နတ်ဆိုးအိမ်မွေးတိရစ္ဆာန်
Vol. 3 Ch. 28
ထားလိုက်ပါတော့... သူ့အကြောင်း မပြောနဲ့... ခင်ဗျားအကြောင်း ပြောရအောင်... ခင်ဗျား ချင်းရှောင်းဂိုဏ်းမှာ တစ်သက်လုံး နေဖို့ တကယ် စိတ်ကူးထားတာလား..."
လီချင်းချိုးက ယန်ကျွယ်တိန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထား တည်ကြည်လေးနက်သွားကာ လေသံမှာ အလွန် ခမ်းနားသွားသည်။
ယန်ကျွယ်တိန် အံ့သြသွားပြီး "ဘာသဘောလဲ... မင်း ငါ့ကို တောင်ပေါ်က ဆင်းခိုင်းချင်တာလား..."
လီချင်းချိုးက ခေါင်းခါပြီး ပြောလိုက်သည်။
"ခင်ဗျား ချင်းရှောင်းဂိုဏ်းကို ရောက်လာတာက ဒဏ်ရာအပြင်းအထန် ရထားလို့ ကျူပ်တို့ ကယ်လိုက်တာလေ... ခင်ဗျားရဲ့ မူလရည်ရွယ်ချက်က ချင်းရှောင်းဂိုဏ်းကို ဝင်ဖို့ မဟုတ်ပါဘူး... အခုဒဏ်ရာတွေ ပျောက်ပြီး စွမ်းအားတွေ တိုးတက်လာပြီ ဆိုတော့ ခင်ဗျားအရင်က လုပ်ချင်ခဲ့တာတွေကို လုပ်လို့ရပြီ..."
ယန်ကျွယ်တိန် မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့ လျှို့ဝှက်ကျင့်စဉ်တွေ ငါ့ကို သင်ပေးထားပြီးတော့ ငါ့ကို ထွက်သွားခွင့်ပေးချင်တာလား..."
"ခင်ဗျားလည်း ချင်းရှောင်းဂိုဏ်းသားတွေကို သိုင်းပညာတွေ အများကြီး သင်ပေးခဲ့တာပဲ... ခင်ဗျားဆရာဆီက ရခဲ့တဲ့ လက်ဝါးသိုင်းကိုတောင် မန်အာကို သင်ပေးခဲ့သေးတယ်... ကျုပ်က ဘာကို နာကြည်းနေရမှာလဲ... ခင်ဗျား ကျုပ်တို့ကို ဘာမှမပေးဆပ်စရာ မလိုဘူး...ကျုပ်တို့လည်း ခင်ဗျားကို ဘာမှပေးဆပ်စရာ မလိုဘူး...ကျုပ်တို့ အတူရှိနေတာ ကြာပြီပဲ... သူငယ်ချင်းတွေလို့ သတ်မှတ်လို့ ရပါတယ်... သူငယ်ချင်းအချင်းချင်း ပိုကောင်းစားစေချင်တာ သဘာဝပဲ မဟုတ်လား..."
