ညအမှောင်အောက်မှ မျှော်လင့်ချက်မဲ့ခြင်း
Vol. 2 Ch. 20
ဂျိန်း...
မိုးကြိုးသံက မုန်တိုင်းထန်သော ညကို ဖြတ်သန်း၍ ထစ်ချူန်းသွားရာနတ်ဘုရားများ၏ ဒေါသတကြီး အော်ဟစ်သံကဲ့သို့ ဖြစ်နေပြီး ထိုက်ခုန်းတောင်တန်း တစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်မှု အခြေအနေသို့ ရောက်သွားစေသည်။
သစ်တောထဲတွင် ရန်ကျွယ်တိန်နှင့် လီချင်းချိုးတို့ သည်းထန်စွာ ရွာသွန်းနေသော မိုးကို အန်တု၍ သွားနေကြသည်။ မြေပြန့် တစ်နေရာသို့ ရောက်သောအခါ ရန်ကျွယ်တိန် လှည့်ပြီး လီချင်းချိုးကို ကြည့်လိုက်သည်။
"ဒီလောက် မိုးသည်းတာကို အန်တုပြီး သွားရင် ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေလိမ့်မယ်... ဒါ့အပြင် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ဆီ သွားတဲ့ ခရီးက အရမ်းဝေးတယ်... ရက်အနည်းငယ် အတွင်း ရောက်ဖို့ ခက်လိမ့်မယ်... ဘာလို့ တစ်ညလောက် နားပြီး မနက်ဖြန် မြို့ထဲမှာ မြင်းနှစ်ကောင် ငှားပြီး ခရီးဆက်မသွားတာလဲ..."
လီချင်းချိုး စိတ်လွတ်သွားပြီဟု ရန်ကျွယ်တိန် ခံစားနေရပြီး မိုးထဲတွင် အချိန်ခဏလောက် နေလိုက်ရင် သူ အသိပြန်ဝင်လာလိမ့်မယ်ဟု တွေးလိုက်သည်။
လီချင်းချိုးက "ကိစ္စမရှိဘူး... ငါတို့ လောစရာ မလိုဘူး... ထွက်ပြေးသွားတဲ့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် လူစုကို မီရင် ရပြီ... သူတို့က ဒဏ်ရာရထားတဲ့ လူတွေ အများကြီး သယ်သွားတော့ သိပ်ဝေးဝေး ရောက်မှာ မဟုတ်ဘူး..."
"သြော်... ဒါကိုး... ဂိုဏ်းချုပ်က ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ဆီ တန်းသွားမယ်လို့ ကျွန်တော် တကယ် ထင်နေတာ..."
ရန်ကျွယ်တိန် သက်ပြင်းချလိုက်မိသည်။ "ဂိုဏ်းချုပ် ရူးသွားပြီလို့ ကျွန်တော် ထင်နေတာ" ဟု ပြောလုနီးပါး ဖြစ်သွားသည်။
လူနှစ်ယောက်တည်းနှင့် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ဆီ သွားခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။
ဒါပေမဲ့ ဒဏ်ရာရထားတဲ့ သိုင်းသမား တစ်စုကို လိုက်ဖမ်းတာ ဆိုရင်တော့ ဒါက အချိုပွဲ စားသလောက် လွယ်ကူပေသည်။
"ဒါဆိုရင် မြန်မြန် ရှင်းပစ်လိုက်ကြစို့..."
