← Chapters

နောက်ဆုံးတော့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ဆီ ရောက်ပြီ

Vol. 3 Ch. 21

နောက်ဆုံးတော့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ဆီ ရောက်ပြီ

Vol. 3 Ch. 21

ပူပြင်းစွာ တောက်ပနေသည့် နေရောင်အောက်တွင် မြင်းလှည်းတစ်စီး လမ်းမကြီးအတိုင်း အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

မြင်းလှည်းမောင်းသူမှာ အသက် ငါးဆယ်ကျော်အရွယ် ရိုးရိုးကုတ်ကုတ် ဝတ်ဆင်ထားသူ ဖြစ်သည်။ ထိုသူသည် သန်မာထွားကျိုင်းပြီး ဆံပင်များ ဖြူစပြုနေပြီ ဖြစ်သော်လည်း လူလတ်ပိုင်းအရွယ်ကဲ့သို့ သန်စွမ်းနေဆဲပင်။

မြင်းလှည်းမောင်းသူက ရှေ့ကို ကြည့်ရင်း နဖူးမှ ချွေးများကို သုတ်ကာ မေးလိုက်သည်။

"သခင်လေး... ဒီလောက် ပူနေတာ ချီယွဲ့မြို့ကို အမြန်ဆုံး ရောက်ဖို့ လိုလို့လား..."

လီချင်းချိုး မျက်လုံးများကို မှိတ်၍ မြင်းလှည်းထဲတွင် တရားထိုင်နေသည်။ လမ်းခရီးကြမ်းတမ်းလွန်းသဖြင့် သူ လုံးဝ ကျင့်ကြံ၍ မရပေ။ ခန္ဓာကိုယ် ခွန်အားနှင့် မူလစွမ်းအင်များ မကုန်ဆုံးစေရန်သာ အတတ်နိုင်ဆုံး ကြိုးစားနေရသည်။

ချီယွဲ့မြို့သည် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်နှင့် နီးသော မြို့တစ်မြို့ ဖြစ်သည်။ အလွန် ကျော်ကြားပြီး လုံခြုံရေး အဖွဲ့များနှင့် အစိုးရ အဖွဲ့များစွာ ချီယွဲ့မြို့တွင် တည်းခိုလေ့ရှိကြသည်။

ချီယွဲ့မြို့သို့ ရောက်သည်နှင့် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်အကြောင်း စုံစမ်းရန် လွယ်ကူပေလိမ့်မည်။

ဤသည်မှာ ယန်ကျွယ်တိန် သူ့ကို ပြောပြခဲ့သော လမ်းကြောင်းလည်း ဖြစ်သည်။

ယွဲ့ကျန်ချွမ်းနှင့် အခြားသူများကို ရှင်းလင်းပြီးနောက် လီချင်းချိုးအနေဖြင့် အလောတကြီး သွားစရာ မလိုတော့ပေ။ သူ့ဂိုဏ်းတူ ညီအစ်ကို မောင်နှမများ စိတ်မပူစေရန်အတွက် အမြန်ဆုံး သွားပြီး အမြန်ဆုံး ပြန်လာချင်ရုံသာ ဖြစ်သည်။

"မိသားစုနဲ့ ချိန်းထားတာရှိတယ်... ကျွန်တော် မရောက်လာရင် သူတို့ စိတ်ပူနေကြမှာ..."ဟုသာ လီချင်းချိုးက ပြန်ဖြေလိုက်သည်။

