ချင်းရှောင်းဂိုဏ်းသို့ ပြန်လာခြင်း
Vol. 3 Ch. 24
နေရောင်ခြည်သည် ကမ္ဘာမြေကို ထိုးဖောက်ဝင်ရောက်လာပြီး တောင်ခြေရှိ ချီယွဲ့မြို့ပေါ် ဖြာကျနေသည်။
တည်းခိုခန်းတစ်ခုအတွင်း၌
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုကို ကြည့်လိုက်ရာ မျက်နှာတွင် စိတ်မရှည်မှုများ အပြည့် ဖြစ်နေသည်။
"ရှင် တကယ် မြန်တာပဲ... ကျွန်မ အခုမှ ရောက်တယ်... နောက်တစ်မနက်မှာတင် ရှင် ကျွန်မကို ရှာတွေ့သွားပြီ..."
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက အေးစက်စွာ ပြောလိုက်ရာ မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုမှာ ဘာတတ်နိုင်မှာလဲ ဆိုသည့် ပုံစံ ဖြစ်သွားသည်။
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုသည် အသက် ခုနစ်ဆယ်ကျော်ခန့် ရှိပုံရပြီး မျက်နှာတွင် အညိုရောင် အစက်အပြောက်များ ရှိနေသည်။ သူ သက်ပြင်းချလိုက်ပြီး
"သခင်မလေး... စိတ်မြန်လက်မြန် မလုပ်ပါနဲ့တော့... သခင်မလေးရဲ့ လက်ရှိ သိုင်းပညာ အရည်အချင်းနဲ့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို သွားရင် သေချာပေါက် ဒုက္ခရောက်မှာပါ... ဒါ့အပြင် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ကျွန်တော် ကြားထားတယ်... အခုဆိုရင် သူတို့ကို ရန်စရဲတဲ့ ဘယ်သူမဆို သေချာပေါက် ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်..."
"ဘာဖြစ်လို့လဲ..."
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မေးလိုက်ရာ သူမစိတ်အာရုံက လီချင်းချိုးထံသို့ အလိုအလျောက် ရောက်သွားသည်။ လီချင်းချိုး ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှာ ဘာသွားလုပ်သလဲ ဆိုတာ သူမ အလွန် သိချင်နေမိသည်။
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာထား လေးနက်သွားပြီး "မနေ့ညက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ရဲ့ ပထမခေါင်းဆောင် လွီထိုက်သု သူ့အိမ်မှာတင် အသတ်ခံလိုက်ရတယ်... လူသတ်သမားကို တားဖို့ ကြိုးစားတဲ့ တခြား ခေါင်းဆောင်တစ်ယောက်လည်း ရိုက်သတ်ခံလိုက်ရတယ်လို့ ပြောကြတယ်..."
ထိုစကားကို ကြားသောအခါ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာထား ပြင်းထန်စွာ ပြောင်းလဲသွားပြီး အံ့သြမှင်သက်သွားသည်။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သူမ ရုတ်တရက် သဘောပေါက်သွားသည်။
မနေ့ညက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှာ အဲဒီလောက် ဆူညံနေတာ အံ့ဩစရာ မဟုတ်တော့ဘူး...
ဒါပေမဲ့...
လွီထိုက်သုကို သတ်ဖို့ ဟုတ်လား...
သူ ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ...
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက လီချင်းချိုး လက်ချောင်းဖြင့် ပုတ်ပြီး သူမ၏ ဓားကို လွင့်ထွက်သွားအောင် လုပ်ခဲ့သည်ကို ပြန်လည် သတိရလိုက်ပြီး သူ့မှာ အမှန်တကယ်ပင် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိကောင်း ရှိနိုင်ကြောင်း သဘောပေါက်လိုက်သည်။
ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ...
ဒီလူက အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ နည်းပညာတွေနဲ့ ရုပ်ဖျက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ပညာရှင်များလား...
တွေးလေလေ သူမ ပိုလန့်လေလေ ဖြစ်လာသည်။ ဒါက လွီထိုက်သုလေ... ခြေတစ်ချက် ဆောင့်လိုက်တိုင်း ကုကျိုး သိုင်းလောကကို တုန်လှုပ်သွားစေနိုင်တဲ့ ထိပ်တန်း သိုင်းပညာရှင်လေ...