ရန်ကျွယ်တိန် တက်ကြွလာပြီး ခြေလှမ်းများကို မြန်ဆန်လိုက်သည်။ လီချင်းချိုးက သူ့ကို မတားပေ။ ဤသည်က သူ့အကြိုက်ပင်။
မှိန်ဖျော့သော တောင်ပေါ်သစ်တောထဲတွင် ရန်ကျွယ်တိန်က ကိုယ်ဖော့ပညာကို အသုံးပြုပြီး လီချင်းချိုးကတော့ လေပြင်း သိုင်းကွက် ကို အသုံးပြုသည်။ သူတို့ နှစ်ယောက် သရဲတစ္ဆေများကဲ့သို့ ပျံသန်းသွားကြပြီး တစ်ချက်ကြည့်လိုက်လျှင် သူတို့၏ ခြေထောက်များ မြေကြီးနှင့် မထိသကဲ့သို့ပင် ထင်ရသည်။
ညနက်လာသည်နှင့်အမျှ မရပ်မနား ရွာသွန်းနေသောက ကောင်းကင်ဘုံက ဒေါသအားလုံးကို ထုတ်လွှတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
တောင်တန်းများကြားတွင် တည်ရှိသော တောင်ပေါ်လမ်းတွင် သန်မာသော မြင်းရာပေါင်းများစွာသ ဖြည်းညင်းစွာ ရှေ့သို့ ရွေ့လျားနေကြသည်။ ကျောပေါ်တွင် ဒဏ်ရာရ သိုင်းသမား အများအပြား လဲလျောင်းနေကြပြီး သိုင်းသမား တစ်ရာကျော်က မြင်းများကို ဆွဲ၍ ရှေ့ဆက်နေကြသည်။
ယွဲ့ကျန်ချွမ်း ရှေ့ဆုံးမှ လျှောက်နေပြီး မိုးရေများ မျက်နှာပေါ်မှ စီးကျနေသည်။သူ့မျက်လုံးများ အေးစက်နေသော်လည်း ရင်ထဲတွင် ကြောက်ရွံ့မှု ကျန်ရစ်နေသည်။
သူ့လည်ပင်းတွင်လည်း လည်ချောင်း ပြတ်လုနီးပါး ဖြစ်ခဲ့သော ဒဏ်ရာတစ်ခု ရှိသည်။
ကျန်းကျောက်ရှား၏ ရူးသွပ်သူကဲ့သို့ ပုံရိပ်သည် သူ့စိတ်ထဲတွင် စွဲထင်နေပြီး သူ့ကို ဓားတစ်ချက်တည်းနှင့် သတ်လုနီးပါး ဖြစ်ခဲ့သော ထိုကောင်မလေးကိုလည်း မေ့မရပေ။
ချင်းရှောင်းဂိုဏ်းတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူငယ် မောင်နှမ နှစ်ယောက်နှင့် လီစီဖုန်း အပါအဝင် မည်သို့ ခိုောင်းနေနိုင်သည်ကို ယွဲ့ကျန်ချွမ်း နားမလည်နိုင်ပေ။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ်ကို ထားလိုက်ဦး... သူ သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ အစွမ်းထက်ဆုံး ဂိုဏ်းတွေမှာတောင် ဒီလို မိစ္ဆာဆန်တဲ့ ပါရမီရှင်မျိုး မမြင်ဖူးဘူး...
ဤရန်ငြိုးက ဖွဲ့ပြီးသွားပြီ ဖြစ်ရာ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ဖြေရှင်း၍ မရနိုင်တော့ပေ။ သူ သတင်းပြန်ပို့ပြီး မဟာမိတ်အဖွဲ့၏ အင်အားအပြည့်အဝကို အသုံးပြု၍ ချင်းရှောင်းဂိုဏ်းကို သုတ်သင်ပစ်ရမည်။ မဟုတ်ပါက ဆယ်နှစ် အတွင်း၊ မဟုတ်ဘူး... ငါးနှစ် အတွင်း ခုနစ်စဉ်တောင်ထိပ်မဟာမိတ် သည် ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ယွဲ့ကျန်ချွမ်း ပို၍ ပို၍ ကြောက်လန့်လာသည်။ ချင်းရှောင်းဂိုဏ်းတွင် မိစ္ဆာများနှင့် ဘီလူးများ ပုန်းအောင်းနေသည်ဟုပင် သူ သံသယ ဝင်မိသည်။ လင်ရွှန်းဖုန်း ဝိညာဉ်လမ်းစဉ် လိုက်ရှာသည့် သတင်းက ပြန့်နှံ့နေပြီ ဖြစ်ပြီး သူ အပါအဝင် သိုင်းလောက သူရဲကောင်း အများအပြားက လင်ရွှန်းဖုန်း ရူးသွပ်သွားပြီဟု လှောင်ပြောင်ခဲ့ကြသည်။ သို့သော် ယခု ပြန်စဉ်းစားကြည့်သောအခါ လင်ရွှန်းဖုန်းက တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရပြီး ဝိညာဉ်လမ်းစဉ် လိုက်ရှာရန် အကြံရခဲ့ခြင်း ဖြစ်နိုင်သလော။
မိုးတိတ်သွားပြီ ဖြစ်သော်လည်း ယွဲ့ကျန်ချွမ်း၏ စိတ်အခြေအနေ မငြိမ်သက်သေးပေ။
"ရှေ့က သူရဲကောင်းတို့... ခဏလောက် စောင့်ပါဦး..."