"အဲဒါတော့ ဟုတ်ပါရဲ့... ကြည့်ရတာ သခင်လေးက သိပ်ငယ်သေးပုံပဲ... ကျွန်တော့်သားထက်တောင် ငယ်ဦးမယ်... ကျွန်တော်သာဆိုရင် ကိုယ့်သားကို အပြင်မှာ တစ်ယောက်တည်း လွှတ်ထားဖို့စိတ်ချမိမယ် မထင်ဘူး... လောကကြီးကလည်း ဖရိုဖရဲ ဖြစ်လာတော့မယ်... ဒေသန္တရ အစိုးရတွေကလည်း အာဏာရှိတဲ့ နယ်ရှင်တွေကို မနှိမ်နင်းနိုင်ကြဘူး... ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပြီ... အဲဒါကြောင့် ဓားပြတွေနဲ့ တောင်ပေါ်သူပုန်တွေ ပိုများလာတာ... တကယ်တော့ ကျွန်တော်လည်း ဒီခရီးကို မထွက်ချင်ပါဘူး... ဒါပေမဲ့ မိန်းမ နေမကောင်းတော့ ပိုက်ဆံလိုနေလို့..."

မြင်းလှည်းမောင်းသူက စကားတွေ ဖောင်ဖွဲ့နေပြီး လီချင်းချိုးက ရံဖန်ရံခါ ဝင်ထောက်ပေးနေသည်။

လီချင်းချိုး ချင်းရှောင်းဂိုဏ်းမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ရက် ရှိပြီ ဖြစ်သော်လည်း ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်နှင့် အတော်လေး ဝေးကွာနေဆဲ ဖြစ်သည်။

လီချင်းချိုးဘက်ကလည်း မြင်းလှည်းမောင်းသူကို စကားများသည်ဟု သဘောမထားပေ။ ကုကျိုးတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားလည်နိုင်ရန်အတွက် ကမ္ဘာ့အရေးအခင်းများကိုပင် ရံဖန်ရံခါ မေးမြန်းလေ့ရှိသည်။

ဝိညာဉ်လမ်းစဉ် ကျင့်ကြံပြီးနောက်တွင် ပူပြင်းသော အပူဒဏ်ကို လီချင်းချိုး မကြောက်တော့ပေ။ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ သူ့ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေပြီး လန်းဆန်းတည်ငြိမ်မှုကို ခံစားရစေကာ မူလစွမ်းအင် ကုန်ဆုံးမှုလည်း သိပ်မရှိလှချေ။

ဤသည်မှာ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ မွေးရာပါ အကျိုးသက်ရောက်မှု ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းပင်။

တစ်နာရီခန့် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မြင်းလှည်းမောင်းသူလည်း စကားသံ တိတ်သွားချေပြီ။ သူ့ပါးစပ်များ ခြောက်သွေ့နေပြီး စခန်းချရာနေရာသို့ အမြန်ဆုံး ရောက်ချင်နေတော့သည်။

ရုတ်တရက်….

မြင်းလှည်းမောင်းသူက မြင်းကို ဇက်ကြိုးဆွဲ၍ ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ဘာလို့ လမ်းပိတ်ထားတာလဲ... ငါ့မြင်းခွာအောက်မှာ သေချင်လို့လား..."

"ဦးလေး... ကျွန်မကို လိုက်ပို့ပေးလို့ ရမလား..."

"အိုး... မိန်းကလေးပါလား... ဘာလို့ ဒီလို ဝတ်ထားတာလဲ..."

"ကျွန်မမှာ ပိုက်ဆံ မရှားပါဘူး... ဦးလေး ကျွန်မ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလားလို့ပါ..."

"ဘယ်သွားမှာလဲ..."

"ချီယွဲ့မြို့..."

"ဟေ..."

မြင်းလှည်းမောင်းသူ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီးနောက် နောက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"သခင်လေး... ရှေ့မှာ အမျိုးသမီးတစ်ယောက် ရှိတယ်... သူလည်း ချီယွဲ့မြို့ကို သွားမှာတဲ့... သူ့ကိုပါ ခေါ်သွားလိုက်မလား... ခေါ်သွားမယ်ဆိုရင် ကျွန်တော် သခင်လေးကို ၃၀ ရာခိုင်နှုန်း လျှော့ပေးမယ်..."