လီချင်းချိုးက အေးဆေးစွာ ဖြေလိုက်ပြီး မြေပြင်ပေါ်သို့ အကြည့်ပြန်ပို့လိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ယန်ကျွယ်တိန် တိတ်ဆိတ်သွားသည်။
လီချင်းချိုးက သူတို့ကို မတိုက်တွန်းပေ။ အောက်ဘက်တွင် ယှဉ်ပြိုင်နေကြသော ဂိုဏ်းသားများကို ကြည့်ရင်း သူ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဤသိုင်းပညာ ဂိုဏ်းသားများကတိုးတက်မှု ကောင်းမွန်ကြသည်။ နောက်ထပ် ဆယ်နှစ်လောက် လေ့ကျင့်လိုက်လျှင် သူတို့ဘာသာ ရပ်တည်နိုင်လောက်ပြီ။
သူ့အစီအစဉ်မှာ ချင်းရှောင်းဂိုဏ်းကို နံပါတ်တစ် သိုင်းပညာဂိုဏ်း ဖြစ်လာသည်အထိ စောင့်ပြီးမှ ဝိညာဉ်လမ်းစဉ် ကျင့်ကြံရေးဂိုဏ်း အဖြစ် ပြောင်းလဲကြောင်း ကြေညာရန် ဖြစ်သည်။
ထိုအချိန်မတိုင်မီအထိ ပါရမီမြင့်မားပြီး ဂိုဏ်းအကျိုး သယ်ပိုးသူများကိုသာ ရွေးချယ်၍ ကျင့်ကြံသူများ ဖြစ်လာအောင် တိတ်တဆိတ် လေ့ကျင့်ပေးမည် ဖြစ်သည်။
ထိုသို့သော အစီအစဉ်က အချိန်ယူရသော်လည်း သူတို့က ငယ်ရွယ်သေးသဖြင့် အချိန်များစွာ ရှိသည်။
ယန်ကျွယ်တိန် အသက်ပြင်းပြင်း ရှူလိုက်ပြီး "တောင်ပေါ်က ဆင်းသွားရင်လည်း ဝေဝါးဝါး ဘဝနဲ့ပဲ နေရမှာ... ငါ့ကို နဂါးသတ်သူရဲကောင်းလို့ သိကြပေမယ့် ငါက မျက်စိရှေ့က လူတွေကိုပဲ ကူညီနိုင်တာ... သူတို့အတွက် အနာဂတ် ပြဿနာတွေကိုတောင် ချန်ထားခဲ့မိနိုင်တယ်... ချင်းရှောင်းဂိုဏ်းမှာ နေပြီး အညွန့်လေးဘဝကနေ သစ်ပင်ကြီး ဖြစ်လာတာကို စောင့်ကြည့်ရတာ ပိုအဓိပ္ပာယ် ရှိပါလိမ့်မယ်... အနာဂတ်မှာ ချင်းရှောင်းဂိုဏ်းသာ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်လိုမျိုး သိုင်းပညာ ဂိုဏ်းကြီး ဖြစ်လာရင် ငါလူတွေကို ပိုကူညီနိုင်မှာပါ..."
သူ့လေသံမှာ လွမ်းဆွတ်နေပုံရပြီး ဇာတ်လမ်းတစ်ပုဒ် ရှိနေကြောင်း သိသာသည်။
လီချင်းချိုးက တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ ယန်ကျွယ်တိန်၏ သစ္စာရှိမှုက ကိုးဆယ်ကျော် သွားပြီ ဖြစ်သဖြင့် အလွန် ကျေနပ်သွားသည်။
သစ္စာရှိမှု ဆိုသည်မှာ တိုးရုံသက်သက် မဟုတ်ဘဲ တိုးလာခြင်းက ပိုမို ခိုင်မာသော သံယောဇဉ်ကို ပြသနေသည်။
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး ယန်ကျွယ်တိန်ကို ငုံ့ကြည့်ကာ "နေဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ခင်ဗျားရဲ့ စွမ်းရည်တွေကို ပြသလိုက်ပါ... ချင်းရှောင်းဂိုဏ်းက အစပျိုးကာလမှာပဲ ရှိသေးတော့ ကဏ္ဍစုံမှာ လူအင်အား လိုအပ်နေတယ်... ကျုပ်ရည်မှန်းချက်က ချင်းရှောင်းဂိုဏ်းကို ထိုက်ခုန်းတောင်တန်း တစ်ခုလုံး လွှမ်းခြုံနိုင်အောင် လုပ်ပြီး ဂိုဏ်းသားတွေရဲ့ နေအိမ်တွေနဲ့ လေ့ကျင့်ရေးကွင်းတွေ တောင်ပေါ်အနှံ့ ပြန့်ကျဲနေအောင် လုပ်ဖို့ပဲ..."