နက်ရှိုင်းပြီး ပဲ့တင်ထပ်သော အသံတစ်ခု နောက်ဘက်မှ ထွက်ပေါ်လာသဖြင့် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များ လန့်ဖျပ်သွားပြီး အားလုံး လှည့်ကြည့်လိုက်ကြသည်။ ချင်းရှောင်းဂိုဏ်း လာတိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြသည်။
ယွဲ့ကျန်ချွမ်းလည်း လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်သည်။ ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားသော လူနှစ်ယောက် သူတို့ဆီသို့ အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ညအမှောင်ထုထဲတွင် အမြင်အာရုံ မကောင်းသော်လည်း လူရိပ်များမှာ လူသား ဖြစ်ကြောင်း သီသီလေးသာ ခွဲခြားနိုင်သည်။
နှစ်ယောက်တည်းသာ ရှိသော်လည်း နေ့ခင်းက ပြင်းထန်သော တိုက်ပွဲကို ကြုံတွေ့ခဲ့ရသော ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များ ကြောက်လန့်နေကြပြီး သတိမလျော့ရဲကြပေ။ သူတို့အားလုံး လက်နက်များကို ဆွဲထုတ်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
သူတို့ ဒဏ်ရာရသူများကို ဆွဲထားရသလို ကိုယ်တိုင်လည်း ဒဏ်ရာရထားကြသဖြင့် သေချာပေါက် ပြေးနိုင်မည် မဟုတ်ပေ။ ပြေးလိုက်သည်နှင့် တစ်ယောက်ချင်းစီ အလွယ်တကူ အသတ်ခံရပေလိမ့်မည်။
"ကျုပ်နာမည် ရန်ကျွယ်တိန်ပါ... ခင်ဗျားတို့ သူရဲကောင်းတွေထဲက တစ်ယောက်ယောက် ကျုပ်အကြောင်း ကြားဖူးလား..."
ရန်ကျွယ်တိန်၏အသံ ထပ်မံ ထွက်ပေါ်လာသည်။ သူ မိတ်ဆက်ပြီးနောက် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လျော့လိုက်ကြသည်။
နဂါးသတ်သူရဲကောင်း ရန်ကျွယ်တိန်ကို ကုကျိုး သိုင်းလောကရှိ လူတိုင်း သိကြသည်။
ယွဲ့ကျန်ချွမ်းလည်း သက်ပြင်းချလိုက်မိသည်။ သူ ရန်ကျွယ်တိန်ကို သိသည်။ ရန်ကျွယ်တိန် ခုနစ်စဉ်တောင်ထိပ်မဟာမိတ်သို့ လာရောက်လည်ပတ်စဉ်က ရန်ကျွယ်တိန်၏ စွမ်းရည်များကို မြင်တွေ့ခဲ့ရသည်။ ရန်ကျွယ်တိန်က သူ့လောက် မတော်သော်လည်း လက်ဝါးစွမ်းအားကတော့ ကောင်းကင်အဆင့် ထိပ်တန်း ဆယ်ယောက် စာရင်းဝင် ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်သည်။
"အစ်ကိုရန် ပါလား... စကားပြောရအောင် ဒီဘက်လာပါဦး..."
ယွဲ့ကျန်ချွမ်းက လှမ်းခေါ်လိုက်ပြီး ရန်ကျွယ်တိန်နှင့် အခြားလူကို လက်ပင် ပြလိုက်သည်။
အကယ်၍ ရန်ကျွယ်တိန်သာ သူတို့နှင့် လိုက်ပါလာလျှင် သေချာပေါက် ပိုမို ဘေးကင်းပေလိမ့်မည်။
ရန်ကျွယ်တိန်က သူ့ကို မှတ်မိပုံရပြီး သူရှိရာသို့ ခြေလှမ်း မြန်ဆန်လိုက်ရာ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
"ဘာလို့ ဒီလောက် သနားစရာကောင်းတဲ့ ပုံစံ ဖြစ်နေတာလဲ... ချင်းဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တာလား..."
