← Chapters

သိုင်းလောက၏ ဒဏ္ဍာရီ

Vol. 2 Ch. 17

သိုင်းလောက၏ ဒဏ္ဍာရီ

Vol. 2 Ch. 17

နေရောင်ခြည်အောက်တွင် နိမ့်မြင့်တက်ကျ တောင်ကုန်းများ ရွှေညိုရောင် သမ်းနေသည်။

တောင်တန်း နှစ်ခုကြားတွင် မြစ်ကြီးတစ်စင်း စီးဆင်းနေပြီး မြစ်ဘေးတွင် အဝေးပြေး လမ်းမကြီး တစ်ခု ရှိသည်။ ယခုအချိန်တွင် သိုင်းပညာရှင် ရာပေါင်းများစွာ သန်မာသော မြင်းများကို စီးနင်း၍ ဒုန်းစိုင်း မောင်းနှင်နေကြရာ လမ်းတစ်လျှောက် ဖုန်လုံးများ ထနေသည်။ သိုင်းသမား အချို့၏ ကျောပေါ်တွင် "ခုနစ်စဉ်တောင်" ဟူသော စာလုံးကြီးများ ထင်ရှားစွာ ရေးထိုးထားသည့် အလံကြီးများကို သယ်ဆောင်ထားကြသဖြင့် စစ်သည် တစ်ထောင်၏ ကြီးမားသော အရှိန်အဝါကို ပေးစွမ်းနေသည်။

သူတို့အာူလုံး တူညီသော အပြာရောင် သိုင်းဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ညာဘက် ပခုံးမှ တွဲကျနေသော လက်စများက မီးတောက်များကဲ့သို့ တလွင့်လွင့် ဖြစ်နေပြီး ဘယ်ဘက် ပခုံးတွင် ကျားခေါင်းပုံသဏ္ဍာန် ကြေးဝါ ပခုံးကာကို တပ်ဆင်ထားသည်။ သူတို့ တစ်ယောက်ချင်းစီတွင် အေးစက်သော မျက်နှာထားရှိကြပြီး လူသတ်လိုသော အရှိန်အဝါကို ထိန်းချုပ်၍ မရနိုင်ပေ။ ထိုအဖွဲ့က တောင်တန်းများကို ဖြတ်ကျော်၍ အပြာရောင် နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားနေပြီး မည်သည့်အရာကမျှ တားဆီး၍ မရနိုင်ပေ။

ရှေ့ဆုံးမှ လူငယ်သည် သူ့ဘေးရှိ လူလတ်ပိုင်းကို လှည့်ကြည့်ပြီး "ဆရာ... ကျွန်တော်တို့က မလိုဘဲ ပုံကြီးချဲ့နေတာ မဟုတ်ဘူးလား... လူတွေ ဒီလောက် အများကြီး လွှတ်လိုက်တာ... လင်ရွှန်းဖုန်း သိုင်းလောကကနေ အနားမယူရင်တောင် ကျွန်တော်တို့ သူ့ကို နှိမ်နင်းနိုင်မှာပါ..."

လူလတ်ပိုင်း၏ အမည်မှာ ယွဲ့ကျန်ချွမ်း ဖြစ်ပြီး ခုနစ်စဉ်တောင်ထိပ်မဟာမိတ် အဖွဲ့၏ ခေါင်းဆောင် ခုနစ်ဦးအနက် တစ်ဦး ဖြစ်သည်။ သူသည် သိုင်းပညာ အလွန် ကျွမ်းကျင်ပြီး သိုင်းလောကတွင် ဂုဏ်သတင်းကြီးသူ ဖြစ်သည်။

တပည့်၏ မေးခွန်းကို ရင်ဆိုင်ရသော်လည်း ယွဲ့ကျန်ချွမ်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ "မော့ကျိုကျောင် ထွက်သွားတာ ဒီလောက် ကြာနေပြီ ပြန်မရောက်လာသေးဘူး... တစ်ခုခု ဖြစ်လို့ နေမှာ... မော့ကျိုကျောင် က သိပ်ပြီး မစွမ်းဆောင်နိုင်ပေမဲ့ ချင်းရှောင်းဂိုဏ်းက သူ့ကို ဖမ်းရဲတယ် ဆိုတာက သူတို့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ် ဆိုတာ ပြနေတယ်... ကမ္ဘာကြီးက အမြဲ ပြောင်းလဲနေပြီး သိုင်းလောကမှာ ရေအောက်စီးကြောင်းတွေ ရှိတယ်... ငါတို့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် အနေနဲ့ ပေါ့ဆလို့ မရဘူး... တစ်ခါတလေကျရင် လုံးဝ ပျက်စီးခြင်းက သေးငယ်တဲ့ ရှုံးနိမ့်မှုကနေ စတတ်တယ်..."

