← Chapters

မိုးအောက်မြေပြင်၏ နာမည်ကျော်ဓားဆယ်လက်

Vol. 3 Ch. 27

မိုးအောက်မြေပြင်၏ နာမည်ကျော်ဓားဆယ်လက်

Vol. 3 Ch. 27

ရွှီနင်းကြောင့် လန့်သွားသဖြင့် ယန်ကျွယ်တိန်မှာ ချန်ချန်ဟိုင်နှင့် စကားများနေတော့သည်။ အစက ကြောက်လန့်နေသော ချန်ချန်ဟိုင်မှာ ထ၍ ရန်လုပ်ရန် ပြင်လိုက်စဉ် ရွှီနင်းက စူးခနဲ ကြည့်လိုက်သဖြင့် ပြန်ဒူးထောက်လိုက်ရသည်။

"ကဲပါ... အခု သူ့ကို သတ်လိုက်လည်း အလကားပဲ... ဘယ်လို ပြန်ပေးဆပ်ခိုင်းမလဲ ဆိုတာ စဉ်းစားကြတာပေါ့..."

လီချင်းချိုးက ဝင်ပြောလိုက်သည်။ ခိုးယူခြင်းမှာ ယုတ်မာသော အပြုအမူ ဖြစ်သော်လည်း ချန်ချန်ဟိုင် ခိုးယူသွားသော ပစ္စည်းများမှာ တန်ဖိုးကြီးကြီးမားမား မရှိလှသဖြင့် သေဒဏ်ပေးလောက်သည် အထိ မဟုတ်ချေ။

ယန်ကျွယ်တိန်က ချန်ချန်ဟိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် လီချင်းချိုးကို ကြည့်ကာ "ဒီလူ နာမည်က ချန်ချန်ဟိုင်ပါ... သူ့ရဲ့ ကိုယ်ဖော့ပညာက ပြိုင်ဘက်ကင်းပဲ... သိုင်းလောကမှာတော့ သူ့ကို သူခိုးဘုရင်လို့ ခေါ်ကြတယ်... သူက ပြည်နယ်တစ်ခုက မြို့စားမင်းအိမ်တော်က ရတနာတစ်ခုကို ခိုးပြီး တခြား အာဏာရှိသူတွေဆီ ရောင်းခဲ့ဖူးတယ်... ရတဲ့ပိုက်ဆံတွေကို ဘေးဒုက္ခသည်တွေကို ကူညီဖို့ သုံးခဲ့တာ... လူကောင်းတစ်ယောက်လို့ ပြောလို့ရပါတယ်... ပြီးတော့ သူ့ကတိတွေက တကယ် နာမည်ကြီးတယ်... သူ ကတိပေးပြီးရင် သေချာပေါက် လုပ်တယ်... အခုထိ ဘယ်သူ့ကိုမှ ကတိမပျက်ဖူးသေးဘူး..."

သူက ချန်ချန်ဟိုင်ကို အမှန်တကယ် လေးစားမိသည်။ ဤယိုယွင်းပျက်စီးနေသော လောကကြီးတွင် သူရဲကောင်းစိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်သော သိုင်းပညာရှင်များစွာ မရှိတော့ပေ။

လီချင်းချိုးက ချန်ချန်ဟိုင်ကို ကြည့်ပြီး မေးလိုက်သည်။ "မင်း ချင်းရှောင်းဂိုဏ်းကို ဘာလို့ ရောက်လာတာလဲ..."

ချန်ချန်ဟိုင်က"ကျွန်တော့်ကို အစိုးရက လိုက်ဖမ်းနေလို့ပါ... ဟေးရွှေခရိုင်ရဲ့ ခရိုင်ဝန်အသစ်က သိုင်းပညာ ကျွမ်းကျင်ပြီး ပြည်သူတွေကို ဂရုစိုက်တယ်... ဒါပေမဲ့ သူက ကျွန်တော့်ကိုပဲ ပစ်မှတ်ထားပြီး သူခိုးဘုရင်ကို မရရအောင် ဖမ်းမယ် လုပ်နေတာ... ထိုက်ခုန်းတောင်တန်းအထိ လိုက်ဖမ်းလို့ ကျွန်တော်လည်း ဗိုက်ဆာပြီး ရွေးချယ်စရာ မရှိတော့လို့ အခုလို ယုတ်ညံ့တဲ့အလုပ် လုပ်မိတာပါ..."