လီချင်းချိုးက ထိုသူ၏ ဉာဏ်နီဉာဏ်နက်များကို အရေးစိုက်ရန် ပျင်းရိနေသဖြင့် "ခေါ်သွားလိုက်ပါ... သွားကြစို့..."ဟုသာ ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... လှည်းပေါ် တက်ခဲ့... ဒီသခင်လေးကို ကျေးဇူးတင်ဖို့ မမေ့နဲ့... သူက အစကတည်းက လှည်းကို ငှားထားတာ..."

"ကျေးဇူးတင်ပါတယ်..."

ခြေသံများ နီးကပ်လာပြီးနောက် လှည်းလိုက်ကာ ပွင့်သွားကာ ခမောက်ဆောင်းထားပြီး အထုပ်တစ်ထုပ် လွယ်ထားသည့် အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမက ပြတင်းပေါက်နားတွင် ဝင်ထိုင်ပြီး လီချင်းချိုးကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

"ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် သခင်လေး... သခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..."

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက စကားပြောနေစဉ်တွင်ပင် သူမ၏ ဓားအိမ်ကို ဆုပ်ကိုင်ထားသော လက်ကို မလျှော့ပေ။

လီချင်းချိုး သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးကလည်း ထိုအရာကို အရေးမစိုက်ဘဲ စကားမပြောတော့ပေ။

အမျိုးသမီးတစ်ဦး ပါလာသဖြင့် မြင်းလှည်းမောင်းသူမှာ စကားပြောရန် အားပြန်ပြည့်လာပြီး ဆွေးနွေးစရာ ခေါင်းစဉ်များကို စတင် ရှာဖွေလေတော့သည်။ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မေးခွန်းအချို့ကို ပြန်ဖြေသော်လည်း လှည်းသမား၏အဆက်မပြတ် စကားများမှုကို မြင်သောအခါ ပြန်မပြောတော့သဖြင့် မြင်းလှည်းမောင်းသူ စိတ်ပျက်သွားလေတော့သည်။

ဤသို့ဖြင့် ကျန်ခရီးလမ်း တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

စခန်းချရာ နေရာသို့ ရောက်သောအခါ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးနှင့် လီချင်းချိုးတို့ စားပွဲတစ်လုံးစီတွင် ထိုင်ကြပြီး ခရီးဆက်ချိန်ကျမှသာ လှည်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ကြသည်။

ဤသို့ဖြင့် ငါးရက် ကြာပြီးနောက် နောက်ဆုံးတွင် သူတို့ ချီယွဲ့မြို့သို့ ရောက်ရှိလာကြသည်။

လီချင်းချိုးက ပြင်ဆင်ထားသော ငွေစများကို မြင်းလှည်းမောင်းသူအား ပေးလိုက်ပြီးနောက် ချီယွဲ့မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

ချီယွဲ့မြို့က တောင်ခြေတွင် တည်ရှိသည်။ မြို့အဝင် ကျောက်တိုင်ရှေ့တွင် ရပ်ထားသော မြင်းလှည်းများစွာ ရှိပြီး လူအများစုမှာ လက်နက်များ ကိုင်ဆောင်ထားကြကာ သိုင်းသမားများကဲ့သို့ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။

အချိန်ဖြုန်းမနေဘဲ လီချင်းချိုးက လူတစ်ယောက်ကို ချဉ်းကပ်ကာ မေးလိုက်သည်။

"နောင်ကြီး... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ဆီ ဘယ်လိုသွားရမလဲ ဆိုတာ ပြောပြပေးနိုင်မလား..."

ထိုလူမှာ အရပ်ပုပြီး ကြံ့ခိုင်ကာ ကျောပေါ်တွင် ဝါးခြင်းတောင်းတစ်လုံး လွယ်ထားသဖြင့် ဒေသခံ တစ်ဦးပုံ ပေါက်နေသည်။ သူက လီချင်းချိုးကို တစ်ချက်ကြည့်ပြီး

"ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် ဟုတ်လား... နောက်က တောင်တွေကို မြင်လား... အဲဒါတွေ အကုန်လုံးက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် ပိုင်တာပဲ... မင်း ရောက်နေပြီလေ..."

