ကောင်းကင်အောက် အမှတ်တစ်
Vol. 3 Ch. 30
ကိုယ်ပိုင် သိုင်းကွက်များ ဖန်တီးလိုက်သည်တဲ့လား...
ဘယ်သူကများ ဤမျှ စွမ်းဆောင်နိုင်ရသနည်း...
လီချင်းချိုး အံ့အားသင့်သွားသည်။ လောလောဆယ်တွင် ဂိုဏ်းအတွင်း၌ ကျင့်ကြံသူအစစ်ဟု ခေါ်ဆိုနိုင်သူမှာ သူနှင့် သူ့ဂျူနီယာညီလေး ညီမလေးများအပြင် ယန်ကျွယ်တိန်နှင့် ရွှီနင်းသာ ရှိသေးသည်။
ယနေ့ ကျန်းကျောက်ရှားနှင့် လီစီကျင်တို့ မြေအောက်စိတ်ဝိညာဉ်ရေအိုင်သို့ သွားခဲ့ကြသည်။ ကျန်းကျောက်ရှားများ ဖြစ်နေမလား...
စူးစမ်းလိုစိတ် ပြင်းပြလာသဖြင့် လေထဲသို့ ခုန်တက်လိုက်ပြီး လန့်ဖျပ်နေသော ငန်းတစ်ကောင်အလား သစ်ပင်ထိပ်ဖျားများပေါ်မှ ပျံသန်းသွားသည်။ သစ်ပင်များပေါ်၌ နှင်းများ ဖုံးလွှမ်းနေသော်လည်း ခြေရာ တစ်ချက်ကလေးမျှ မထင်ကျန်ရစ်ခဲ့ချေ။
တောင်ခါးပန်းမှ တောင်တံခါးဝသို့ ပြန်ရောက်လာချိန်တွင် လမ်းတစ်လျှောက်၌ တပည့်များကို ရံဖန်ရံခါ တွေ့မြင်နေရသည်။ အချို့က သိုင်းကျင့်နေကြပြီး အချို့က အလုပ်လုပ်နေကြကာ အချို့ကမူ လက်ရည်ယှဉ် ဖလှယ်နေကြသည်။ ယခုမှပင် သိုင်းဂိုဏ်းတစ်ခု၏ အငွေ့အသက်ကို အမှန်တကယ် ခံစားလာရတော့သည်။
တောင်တံခါးဝအောက်ရှိ ခြံဝန်းသစ်သို့ ရောက်သည်နှင့် လီချင်းချိုး ဝင်လာသည်ကို မြင်လျှင်မြင်ချင်း ယန်ကျွယ်တိန်က လှမ်းတားလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော် ပြောစရာရှိတယ်..."
ယန်ကျွယ်တိန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး လီချင်းချိုး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားမိသည်။ သူ၏ လက်များက သတိမထားမိဘဲ တင်းကျပ်သွားသည်။
လီချင်းချိုး ကြောင်အမ်းသွားသည်။ သိုင်းကွက်အသစ် ဖန်တီးလိုက်သူက ယန်ကျွယ်တိန် ဖြစ်နေသည်လား...
ဤသည်က သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အထဲတွင် ယန်ကျွယ်တိန်က ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းကို နောက်ဆုံးမှ စတင်ခဲ့သူ ဖြစ်သောကြောင့်ပင်။
သူ ယန်ကျွယ်တိန်၏ နောက်သို့ ချက်ချင်း လိုက်သွားခဲ့သည်။ သူတို့နှစ်ဦး ခြံဝန်းသစ်ဘေးရှိ တောအုပ်ထဲသို့ ရောက်လာကြသောအခါယန်ကျွယ်တိန်က လူရှင်းမရှင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ ထို့နောက် ခါးထောက်လိုက်ပြီး ကျေနပ်အားရသည့် အပြုံးဖြင့်
"ဂိုဏ်းချုပ်... ကျွန်တော်က ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာနဲ့ ကျွန်တော့်ရဲ့ ကောင်းကင်ကိုးခုနတ်လက်ဝါးကို ပေါင်းစပ်လိုက်ပြီ... အဲဒီ စွမ်းအားက အဆပေါင်းများစွာ တိုးတက်လာတယ်..."