"မဟုတ်ဘူး... ကမ္ဘာကြီးက ကျယ်ပါတယ်... မင်းဘာလို့ ဒီနေရာကိုမှ အတင်း ပြေးလာရတာလဲ..." လီချင်းချိုး၏ မျက်လုံးများ စူးရှသွားပြီး လေသံမှာ မကျေနပ်သည့်ပုံ ပေါက်လာသည်။

ချန်ချန်ဟိုင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အံကြိတ်ကာ ပြောလိုက်သည်က "အမှန်အတိုင်း ပြောရရင် လာမယ့် နွေဦးပွဲတော်ကျရင် အိမ်ရှေ့စံမင်းသားက ထိုက်ခုန်းတောင်တန်းကို အမဲလိုက် ထွက်လာလိမ့်မယ်... ကျွန်တော်က ကြိုတင်ပြင်ဆင်မှု လုပ်ဖို့ ဒီကို ရောက်လာတာ... သူ့ခါးမှာ ချိတ်ထားတဲ့ ငြိမ်းချမ်းရေးဓားကို ခိုးမလို့..."

ဤစကားကို ကြားသောအခါ ယန်ကျွယ်တိန် မျက်လုံးပြူးသွားပြီး ဆဲဆိုလိုက်သည်။

"မင်း ဘယ်လောက်တောင် သတ္တိကောင်းလိုက်သလဲ... မင်းအဲဒါကို လုပ်လိုက်ရင် နန်းတွင်းက ထိုက်ခုန်းတောင်တန်းကို မွှေဖို့ စစ်တပ်ကြီး လွှတ်လိုက်လိမ့်မယ်... အဲဒီကျရင် ငါတို့ ချင်းရှောင်းဂိုဏ်းလည်း ထိခိုက်ကုန်မှာပေါ့..."

ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ ချန်ချန်ဟိုင်ကို ကြည့်သည့်အကြည့်များ ပြောင်းလဲသွားကြသည်။ သူ့ကို ဤမျှ ရဲတင်းလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ကျန်းယွီလည်း ဝင်မပြောဘဲ မနေနိုင်တော့ပေ။ "ငြိမ်းချမ်းရေးဓား ဆိုတာ ကွယ်လွန်သွားတဲ့ ဧကရာဇ် တိုင်းပြည်ကို အေးချမ်းအောင် လုပ်တုန်းက ဆရာသခင်တစ်ပါးက ပေးသနားခဲ့တာ... အဲဒါက မိုးအောက်မြေပြင်ရဲ့ နာမည်ကျော်ဓားဆယ်လက်ထဲမှာ ဒုတိယမြောက် ဓားပဲ... အဲဒါကို ခိုးလိုက်ရင် တစ်လောကလုံး သွေးချောင်းစီးသွားလိမ့်မယ်..."

ချန်ချန်ဟိုင်က ဝင့်ကြွားစွာဖြင့်.. "ဒါပေါ့... ငါသာ အောင်မြင်ရင် ငါ့ရဲ့ သူခိုးဘုရင် ဂုဏ်ပုဒ် နောက်တစ်ဆင့် တက်သွားမှာ... ပြီးတော့ ထျန်းမိသားစုကို ပါးရိုက်ပြချင်တာ... သူတို့က ငြိမ်းချမ်းသာယာတဲ့ ခေတ်ကြီးလို့ ဟောပြောနေကြပေမယ့် သာမန်ပြည်သူတွေရဲ့ ဘဝကို ငုံ့ကြည့်ဖို့တော့ ဝန်လေးနေကြတယ်... ချင်းရှောင်းဂိုဏ်း ထိခိုက်မလား ဆိုတာကတော့... လင်းရွှန်းဖုန်း သိုင်းလောကက အနားယူပြီးရင် ချင်းရှောင်းဂိုဏ်း ပျက်သွားပြီလို့ ထင်နေတာ... ဒီနေ့ တောင်ပေါ်တက်လာတာက နေစရာ ရှာမလို့ပါ... ဒါပေမဲ့ မင်းတို့ ကြက်ကင်နေတာ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

"အနံ့က အရမ်းမွှေးတာပဲကွာ... ငါဗိုက်ဆာလိုက်တာ... ဗိုက်ဆာတယ်..."