လီချင်းချိုးက စိတ်ရှည်လက်ရှည် မေးလိုက်ပြန်သည်။

"သူတို့ ဂိုဏ်းရဲ့တည်နေရာက ဘယ်မှာလဲ... ကျွန်တော် သွားလည်ချင်လို့..."

"ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို သွားလည်မလို့လား... မေ့လိုက်ပါ... သူတို့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မယ်... ငါ့ကို မမေးနဲ့... ငါ မသိဘူး..."

အရပ်ပုပြီး ကြံ့ခိုင်သော အမျိုးသားက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ လီချင်းချိုး အခြားသူများကို ဆက်မေးသော်လည်း သူရရှိသော တုံ့ပြန်မှုများမှာ အတူတူပင် ဖြစ်သည်။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို ထည့်ပြောလိုက်သည်နှင့် လူတိုင်း ဒုက္ခရောက်တတ်ကြပြီး ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် ဘယ်မှာရှိသည်ကို မည်သူမျှ ထုတ်မပြောရဲကြပေ။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ဤမျှ အာဏာကြီးလိမ့်မည်ဟု လီချင်းချိုး မထင်ထားခဲ့မိပေ။ကြည့်ရတာ သူ အင်အားသုံးမှ ရမည့်ပုံ ပေါ်နေသည်။

ပစ်မှတ်ကို ရှာဖွေရန် ပြင်ဆင်နေစဉ်တွင် အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး ရောက်လာပြီး "ရှင်က ဒီလိုပုံစံနဲ့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို စုံစမ်းနေရင် ဒုက္ခရောက်လိမ့်မယ်... ကျွန်မလည်း ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ဆီ သွားမလို့ပဲ... ကျွန်မ ကူညီပေးရမလား..."

လီချင်းချိုး လှည့်ကြည့်လိုက်သောအခါ သူတို့နှစ်ဦးမှာ ခြေငါးလှမ်းခန့်သာ ကွာဝေးသော လမ်းမပေါ်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မော့ကြည့်လိုက်ရာ ဝါးခမောက်အောက်မှ လှပပြီး အေးစက်သော မျက်နှာလေး ပေါ်လာသည်။

ဒါက လီချင်းချိုး သူမ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမက အလွန် လှပသော်လည်း မျက်လုံးများက သိုင်းသမားများတွင်သာ ရှိတတ်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို သယ်ဆောင်ထားသည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက အရပ်ရှည်ပြီး လီချင်းချိုးနှင့် အရပ်ချင်း မတိမ်းမယိမ်းလောက်ပင်။ လီချင်းချိုးမှာ ဖွံ့ဖြိုးဆဲ အရွယ် ဖြစ်သော်လည်း သူမမှာ ၁.၇၅ မီတာခန့် ရှိနေပြီ ဖြစ်သည်။

"ကျွန်တော့်ဆရာက စကားပါးခိုင်းလိုက်လို့ပါ... ဒါပေမဲ့ သူက တခြားကိစ္စတွေနဲ့ မအားတာမို့ ကျွန်တော့်ကိုပဲ လွှတ်လိုက်တာ..."

လီချင်းချိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး သူ့မျက်နှာထားတွင် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြသခြင်း မရှိပေ။

"အခု တောင်ပေါ် တက်ကြမယ်... မနက်ဖြန် မနက်လောက်ဆို ရောက်လောက်တယ်... ရှင် တကယ် သွားရဲတာ သေချာလား..."ဟု အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မေးလိုက်သည်။

လီချင်းချိုး၏အသွင်အပြင်က ရုပ်ရည်ချောမောပြီး စာပေသမား အငွေ့အသက် ရှိသူ ဖြစ်သည်။ ခါးတွင် ဓားတစ်ချောင်း ချိတ်ထားသော်လည်း အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးကတော့ သူ့ထံမှ မည်သည့် အန္တရာယ်ကိုမျှ မခံစားရပေ။