ထိုစကားကို ကြားသောအခါ လူငယ် ခေါင်းညိတ်လိုက်သည်။ သူ သဘောမတူသော်လည်း ဆရာကို မလွန်ဆန်ရဲပေ။

"ဒါနဲ့ ဆရာ... လင်ရွှန်းဖုန်းက ထိုက်ခုန်းတောင်တန်း တစ်ခုလုံးကို လွှမ်းမိုးထားနိုင်လောက်အောင် ဘယ်လောက် စွမ်းအားကြီးလို့လဲ... သူတို့ နယ်မြေက ကျွန်တော်တို့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် လောက်နီးပါး ကြီးတယ်..." လူငယ်က ထပ်မေးလိုက်ရာ နောက်မှ အခြား ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များလည်း ယွဲ့ကျန်ချွမ်းကို ကြည့်လိုက်ကြသည်။

"ချင်းရှောင်းဂိုဏ်းက ထိုက်ခုန်းတောင်ကို သိမ်းပိုက်နိုင်ခဲ့တာ လင်ရွှန်းဖုန်းရဲ့ ဆရာ... ချင်းရှောင်းဂိုဏ်း တည်ထောင်သူကြောင့်ပဲ... အဲဒီလူက အဲဒီတုန်းက သိုင်းလောက တစ်ခုလုံးမှာ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ... ကံမကောင်းစွာနဲ့ နောက်ဆုံးမှာ သူ ရူးသွပ်သွားပြီး ခြေရာလက်ရာ မကျန် ပျောက်သွားခဲ့တယ်... လင်ရွှန်းဖုန်းက သူ့စွမ်းအားရဲ့ ဆယ်ပုံသုံးပုံလောက်ပဲ ရခဲ့တာ... အဲဒါက ချင်းရှောင်းဂိုဏ်းကို ကာကွယ်ဖို့ လုံလောက်ခဲ့တယ်... အဲဒီတုန်းက ငါတို့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ခေါင်းဆောင် သုံးယောက် ပေါင်းတာတောင် သူ့ကို မနိုင်ခဲ့ဘူး..."

ယွဲ့ကျန်ချွမ်း ဤအကြောင်းအရာများကို ပြောသောအခါ လေသံအတက်အကျ မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

လူငယ်က သိလိုစိတ်ဖြင့် "အဲဒီတုန်းက ဆရာ ဝင်ပါခဲ့သေးလား..."

"လင်ရွှန်းဖုန်း နဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးတာက ငါ့ဘဝရဲ့ အကြီးမားဆုံး နောင်တတွေထဲက တစ်ခုပဲ... ဒီတစ်ခါ သူ့ကို တွေ့ရဖို့မျှော်လင့်တယ်..."

ပြောပြီးနောက် ယွဲ့ကျန်ချွမ်းက မြင်းကို နှင်တံဖြင့် ရိုက်လိုက်ရာ သန်မာသော မြင်းက ဟီသံပြုပြီး အရှိန်မြှင့်လိုက်သည်။ အခြား ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များလည်း ထိုနည်းတူ လိုက်လုပ်ကာ အရှိန်မြှင့်လိုက်ကြသည်။

...

မွန်းတည့်ချိန် တောက်ပသော နေရောင်အောက်တွင် တပည့်များခြံဝန်းထဲ၌ စုဝေးနေကြပြီး သူတို့၏ မျက်လုံးများက ကျန်းယွီချွန်းအပေါ် ရောက်နေသည်။

ယခုအချိန်တွင် ကျန်းယွီချွန်း အသစ်စက်စက် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံပုံစံကလက်ဝကျယ်ပြီး ခါးကျပ်သော အပြာရောင် ဝတ်ရုံ ဖြစ်သည်။ သိပ်ပြီး လက်ရာမြောက်ခြင်း သို့မဟုတ် ဇိမ်ကျခြင်း မရှိသော်လည်း ဝတ်ဆင်လိုက်သောအခါ ဖြောင့်မတ်ပြီး အလွန် တက်ကြွပုံ ပေါက်နေသည်။