စကားဆုံးသည်နှင့် သူ တံတွေးမြိုချလိုက်မိသည်။

အကြီးအကျယ် အရိုက်ခံထားရသဖြင့် သူ ပို၍ပင် ဗိုက်ဆာနေပြီ ဖြစ်သည်။

လီချင်းချိုးက ယန်ကျွယ်တိန်ကို ကြည့်ပြီး"သူ့ရဲ့ ကိုယ်ဖော့ပညာက ပြိုင်ဘက်ကင်းတယ်လို့ ခင်ဗျားခုနက ပြောတယ်မလား..."

ယန်ကျွယ်တိန်က ဒေါသကို ထိန်း၍ ခေါင်းညိတ်ကာ "ကုကျိုး သိုင်းလောကကို ကြည့်မယ်ဆိုရင် သူ့ရဲ့ ကိုယ်ဖော့ပညာက ထိပ်ဆုံးပဲ..."

ရွှီနင်း ချန်ချန်ဟိုင်ကို မည်သို့ ဖမ်းမိခဲ့သည်ကို သူ ရုတ်တရက် သဘောပေါက်သွားသည်။

သူ ရွှီနင်း ဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။

ချန်ချန်ဟိုင်က သူ့အကြည့်ကို သတိထားမိပြီး ကမန်းကတန်းနှင့် "ငါသာ ဗိုက်မဆာရင် ဘယ်လိုလုပ် အဖမ်းခံရမလဲ... ဒါပေမဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာကလည်း တကယ် ကောင်းပါတယ်..."

မူလစတင်ခြင်းအဆင့် ဒုတိယအဆင့် ရောက်နေသော ရွှီနင်းသည် လေကျင့်စဥ်ကို စတင်လေ့ကျင့်နေပြီ ဖြစ်ကာ တောင်များနှင့် သစ်တောများကြားတွင် လျင်မြန်စွာ ရွေ့လျားသွားလာခြင်းကို ကျွမ်းကျင်နေပြီ ဖြစ်သည်။

"အဲဒီလိုဆိုမှတော့ မင်းကို ချင်းရှောင်းဂိုဏ်းမှာ တစ်နှစ်နေပြီး ငါ့တပည့်တွေကို ကိုယ်ဖော့ပညာ သင်ပေးဖို့ ပြစ်ဒဏ်ချမှတ်မယ်... ဒါမှ မင်းရဲ့ အမှားအတွက် ပြန်ပေးဆပ်နိုင်မှာ... ဒီအတောအတွင်း မင်းကို အငတ်မထားပါဘူး... မင်း သဘောမတူရင်တော့ ဟေးရွှေခရိုင် ကို ပို့လိုက်မယ်..."

လီချင်းချိုးက ချန်ချန်ဟိုင်ကို စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

ချန်ချန်ဟိုင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး"အချိန် နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား... နောက်ထပ် စီမံကိန်းကြီးကို လွဲချော်သွားမှာ စိုးလို့ပါ..."

"လူအများကြီးက မင်းရဲ့ ကြီးကျယ်တဲ့ စီမံကိန်းအကြောင်း ကြားပြီးနေပြီ... မင်း အောင်မြင်နိုင်ဦးမယ် ထင်နေလား... အချိန်ဖြုန်းမနေနဲ့... ရှင်းရှင်းပဲ ဖြေ... သဘောတူလား မတူဘူးလား..."

လီချင်းချိုးက စိတ်မရှည်စွာ ပြောလိုက်သည်။ "ငါ ထမင်းစားဖို့ စောင့်နေရသေးတယ်..."

ချန်ချန်ဟိုင်၏ မျက်နှာမှာ မဲလိုက် ဖြူလိုက် ဖြစ်နေသော်လည်း လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် နောက်ဆုံး၌ ခေါင်းညိတ် သဘောတူလိုက်လေသည်။

"ကောင်းပြီ... ညစာ ပြင်ကြစို့..."