အနားရောက်လာသောအခါ ရန်ကျွယ်တိန်က ကောက်ရိုးမိုးကာအင်္ကျီကို ချွတ်လိုက်ပြီး မေးလိုက်သည်။ သူ၏ လေသံတွင် စနောက်လိုမှုနှင့် ရယ်မောလိုမှုများ ပါဝင်နေသည်။
ယွဲ့ကျန်ချွမ်း သူ့နောက်မှ လူကို ဂရုမစိုက်ဘဲ ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။
"စီးပွားရေး ကိစ္စလေး တစ်ခု လာလုပ်တာပါ... ဒါပေမဲ့ အခြေအနေ မကောင်းဖြစ်သွားတယ်..."
ရန်ကျွယ်တိန်က ယွဲ့ကျန်ချွမ်း အနားသို့ ကပ်သွားပြီး ဒဏ်ရာများကို စစ်ဆေးကြည့်ကာ အံ့သြစွာ ပြောလိုက်သည်။
"ဆရာသခင် လက်ချက်ပဲ... ဓားဒဏ်ရာတွေကို ကြည့်ရတာ ဓားသိုင်းကွက်တွေက မယုံနိုင်လောက်အောင် မြန်တယ်... အကွက်တိုင်းက ခင်ဗျားကို သတ်ဖို့ ရည်ရွယ်ထားတာပဲ..."
ယွဲ့ကျန်ချွမ်း၏ မျက်နှာထား သဘာဝမကျ ဖြစ်သွားသည်။ သူက နှာမှုတ်လိုက်ပြီး …."ဆရာသခင် တစ်ယောက်ပါပဲ... ဒီနေ့ ကျုပ် ပေါ့ဆမိသွားလို့..."
"ခင်ဗျားတို့က ခုနစ်စဉ်တောင်ထိပ်မဟာမိတ် က ကျွမ်းကျင်သူတွေလား..."
လီချင်းချိုးက ရန်ကျွယ်တိန်ကို ကျော်ဖြတ်ပြီး ယွဲ့ကျန်ချွမ်းကို ကြည့်ကာ မေးခွန်းတစ်ခု မေးလိုက်သည်။
ယွဲ့ကျန်ချွမ်းက သူ့မျက်နှာကို သေချာ မမြင်ရဘဲ ရန်ကျွယ်တိန်၏ ဂျူနီယာဟု ယူဆလိုက်သဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။"အင်း... ငါတို့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်နဲ့ မင်းဘေးက နဂါးသတ်သူရဲကောင်းက မိတ်ဆွေဟောင်းတွေပါ..."
စကားမဆုံးခင်မှာပင် ဓားအလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ရန်ကျွယ်တိန် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ သွေးများ ပေကျံသွားကာ မျက်လုံးများလည်း အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
ယွဲ့ကျန်ချွမ်း၏ မျက်လုံးများလည်း ပြူးကျယ်သွားပြီး လည်ချောင်းကို လက်နှစ်ဖက်ဖြင့် အလိုအလျောက် အုပ်လိုက်သော်လည်း သွေးများ အဆက်မပြတ် ပန်းထွက်နေပြီး လုံးဝ တားဆီး၍ မရနိုင်ပေ။
"မင်း..."