ဤသည်ကို ကြားသောအခါ ယန်ကျွယ်တိန် မတ်တတ်ရပ်လိုက်ပြီး "ထိုက်ခုန်းတောင်တန်းက အရမ်း ကျယ်လွန်းတယ်... သိုင်းလောကမှာ အဲဒီလောက် ကြီးမားတဲ့ ဂိုဏ်း မရှိဘူး... အများဆုံး အဲဒီလောက် နယ်မြေကို အုပ်ချုပ်နိုင်ရုံပဲ ရှိတာ..." ဟု ပြောလိုက်သည်။
လီချင်းချိုးဆိုလိုသည်ကို သူ နားလည်သည်။ ချင်းရှောင်းဂိုဏ်းသာ ထိုအဆင့် ရောက်သွားလျှင် ဂိုဏ်းသားအရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်နေလိမ့်မည်။ စစ်တပ်ကပင် ဤမျှကြီးမားသော နေရာကို လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုရန် ခက်ခဲပေလိမ့်မည်။
လီချင်းချိုးသာ တကယ် လုပ်နိုင်ခဲ့လျှင် ချင်းရှောင်းဂိုဏ်းက မဟာလီမင်းဆက်၏ အုတ်မြစ်ကိုပင် လှုပ်ခါနိုင်လောက်သည်။
လက်တွေ့မကျသော်လည်း ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းနေရတာလဲ။
"ရည်မှန်းချက် ထားကြည့်တာပါ..."
လီချင်းချိုးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ယန်ကျွယ်တိန်၏ မျက်လုံးများ မာကျောသွားပြီး "ဒါဆိုရင် ဒီရည်မှန်းချက်ဆီကို ငါလိုက်ပို့ပေးမယ်..." ဟု လေးလေးနက်နက် ပြန်ပြောလိုက်သည်။
လီချင်းချိုး ပြုံးလိုက်ပြီး စကားတစ်ခွန်း ပြောကာ ထွက်သွားတော့သည်။
"စောင့်ကြည့်ကြတာပေါ့..."
သူက တောင်နောက်ဘက်ရှိ တောအုပ်ထဲတွင် သိုင်းကျင့်ရန် ပြင်ဆင်ရင်း ဂိုဏ်းအတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။
ယန်ကျွယ်တိန် လှည့်ကြည့်လိုက်ရာ လီချင်းချိုး ဂိုဏ်းတံခါးဝ နောက်ဘက်ရှိ တောင်လမ်းကွေ့တွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
"လူကောင်သေးပေမယ့် စွမ်းရည်မသေးဘူး... ငါ့နှလုံးသားကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ..." ဟု မရေရွတ်ဘဲ မနေနိုင်တော့ပေ။
သူ ပြုံးလိုက်မိသည်။ လီချင်းချိုး၏ လှည့်ကွက်ကလေးများကို သူ လုံးဝ မရွံရှာပေ။ လီချင်းချိုး၏ ရည်မှန်းချက်များက သူ့ကို အမှန်တကယ် စိတ်ဝင်စားစေသည်။
ချင်းရှောင်းဂိုဏ်းတွင် ဂိုဏ်းသားအရေအတွက် တိုးလာသည်နှင့်အမျှ လီချင်းချိုး ကျင့်ကြံခြင်းအတွက် အချိန်ပိုပေးနိုင်လာသည်။ လက်ရှိတွင် သူမှလွဲ၍ ကျန်းကျောက်ရှားနှင့် ဝူမန်အာ တို့သာ ထိုအခွင့်ထူးကို ရရှိကြသည်။ ရွှီနင်းပင်လျှင် အခြားအလုပ်များကို လုပ်ရသေးသည်။
ဆောင်းဦး နက်ရှိုင်းလာသည်နှင့်အမျှ ကမ္ဘာကြီး၏ အပူချိန် စတင် ကျဆင်းလာသည်။
နောက်ထပ် တစ်လ ကုန်လွန်သွားပြန်ပြီ။
ဒီနေ့ နေ့လယ်ပိုင်းတွင် လီချင်းချိုး တောင်ကုန်းပေါ်တွင် ရပ်၍ အောက်ဘက်ရှိ လယ်မြေများကို ငုံ့ကြည့်နေသည်။ ကျန်းယွီချွန်းနှင့် ချင်းရှောင်း၏ နတ်ဘုရားယခုနစ်ပါး တို့ လယ်သမားနှစ်ဦး၏ နောက်မှလိုက်၍ လယ်ထွန်နေကြသည်။