ကောင်းကင်ကိုးခုနတ်လက်ဝါးသည် ယန်ကျွယ်တိန်၏ အကျော်ကြားဆုံး သိုင်းပညာဖြစ်သည်။ ၎င်းက စွမ်းအားကြီးမားပြီး စိတ်ရှိသလို ထိန်းချုပ်နိုင်စွမ်းရှိသည်။ အကယ်၍ ဤလက်ဝါးသိုင်း ထိမှန်သွားပါက ဒန်တျန် ကြေမွသွားပြီး အရိုးများ ကျိုးပဲ့သွားမည် ဖြစ်သည်။
ယန်ကျွယ်တိန်သည် သိုင်းပညာများစွာကို ကျွမ်းကျင်သော်လည်း ကောင်းကင်ကိုးခုနတ်လက်ဝါးကိုမူ ဝူမန်အာ တစ်ယောက်တည်းကိုသာ သင်ကြားပေးခဲ့သည်။
ယန်ကျွယ်တိန်၏ စကားကို ကြားလိုက်ရသောအခါ လီချင်းချိုး၏ မျက်လုံးများ အရောင်တောက်သွားသည်။ ယခင်က မူလချီကို အသုံးပြု၍ သိုင်းကွက်များ ထုတ်ဖော်ရန် စဉ်းစားခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။
မထင်မှတ်ဘဲ ယန်ကျွယ်တိန်က အောင်မြင်သွားခဲ့သည်။
"ကျွန်တော့်ကို ပြစမ်းပါဦး..." လီချင်းချိုးက တိုက်တွန်းလိုက်သည်။
ယန်ကျွယ်တိန်က နောက်သို့ လှည့်လိုက်ပြီး မြင်းထိုင်ပုံစံ ပြင်ကာ လက်သီးဆုပ်၍ ခါးတွင် ကပ်ထားလိုက်သည်။ အတွင်းအား စတင် လည်ပတ်လိုက်သည်နှင့် ခြေထောက်အောက်မှ နှင်းများ အရည်ပျော်ကျကာ ရေငွေ့များအဖြစ် အပေါ်သို့ တလူလူ အငွေ့ပျံလာသည်။
လီချင်းချိုး မျက်ခုံးပင့်လိုက်မိကာ ယန်ကျွယ်တိန်၏ ခန့်ညားထည်ဝါသော ဟန်ပန်ကြောင့် အံ့အားသင့်သွားရသည်။
ယန်ကျွယ်တိန် ဝိညာဉ်လမ်းစဉ် ကျင့်ကြံနေသည်မှာ ဘယ်လောက်မှ ကြာသေးသည် မဟုတ်... ဤမျှ မြန်မြန်ဆန်ဆန်ပင် စွမ်းအားကြီးလာပြီလော...
အရေးကြီးဆုံးအချက်မှာ ယန်ကျွယ်တိန်သည် မူလစတင်ခြင်းအဆင့် ပထမအဆင့်တွင်သာ ရှိသေးပြီး ဒုတိယအဆင့်သို့ပင် မရောက်သေးချေ။ သို့သော် ထွက်ပေါ်နေသော အရှိန်အဝါအရမူ လွီထိုက်သု အောက် မနိမ့်ကြောင်း လီချင်းချိုး ခံစားလိုက်ရသည်။
ထူးဆန်းလိုက်တာ... တာအိုမျိုးဆက်စနစ် မျက်နှာပြင်အရဆိုရင် သူ့ရဲ့ ဉာဏ်ပညာပါရမီက သိပ်မမြင့်ပါဘူး...
လီချင်းချိုး ဝေခွဲမရ ဖြစ်သွားသည်။ သို့သော် ယန်ကျွယ်တိန်ကို စိုက်ကြည့်ရင်း တိုက်ခိုက်မည့်အချိန်ကို စောင့်မျှော်နေလိုက်သည်။
ယန်ကျွယ်တိန်က သူ့ကို ကြာကြာ စောင့်မနေစေခဲ့ပေ။ သူ၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ရုတ်တရက် ညာဘက်လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ချောက်နက်ထဲမှ နဂါးတစ်ကောင် တိုးထွက်လာသကဲ့သို့ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးစွမ်းအားက မျက်မြင်တွေ့ရလောက်သော လေလှိုင်းအဖြစ် ဖွဲ့တည်သွားပြီး မြစ်ရေစီးကြောင်းကို ဖြတ်တောက်လိုက်သကဲ့သို့ နှင်းထုများကို ဖယ်ရှားကာ ရှေ့သို့ တိုးဝင်သွားသည်။
ဘုန်း...။
လက်ဝါးစွမ်းအင်က နဂါးတစ်ကောင်အလား သောင်းကျန်းလေသည်။ သစ်ပင်အိုကြီးတစ်ပင် လဲပြိုကျသွားသည်။
လက်ဝါးစွမ်းအင် ဆက်လက် တိုးဝင်နေစဉ်မှာပင် ယန်ကျွယ်တိန်က ရုတ်တရက် လက်ဝါးကို ပြန်ရုတ်လိုက်သည်။