ချင်းရှောင်းဂိုဏ်း တပည့်များအတွက်မူ ပုံမှန်အားဖြင့် ဖာထေးရာများ ပြည့်နေသော အဝတ်ဟောင်းများကို ဝတ်ဆင်နေရသည်ကို ထည့်တွက်လိုက်လျှင် ဤဝတ်ရုံက အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

ကျန်းယွီချွန်းက လက်စကို ခါလိုက်ပြီး လီချင်းချိုးကို ကြည့်ကာ"ဂိုဏ်းချုပ်... ဒီလက်စတွေက မကျယ်လွန်းဘူးလား... တိုက်ခိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်..."

"ကြည့်ကောင်းတယ်လို့ ငါ ထင်တယ်... ဒါ့အပြင် ငါတို့ ချင်းရှောင်းဂိုဏ်းက တိုက်ခိုက်ရတာ ကြိုက်တဲ့ ဂိုဏ်း မဟုတ်ဘူး... ဒါက ကနဦး ဒီဇိုင်းပဲ ရှိသေးတယ်... အနာဂတ်မှာ ပိုကြည့်ကောင်းအောင် ဂိုဏ်းဝတ်ရုံတွေကို ဆက်ပြီး မွမ်းမံသွားမှာ..."

သူသည် ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါကို ပိုင်ဆိုင်ရန် အလှမ်းဝေးနေသေးသော်လည်း သာမန် သိုင်းသမားများနှင့် ကွဲပြားနေသည်မှာ ထင်ရှားပြီး ထိုအချက်က လုံလောက်နေပြီ။ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်နိုင်သည်။

လီချင်းချိုး ကျေနပ်သည်ကို မြင်သောအခါ ဘေးတွင် ရပ်နေသော အပ်ချုပ်သမား သက်ပြင်းချလိုက်မိသည်။ ဤအလုပ်၏ ဝန်ထုပ်ဝန်ပိုးက အနည်းငယ် လေးလံသဖြင့် သူ လက်ခံမိသည်ကို နောင်တရနေပြီ ဖြစ်သည်။

ထို့နောက် လီချင်းချိုးက ရန်ကျွယ်တိန်နှင့် တောင်ခြေ ရွာမှ တပည့် ခုနစ်ယောက်ကို ခေါ်ပြီး တောင်နောက်ဘက် သစ်တောထဲသို့ အတူတူ ဝင်သွားကြသည်။

ဟွမ်ရှန်၊ ယွီလင် နှင့် အခြား ခြောက်ယောက် ဘေးချင်းယှဉ် ရပ်ကာ လီချင်းချိုး၏ ညွှန်ကြားချက်က ဘာဖြစ်မလဲဟု သိလိုစိတ်ဖြင့် ကြည့်နေကြသည်။

လီချင်းချိုးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး"ငါ ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် တာဝန်ယူပြီးနောက် ငါတို့ လမ်းကြောင်းသစ် တစ်ခုကို လျှောက်လှမ်းကြမယ်... ဂိုဏ်းနာမည် အဟောင်းကို ဆက်သုံးနေပေမဲ့ တကယ်တမ်းကျ ငါတို့က လုံးဝ ဂိုဏ်းအသစ် ဖြစ်သွားပြီ... သိုင်းပညာပဲ ဖြစ်ဖြစ် စည်းမျဉ်းတွေပဲ ဖြစ်ဖြစ် လုံးဝ ကွဲပြားခြားနားသွားမယ်... မင်းတို့က ချင်းရှောင်းဂိုဏ်းသစ်က စုဆောင်းတဲ့ ပထမဆုံး တပည့်အသုတ်ပဲ... အနာဂတ်မှာ တပည့်အရေအတွက် များလာတာနဲ့အမျှ မင်းတို့ တာဝန်တွေ ပိုယူရလိမ့်မယ်..."