"ဒါဆို မိန်းကလေး လမ်းပြပေးပါဉီး.." လီချင်းချိုးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက ဘာမျှ မပြောဘဲ သူ့ဘေးမှ ဖြတ်သွားရာ သူလည်း လှည့်၍ သူမနောက်သို့ လိုက်သွားလေတော့သည်။

သူတို့နှစ်ဦး ချီယွဲ့မြို့၏ လမ်းမကြီးအတိုင်း လျှောက်သွားကြသည်။ ချီယွဲ့မြို့က အတော်အတန် ကြီးမားပြီး စည်ကားသည်ဟု ဆိုရမည်။ထိုမြို့တွင် ခင်ပွန်းလောင်း ရှာဖွေရန် သိုင်းပြိုင်ပွဲ ကျင်းပနေသူကိုပင် တွေ့ခဲ့ရသည်။

နောင်အခါကြရင် ချင်းရှောင်းဂိုဏ်းက ဒီနေရာမှာ တပည့်သစ်တွေ လာစုဆောင်းလို့ ရနိုင်တယ်။

ဤအတွေးများဖြင့် လီချင်းချိုး ချီယွဲ့မြို့မှ ထွက်ခွာခဲ့ပြီး သူတို့နှစ်ဦး တောင်ပေါ်တက်ခဲ့ကြသည်။

သို့သော် ပုံမှန်လမ်းကြောင်းအတိုင်း မသွားကြပေ။ဤအဖြစ်က လီချင်းချိုးအား ခြေထောက်အောက်တွင် လမ်းမရှိဘဲ ပေါင်းပင်များသာ ထူထပ်နေသည့် ထိုက်ခုန်းတောင်တန်းသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။

ညရောက်လာသောအခါ အမြင်အာရုံ အားနည်းလာပြီး မှောင်မိုက်သွားသည်။ထိုအခါအနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မီးတုတ်တစ်ချောင်း ယူလာခဲ့ပြီး ရှေ့ခရီးကို မီးထိုးကာ ခြေလှမ်းများကို အရှိန်ထပ်မံ မြှင့်တင်လိုက်သည်။

လီချင်းချိုးအတွက် မီးတုတ် မလိုသော်လည်း သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

နာရီအနည်းငယ် ကြာပြီးနောက်…

သူတို့နှစ်ဦး တောင်ကုန်းထိပ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာမှနေ၍ ရှေ့တွင် အဆုံးမရှိ ရှည်လျားနေသော တောင်တန်းများကို မြင်နေရဆဲပင်။ ညဘက် မြူခိုးများကြောင့် တောင်တန်းများက ရှေးဟောင်း ဘီလူးကြီးများ ငုံ့ကြည့်နေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေသည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက ရပ်တန့်လိုက်ပြီး"မိုးလင်းတာနဲ့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ရဲ့ ဂိတ်တံခါးကို မြင်ရလိမ့်မယ်..."

လီချင်းချိုးက ခေါင်းညိတ်ပြီး အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးကို မေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် မိန်းကလေး... မိန်းကလေးက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်နဲ့ ဘယ်လို ပတ်သက်မှုရှိလဲ ဆိုတာ မေးလို့ ရမလား..."

"ဘာလို့ မေးတာလဲ..."

"မိန်းကလေး မပြောချင်ရင်လည်း ရပါတယ်..."

လီချင်းချိုး ရှေ့မှ ဖိစီးမှုများသော တောင်တန်း ရှုခင်းကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

သူမ ဘာမျှ မပြောလည်း သူ ဂရုမစိုက်ပေ။ သူမက ရန်သူ ဖြစ်လာရင်တောင်မှပေါ့။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက လီချင်းချိုးကို လှည့်ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"လမ်းတစ်လျှောက်လုံး ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က လူတွေကို မတွေ့ရတာ ရှင် မထူးဆန်းဘူးလား..."