ယွဲ့ကျန်ချွမ်းက လီချင်းချိုးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး ခန္ဓာကိုယ် တုန်ယင်လျက် နောက်သို့ ယိုင်သွားသည်။
အနီးနားတွင် ရပ်နေသော ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး စကားပြောရန် အလိုအလျောက် ကြိုးစားလိုက်သော်လည်း လီချင်းချိုး ကတဖက်လှည့်ပြီး ဓားကို ဝှေ့ယမ်းလိုက်ရာ လည်ချောင်းများ ထပ်မံ ပြတ်ရှကုန်၏။
မလှမ်းမကမ်းတွင် ယွဲ့ကျန်ချွမ်း၏ တပည့်လေးသ အခွင့်ကောင်းယူပြီး အနားယူနေသည်။ သူက ကျောက်တုံးပေါ်တွင် ထိုင်ကာ ပေါင်က ဒဏ်ရာကို စစ်ဆေးရန် ဘောင်းဘီကို ချွတ်ရန် ပြင်လိုက်စဉ် သူ့ဆရာ နောက်ဆုတ်သွားပြီး ဘုန်းခနဲ လဲကျသွားသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် မှင်သက်သွားသည်။
သူ မေးခွန်းမေးရန် ပြင်လိုက်စဉ်မှာပင် ရန်ကျွယ်တိန် ဘေးရှိ ကောက်ရိုးမိုးကာအင်္ကျီနှင့် လူက လှည့်ပြီး လက်ထဲမှ ဓားကို သူ့ထံ ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။
စွပ်...
ဓားက လူငယ်၏ နဖူးကို ဖောက်ဝင်သွားပြီး မီတာ အတော်များများထိ ခရီးဆက်သွားသည်။
နောက်ဆုံး ရပ်တန့်သွားသောအခါ သူ လုံးဝ အသက်မရှိတော့ဘဲ မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားရှာပြီ။
လီချင်းချိုး အမြန် ပြေးသွားပြီး ခေါင်းမှ ဓားကို ဆွဲထုတ်ကာ သရဲတစ္ဆေ ပုံရိပ်ဖြင့် အခြား ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များထံ ပြေးဝင်သွားသည်။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များလည်း ဘာဖြစ်နေသည်ကို သဘောပေါက်လိုက်ကြပြီး လီချင်းချိုးကို ရင်ဆိုင်ရန် လှည့်လိုက်ကြသည်။
မူလစတင်ခြင်းအဆင့် တတိယအဆင့်သို့ ရောက်ရှိပြီးနောက် လီချင်းချိုး လုံးဝ ပြောင်းလဲသွားသည်။ အာရုံခံစားမှုများ ပိုမို ထက်မြက်လာသည်၊ ခန္ဓာကိုယ် ပိုမို သွက်လက်လာသည်၊ တုံ့ပြန်မှုများ မယုံနိုင်လောက်အောင် မြန်ဆန်လာသည်။
သူ ဖြတ်ကျော်သွားသည့် လူတိုင်းကို မလိုအပ်သော လှုပ်ရှားမှုများ မပါဘဲ သတ်ဖြတ်လိုက်ရာ အသားကို ဓားဖြင့် လှီးဖြတ်သံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။
ခဏတာ ထိတ်လန့်သွားပြီးနောက် ရန်ကျွယ်တိန် အမြန် လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အလောင်းပုံကြီး တစ်ပုံကို တွေ့လိုက်ရသည်။ သူ လီချင်းချိုးကို ကြည့်ပြီး ထိတ်လန့်သွားချေပြီ။
ဝါး... မြန်လိုက်တာ...
ရက်စက်လိုက်တာ...
လီချင်းချိုး အလွန် သန်မာမည်ဟု ခန့်မှန်းထားသော်လည်း ဤမျှ သန်မာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ကျန်းကျောက်ရှား ပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်။
"သူ့ကို သတ်..."