တပည့် ခုနစ်ယောက်စလုံး လေးနက်သွားကြပြီး မတ်မတ် ရပ်လိုက်ကြသည်။

လီချင်းချိုး ကျေနပ်စွာ ပြုံးလိုက်ပြီး "မင်းတို့ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်း ဘယ်လိုပဲ ရှိပါစေ... မင်းတို့ရဲ့ အနာဂတ် တပည့်တွေက မင်းတို့ကို အမြဲ လေးစားကြလိမ့်မယ်... ဒါပေမဲ့ ငါ မင်းတို့ကို ဂုဏ်ပုဒ် အလွတ်တွေကို ခံစားခွင့်ပြုမှာ မဟုတ်ဘူး... ဒီနေ့ကစပြီး ငါ မင်းတို့ကို ဘွဲ့ထူးတွေ ပေးအပ်မယ်... မင်းတို့ကို 'ချင်းရှောင်း သခင် ခုနစ်ပါး' လို့ ခေါ်ဝေါ်စေရမယ်... ရန်ကျွယ်တိန်က မင်းတို့ကို ထိပ်တန်း အတွင်းအား ပညာရပ်တွေ သင်ပေးပြီး ထူးခြားတဲ့ နည်းစနစ်တွေကို တစ်ခုချင်းစီ လက်ဆင့်ကမ်းပေးလိမ့်မယ်... မင်းတို့ အရွယ်ရောက်မလာခင် သိုင်းလောကမှာ လှည့်လည်သွားလာနိုင်တဲ့ စွမ်းရည် ရရှိအောင် ကြိုးစားပေးလိမ့်မယ်..."

အနီးနားတွင် ရပ်နေသော ရန်ကျွယ်တိန်က "နောက်ပိုင်းကျရင် ငါ့ရဲ့ သိုင်းပညာ အစစ်အမှန်ကို လက်ဆင့်ကမ်းပေးမယ်... အရင်တုန်းကလို ဟန်ပြ သိုင်းကွက်တွေ မဟုတ်တော့ဘူး... ဒါက တခြားတပည့်တွေ မရနိုင်တဲ့ အခွင့်ထူးပဲ..."

ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီးချိန်မှစ၍ ၎င်း၏ ထူးခြားသော စွမ်းအားကို သူ အံ့သြခဲ့ရသည်။ သူ၏ သိုင်းပညာ စွမ်းရည်များက ဟွမ်ယွမ်ကျမ်းစာ လောက် တန်ဖိုးမရှိဟု ခံစားရသဖြင့် ပေးလိုက်ရလည်း ဘာမှ မဖြစ်ဟု ယူဆသည်။

ချင်းရှောင်း သခင် ခုနစ်ပါးကတော့ ဟွမ်ယွမ်ကျမ်းစာ ကို ကျင့်ကြံခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ သူတို့ အချိန်မဖြုန်းမိစေရန် သိုင်းပညာဘက်သို့ ပြောင်းလဲလိုက်ခြင်းက ကောင်းမွန်သော ကိစ္စဖြစ်သည်။

ကတိပေးရင်းနှင့် ရန်ကျွယ်တိန် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

အကယ်၍ သူသာ ဟွမ်ယွမ်ကျမ်းစာ ကို တတ်မြောက်အောင် မကျင့်ကြံနိုင်ခဲ့လျှင် အတော်လေး နာကျင်စရာ ကောင်းပေလိမ့်မည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဂိုဏ်းချုပ်ကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."

ဟွမ်ရှန်က စိတ်လှုပ်ရှားစွာ ဦးစွာ ပြောလိုက်ပြီး အခြားတပည့်များလည်း လီချင်းချိုးကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ဟွမ်ယွမ်ကျမ်းစာ၏ ရိုက်ခတ်မှု ပြီးနောက် ဂိုဏ်းချုပ်က သူတို့ကို လက်လျှော့လိုက်ပြီး တောင်ပေါ်မှ မဆင်းခင် ဆယ်နှစ်လောက် သည်းခံနေခိုင်းမည်ဟု ထင်ခဲ့ကြသည်။ မမျှော်လင့်ဘဲ ဂိုဏ်းချုပ်က သူတို့ကို ပြုစုပျိုးထောင်ချင်နေသေးသည်။ သူတို့ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

လီချင်းချိုးက အားပေးစကား အနည်းငယ် ထပ်ပြောပြီးနောက် ကျန်တာကို ရန်ကျွယ်တိန်ထံ လွှဲအပ်ကာ လှည့်ထွက်လာခဲ့သည်။