ထို့အပြင် လွီထိုက်သုက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် အတွင်းမှာတင် သေဆုံးသွားသည် ဆိုသည်မှာ လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။
သူမ မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုကို မော့ကြည့်ပြီး အလျင်အမြန် မေးလိုက်ပြန်သည်။
"ဘယ်သူ လုပ်တာလဲ..."
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုက ခေါင်းခါပြီး"မသိဘူး... အဲဒီလူက ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ မြေကမ္ဘာဆီ ဆင်းသက်လာတဲ့ နတ်ဆိုးဘုရားလိုပဲတဲ့... ဘယ်သူမှ တားမရဘူးတဲ့... သူက ကလေးနှစ်ယောက်ကိုလည်း ခေါ်သွားတယ်တဲ့... ဖြစ်နိုင်တာက အဲဒီကလေးနှစ်ယောက်အတွက် လာခဲ့တာ ဖြစ်မယ်..."
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး မနေနိုင်ဘဲ မျက်လုံး လှန်ကြည့်လိုက်ပြီး စိတ်တိုတိုဖြင့် "ခေါင်းသုံးလုံး လက်ခြောက်ဖက် ဆိုတာ ဘာအဓိပ္ပာယ်လဲ... ရှင်က အဲဒါကို တကယ် ယုံတာလား..."
"ဒါက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ပြောတာလေ... ကျွန်တော်က ပြန်ပြောပြရုံပါ..."
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုက ပခုံးတွန့်ပြလိုက်သည်။
"သခင်မလေး... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ကြီးမားတဲ့ မငြိမ်မသက်မှုတွေထဲ ကျရောက်တော့မယ်... အတွင်းအားပြိုင်ပွဲတွေနဲ့ ပြင်ပရန်သူတွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာလိမ့်မယ်... သခင်မလေးကို ဒုက္ခပေးနေတဲ့ အရာတွေ သူတို့အလိုလို ပျောက်ကွယ်သွားနိုင်တယ်... ဘာလို့ ကိုယ်တိုင် စွန့်စားနေမှာလဲ..."
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးက မထီမဲ့မြင် ပြုံးလိုက်ပြီး "အခု လွီထိုက်သု သေသွားပြီ ဆိုတော့ ကျွန်မရဲ့ ပြဿနာတွေပျောက်ကွယ်သွားပြီပေါ့... စိတ်မပူပါနဲ့... ဒီနေ့ ရှင်နဲ့အတူ ကျွန်မ ပြန်လိုက်ခဲ့ပါ့မယ်..."
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအို သက်ပြင်းချလိုက်ပြီး မုတ်ဆိတ်မွေးကို သပ်ကာ ခေါင်းညိတ်လိုက်သည်။
အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီး ခဏတာ တွန့်ဆုတ်နေပြီးနောက် "လွီထိုက်သုကို ဘယ်သူ သတ်သွားလဲ ဆိုတာ လူလွှတ်ပြီး စုံစမ်းခိုင်းလို့ ရမလား... ကျွန်မ သူ့နာမည်ကို သိချင်ရုံပါ..."
"အတတ်နိုင်ဆုံးစုံစမ်းကြည့်ပါ့မယ်... မနေ့ညက မှောင်နေတော့ သူ့နာမည်ကို စုံစမ်းဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူး..."
မီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုက သိပ်အရေးမကြီးသလို သဘောထားပြီး ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။
လီချင်းချိုး၏ ပုံရိပ် အမျိုးသမီး၏ စိတ်ထဲတွင် ပြန်လည် ပေါ်လာပြီး သိလိုစိတ်များ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
ဒီလူ ဘယ်သူလဲ... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ဆီ ရဲရဲတင်းတင်း လာပြီး တောင်ပေါ်တက် လူသတ်ရဲတဲ့အထိ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်နဲ့ ဘာအငြိုးအတေးတွေ ရှိလို့လဲ...
...
ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ ထွက်ခွာပြီးနောက် လီချင်းချိုး မိုင်ပေါင်းရာချီ ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် အနားယူရန်နှင့် ခွန်အားပြန်လည် ရယူရန်အတွက် တောင်များထဲတွင် ခိုလှုံရာ နေရာတစ်ခု ရှာတွေ့ခဲ့သည်။
ထို့နောက် ယွမ်လီလေး၏ ခန္ဓာကိုယ်ကို ကုသရန် ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို အသုံးပြုခဲ့ပြီး ယွမ်ချီက တောင်ပေါ်တွင် ပန်းများ၊ သစ်သီးများနှင့် ရေများကို လိုက်လံ ရှာဖွေခဲ့သည်။
တစ်ရက် အနားယူပြီးနောက် သူတို့ ခရီးဆက်ခဲ့ကြပြီး လမ်းမများကို ရှောင်ကွင်းကာ မည်သူနှင့်မျှ မတွေ့ဆုံစေရန် ဂရုပြုခဲ့ကြသည်။
လေကျင့်စဉ်၏ အကူအညီဖြင့် လီချင်းချိုး၏ ခြေလှမ်းများ အလွန် သွက်လက်သည်။ မြင်းလှည်း အရှိန်ကို မမီနိုင်သော်လည်း သိပ်တော့ မနှေးကွေးလှပေ။
ချင်းရှောင်းတောင်ခြေသို့ ရောက်သောအခါမှ လီချင်းချိုး သက်ပြင်းချနိုင်တော့သည်။
ရှေ့မှ မြင့်မားပြီး နိမ့်တုံမြင့်တုံ ရှိသော တောင်တန်းများကို ကြည့်ရင်း ယွမ်ချီ စိတ်ရှုပ်ထွေးသွားသည်။
ဘာလို့ ပိုပိုပြီး ဝေးသွားသလို ခံစားနေရတာလဲ...
သူ့စိတ်ထဲတွင် သိုင်းဂိုဏ်းများ ဆိုသည်မှာ မြို့များနှင့် နီးသော နေရာတွင် ရှိရမည်ဟု ထင်မှတ်ထားသည်။ သို့မှသာ တပည့်သစ် စုဆောင်းရန်နှင့် လူများကို ကျွန်ပြုရန် အဆင်ပြေမည် မဟုတ်ပါလား။
"တောင်ပေါ် ရောက်တာနဲ့ မင်း ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူး... ပြီးတော့ ငါ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို ရောက်ခဲ့တယ် ဆိုတာလည်း မပြောနဲ့... မင်းတို့က ဒုက္ခသည်တွေနောက် လိုက်လာတဲ့ မိဘမဲ့တွေ... ငါ ပြန်ခေါ်လာတာလို့ပဲ မှတ်ထား... နားလည်လား..."
လီချင်းချိုးက ယွမ်လီကို ချီပြီး ရှေ့မှ လျှောက်သွားရင်း ပြောလိုက်သည်။ မနေ့က မြို့တစ်မြို့ကို ဖြတ်သွားစဉ်က ဝယ်လာသော အထုပ်ကြီး တစ်ထုပ်ကိုလည်း လွယ်ထားသည်။
နောက်မှ လိုက်လာသော ယွမ်ချီက ခေါင်းညိတ်ပြီး "သိပါတယ် အစ်ကိုကြီး... စိတ်မပူပါနဲ့... ကျွန်တော် အစ်ကိုကြီးကို ဒုက္ခမပေးပါဘူး..."
