရှောင်းဂိုဏ်းကိုပါ လိုချင်နေတာလို့ ထင်တယ်..."
ချင်းရှောင်းဂိုဏ်းက သေးငယ်သော်လည်း ပိုင်နက်နယ်မြေ ကြီးမားလွန်းသဖြင့် အခြားသူများ မက်မောရန် လွယ်ကူသည်။
"အေး... ငါ ဘာလုပ်ရမလဲ သိပါတယ်... ဘာပဲလာလာ ငါ ဖြေရှင်းလိုက်မယ်..."
လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "မနက်ဖြန်ကျရင် ဟွမ်ရှန် နဲ့ ယွီလင်ကို ခေါ်ပြီး အဝတ်အစားဝယ်ဖို့ နီးစပ်ရာ မြို့ကို ဆင်းသွားလိုက်... ပြီးတော့ တောင်ပေါ်ကို အပ်ချုပ်သမား တစ်ယောက် ငှားလာခဲ့... ငါ ချင်းရှောင်းဂိုဏ်းအတွက် ဝတ်ရုံတွေ ချုပ်ဖို့ စီစဉ်ထားတယ်... ပိုက်ဆံ မနှမြောနဲ့..."
ချင်းရှောင်းဂိုဏ်းရှိ လူတိုင်းက အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားကြပြီး ဂိုဏ်းသားများထက် လယ်သမားများနှင့် ပိုတူနေသည်။
ကျန်းကျောက်ရှား ခေါင်းညိတ်ပြီး "ပိုက်ဆံရှာဖို့ တခြားနည်းလမ်း ရှိမရှိ ကြည့်လိုက်ပါ့မယ်..."
"အဲဒီကောင်လေး နှစ်ယောက်ကို သေချာ ဂရုစိုက်နော်... သူတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းလို့ ရပေမဲ့ ခြေလက်အင်္ဂါ မစုံမလင် ဖြစ်လို့ မရဘူး..." ဟု လီချင်းချိုးက မှာကြားလိုက်သည်။
ဟွမ်ရှန်နှင့် ယွီလင်တို့က ဒုတိယမျိုးဆက် တပည့်များအနက် အကြီးဆုံး နှစ်ယောက် ဖြစ်သည်။ လီချင်းချိုး သူတို့၏ အနာဂတ်ကို တန်ဖိုးထားသဖြင့် စောစီးစွာ စတင် လေ့ကျင့်စေချင်ခြင်း ဖြစ်သည်။
"ကျွန်တော် ဘာလုပ်ရမလဲ သိပါတယ်..."
ကျန်းကျောက်ရှား ပြောပြီးနောက် လှည့်ထွက်သွားသည်။
လီချင်းချိုးက လီတုန်းယွဲ့ဘက် လှည့်ပြီး "မင်း ခဏလောက် နားသင့်တယ်... ငါ သိပ်မပူပါဘူး..."
"ကျွန်မ မပင်ပန်းပါဘူး ဂိုဏ်းချုပ်... ဂိုဏ်းဝတ်ရုံတွေ အကုန်လုံးက အတူတူပဲလား... ကျား၊ မ ဝတ်ရုံ ကွာခြားချက် ရှိလား..."
စကားပြောနေစဉ် ချွေးသီးကြီးများ သူမ၏ ပါးပြင်ပေါ်မှ စီးကျလာပြီး ဆံပင်များ မျက်နှာတွင် ကပ်နေသည်။
လီချင်းချိုး သူမကို ဘာမှမတတ်နိုင်သဖြင့် ဆက်လုပ်ခွင့် ပြုထားလိုက်ရသည်။ "ကွာခြားချက်တွေ ရှိမှာပါ... ဒါပေမဲ့ ယေဘုယျ ပြောရရင် ဂိုဏ်းတစ်ခုတည်းက လာတယ်ဆိုတာ သိသာအောင် လုပ်ရမယ်..."
"သိပ်ကောင်းတာပဲ ဂိုဏ်းချုပ်... မနက်ဖြန် ဒုတိယဂိုဏ်းတူအစ်ကိုက မျိုးစေ့တွေလဲဖို့ ရွာကို ခေါ်သွားဖို့ စီစဉ်ထားတယ်... ကျွန်မ စီကျင် နဲ့ နင်အာကို ခေါ်သွားချင်တယ်... ရမလား..."
"ဒါပေါ့... အလုပ်လုပ်စရာ ရှိရင် ယွီချွန်း ကို လုပ်ခိုင်းလိုက်... မင်းက ပစ္စည်းကူသယ်ပေးရုံပဲ လုပ်..."
"ဟုတ်ကဲ့... သဘောပေါက်ပါပြီ..."
နေရောင်ခြည် ဖြာကျနေစဉ် သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး စကားပြောနေကြပြီး သူတို့၏ အရိပ်များ ရှည်လျားစွာ ကျရောက်နေသည်။
နေဝင်၍ လထွက်လာသည်နှင့်အမျှ နေ့နှင့်ည ပြောင်းလဲကာ နေ့သစ် တစ်နေ့ စတင်ပြန်ပြီ။
ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ အသင်းတစ်သင်းစီ ဦးဆောင်၍ တောင်အောက် ဆင်းသွားကြသောအခါ ချင်းရှောင်းဂိုဏ်းတခုလုံး များစွာ တိတ်ဆိတ်သွားသည်။
လီချင်းချိုး မြေအောက် စိတ်ဝိညာဉ်ရေအိုင်သို့ မသွားဘဲ မမျှော်လင့်ထားသော ဖြစ်ရပ်များကို ကာကွယ်ရန် ချင်းရှောင်းဂိုဏ်းတွင် နေရစ်ခဲ့သည်။
မွန်းတည့်ချိန်တွင် ထမင်းစားပြီးနောက် တောင်တံခါးဝသို့ တစ်ယောက်တည်း သွားရောက်၍ တရားထိုင်ကာ ကျင့်ကြံရင်း ကျန်းယွီချွန်းနှင့် အခြားသူများ ပြန်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
လေပြည်လေညင်း တိုက်ခတ်လာပြီး သူ့ ဆံပင်များကို ကစားနေသည်။ လီချင်းချိုး၏ စိတ်နှလုံး တည်ငြိမ်သွားပြီး ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်း၏ ခံစားချက်ကို တွေ့ရှိသွား၏။
အေးချမ်းသည်၊ လွတ်လပ်သည်၊ ပူပင်သောက ကင်းသည်။