ဤလယ်သမားနှစ်ဦးမှာ ဂိုဏ်းသားနှစ်ဦး၏ ဖခင်များ ဖြစ်ကြသည်။ သူတို့က တောင်ခြေရှိ ရွာမှ ဖြစ်ကြပြီး ကျန်းယွီချွန်း၏ ဖိတ်ကြားချက်အရ ရောက်လာကြခြင်း ဖြစ်သည်။ ချင်းရှောင်းဂိုဏ်းက ကိုယ်ပိုင် လယ်ယာမြေများ ဖော်ထုတ်ရန် ပြင်ဆင်နေသည်။ ဤနေရာက တောင်တစ်ဝက်တွင် ရှိပြီး ချင်းရှောင်းဂိုဏ်းမှ လမ်းလျှောက်လျှင် နာရီဝက်ခန့်သာ ကြာသဖြင့် သိပ်မဝေးလှပေ။
ကျန်းယွီချွန်းက ငါးကန်များကိုလည်း တူးဖော်ခဲ့သော်လည်း ငါးသားပေါက် အများအပြားကို တောင်ပေါ်သို့ သယ်ယူရန် ခက်ခဲသဖြင့် အသုတ်လိုက် ခွဲ၍ သယ်ယူနေရသည်။
လယ်မြေနှင့် ငါးကန်များအပြင် မြင်းခြံများလည်း ရှိသေးသည်။ ခုနစ်စဉ်တောင်ထိပ်ဂိုဏ်း လာတိုက်စဉ်က မြင်းများစွာ ပါလာခဲ့သဖြင့် ယန်ကျွယ်တိန်က ဂိုဏ်းသားများကို ဦးဆောင်၍ ထိုမြင်းများကို ပြန်လည်သိမ်းဆည်းခဲ့ရာ ယခုအခါ တောင်များနှင့် သစ်တောများကြားတွင် ပျောက်ဆုံးနေသော မြင်းများကို ရံဖန်ရံခါ တွေ့ရတတ်သည်။
ထို့အပြင် လီချင်းချိုးက ဂိုဏ်းသားများကို သိုင်းပညာအပြင် အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ အမဲလိုက်ခြင်းနှင့် အခြားသော အတတ်ပညာများကိုပါ သင်ယူရန် တိုက်တွန်းခဲ့သည်။ လစဉ်လတိုင်း ကျန်းယွီချွန်းကို တောင်အောက်သို့ စေလွှတ်၍ မတူညီသော ပညာရှင်များကို တောင်ပေါ်သို့ ဖိတ်ခေါ်စေသည်။
"ကျွီ..."
ကောင်းကင်ယံမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး လီချင်းချိုး လက်မောင်းကို မြှောက်လိုက်ရာ လင်းယုန်နက်လေး တစ်ကောင် ထိုးဆင်းလာပြီး သူ့လက်မောင်းပေါ်တွင် နားလိုက်သဖြင့် သူ ခေါင်းကို လှည့်၍ လင်းယုန်နက်လေးကို စနောက်နေလိုက်သည်။
ကျန်းယွီချွန်း ယူလာသော လင်းယုန်အသိုက်တွင် မူလက လင်းယုန်ပေါက် သုံးကောင်နှင့် ဥနှစ်လုံး ရှိသည်။ နှစ်ကောင်မှာ ထွက်ပြေးသွားကြပြီ ဖြစ်၍ တစ်ကောင်သာ ကျန်တော့သည်။ ကျန်ရှိသော ဥနှစ်လုံးမှာ ယခုမှ အကောင်ပေါက်လာပြီး ပျံသန်းနိုင်ခြင်း မရှိသေးပေ။
လီချင်းချိုးက ဒီကောင်လေး ကျန်ရစ်ခဲ့ရခြင်း အကြောင်းရင်းမှာ သူ ပုံမှန် ထည့်သွင်းပေးနေသော မူလစွမ်းအင်နှင့် သက်ဆိုင်သည်ဟု သံသယရှိမိသည်။ ထိုစွမ်းအင်ကြောင့်သာ ဒီကောင်လေး သူ့ကို မှီခိုလာခြင်း ဖြစ်နိုင်သည်။
သူက ဤနည်းလမ်းကို အသုံးပြု၍ လင်းယုန်ပေါက်ကို နတ်ဆိုးအိမ်မွေးတိရစ္ဆာန် အဖြစ် လေ့ကျင့်ပေးနိုင်မလား ဟု သိချင်နေပြီး လက်ရှိတွင် အလားအလာ အလွန် ကောင်းနေသည်။
"မင်း ဘယ်တော့များမှ လူ့သဘောသဘာဝကို နားလည်လာမှာလဲ..."