ဤသည်မှာပစ်လွှတ်လိုက်သော အားအဟုန်များကို ပြန်လည် ဆွဲယူလိုက်ခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်မှ လွင့်ပျံနေသော နှင်းမှုန်များ၊ သစ်ရွက်ခြောက်များနှင့် ကျောက်စရစ်ခဲများပါမကျန် သူတို့နှစ်ဦးထံသို့ ပြန်လည် စီးဝင်လာသည်။
လေပြင်းကြောင့် လီချင်းချိုး၏ ဝတ်ရုံများ တလိပ်လိပ် လွင့်ပျံနေသည်။သူ မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ကောင်းကင်ကိုးခုနတ်လက်ဝါးက အတော်လေး ကြည်နူးဖွယ်ကောင်းသည်ဟု တွေးလိုက်မိသည်။
ထိုဆွဲအားက အလွန်ပြင်းထန်သဖြင့် ဒဏ်ရာအပြင်းအထန် ရထားသော ရန်သူကို ထွက်ပြေးမလွတ်အောင် တားဆီးနိုင်ပေလိမ့်မည်။ အတော်လေး အသုံးဝင်သော အကွက်ပင်။
ယန်ကျွယ်တိန်က ညာဘက်လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး လက်ဝါးစွမ်းအားကို ဖြေလျှော့လိုက်သည့်အခါ စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး နှင်းပြင်ပေါ်တွင် ရှည်လျားနက်ရှိုင်းသော မြောင်းကြီးများ ဖြစ်ပေါ်သွားစေသည်။
သူက လီချင်းချိုးဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးစေ့ကို ပင့်ကာ မှတ်ချက်ပေးရန် အမူအရာ ပြလိုက်သည်။
လီချင်းချိုးက
"တကယ်ကို ထူးခြားပြောင်မြောက်ပါတယ်... ခင်ဗျား ဒီသိုင်းကွက်ကို ရေးချပြီး ကျမ်းစာမျှော်စင်ထဲ ထည့်ထားသင့်တယ်... ဒါက ချင်းရှောင်းဂိုဏ်းရဲ့ သီးသန့်ပညာရပ် ဖြစ်လာလိမ့်မယ်... ခင်ဗျားရဲ့ ဒီအကျိုးပြုမှုကို ကျုပ်မမေ့ပါဘူး ."
ဤစကားကို ကြားသောအခါ ယန်ကျွယ်တိန်က အလိုအလျောက် ပြန်ပြောချင်သွားသော်လည်း ပါးစပ်ဖျား ရောက်နေသော စကားလုံးများကို ပြန်မြိုချလိုက်သည်။
ဟွမ်ယွမ်ကျမ်းစာသာ မရှိခဲ့လျှင် ကောင်းကင်ကိုးခုနတ်လက်ဝါး ဤမျှ စွမ်းအားကြီးမားလာမည် မဟုတ်ပေ။
"နှမြောစရာကောင်းတာက လက်ရှိ ကျုပ်ရဲ့စွမ်းရည်နဲ့ဆိုရင် လက်ဝါးတစ်ချက်ပဲ ထုတ်ဖော်နိုင်သေးတာ... ပင်ပန်းလွန်းတယ်..."
ယန်ကျွယ်တိန်က ခါးသက်သက် ပြုံးလိုက်သည်။
တကယ်ကို ထူးဆန်းသည်။ ယခု သူ၏ အထူးအတွင်းအားမှာ ယခင်ကထက် များစွာ ပိုမိုကြီးမားပြီး သန်မာလာသော်လည်း ထုတ်သုံးလိုက်သည်နှင့် ကုန်ခမ်းသွားတတ်သည်။
သာမန်သိုင်းပညာများ လိုက်မမှီနိုင်သော ဟွမ်ယွမ်ကျမ်းစာ၏ အကန့်အသတ်မဲ့ မြင့်မားမှုကို သူ နားလည်လိုက်သည်။ ပြိုင်ဘက်ကင်း နတ်သိုင်းဟု ခေါ်ဆိုလျှင်ပင် လွန်မည်မထင်ပေ။ အကယ်၍ ဤကဲ့သို့သော ပညာရပ်မျိုး သိုင်းလောကသို့ ပျံ့နှံ့သွားပါက သွေးစွန်းသော ပဋိပက္ခများ ဖြစ်ပွားလာမည်မှာ သေချာသည်။
ဤအချက်ကို တွေးမိသောအခါ လီချင်းချိုးကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားသည်။
ဂိုဏ်းချုပ်က သူ့အပေါ် တကယ်ကို စိတ်ရင်းမှန်ထားပါပေသည်။ သို့မဟုတ်ပါက ဤနတ်သိုင်းကို သင်ပေးမည် မဟုတ်ချေ။
"ခင်ဗျား ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံတာ သိပ်မကြာသေးဘူးလေ... ဖြည်းဖြည်းချင်းပေါ့... ဆယ်နှစ်လောက်နေရင် ခင်ဗျားလည်း သိုင်းလောကရဲ့ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာမှာပါ..."