လီချင်းချိုးက ချင်းရှောင်းဂိုဏ်း၏ အခြေအနေကို စတင် မိတ်ဆက်ပေးလိုက်သည်။ ယွမ်ချီကတော့ ချင်းရှောင်းဂိုဏ်း အကြောင်း တစ်ခါမှ မကြားဖူးသော်လည်း ချင်းရှောင်းဂိုဏ်းမှ တပည့်များ အားလုံး အလွန် ငယ်ရွယ်ကြသည်ဟု ကြားလိုက်ရသဖြင့် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။
ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်တွင် လူကြီးများနှင့်သာ ကြုံတွေ့ခဲ့ရပြီး အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရသည်။ထို့ကြောင့် လူကြီးများ ပြည့်နှက်နေသော ပတ်ဝန်းကျင်သို့ ဝင်ရောက်ရမည်ကို အလွန် ကြောက်ရွံ့နေသည်။
ချင်းရှောင်းဂိုဏ်း၏ အခြေအနေကို ကြားရသောအခါ ယွမ်ချီ ပိုပြီး ရဲတင်းလာကာ မေးခွန်းများကို အဆက်မပြတ် မေးမြန်းလေတော့သည်။ လီချင်းချိုးကလည်း တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဖြေကြားပေးရှာသည်။
တောင်ခြေမှ ချင်းရှောင်းဂိတ်တံခါးဝသို့ ခရီးက ရှည်လျားပြီး နေ့ဝက်ခန့် ကြာမြင့်ခဲ့သည်။
လီချင်းချိုး လွီထိုက်သုကို သတ်ခဲ့သည်မှာ ဆယ်ရက် ရှိပြီ ဖြစ်သည်။
နေဝင်ဖျိုးဖျအချိန်သို့ ရောက်ချိန်တွင်
ချင်းရှောင်းဂိုဏ်း၏ တံခါးကို ကြည့်ရင်း လီချင်းချိုး ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်လောက် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း သူ့တင်းမာနေသော အာရုံကြောများ လုံးဝ ပြေလျော့သွားလေသည်။
ကလေးတစ်ယောက် တောင်တံခါးရှေ့တွင် ထိုင်ချပြီး ကျောက်ခဲများနှင့် ဆော့ကစားနေသည်ကို သူ တွေ့လိုက်ရ၏။
ထိုသူက လီစီဖုန်း ဖြစ်သည်။
"စီဖုန်း... ဘာလို့ အချောင်ခိုနေပြန်တာလဲ..."
လီချင်းချိုး၏ အသံကြောင့် လီစီဖုန်း လန့်သွားပြီး အမြန် မတ်တတ်ရပ်ကာ လှည့်ကြည့်လိုက်သည်။
သူ့မျက်နှာကို မြင်သောအခါ လီချင်းချိုး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
လဝက် ကြာပြီးနောက် လီစီဖုန်း၏ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ ရှိနေဆဲ ဖြစ်သော်လည်း ကံကောင်းထောက်မစွာ ရောင်ရမ်းခြင်း မရှိတော့ပေ။ သို့သော် လီစီဖုန်း ပြုံးလိုက်သောအခါ သွားအချို့ ကျိုးနေသည်ကို မြင်ရသည်မှာ တကယ် ရယ်စရာ ကောင်းနေသည်။
လီချင်းချိုး သူ့ရယ်သံကို ချက်ချင်း ထိန်းလိုက်ရသည်။
မရယ်နဲ့... အဲဒါက သိပ် ယုတ်မာရာ ကျတယ်... ဘာပဲဖြစ်ဖြစ် လီစီဖုန်းက ချင်းရှောင်းဂိုဏ်းအတွက် ဒဏ်ရာရခဲ့တာလေ...
"အစ်ကိုကြီး..."
လီစီဖုန်းက အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်ပြီးနောက် လေပွေတစ်ခုကဲ့သို့ ပြေးဆင်းလာသည်။ သူ့အသံက ကျယ်လောင်လွန်းသဖြင့် ဂိုဏ်းထဲရှိ တပည့်များကို လန့်သွားစေသည်။
သူ လီချင်းချိုး ရှေ့သို့ ရောက်သည်နှင့် ယန်ကျွယ်တိန်၊ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ တောင်နံရံကို နင်း၍ တောင်တံခါးဝသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ယွမ်ချီမှာ သူတို့၏ ကိုယ်ဖော့ပညာကြောင့် မှင်သက်သွားရသည်။
"မင်း ဒီရက်ပိုင်း လိမ်လိမ်မာမာနေရဲ့လား..." လီချင်းချိုးက ပြုံး၍ မေးကာ လီစီဖုန်း၏ ခေါင်းကို ပုတ်လိုက်သည်။
လီစီဖုန်းက လီချင်းချိုး၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး မျက်ရည်များ ကျလုမတတ် ဖြစ်နေရှာသည်။
"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကို အရမ်း စိတ်ပူနေတာ... ဘာလို့ ဒီလောက် ကြာနေတာလဲ... ကျွန်တော်တို့ကို မလိုချင်တော့ဘူးလို့ ထင်နေတာ..."