"ကျွန်တော်တို့က လူသွားလမ်း မဟုတ်တဲ့ တောင်လမ်းက လာတာလေ... ဒါကြောင့် ဘယ်သူနဲ့မှ မတွေ့တာပေါ့..." ဟု လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက သာမန်လူ မဟုတ်ကြောင်း သူ ပြောနိုင်သော်လည်း စုံစမ်းရန် ပျင်းရိနေသည်။

အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် သူမ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်သည့် အသံနှင့်အတူ သူမ၏ ဓားဉီး လီချင်းချိုး၏ လည်ပင်းရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

"ပြောစမ်း... ရှင့်ဆရာက ဘယ်သူလဲ... ပြီးတော့ သူက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်နဲ့ ဘာပတ်သက်မှု ရှိတာလဲ..." ဟု အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

လီချင်းချိုးက သူမကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို လျင်မြန်စွာ မြှောက်ကာ သူမလက်ထဲမှ ဓားကို ညာဘက် လက်ခလယ်ဖြင့် ပုတ်ထုတ်လိုက်သည်။

အရာအားလုံးက မြန်ဆန်လွန်းလှသည်။ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ သူမ ခြေလှမ်း နှစ်လှမ်းခန့် နောက်ဆုတ်သွားရပြီး ဓားလည်း သူမနောက်ဘက် မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဓားသွားမှာ မြေကြီးထဲသို့ စိုက်ဝင်လျက် တုန်ခါနေသည်။

သူမ လီချင်းချိုးကို မယုံနိုင်စွာ ကြည့်လိုက်မိ၏။ဒီလူငယ် ဤမျှ သိုင်းပညာ ကောင်းလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့မိပေ။

ထိုနောက်ဆုံး ပုတ်ထုတ်လိုက်မှုမှ တားဆီးမရနိုင်သော စွမ်းအားတစ်ခုကို သူမ ခံစားလိုက်ရသည်။

"စောစောက စကားတွေက လိမ်ပြောတာပါ... ခင်ဗျား ကျွန်တော့်ကို စော်ကားတာက လမ်းပြပေးတဲ့ ကျေးဇူးထက် ပိုသွားပြီ... အခု... တောင်အောက်ကို ဆင်းသွားလိုက်တော့..."

လီချင်းချိုးက ထိုစကားများကို ခံစားချက်မပါသော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် တောင်ကုန်းပေါ်သို့ လမ်းလျှောက်တက်သွားခဲ့သည်။

မိုးလင်းတဲ့အထိ စောင့်ရမလား...

သူ ဆက်မစောင့်ချင်တော့ပေ။

လီချင်းချိုး တောင်ပေါ်သို့ တက်သွားတော့မည်ကို မြင်သောအခါ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင် ဘယ်သူလဲ... ဘာလိုချင်တာလဲ..."

"ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ရန်သူကို သတ်မလို့..."

လီချင်းချိုးက ခေါင်းမလှည့်ဘဲ ပြောလိုက်ရာ သူ၏ စကားများက အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးကို တုန်လှုပ်သွားစေသည်။

သတ်မယ် ဟုတ်လား...

ဒီလူက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို တစ်ယောက်တည်း ဝင်စီးမလို့လား...

သူမ ဘာမှ ဆက်မတွေးနိုင်ခင်မှာပင် လီချင်းချိုးက တောငန်းရိုင်း တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်တက်သွားပြီး မြူခိုးများထဲသို့ တိုးဝင်ကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

...

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တည်ရှိရာ တောင်သည် အလွန် မြင့်မားပြီး လီချင်းချိုး အနေဖြင့် တက်ရောက်ရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။

သူ တောင်တံခါးဝသို့ ရောက်သောအခါ သုံးကျန့်ခန့် မြင့်သော တံခါးကြီးကို မော့ကြည့်လိုက်မိကာ မည်မျှ ခမ်းနားထည်ဝါကြောင်းကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရသည်။

ခုနစ်စဉ်တောင်ထိပ်မဟာမိတ်၏ တောင်တံခါးနှင့် ယှဉ်လိုက်လျှင် ချင်းရှောင်းဂိုဏ်း၏ တောင်တံခါးမှာ စကားထဲထည့်ပြောစရာပင် မလိုတော့ချေ။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ တပည့်နှစ်ဦးသည် တောင်တံခါးရှေ့ရှိ တိုင်လုံးကို မှီ၍ အိပ်ပျော်နေကြပြီး လီချင်းချိုး၏ ခြေသံကို သတိမထားမိကြပေ။