လီချင်းချိုးက လက်ခုပ်တီး၍ စားပွဲရှည်ဆီသို့ လျှောက်သွားလိုက်သည်။ ဂိုဏ်းသားများက အလုပ်ရှုပ်သွားကြပြီး လူစုကွဲသွားကြရာ ချန်ချန်ဟိုင် တစ်ယောက်တည်း မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။

ချန်ချန်ဟိုင် ကြောင်အသွားသည်။ ချင်းရှောင်းဂိုဏ်းက ဤမျှ ရိုးရှင်းပြတ်သားမည်၊ လီချင်းချိုး သူ့ကို ဤမျှ ယုံကြည်မည်ဟု ထင်မထားခဲ့ချေ။

သူ ကမန်းကတန်း ထရပ်၍ ယန်ကျွယ်တိန် ရှိရာသို့ လျှောက်သွားလိုက်သည်။

သူ ချင်းရှောင်းဂိုဏ်းအပေါ် အလွန် စိတ်ဝင်စားသွားပြီ ဖြစ်သည်။ သူကြားဖူးထားသော ချင်းရှောင်းဂိုဏ်းနှင့် လုံးဝ ကွဲပြားနေသောကြောင့်ပင်။

ညစာ စားပွဲပြင်ပြီးသောအခါ ချန်ချန်ဟိုင်က ယန်ကျွယ်တိန်၏ ဘေးတွင် မျက်နှာပြောင်တိုက်၍ ဝင်ထိုင်ကာ အလကား စားသောက်တော့သည်။

"မင်းမှာ လုပ်စရာမှ မရှိတာ... မင်းရဲ့ သူရဲကောင်းပုံပြင်တွေ ပြောပြပါလား... ဒါမှ ငါတို့အားလုံး မင်းအကြောင်း ပိုသိရတာပေါ့..."

လေထုက တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းယွီက ပြုံး၍ ပြောလိုက်ရာ လူတိုင်း၏ အာရုံက ချန်ချန်ဟိုင်ထံသို့ ရောက်သွားသည်။

ချန်ချန်ဟိုင်က လီချင်းချိုးကို လှမ်းကြည့်လိုက်သည်။ လီချင်းချိုး မငြင်းသည်ကို တွေ့ရသဖြင့် သူက ပန်းကန်လုံးထဲမှ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူ့ဇာတ်လမ်းကို စပြောလေတော့သည်။

"ဘယ်က စပြောရမလဲ... ငါ့ရဲ့ သိုင်းပညာ လေ့ကျင့်မှု အကြောင်းကပဲ စရမလား... ငါ့ကို မင်းဆက်တည်ထောင်တဲ့ ပထမဆုံးနှစ်မှာ မွေးဖွားခဲ့တာ... အဲဒီနှစ်က အခြေအနေတွေ ရှုပ်ထွေးနေပြီး ငါ့မိသားစုလည်း ကပ်ဘေးသင့်ခဲ့တယ်... ဧကရာဇ်က ငါ့မိသားစု တစ်ခုလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်... ငါ့အဖေက ငါ့ကို ခိုးထုတ်နိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ စစ်သားတွေ တွေ့သွားပြီး လိုက်ဖမ်းကြတယ်... သူတို့က ငါ့ကို ချောက်ကမ်းပါး အစွန်းအထိ မောင်းထုတ်ခဲ့ကြလို့ ငါလည်း မထူးပါဘူးဆိုပြီး ခုန်ချလိုက်တော့တာပဲ..."

ချန်ချန်ဟိုင်၏ စည်းချက်ကျပြီး ခံစားချက်ပါသော အသံက လူတိုင်းကို လျင်မြန်စွာ ဖမ်းစားသွားနိုင်ခဲ့ပြီး လီချင်းချိုးပင်လျှင် စိတ်ဝင်စားသွားသည်။

ထိုည ညစာစားပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ဤကဲ့သို့သော ပုံပြင်မျိုးမှာ ချင်းရှောင်းဂိုဏ်းသားများအတွက် ရှားပါးသော အရာတစ်ခု ဖြစ်၏။ နားထောင်ရသူတိုင်း စိတ်လှုပ်ရှားခဲ့ကြပြီး ချန်ချန်ဟိုင် ဆက်ပြောမည့် အကြောင်းအရာများကို မျှော်လင့်တကြီး စောင့်စားနေကြသည်။

ပုံပြင်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဂိုဏ်းသားများ ပျော်ရွှင်နေသဖြင့် လီချင်းချိုး မတားဆီးခဲ့ပေ။

သူက ချန်ချန်ဟိုင်ကို ယန်ကျွယ်တိန်နှင့် အခန်းအတူနေစေသည်။ ထိုညတွင် ယန်ကျွယ်တိန်၏ အခန်းဘက်မှ တိုက်ခိုက်သံများ သဲ့သဲ့ကြားလိုက်ရသော်လည်း လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ချန်ချန်ဟိုင်၏ ဒဏ်ရာများ ပိုဆိုးလာသည်ကို ဂိုဏ်းသားများ သတိပြုမိကြသည်။ မေးကြည့်သောအခါ သူက ဘာမှမဖြစ်ကြောင်းသာ ပြောလေသည်။