ဂိုဏ်းထဲမှ တပည့်များ ပိုများလာသည်။ လီချင်းချိုးကို မြင်သောအခါ သူတို့အားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။
ချင်မိသားစုမှ သားခြောက်ယောက် ဖြစ်မည့် မျက်နှာစိမ်း ခြောက်ယောက်ကိုလည်း လီချင်းချိူး တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်ရက်က တာအိုမျိုးဆက် ဇယားကွက်တွင် တပည့်သစ် ခြောက်ဦး ပေါ်လာသည်ကို သတိပြုမိခဲ့သည်။ ကံမကောင်းစွာဖြင့် သူတို့၏ ပါရမီများက သာမန်သာ ဖြစ်ပြီး အထူးကံကြမ္မာများ မရှိကြသဖြင့် လီချင်းချိုး သိပ်အာရုံမစိုက်ခဲ့ဘဲ သူတို့ မျက်နှာများကိုပင် မမှတ်မိတော့ပေ။
ကျန်းကျောက်ရှား လီချင်းချိုး ဘေးသို့ လျင်မြန်စွာ ရောက်လာပြီး သူ့ကို သေချာ စစ်ဆေးကာ ဒဏ်ရာမရကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချလိုက်သည်။
လီစီကျင်က လီချင်းချိုးကို ဖက်ထားပြီး အတိုင်းမသိ ဝမ်းသာနေသလို လီတုန်းယွဲ့ကလည်း သူ့ဘေးတွင် ရပ်လျက် မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်နေသည်။
ယန်ကျွယ်တိန်လည်း သက်ပြင်းချလိုက်သည်။ သူက လီချင်းချိုး ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ကို သွားသည့် အကြောင်းကို ဖုံးကွယ်ထားခဲ့ရသည်မဟုတ်ပေလော။ ဖိအားများကြောင့် သူ လဲကျလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာ လီချင်းချိုး ပြန်ရောက်လာခဲ့သည်။
"အစ်ကိုကြီး... ဘယ်တွေ သွားနေတာလဲ... ဘာလို့ ဒီလောက် ကြာနေတာလဲ..."
ကျန်းကျောက်ရှားက မေးလိုက်ရာ သူမအသံတွင် စိတ်ဆိုးသံများ ပါနေသည်။
လီချင်းချိုးက ပြုံးပြီး "ငါ ကင်းလှည့် သွားမယ်လို့ ယွီချွန်းကို မပြောခဲ့ဘူးလား... လမ်းမှာ တခြားကိစ္စလေးတွေ ရှိလို့ ကြန့်ကြာနေတာပါ... ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်... ငါ့နောက်က ကောင်လေး နာမည်က ယွမ်ချီ တဲ့... ငါ့ရင်ခွင်ထဲက ကလေးက သူ့ညီလေး ယွမ်လီ... သူတို့ကလည်း နောင်ကြရင် ချင်းရှောင်းဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာလိမ့်မယ်..."
ဤစကားများက လူတိုင်း၏ အာရုံကို ချက်ချင်း လွှဲသွားစေသည်။
ယန်ကျွယ်တိန်က ယွမ်ချီအနားသို့ ကပ်သွားပြီး သေချာ လေ့လာနေသဖြင့် ယွမ်ချီ နေရခက်သွားသည်။
ရွှီနင်း ကြီးထွားလာခြင်းက လီချင်းချိုး၏ အမြော်အမြင်ရှိမှုကို သက်သေပြနေသည်။
ယန်ကျွယ်တိန်တင် မကဘဲ အခြား တပည့်များလည်း လီချင်းချိုး စိတ်ဝင်စားလောက်အောင် ယွမ်ချီမှာ ဘယ်လို ပါရမီမျိုး ရှိသလဲ ဆိုတာ သိချင်နေကြသည်။
ကျန်းယွီချွန်းက လီချင်းချိုးကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ဝူမန်အာကတော့ ဘာမှ မပြောဘဲ ရူးကြောင်ကြောင် ပြုံးနေသည်။
"ကဲပါ... အထဲဝင်ပြီး ပြောကြတာပေါ့... ငါတို့အတွက် အစားအသောက် ပြင်ဆင်ပေးပါဦး..."