လီချင်းချိုးက လင်းယုန်လေးကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ကြည့်လေ ကြည့်လေ ပိုသဘောကျလေ ဖြစ်လာသည်။
တစ်နေ့နေ့တွင် လင်းယုန်နက်ကို စီး၍ ကောင်းကင်ယံသို့ ပျံသန်းနိုင်လျှင် အလွန် အံ့သြဖွယ် ကောင်းပေလိမ့်မည်။
သူသည် လင်းယုန်ပေါက်ကို ထိုသို့ ကိုင်ထားရင်း အောက်ဘက်မှ အလုပ်သမားများကို ကြည့်နေလိုက်သည်။
သူသည် တိုက်ခိုက်သတ်ဖြတ်ခြင်းထက် ငြိမ်းချမ်းပြီး အေးဆေးသော ဘဝကို ပိုနှစ်သက်ကြောင်း တွေ့ရှိလာရပြီး မိမိဂိုဏ်း တဖြည်းဖြည်း အားကောင်းလာသည်ကို ကြည့်ရသည်မှာ အလွန် ကျေနပ်စရာ ကောင်းသည်ဟု ခံစားရသည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်..."
ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် လင်းယုန်လေး လန့်ဖျပ်ပြီး ပျံထွက်သွားသည်။ လီချင်းချိုး လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
လီစီဖုန်းက ဝါးခြင်းတောင်းကို လွယ်၍ လျှောက်လာနေသည်။ သူသည် စွမ်းရည်များကို ဖုံးကွယ်ထားခြင်း မရှိဘဲ လေကျင့်စဥ် ကို အသုံးပြု၍ ဖုန်မှုန့်များ တထောင်းထောင်းထအောင် ပြေးလာနေခြင်းဖြစ်သည်။
လီစီဖုန်းက လီချင်းချိုး ရှေ့တွင် ရပ်လိုက်ပြီး ဒူးကို လက်ထောက်ကာ အမောဖြေနေသည်။
လီချင်းချိုးက "မင်းက အခုဆို ဌာနမှူး ဖြစ်နေပြီ... ဘာလို့ အမြဲတမ်း စိတ်လိုက်မာန်ပါနဲ့ မဆင်မခြင် လုပ်နေရတာလဲ... ယဉ်ယဉ်ကျေးကျေး မနေနိုင်ဘူးလား..."
လီစီဖုန်းက ခေါင်းမော့ပြီး "အစိုးရ အရာရှိတချို့ တောင်ပေါ် တက်လာနေတယ်... ကျွန်တော်တို့ ချင်းရှောင်းဂိုဏ်းဆီ တန်းတန်းမတ်မတ် လာနေကြတာ..."
ဤသည်ကို ကြားသောအခါ လီချင်းချိုးက ချက်ချင်းပင်"သွား... ချန်ချန်ဟိုင်ကို ပုန်းနေဖို့ သွားပြောလိုက်..."
"ဟုတ်ကဲ့..."