ကြက်သူခိုး ချန်ချန်ဟိုင်က ယုတ်မာသော်လည်း သူရဲကောင်း ပုံပြင်များ ပြောပြခြင်းဖြင့် ဂိုဏ်းသားများ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး ချင်းရှောင်းဂိုဏ်းသား တစ်ဦး အဖြစ် လျင်မြန်စွာ ဝင်ဆံ့သွားသည်။ သို့သော် ရွှီနင်းကို မြင်တိုင်း ရှောင်ကွင်းသွားလေ့ရှိသည်။

နောက်ပိုင်းရက်များတွင် ချန်ချန်ဟိုင်သည်လည်း ကျန်းယွီနှင့် ယန်ကျွယ်တိန်တို့ ကဲ့သို့ပင် ချင်းရှောင်းဂိုဏ်းအပေါ် ပို၍ စူးစမ်းလိုစိတ် ဖြစ်လာသည်။

ဝူမန်အာ၏ ကြီးမားသော ခွန်အားက သူ့ကို ဘီလူးတစ်ကောင်နှင့် တွေ့လိုက်ရသလို ခံစားစေသည်။

အဓိပ္ပာယ် အရှိဆုံးဟု သူထင်သည့် အရာမှာ အသက်တစ်ဆယ့်သုံးနှစ်အရွယ်သာ ရှိသေးသော လီစီဖုန်းက ကိုယ်ဖော့ပညာတွင် သူ့ကို ယှဉ်နိုင်နေခြင်းပင်။ သူ နိုင်ခဲ့သော်လည်း ကျွမ်းကျင်မှု ကွာခြားချက်မှာ မကြီးမားလှပေ။

ချင်းရှောင်းဂိုဏ်းမှာ ပါရမီရှင်တွေ ဒီလောက်တောင် များနေတာလား။

မဟုတ်ဘူး... ချင်းရှောင်းဂိုဏ်းက မယုံနိုင်စရာ ကောင်းတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကို ဝှက်ထားတာ ဖြစ်ရမယ်...

ခုနစ်ရက်အကြာတွင် ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ ပြန်ရောက်လာကြသည်။

သတင်းရသည်နှင့် လီချင်းချိုး ဂိုဏ်းခြံဝန်းထဲသို့ ပြန်လာခဲ့၏။ ကျန်းကျောက်ရှားက သူ့ကို မြင်သောအခါ လက်ကို မြှောက်၍ လက်ချောင်းသုံးချောင်း ထောင်ပြပြီး ကျေနပ်စွာ ပြုံးကာ ဂိုဏ်းဝတ်စုံအသစ် လဲရန် အခန်းထဲသို့ ဝင်သွားတော့သည်။

မူလစတင်ခြင်းအဆင့် တတိယအဆင့်...

ဒီကောင်လေး မှီလာပြန်ပြီ... ငါ့ရဲ့ အထောက်အကူပြုစနစ် သုံးပြီး ရထားတဲ့ ကျင့်ကြံမှု အသာစီးရမှုက ပျောက်သွားပြန်ပြီ...

လီချင်းချိုး စိတ်လှုပ်ရှားသွားသည်။ အနည်းဆုံးတော့ ချင်းရှောင်းဂိုဏ်း ပိုမို အားကောင်းလာသည် ဖြစ်၍ သူ အလွန် ကျေနပ်နေမိသည်။

ကျန်းယွီချွန်းက လီချင်းချိုး အနားသို့ လျှောက်လာပြီး အဝေးတစ်နေရာမှ သူတောင်းစားအဘိုးကြီး တစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ဟိုမှာ မြင်ရတဲ့ ဆရာသခင် နာမည်က ဝူပေါက်ယွီ.. တတိယညီလေးက အစ်ကိုကြီးကို မပြောဖို့ မှာထားတာ... သူက ဆရာဝူကို ပထမအကြိမ် စိန်ခေါ်တုန်းက ရှုံးခဲ့တယ်... ပြီးတော့ နှစ်ရက်လောက် သီးသန့်ကျင့်ကြံပြီးမှ စိန်ခေါ်ပွဲ နိုင်ခဲ့တာ..."

လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။ မူလစတင်ခြင်းအဆင့် ဒုတိယအဆင့် ရောက်နေသော ကျန်းကျောက်ရှား ကို ရှုံးစေနိုင်သည် ဟုတ်လား။

ဤ ဝူပေါက်ယွီသည် သာမန်လူ မဟုတ်ပေ။

လီချင်းချိုးက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားကို အာရုံခံကြည့်လိုက်ရာ ဒုတိယမြောက် လွီထိုက်သုကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"မင်းပဲ စီစဉ်လိုက်ပါ... မင်း ခေါ်လာတဲ့လူပဲဥစ္စာ..." လီချင်းချိုးက ရယ်မော၍ ပြောလိုက်သည်။

ကျန်းယွီချွန်းသည် တောင်အောက်သို့ မကြာခဏ ဆင်းလေ့ရှိရာ သူ့ဘေးတွင် ဤမျှ ကျွမ်းကျင်သော ပညာရှင်တစ်ဦး ရှိနေလျှင် ပို၍ စိတ်ချရပေမည်။

ကျန်းယွီချွန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

လီချင်းချိုးက သူ့ပခုံးကို ပုတ်ပေးလိုက်ပြီးနောက် ဝူပေါက်ယွီကို သွားတွေ့ရန် လိုက်သွားခဲ့သည်။

ကံဆိုးသည်မှာ ဝူပေါက်ယွီက အေးစက်ပြီး လီချင်းချိုးကို စိတ်မဝင်စားပေ။

လီချင်းချိုးကလည်း သူ့ကို အတင်း ဆွဲဆောင်ရန် မကြိုးစားဘဲ စကားနည်းနည်း ပြောပြီးနောက် ထွက်လာခဲ့သည်။

သူ ပြန်သွားပြီး ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ပညာကို ဆက်လက်လေ့ကျင့်ရဦးမည်။

နွေရာသီကုန်ဆုံးပြီး ဆောင်းဦးပေါက်ရောက်လာသောအခါ ချင်းရှောင်းဂိုဏ်း တည်ရှိရာ တောင်တန်းကြီးမှာ ဆောင်းဦးရောင်စုံများဖြင့် ဖုံးလွှမ်းသွားသည်။ ဂိုဏ်းတံခါးဝမှ အောက်ဘက်သို့ ဆင်းလိုက်လျှင် မီတာတစ်ဆယ်ခန့် ရှည်လျားသော ကျောက်လှေကားထစ်များ ရှိပြီး ထိုနေရာတွင် အခန်းငါးခန်းပါသော ခြံဝန်းသစ်တစ်ခု ရှိသည်။

အလယ်တွင် ရိုးရှင်းသော သိုင်းလေ့ကျင့်ရေးကွင်း ရှိပြီး ဂိုဏ်းသားများ မကြာခဏ ယှဉ်ပြိုင်လေ့ကျင့်လေ့ ရှိကြသည်။

ဝူပေါက်ယွီ ချင်းရှောင်းဂိုဏ်းသို့ ရောက်လာသည်မှာ တစ်လရှိပြီ ဖြစ်ပြီး ကျန်းယွီချွန်း တောင်ခြေမှ ခေါ်လာသော နောက်ထပ် ဂိုဏ်းသားသစ် လေးယောက်လည်း တိုးလာခဲ့သည်။

ထိုနေ့ နေ့လယ်ခင်းတွင် လီချင်းချိုး ဂိုဏ်းတံခါးဝ ရှေ့တွင် ထိုင်၍ မနှစ်က ကျန်းခွေ့ထျန်း ပေးခဲ့သော ဓားမြှောင်လေးကို ကစားနေသည်။

ယန်ကျွယ်တိန်က သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး အောက်ဘက် ခြံဝန်းထဲတွင် ဂိုဏ်းသားများ ယှဉ်ပြိုင်နေသည်ကို ကြည့်နေသော ဝူပေါက်ယွီကို စိုက်ကြည့်နေသည်။

ဝူပေါက်ယွီက ချင်းရှောင်းဂိုဏ်း ဝတ်စုံကို လဲဝတ်ပြီးနောက် သိုင်းပညာရှင် ဆရာသခင် တစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် ပိန်ပါးပြီး ခါးအနည်းငယ် ကိုင်းနေသော်လည်း လက်ကို နောက်ပစ်ထားလိုက်လျှင် အလွန် ထူးခြားသော ခံစားမှုကို ပေးစွမ်းနေသည်။