လီချင်းချိုးက အဖွဲ့လိုက် ဆွေးနွေးနေမှုကို ဖြတ်ပြောပြီး တိုက်တွန်းလိုက်သဖြင့် အားလုံး စကားစမြည် ပြောရင်း ရယ်မောရင်း တောင်ပေါ်သို့ ဆက်လက် တက်သွားကြသည်။ တပည့်များမှာ ငယ်ရွယ်ပြီး အားအင်ပြည့်ဖြိုးကြသဖြင့် စကားစပြောသည်နှင့် မရပ်နိုင်ကြတော့ပေ။
"အစ်ကိုကြီး... ကလေးကို ကျွန်မ ပေး..."
လီတုန်းယွဲ့က လီချင်းချိုး ဘေးသို့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
လီချင်းချိုး မငြင်းဘဲ သူမလက်ထဲ ထည့်ပေးလိုက်သည်။
ခြံဝန်းသို့ ပြန်ရောက်ပြီးနောက် ကျန်းယွီချွန်းက ယွမ်ချီကို ရေချိုးပေးရန် ခေါ်သွားပြီး လီတုန်းယွဲ့နှင့် လီစီကျင်တို့က ယွမ်လီကို ရေချိုးပေးရန် ခေါ်သွားကြသည်။
လီချင်းချိုး စားပွဲတွင် ထိုင်လိုက်ပြီး အတူတကွ ရပ်နေကြသော ချင်မိသားစုဝင် ခြောက်ဦးအပေါ် အကြည့်ရောက်သွားသည်။ ကောင်လေး လေးယောက်နှင့် ကောင်မလေး နှစ်ယောက် ဖြစ်ပြီး အားလုံးမှာ အသက် ၁၁ နှစ်အရွယ်များ ဖြစ်ကြသည်။ အသက်အရွယ် တူညီသူ ခြောက်ယောက်ကို ရှာဖွေနိုင်ခြင်းက ချင်မိသားစု အမှန်တကယ် ကြီးပွားတိုးတက်နေကြောင်း ပြသရန် လုံလောက်သည်။
ဂိုဏ်းချုပ်၏ အကြည့်ကို ရင်ဆိုင်ရသောအခါ ချင်မိသားစုဝင်ခြောက်ယောက်စလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ ဒီကိုမလာခင်က ချင်းရှောင်းဂိုဏ်း ရောက်ရင် လိမ်လိမ်မာမာ နေရမည် ဖြစ်ကြောင်း၊ စောစော ပြန်ပို့ခံရသူ မည်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် ဖြစ်ကြောင်း ချင်ကျွယ်က မှာကြားလိုက်သည်။
"လာထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြ..."