လီစီဖုန်းက လေပွေတစ်ခုအလား တောင်ပေါ်သို့ ချက်ချင်း ပြေးတက်သွားတော့သည်။
လီစီဖုန်း သူ့ဆီသို့ ဤကဲ့သို့ ပြေးလာတိုင်း သတင်းဆိုး ပါလာတတ်သည်ကို လီချင်းချိုး ရုတ်တရက် သတိပြုမိလိုက်သည်။
သူ အများကြီး မစဉ်းစားတော့ဘဲ ကျန်းယွီချွန်းနှင့် အခြားသူများ အလုပ်ရှုပ်နေသည်ကို ဆက်လက် ရပ်ကြည့်နေလိုက်သည်။ ချင်းရှောင်းဂိုဏ်းက ယခုအခါ ပြဿနာများကို ဖြေရှင်းရန် ယုံကြည်မှု အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် လီချင်းချိုး ပြန်ရန် ပြင်လိုက်စဉ် အဝေးမှ တောင်များကြားမှ လူတစ်စု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်ဖြစ်သူမှာ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်သော ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်ချောင်း ချိတ်ကာ ခေါင်းတွင် ရုံးသုံးဦးထုပ် ဆောင်းထားသည်။ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် စူးရှသော အကြည့်များ ရှိကာ ရှေ့သို့ လျှောက်လာရင်း ကျန်းယွီချွန်းနှင့် အခြားသူများကို အကဲခတ်နေ၏။
သူ့နောက်တွင် တူညီဝတ်စုံ ဝတ်ဆင်ထားသော အမှုထမ်း ကိုးဦး ပါလာပြီး သူတို့လည်း ဓားများ ကိုင်ဆောင်ထားကြသည်။
ရုံးဝတ်စုံနှင့် လူက သူ့လူများကို ဦးဆောင်၍ လီချင်းချိုးထံသို့ လျှောက်လာပြီး "ကျူပ်က ဟေးရွှေခရိုင်ရဲ့ ခရိုင်ဝန် ဖုန်းတိုင် ပါ... သူခိုးဘုရင် ချန်ချန်ဟိုင်ကို စုံစမ်းဖို့ လာခဲ့တာ... သင်က ချင်းရှောင်းဂိုဏ်းက ဘယ်သူများလဲ..."
လီချင်းချိုး၏ ဝတ်စုံမှာ အခြားဂိုဏ်းသားများနှင့် မတူဘဲ ပို၍ ခန့်ညားသည်။ ဖုန်းတိုင်နှင့် အဖွဲ့သည် လမ်းတစ်လျှောက်တွင် ချင်းရှောင်းဂိုဏ်းသား အများအပြားကို တွေ့ခဲ့ရသဖြင့် လီချင်းချိုးက သာမန်ဂိုဏ်းသား မဟုတ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
"ကျွန်တော့်နာမည်က လီချင်းချိုး ပါ... ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ... သူခိုးဘုရင်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး... ခရိုင်ဝန်မင်း မယုံရင် တောင်ပေါ်တက်ပြီး ရှာကြည့်လို့ ရပါတယ်... ချင်းရှောင်းဂိုဏ်းက သေချာပေါက် ပူးပေါင်းပါ့မယ်..." ဟု လီချင်းချိုးက ပြုံး၍ ပြန်ဖြေလိုက်သည်။
ဂိုဏ်းချုပ် ဟုတ်လား
ဖုန်းတိုင် အံ့သြသွားပြီး အခြားရုံးအမှုထမ်းများလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကြောင်အသွားကြသည်။ ဆယ့်ခုနစ်နှစ်အရွယ် လီချင်းချိုးမှာ ငယ်ရွယ်လွန်းပုံရပြီး ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်နှင့် လုံးဝ မတူပေ။
"သင့်ဆရာ လင်းရွှန်းဖုန်းက သိုင်းလောကကနေ တကယ်ပဲ အနားယူသွားတာလား..."