ရန်ကျွယ်တိန်က ကျန်းကျောက်ရှားနှင့် မတူပေ။ လီချင်းချိုးက သူ့ကို သိုင်းလေ့ကျင့်ခြင်း၌သာ အာရုံစိုက်ခွင့်ပြုမည် မဟုတ်။ သူ၏ အချိန် တစ်ဝက်ကို တပည့်များ သင်ကြားရာတွင် အသုံးပြုရမည်။

လီချင်းချိုး ဂိုဏ်းသို့ ပြန်မသွားပေ။ အစား ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ပညာကို ဆက်လက် လေ့ကျင့်ရန် တောင်အောက်သို့ ဆင်းသွားသည်။

သူသည် ဤအပ်စိုက်ကုထုံး၏ အခြေခံများကို နားလည်ထားပြီး ဖြစ်သော်လည်း အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်ရန် ခရီးဝေး လိုသေးသည်။

...

နောက်တစ်နေ့ နံနက်စောစော၌

လီစီဖုန်း၊ လီစီကျင် နှင့် ရွှီနင်းတို့ အတူတကွ တောင်အောက်ဆင်းပြီး ကျင့်ကြံရန် မြေအောက် စိတ်ဝိညာဉ်ရေအိုင် သို့ ဦးတည်သွားကြသည်။

လီစီဖုန်းက ရှေ့မှ သွားနေပြီး လက်ထဲတွင် သစ်ကိုင်းတစ်ချောင်း ကိုင်ဆောင်ကာ ဓားကဲ့သို့ အသုံးပြု၍ လမ်းလျှောက်ရင်း ဝှေ့ယမ်းနေပြီး တစ်ခါတစ်ရံ သိုင်းကွက် အမည်များကို ရွတ်ဆိုနေသည်။

လီစီကျင်နှင့် ရွှီနင်းတို့က လက်ချင်းချိတ်၍ နောက်မှ လိုက်ပါလာပြီး ချင်းရှောင်း သခင် ခုနစ်ပါး၏ သိုင်းပညာ လေ့ကျင့်မှုအကြောင်း စကားပြောနေကြသည်။ ဒီမနက်မှ စတင်ပြီး ချင်းရှောင်း သခင် ခုနစ်ပါး သူတို့နှင့် အတူ လေ့ကျင့်တော့မည် မဟုတ်ကြောင်း လီချင်းချိုးက စီစဉ်ပေးထားသည်။

လီစီကျင်မှ လွဲ၍ လီစီဖုန်းနှင့် ရွှီနင်းတို့ကတော့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိနေကြပြီ။ ရွှီနင်း တိုက်ခိုက်ရေး အတွေ့အကြုံ တိုးပွားစေရန် လီချင်းချိုးနှင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့်လည်း လီချင်းချိုးက သူတို့ သုံးယောက်ကို အတူတူ တောင်အောက်ဆင်းခွင့် ပြုထားခြင်း ဖြစ်သည်။

ချင်းရှောင်း သခင် ခုနစ်ပါး ၏ ဟွမ်ယွမ်ကျမ်းစာ ကျင့်ကြံမှု မအောင်မြင်ခြင်းများက ဟွမ်ယွမ်ကျမ်းစာ အမှန်တကယ် မရိုးရှင်းကြောင်း သူတို့ကို သဘောပေါက်စေခဲ့ပြီး ထို့ကြောင့် သူတို့၏ ကျင့်ကြံချိန်ကို ပိုမို တန်ဖိုးထားလာကြသည်။

"ငါ့ဓားနဲ့ နဂါးကို သတ်မယ်... ဒီလောကမှာ ငါ့လိုလူ မရှိဘူး..."

လီစီဖုန်း တောင်ခါးပန်းသို့ ရောက်သောအခါ ခုန်ဆင်းလိုက်ပြီး အောက်ဘက် မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ ဒူးထောက်လိုက်ပြီး ဓားကို ဝှေ့ယမ်းကာ အလွန် မိမိုက်သော ပုံစံဖြင့် နေလိုက်သည်။

သူက ခေါင်းငုံ့ထားပြီး နဂါးကို တကယ် သတ်ဖြတ်ခဲ့သကဲ့သို့ ခံစားချက်တွင် နှစ်မြှုပ်နေသည်။

ရုတ်တရက်...