လီချင်းချိုးက အစောင့်တစ်ယောက်အနားသို့ ကပ်သွားပြီး ဓားကို ဝှေ့ယမ်းကာ လည်ပင်းကို လှီးဖြတ်လိုက်သဖြင့် သွေးများ တံခါးတိုင်ပေါ်သို့ ဖြာကျကုန်သည်။

အခြား ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်တစ်ဦးမှာ ဆူညံသံကြောင့် နိုးလာသည်။ သူက မျက်လုံးများကို မှုန်ကုပ်ကုပ် ဖွင့်ကြည့်လိုက်ရာ လီချင်းချိုးနှင့် သူ့ဂျူနီယာညီလေး၏ အလောင်းကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လီချင်းချိုးက သူ့အပေါ်သို့ ခုန်အုပ်လိုက်ပြီး ဘယ်လက်ဖြင့် ပါးစပ်ကို ပိတ်ကာ ညာလက်ဖြင့် ကောင်းကင်သက်တံဓားကို လည်ပင်းပေါ် တင်လိုက်သည်။

"မသေချင်ရင် ငါခိုင်းတဲ့အတိုင်းလုပ်... နားလည်ရင် မျက်တောင်ခတ်ပြ..." လီချင်းချိုးက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ တပည့်ဖြစ်သူမှာ လီချင်းချိုး၏ လက် တုန်သွားမည်ကို ကြောက်သဖြင့် မျက်တောင်များကို အလျင်အမြန် ခတ်ပြလိုက်သည်။

ထိုအခါမှ လီချင်းချိုးက သူ့ကို ဆွဲထူလိုက်ပြီး "မင်း လမ်းပြပေးစမ်း... မင်းတို့ ဂိုဏ်းချုပ် နေတဲ့နေရာကို ငါ့ကို ခေါ်သွား... မင်း ဉာဏ်များဖို့ ကြိုးစားရင် ငါ့ဓားက ပိုမြန်မယ် ဆိုတာ အာမခံတယ်..."

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်ခင်မျာ လီချင်းချိုး တွန်းလိုက်သဖြင့် ရှေ့သို့ ယိုင်သွားသဖြင့် ဟန်ချက်ပြန်ထိန်းလိုက်ချိန်တွင် သူ့ခါး၌ ထက်ရှသော အရာတစ်ခု လာထောက်နေသည်ကို ခံစားလိုက်ရသဖြင့် ချွေးစေးများ ပြန်လာလေသည်။

ထိုသူ လမ်းပြပေးသော်လည်း ညဉ့်နက်နေပြီ ဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် အခြားတပည့်များနှင့် မတွေ့ရပေ။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ ဖောက်လုပ်ထားသော လမ်းများမှာ ကျယ်ဝန်းပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်များလည်း များစွာရှိရာ သိုင်းဂိုဏ်းကြီး တစ်ခု၏ ခမ်းနားမှုကို ပြသနေသည်။ အမွှေးတိုင် တစ်တိုင်စာခန့် လမ်းလျှောက်ပြီးနောက် သူတို့နှစ်ဉီး ပထမဂိုဏ်းချုပ်၏ ခြံဝန်းသို့ ရောက်ရှိခဲ့ကြသည်။

လမ်းပြပေးသော ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်က အိမ်တစ်လုံးကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။ လီချင်းချိုးက ရုတ်တရက် လက်ကို ဝှေ့ယမ်းကာ သူ့လည်ပင်းနောက်ကို ရိုက်၍ သတိလစ်သွားစေလိုက်သည်။ ထို့နောက် သူသည် ဓားကို ဆွဲထုတ်၍ အိမ်ဘက်သို့ လျှောက်သွားလိုက်လေတော့သည်။

All Chapters