ဖုန်းတိုင် မမေးဘဲ မနေနိုင်တော့ပေ။ သူသည် သိုင်းလောကတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ခရိုင်ရုံးတွင် အကျဉ်းချခံထားရသော သိုင်းသမားများစွာ ရှိသဖြင့် သိုင်းလောက အကြောင်း အနည်းငယ် သိထားသည်။
ဤသည်ကို ကြားသောအခါ လီချင်းချိုး၏ မျက်နှာပေါ်တွင် နာကြည်းသော အမူအရာ ချက်ချင်း ပေါ်လာသည်။
"သိုင်းလောကက အနားယူတာ မဟုတ်ပါဘူး... သူက မှိုင်းမိပြီး မသေမျိုး ဖြစ်ဖို့ပဲ ကြိုးစားနေတာ... ကျွန်တော်နဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေမှာ စားဖို့ ဝတ်ဖို့တောင် အနိုင်နိုင် ဖြစ်နေရတယ်... ဒါကြောင့် ကိုယ့်လမ်းကိုယ် ရှာရတာပေါ့... ဘယ်သိုင်းဂိုဏ်းက ကိုယ်ပိုင်လယ် စိုက်လို့လဲ..."
သူ့လေသံမှာ ရိုးသားလွန်းလှသဖြင့် ဖုန်းတိုင်မှာ စိတ်မကောင်း မဖြစ်ဘဲ မနေနိုင်တော့ပေ။
"သြော်... ဒါဆို ကျုပ်တို့ တောင်ပေါ်တက်ပြီး အရင် သွားကြည့်လိုက်ဦးမယ်... ဒုက္ခမပေးမိအောင် ကြိုးစားပါ့မယ်..."
ဖုန်းတိုင်က ထိုသို့ပြောပြီး တောင်ပေါ်သို့ တက်သွားတော့သည်။
လီချင်းချိုးက မတားဆီးပေ။ သူ တောင်အောက်သို့ ဆင်းလာပြီး ကျင့်ကြံရန် နေရာရှာလိုက်သည်။
သူ မြေအောက်စိတ်ဝိညာဉ်ရေအိုင် တွင် မရှိလျှင် ကြိုက်သည့်နေရာတွင် ကျင့်ကြံနိုင်ပြီး အခြားဂိုဏ်းသားများလည်း ထိုနည်းအတိုင်း ဖြစ်သည်။ တောင်များနှင့် သစ်တောများ အားလုံးသည် ကျင့်ကြံရာ နေရာများ ဖြစ်ကြသည်။
နေဝင်ရီတရော အချိန်သို့ ရောက်သောအခါ လီချင်းချိုး၊ ကျန်းယွီချွန်းတို့သည် လယ်သမားနှစ်ဦးကို ခေါ်ဆောင်၍ တောင်ပေါ်သို့ တက်လာကြသည်။ သူတို့ကို ကျေးဇူးတင်သော အနေဖြင့် စားပွဲသောက်ပွဲ ကျင်းပပေးရန်နှင့် ညအိပ် တည်းခိုခွင့်ပြုရန် ဖြစ်သည်။
လီချင်းချိုး ဂိုဏ်းတံခါးဝကို ဖြတ်ကျော်လိုက်သည်နှင့် ခြံဝန်းတံခါးရှေ့တွင် ဂိုဏ်းသားများစွာ စုဝေးပြီး ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ခုခု ဖြစ်လို့လား။
လီချင်းချိုး မျက်ခုံးပင့်လိုက်သော်လည်း ခြေလှမ်းမမြန်လိုက်ပေ။
ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် တည်ငြိမ်အေးဆေးစွာ နေရမည်။
ကျန်းယွီချွန်းမှာမူ ထိုကဲ့သို့ စိတ်ဓာတ်မျိုး မရှိဘဲ အပေါ်သို့ ပြေးတက်သွားတော့သည်။
"ဖယ်ကြစမ်း..."
ကျန်းယွီချွန်း ပြောလိုက်ရာ ဂိုဏ်းသားများ လှည့်ကြည့်ကြပြီး သူတို့ဂိုဏ်းချုပ် ရောက်လာသည်ကို တွေ့သောအခါ လီချင်းချိုးကို ဦးညွှတ်အရိုအသေ ပြုကြသည်။
လူအုပ်ကွဲသွားသည်နှင့် ခြံဝန်းအလယ်တွင် ဖုန်းတိုင်ကို လီချင်းချိုး တွေ့လိုက်ရသည်။ ဖုန်းတိုင်က တင်ပျဉ်ခွေထိုင်၍ အတွင်းအားကို လှည့်ပတ်နေပြီး သူ့ဘေးတွင် ရုံးအမှုထမ်း ကိုးဦးက ချင်းရှောင်းဂိုဏ်းသားများကို သတိထားကာ ကြည့်ရှုနေကြသည်။
"ဆရာ ရောက်လာပြီ..."