ယခုနှစ်တွင် သူ့အသက်ငါးဆယ်ရှိပြီ ဖြစ်ကာ ဆံပင်များ ဖြူနေပြီ ဖြစ်သော်လည်း မျက်လုံးများမှာ စူးရှနေပြီး ဖိအားတစ်ခု ပေးစွမ်းနိုင်ဆဲ ဖြစ်သည်။

"ဝူပေါက်ယွီဆိုတဲ့ ဒီစီနီယာက တကယ်ပဲ ထူးခြားတယ်... ထိပ်တန်းအဆင့် ပညာရှင် ဖြစ်လောက်တယ်... ငါ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီး ပထမအဆင့် ရောက်နေပြီ ဖြစ်ပေမယ့် သူ့ကို အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်မှု မရှိသေးဘူး..."

ယန်ကျွယ်တိန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ဝူပေါက်ယွီနဲ့ မျက်လုံးချင်း ဆုံမိတိုင်း တစ်ကိုယ်လုံး နေရခက်သလို ခံစားရတယ်... ဒါကြောင့် ဝူပေါက်ယွီနဲ့ မတွေ့အောင် တတ်နိုင်သမျှ ရှောင်နေရတာ..."

ဝူပေါက်ယွီသည် စကားနည်းသော်လည်း ရံဖန်ရံခါတွင် ဂျူနီယာဂိုဏ်းသားများကို အကြံဉာဏ် ပေးလေ့ရှိသည်။ သူ့စကား အနည်းငယ်က သူတို့ကို ဉာဏ်ပွင့်သွားစေနိုင်သဖြင့် ဂိုဏ်းသားများက သူ့ကို တိတ်တဆိတ် အထင်ကြီး လေးစားကြသည်။

လီချင်းချိုးက မော့ကြည့်ပြီး ပြုံးလိုက်မိသည်။

"သူက တကယ်ပဲ အထင်ကြီးစရာ ကောင်းတယ်... ဒါပေမဲ့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား... ချင်းဂိုဏ်းမှာ သူ့ကို ယှဉ်နိုင်တဲ့လူ ဘယ်နှစ်ယောက် ရှိမယ် ထင်သလဲ..."

"ချင်းဂိုဏ်းက လက်ရှိအဆင့်အတန်းကို ရောက်ဖို့ဆိုရင် ထိပ်တန်းပညာရှင်တွေ ရှိကို ရှိမှာပဲ... သူတို့ခေါင်းဆောင်က အဲဒီလိုလူမျိုး ဖြစ်ဖို့ များတယ်... ဒါပေမဲ့ မင်း ဝူပေါက်ယွီကို သတိထားသင့်တယ်လို့ ငါထင်တယ်... ငါ သူ့ကို အရမ်း သံသယဖြစ်မိတယ်... ထိုက်ခုန်းတောင်တန်းနားက တောထဲမှာ စိန်ခေါ်မယ့် ပညာရှင်ကို စောင့်နေတယ် ဆိုတာ ရယ်စရာကြီး... ငါထင်တာတော့ သူက ချင်းရှောင်းဂိုဏ်းကို ပစ်မှတ်ထားနေတာ... မင်းရဲ့ ဆရာသခင်ကို မဟုတ်ဘဲ မင်းရဲ့ ဘိုးဘေးကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်..."

ယန်ကျွယ်တိန်က လီချင်းချိုး အနေဖြင့် ဝူပေါက်ယွီကို အလွယ်တကူ ယုံကြည်လိုက်မည်ကို စိုးရိမ်သဖြင့် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

လီချင်းချိုး အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဝူပေါက်ယွီက ချင်းရှောင်းဂိုဏ်းသို့ ဝင်ပြီးနောက် သစ္စာရှိမှု မြင့်မားခြင်း မရှိသော်လည်း ခြောက်ဆယ်အထက်တွင် ရှိနေသဖြင့် သူ အများကြီး ဝင်မပါခဲ့ပေ။

ပြောရမည့် အချက်မှာ ဝူပေါက်ယွီ၌ အထူးကံကြမ္မာ မရှိခြင်းပင်။ သူသည် သိုင်းပညာတွင် ထိပ်တန်းဆရာသခင် ဖြစ်သော်လည်း ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းအတွက် ပါရမီမှာ သာမန်သာ ရှိသည်။

All Chapters