လီချင်းချိုးက ညင်သာစွာ ပြုံးပြီး ချင်မိသားစုဝင် ခြောက်ယောက်ကို လက်ပြလိုက်သည်။
သူ့အပြုံးကို မြင်သောအခါ ချင်မိသားစုဝင် ခြောက်ယောက် စိတ်အေးသွားပြီး မိတ်ဆက်ရန် ရောက်လာကြသည်။
လီချင်းချိုးက သူတို့နှင့် ရင်းနှီးမှု ရစေရန် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလိုက်သည်။
ချင်းရှောင်းဂိုဏ်း၏ ဆရာခုနစ်ယောက်အနက် သုံးယောက်က ချက်ပြုတ်ကြသည်။ သူတို့က လျင်မြန်ပြီး ထိရောက်သဖြင့် အစားအစာများကို နွှေးပြီး လီချင်းချိုးထံ အချိန်တိုအတွင်း လာပို့ပေးကြသည်။
လီချင်းချိုးကတော့ ယွမ်ချီကို မစောင့်ဘဲ သူ့ဘာသာ စားလိုက်သည်။
ယန်ကျွယ်တိန် ဘေးတွင် ထိုင်နေပြီး လီချင်းချိုးကို မေးခွန်းတစ်ခု မေးချင်သော်လည်း အခြားသူများ ရှိနေသဖြင့် ထိန်းထားလိုက်ရသည်။
ခဏကြာသောအခါ ကျန်းယွီချွန်း၊ ယွမ်ချီနှင့် လီတုန်းယွဲ့တို့လည်း ခြံဝန်းထဲသို့ ရောက်လာကြသည်။ ချင်းရှောင်းဂိုဏ်းသား အားလုံး စုစုပေါင်း ၂၄ ယောက် စုဝေးရောက်ရှိနေကြသည်။
ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်လောက် ခမ်းနားထည်ဝါမှု မရှိသော်လည်း လီချင်းချိုးကို ကျေနပ်စေသည်။
ဆယ်နှစ်အတွင်း ဒီတပည့်တွေ အားလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လိမ့်မယ်လို့ သူ ယုံကြည်နေသည်။
လီတုန်းယွဲ့က လီချင်းချိုး၏ အခြားတစ်ဖက်တွင် ထိုင်ပြီး ပါးကို လက်တစ်ဖက်ဖြင့် ထောက်ကာ ခံစားချက်ပါပါဖြင့်"အစ်ကိုကြီး... အစ်ကိုကြီး ပြန်လာတဲ့ ပုံစံက ကျွန်မကို ဆရာ့အကြောင်း သတိရစေတယ်... ဆရာ စီဖုန်းနဲ့ စီကျင်ကို ပြန်ခေါ်လာတော့ အစ်ကိုကြီးလိုပဲ... စီကျင်ကို ရင်ခွင်ထဲ ထည့်ထားပြီး စီဖုန်းက အနောက်ကနေ လိုက်လာတာ..."
ထိုစကားကြောင့် ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် ဝူမန်အာတို့ ခေါင်းညိတ်လိုက်ကြပြီး လင်ရွှန်းဖုန်း အကြောင်း ပြန်ပြောင်း ပြောဖြစ်ကြသည်။
ဒါက တပည့်များကို လင်ရွှန်းဖုန်း အကြောင်း ပိုသိချင်လာစေသည်။ သူတို့၏ ဘိုးဘေးဂိုဏ်းချုပ်က ဘယ်လို သူရဲကောင်းဆန်တဲ့ ပုဂ္ဂိုလ်မျိုးလဲ...
ယန်ကျွယ်တိန်က "လင်ရွှန်းဖုန်း သူရဲကောင်းဆန်တာ မှန်ပါတယ်... ဒါပေမဲ့ သူက ချင်းရှောင်းဂိုဏ်းကို အများကြီး အကူအညီ မပေးခဲ့ဘူး... စတင် တည်ထောင်ကတည်းက ချင်းရှောင်းဂိုဏ်းက တပည့်တွေကို အကြီးအကျယ် မစုဆောင်းခဲ့ဘူး... ဒါကြောင့် လက်ရှိ ချင်းရှောင်းဂိုဏ်းက အတိတ်နဲ့ ဘာမှ မပတ်သက်ဘူးလို့ ကျွန်တော် ထင်တယ်..."
လီချင်းချိုး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် ကျေနပ်သွားသည်။ မတွေ့ရတာ ရက်အနည်းငယ် ကြာပြီးနောက် ယန်ကျွယ်တိန် ပိုပြီး အသိတရား ရှိလာခဲ့ပြီ။
ကျန်းယွီချွန်းက"မှန်တယ်... ဆရာက ငါတို့ကို စွန့်ပစ်ပြီး ထွက်သွားခဲ့တာ... ဒီနေ့ကစပြီး ချင်းရှောင်းဂိုဏ်းမှာ ဂိုဏ်းချုပ် တစ်ယောက်ပဲ ရှိတော့မယ်... ငါတို့က ချင်းရှောင်းဂိုဏ်း အသစ်ပဲ... အစ်ကိုကြီးက အလွမ်းဓာတ်ခံ ရှိပြီး နာမည်ဟောင်းကို သုံးနေလို့သာ..."