သူ တစ်စုံတစ်ခုကို အာရုံခံမိသလို ဖြစ်ပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။ ပေဆယ်ချီ ကွာဝေးသော သစ်တောထဲမှ လူတစ်စု သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူစုက တူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မြင်းများကို ဆွဲကာ သူ့ကို အဝေးမှ ကြည့်နေကြသည်မှာ သရဲတစ္ဆေ တစ်အုပ်ကဲ့သို့ ဖြစ်နေသဖြင့် သူ့ကို တုန်လှုပ်သွားစေသည်။

"ဘာလို့ လူတွေနဲ့ ထပ်တိုးနေရတာလဲ..."

လီစီဖုန်း တိတ်တဆိတ် ညည်းညူလိုက်မိသည်။ ပြီးခဲ့တဲ့ အခေါက်က တုရွှမ်ဖုန်းနှင့် သူ့အဖော်ကို တွေ့ခဲ့ရပြီး ယခု သိုင်းသမား ပိုများများနဲ့ ထပ်တိုးနေပြန်သည်။ သူ ကံဆိုးလွန်းသည်။

ထိုလူစုက သာမန်လူများနှင့် လုံးဝ မတူပေ။

လီစီဖုန်း ချက်ချင်းပင် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် နှင့် ချင်းဂိုဏ်း အကြောင်း တွေးမိလိုက်သည်။ သူ တောင်ခါးပန်းမှ ဆင်းလာတော့မည့် လီစီကျင်နှင့် ရွှီနင်းတို့ ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ အချက်ပြစရာ မလိုဘဲ ရွှီနင်းက ခုနစ်စဉ်တောင်ထိပ်မဟာမိတ် မှ သိုင်းသမား ရာပေါင်းများစွာကို တွေ့ရှိနေပြီ ဖြစ်သည်။

သစ်တောထဲတွင် မြင်းများကို ဆွဲထားသော လူရာပေါင်းများစွာ၏ မြင်ကွင်းက ထင်ရှားလွန်းသဖြင့် ရာဂဏန်းထက်မက ပိုများနေသကဲ့သို့ ထင်ရသည်။

လီစီဖုန်း ထွက်ပြေးရမလား တွန့်ဆုတ်နေသော်လည်း ထွက်ပြေးလိုက်ပါက တစ်ဖက်လူကို သူတို့က ချင်းရှောင်းဂိုဏ်းမှ တပည့်များ ဖြစ်ကြောင်း ပြောပြလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မပြေးဘဲ နေရင် သူတို့ရဲ့ ငယ်ရွယ်မှုကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက် နှိုက်ထုတ်လို့ ရနိုင်သည်။

ထိုအချိန်တွင် လူလတ်ပိုင်း တစ်ယောက် မြင်းပေါ်မှ ဆင်းပြီး သူ့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူလတ်ပိုင်းက ကျန်လူများကို နေရာမှာတင် စောင့်နေရန် လက်ပြလိုက်သည်။

ဒါကို မြင်တော့ လီစီဖုန်း သက်ပြင်းချလိုက်မိသည်။ တစ်ဖက်လူက ချက်ချင်း အကြီးအကျယ် မတိုက်ခိုက်ခြင်းက ပိုမို ညှိနှိုင်းလိုသော သဘောထားကို ပြသနေသည်။

အခြေအနေ မကောင်းရင် ခေါင်းဆောင်ကို ဓားစာခံ လုပ်ပြီး သူ့လက်အောက်ငယ်သားတွေကို ဆုတ်ခွာခိုင်းလို့ ရသည်။

ဆုံးဖြတ်ချက် ချပြီးနောက် လီစီဖုန်း ပိုမို တည်ငြိမ်လာသော်လည်း တမင်တကာ ကြောက်လန့်ဟန် ဆောင်ထားလိုက်သည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ..." လီစီကျင်က တိုးတိုးလေး မေးလိုက်သည်။ သူမအဖို့ လူအများကြီးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်၍ အလိုအလျောက် ကြောက်ရွံ့နေမိသည်။

ရွှီနင်း မျက်နှာသေဖြင့် တိုးတိုးလေး ပြောလိုက်သည်က.."ငါတို့ အရင်တုန်းက သဘောတူထားတဲ့ စည်းမျဉ်းအတိုင်း လုပ်မယ်... ငါတို့က တခြားနေရာက လာတာ... တောင်ပေါ်ရောက်နေတုန်း မိဘတွေနဲ့ လူကွဲသွားတယ်လို့ ပြောမယ်..."