ဒေါသကြောင့် မျက်နှာထား ရှုံ့မဲ့နေသော ခုနစ်စဉ်တောင်ထိပ်မဟာမိတ်၏ တပည့်ကြီး တစ်ယောက်က ဓားကို ဝှေ့ယမ်းပြီး အော်ဟစ်ကာ လီချင်းချိုးထံ တည့်တည့် ပြေးဝင်လာသည်။
အခြား ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များလည်း ပြေးလာကြရာ မြင်းများ ပိုမို လန့်ဖျပ်ကုန်သည်။ ဟီသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အချို့မြင်းများ ထွက်ပြေးကုန်ကြသည်။ ဒဏ်ရာရသူ အချို့ မြင်းပေါ်မှ ပြုတ်ကျပြီး မြင်းခွာအောက်တွင် အနင်းခံရကာ သေဆုံးကုန်ကြသည်။
ခဏအတွင်း တောင်ပေါ်ဒေသတဝိုက် ဖရိုဖရဲ ဖြစ်သွားသည်။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်အားလုံး ဒဏ်ရာရထားကြသည်။ သူတို့ အကောင်းဆုံး အခြေအနေတွင် ရှိနေလျှင်ပင် လီချင်းချိုးနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ရာ ဒဏ်ရာရ ခန္ဓာကိုယ်များနှင့် ဆိုလျှင် ပြောစရာ မလိုတော့ပေ။
ရလဒ်အနေဖြင့် တိုက်ပွဲက တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်သွားသည်။ လီချင်းချိုး လူသတ်ပွဲ ဆင်နွှဲနေသည်ကို ကြည့်ရင်း ရန်ကျွယ်တိန် ကျောချမ်းသွားသည်။
သတ်ဖြတ်လိုစိတ် ပြင်းထန်လိုက်တာ...
ရန်ကျွယ်တိန် သိုင်းလောကတွင် ကျင်လည်ခဲ့သော်လည်း သူက တိုက်ခိုက်ခြင်းထက် သိုင်းပညာ စွမ်းရည်နှင့် ဂုဏ်သတင်းကို ပိုမို ဂရုစိုက်သည်။ ထို့ကြောင့်လည်း သူရဲကောင်းကြီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် လီချင်းချိုးက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်က ပြဿနာ ရှာခဲ့တာ၊ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် က ဂိုဏ်းကောင်း မဟုတ်ဘူး၊ သိုင်းလောကမှာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ် ဟု တွေးလိုက်သည်။
သူ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်သို့ သွားခြင်းမှာ အပေါ်ယံအားဖြင့် သိုင်းပညာ ဖလှယ်ရန် ဖြစ်သော်လည်း တကယ်တမ်းတွင် ခုနစ်စဉ်တောင်ထိပ်မဟာမိတ်ကို နှိမ်နင်းချင်၍ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ရည်မှန်းချက် မအောင်မြင်ခဲ့ဘဲ သူတို့နှင့် မိတ်ဆွေဖွဲ့ဟန်ဆောင်ခဲ့ရသည်။
သို့သော် မည်သို့ပင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်စေကာမူ သိုးအုပ်ထဲ ရောက်နေသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် လီချင်းချိုးကို ကြည့်ရင်း ဒေါသထွက်နေသော လီချင်းချိုးကို ရင်ဆိုင်ရပါက သိုင်းကွက် ဘယ်နှစ်ကွက် ခံနိုင်မလဲဟု မတွေးဘဲ မနေနိုင်ပေ။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် ထက်ဝက်ကျော် သေဆုံးပြီးနောက် ကျန်ရှိသော တပည့်များ နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ဘဲ ထွက်ပြေးကုန်ကြသည်။ သို့သော် လီချင်းချိုးက သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်လိုက်သည်။
ဤ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များက ဒဏ်ရာရထားပြီး ခရီးဝေး နှင်လာသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့ သိပ်ဝေးဝေး မရောက်ခင်မှာပင် လီချင်းချိုး၏ လက်ချက်ဖြင့် သေဆုံးကုန်ကြသည်။
အမွှေးတိုင် တစ်တိုင်ကုန်စာခန့် ကြာပြီးနောက်...
လီချင်းချိုး ဓားကို ကိုင်လျက် ရန်ကျွယ်တိန် အနားသို့ ရောက်လာသည်။ ရန်ကျွယ်တိန် မော့ကြည့်လိုက်ရာ ကောက်ရိုးခမောက် အောက်မှ သွေးများ ပေကျံနေသော မျက်နှာကို တွေ့လိုက်ရသည်။
"တစ်ယောက်ပဲ လိုတော့တယ်... သူ သိပ်ဝေးဝေး မရောက်လောက်ဘူး... သူ့ကို သတ်ပြီးရင် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် ဆီ သွားမယ်... ခင်ဗျား ဒီမှာပဲ နေခဲ့... သတင်းပြန်ပို့မယ့် လူမရှိရင် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် က ပြန်လာတိုက်မှာ မဟုတ်ဘူး... မနက်ဖြန်ကျရင် ကပ်ရောဂါ မပြန့်ပွားအောင် တပည့်တွေကို ခေါ်ပြီး တောင်ပေါ်က အလောင်းတွေကို ရှင်းခိုင်းလိုက်..."