ချင်ယဲ့က လီချင်းချိုးကို မြင်သောအခါ ချက်ချင်း အော်ပြောလိုက်ရာ ခြံဝန်းထဲရှိ လူအားလုံး လှည့်ကြည့်လာကြသည်။
လီချင်းချိုးက ခြံဝန်းထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်လာပြီး ဝေ့ဝဲကြည့်လိုက်သည်။ ယန်ကျွယ်တိန်၊ ဝူပေါက်ယွီ နှင့် ကျန်းယွီ တို့ကို တွေ့လိုက်ရသော်လည်း ချန်ချန်ဟိုင်ကို မတွေ့ရပေ။
"ဘာဖြစ်တာလဲ..."
ကျန်းယွီချွန်းက လီချင်းချိုး၏ ရှေ့မှ လျှောက်သွားပြီး မေးလိုက်သည်။
အိမ်ခေါင်မိုးစွန်းတွင် ဆောင့်ကြောင့်ထိုင်နေသော လီစီဖုန်းက ပြုံးဖြဲဖြဲအမူအရာနှင့် "ဒီလူက ကိုယ့်အခြေအနေကိုယ် မသိဘဲ အဘိုးဝူကို အတင်း စိန်ခေါ်တာလေ... ရလဒ်ကတော့ တစ်ကွက်တည်းနဲ့ ဒဏ်ရာအပြင်းအထန် ရသွားတာပဲ... သူ့လူတွေက ဒါ ကျွန်တော်တို့အမှား ဆိုပြီး ကျွန်တော်တို့ကို ဖမ်းပြီး ခရိုင်ရုံးကို ခေါ်သွားချင်နေကြတယ်..."
လီချင်းချိုးက ဝူပေါက်ယွီကို ကြည့်လိုက်ရာ ဝူပေါက်ယွီမှာ ထင်းခွဲနေဆဲ ဖြစ်ပြီး သူရောက်လာသော်လည်း ရပ်မသွားပေ။
ယန်ကျွယ်တိန်က ဘေးတွင် ရပ်၍ ကျေနပ်နေသော အပြုံးဖြင့် ကြည့်နေသည်။
ကျန်းယွီက မျက်မှောင်ကြုတ်၍ ဝူပေါက်ယွီကို ကြည့်ကာ အတွေးနက်နေပုံရသည်။
လီချင်းချိုးက ရုံးအမှုထမ်းများထံသို့ လျှောက်သွားပြီး လူတံတိုင်းကို ကျော်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ခရိုင်ဝန်ဖုန်း... အဆင်ပြေရဲ့လား... ကျွန်တော် ဆေးပညာ နည်းနည်းပါးပါး နားလည်ပါတယ်... ကူညီပေးလို့ ရပါတယ်..."
ဖုန်းတိုင်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ လီချင်းချိုး၏ စကားကို ကြားသောအခါ မျက်လုံးဖွင့်၍ လီချင်းချိုးကို လှည့်ကြည့်ပြီး အံကြိတ်ကာ "ဂိုဏ်းချုပ်လီ... ဒီလူက မိစ္ဆာဂိုဏ်းရဲ့ အစောင့်အရှောက်ပဲ... သူက နှစ်ပေါင်းနှစ်ဆယ်လောက် သိုင်းလောကမှာ သတ်ဖြတ်ခဲ့တဲ့လူ... ခင်ဗျား သူ့လှည့်စားတာ ခံလိုက်ရပြီ... သူက အင်မတန် ယုတ်မာပြီး မကောင်းမှုတွေ မရေမတွက်နိုင်အောင် လုပ်ခဲ့တဲ့လူ..."