လီစီကျင် ခေါင်းညိတ်လိုက်သော်လည်း ရွှီနင်းအနားသို့ ပိုကပ်သွားပြီး ရွှီနင်း၏ အင်္ကျီလက်စကို ဆွဲထားမိသည်။

လီစီဖုန်းထံ လျှောက်လာသော လူလတ်ပိုင်းမှာ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သော ယွဲ့ကျန်ချွမ်း ပင် ဖြစ်သည်။

အနားရောက်လာသောအခါ ယွဲ့ကျန်ချွမ်းက အတင်းအဓမ္မ နူးညံ့စွာ ပြုံးလိုက်ပြီး "လူလေး... မကြောက်ပါနဲ့... ဦးတို့က ဒီနားက ဖြတ်သွားတဲ့ အစိုးရ အရာရှိတွေပါ... လမ်းမေးချင်လို့ပါ..."

အစိုးရ အရာရှိ ဟုတ်လား...

လီစီဖုန်း သူ့နောက်ဘက် သစ်တောထဲသို့ လှမ်းကြည့်လိုက်ရာ "ခုနစ်စဉ်တောင်" ဟု ရေးထိုးထားသော အလံတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ သတိထားမိလိုက်သော်လည်း လီစီဖုန်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ သူက တင်းမာပြီး စိုးရိမ်နေဆဲ ဖြစ်သည်။

လီစီဖုန်း ပြန်မဖြေဘဲ ထွက်လည်း မပြေးသဖြင့် ယွဲ့ကျန်ချွမ်း ပိုမို စိတ်အေးသွားသည်။

ယွဲ့ကျန်ချွမ်း အနားရောက်လာပြီး လီစီဖုန်းနှင့် ခြေလှမ်း ခုနစ်လှမ်း အကွာတွင် ရပ်တန့်ကာ ပြုံး၍ မေးလိုက်သည်။ "လူလေး... ဘယ်က လာတာလဲ... မင်းတို့ရဲ့ လူကြီးတွေကော ဘာလို့ မတွေ့ရတာလဲ..."

လီစီဖုန်းနှင့် အခြားနှစ်ယောက်က ချင်းရှောင်းဂိုဏ်း ဝတ်ရုံများကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ယွဲ့ကျန်ချွမ်း ဤဝတ်ရုံကို တစ်ခါမှ မမြင်ဖူးသလို ဝတ်ရုံများတွင် "ချင်းရှောင်း" ဟု ရေးထိုးထားခြင်း မရှိပေ။ ထို့ကြောင့် လီစီဖုန်းနှင့် အခြားနှစ်ယောက်ကို အနီးနား ရွာများနှင့် မြို့များမှ လာသူများ ဖြစ်ပြီး ချမ်းသာသော မိသားစုမှ ဖြစ်မည်ဟု သူ အလိုအလျောက် ယူဆလိုက်သည်။

လီစီဖုန်းက သတိထား၍ ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့က မေ့ရှန်မြို့နယ်ကပါ... ဦးလေးတွေ အဒေါ်တွေနဲ့အတူ ဆွေမျိုးဝေးတွေဆီကို လာလည်တာ... ဒါပေမဲ့ လမ်းပျောက်ပြီး သူတို့ကို လိုက်ရှာနေတာ..."

ယွဲ့ကျန်ချွမ်း ပြုံးပြီး "ဒါဆို ဦးက မင်းတို့ကို ကူရှာပေးမယ်... ဒါပေမဲ့ ဒီတောထဲမှာ မကြာသေးခင်က တခြားလူတွေနဲ့ တွေ့ခဲ့သေးလား ဆိုတာ အရင် ပြောပြလို့ ရမလား..."

"တခြားလူတွေလား... စဉ်းစားကြည့်လိုက်ဦးမယ်... တကယ် ရှိတယ်..."

လီစီဖုန်းက စဉ်းစားနေဟန် ဆောင်လိုက်ပြီး စကားမဆုံးခင်မှာပင် ကျားသစ်ပေါက် တစ်ကောင်ကဲ့သို့ ယွဲ့ကျန်ချွမ်းအပေါ် ခုန်အုပ်လိုက်သည်။

All Chapters