လီချင်းချိုးက ဦးစွာ ပြောလိုက်ပြီးနောက် နောက်ဆုံး ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် ထွက်ပြေးသွားသော လမ်းကြောင်းသို့ လှည့်ထွက်သွားသည်။
ခြေလှမ်း နှစ်လှမ်းသာ လှမ်းရသေးခင် လီချင်းချိုး တစ်စုံတစ်ရာကို သတိရသွားပုံရပြီး ရန်ကျွယ်တိန်ဘက် ပြန်လှည့်ကြည့်ကာ "ခင်ဗျားကို ထပ်ပြီး ဒုက္ခပေးရဦးမယ်... ဒီအလောင်းတွေ အကုန်လုံးကို ရှာပြီး တန်ဖိုးရှိတာ ပါမပါ ကြည့်ပေးပါ... အကုန်လုံး တောင်ပေါ် ပြန်သယ်သွား... ပြီးတော့ ဒီည ဖြစ်ခဲ့တာတွေကို ငါ့ရဲ့ ဂျူနီယာ မောင်နှမတွေ အပါအဝင် တပည့်တွေကို တစ်လုံးမှ မပြောရဘူး... ငါ ဘာလုပ်နေလဲ မပြောနဲ့... ငါ တောင်ပေါ်မှာ ကင်းလှည့်နေတယ် လို့ပဲ ပြော..."
စကားဆုံးသည်နှင့် လီချင်းချိုးသ ဓားကို ကိုင်၍ လှည့်ထွက်သွားသည်။
ရန်ကျွယ်တိန်ခင်မျာ လီချင်းချိုး ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်ပေ။
လီချင်းချိုး၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို မြင်တွေ့ပြီးနောက် လီချင်းချိုးသည် ခုနစ်စည်တောင်ထိပ်မဟာမိတ် သို့ သွားရောက်မည့် မစ်ရှင် မအောင်မြင်လျှင်ပင် အထိအခိုက်မရှိ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
လီချင်းချိုး တောင်ကုန်းထိပ်တွင် ပျောက်ကွယ်သွားသည်အထိ သူ ရပ်ကြည့်နေပြီးမှ အသိပြန်ဝင်လာသည်။ သူ လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ကာ နှုတ်ခမ်းများ အလိုအလျောက် တွန့်သွားသည်။
လီချင်းချိုး ပေးထားသော တာဝန်က တိုက်ခိုက်ရသည်လောက် မလွယ်ကူကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။
အခြားတစ်ဖက်၊ သုံးမိုင်ခန့် အကွာတွင်...
နောက်ဆုံး ကျန်ရစ်သော ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် တောင်ကုန်းပေါ်မှ ပြေးဆင်းနေသည်။ စိတ်လောနေသဖြင့် ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိပြီး တောင်ကုန်းပေါ်မှ လိမ့်ကျကာ တရွတ်တိုက် ပါသွားသည်။
နောက်ဆုံး ရပ်တန့်သွားသောအခါ အရိုးများ ကျိုးကြေမတတ် တစ်ကိုယ်လုံး နာကျင်နေသည်။
သူ အသက်လုရှူရင်း ထရန် ကြိုးစားလိုက်သည်။ မော့ကြည့်လိုက်သည်နှင့် မျက်လုံးများ မျှော်လင့်ချက်မဲ့စွာ ပြူးကျယ်သွား၏။
သူ့အကြည့်ရှိရာ တောင်ကုန်းထိပ်တွင် ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားသော လီချင်းချိုးက ဓားကို ကိုင်လျက် သူ့ကို ငုံ့ကြည့်နေသည်။ ညကောင်းကင်ယံမှ မိုးတိမ်မည်းများ လွင့်စင်သွားပြီ ဖြစ်၍ လီချင်းချိုး၏ ခေါင်းထက်တွင် လမင်းကြီး တောက်ပစွာ ထွန်းလင်းနေသည်။