လီချင်းချိုးက အားပေးလိုက်သည်။
"ဆယ်နှစ် ဟုတ်လား... ခင်ဗျားက ဟွမ်ယွမ်ကျမ်းစာကို အထင်သေးတာလား... ကျုပ်ကို အထင်သေးတာလား... နောက်ဆယ်နှစ်နေရင် ကျုပ်က ကောင်းကင်အောက် အမှတ်တစ် ဖြစ်လာမှာ..."
ယန်ကျွယ်တိန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်ပြောလိုက်သည်။
"ကျုပ်တို့ လူတွေကလွဲရင်ပေါ့..."
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏ ပါရမီက သူ့ကို ထိတ်လန့်စေသည်။ ဝူမန်အာနှင့် လီစီဖုန်းတို့သည်လည်း ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားကြသည်။
လီချင်းချိုးက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ဟွမ်ယွမ်ကျမ်းစာနှင့် ကောင်းကင်ကိုးခုနတ်လက်ဝါးကို မည်သို့ ပေါင်းစပ်ခဲ့ကြောင်း မေးမြန်းလိုက်သည်။ သူကလည်း ဘာကိုမှ ဖုံးကွယ်မထားဘဲ အသေးစိတ် ရှင်းပြလေသည်။
အချိန်အတော်ကြာ နားထောင်ပြီးနောက် လီချင်းချိုးမှာ ယန်ကျွယ်တိန် မည်သို့မည်ပုံ ဤမျှ ကောင်းမွန်သော စိတ်ကူးရခဲ့သည်ကို နားမလည်နိုင် ဖြစ်နေဆဲပင်။ ယန်ကျွယ်တိန်၏ သိုင်းပညာ အတွေ့အကြုံကြောင့်ဟုသာ မှတ်ယူလိုက်ရတော့သည်။
ယန်ကျွယ်တိန်၏ အားသာချက်မှာ သိုင်းပညာ အတွေ့အကြုံဖြစ်ပြီး ထိုအရာကို သူတို့အနေဖြင့် အချိန်တိုအတွင်း ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ယန်ကျွယ်တိန်က ချင်းရှောင်းဂိုဏ်းအတွက် သိုင်းပညာသစ် ဖန်တီးပေးနိုင်ခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
ထို့ကြောင့် ညစာမစားမီ လီချင်းချိုးက အောင်ပွဲခံရန်အတွက် ကြက်တစ်ကောင် သတ်ခိုင်းလိုက်ပြီး တပည့်များကို တီထွင်ဖန်တီးမှု ရှိစေရန် တိုက်တွန်းသည့်အနေဖြင့် ကျန်းယွီချွန်းအား ကြေညာခိုင်းလိုက်သည်။
ယန်ကျွယ်တိန် မည်သည့်သိုင်းကွက်ကို ဖန်တီးခဲ့သည် ဆိုခြင်းကိုမူ လီချင်းချိုး ထုတ်မပြောခဲ့ပေ။
ညစာစားပြီးနောက် ကျန်းကျောက်ရှားက လီချင်းချိုး၏ အခန်းသို့ ရောက်လာပြီး ထိုကိစ္စကို မေးမြန်းသည်။ လီချင်းချိုးက ကျန်းကျောက်ရှားကို ဘာမှ ဖုံးကွယ်မထားခဲ့ချေ။
ယန်ကျွယ်တိန်က ဟွမ်ယွမ်ကျမ်းစာကို အမှီပြု၍ ကိုယ်ပိုင်သိုင်းကွက်များကို မွမ်းမံကာ ပိုမိုအားကောင်းသော သိုင်းပညာကို ဖန်တီးခဲ့ကြောင်း သိလိုက်ရသောအခါ ကျန်းကျောက်ရှားမှာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူ ဘာမှ သိပ်မပြောတော့ဘဲ လီချင်းချိုးကို နှုတ်ဆက်၍ ထွက်ခွာသွားသည်။
အကယ်၍ ဒါက ကျန်းကျောက်ရှားကို လှုံ့ဆော်ပေးနိုင်မယ်ဆိုရင် ကောင်းတာပေါ့...
လီချင်းချိုးကလည်း ကျန်းကျောက်ရှား၏ ဖန်တီးမှုကို မျှော်လင့်နေမိသည်။
ရိုးရာဂိုဏ်းများ မဆိုထားနှင့် သိုင်းဂိုဏ်းများပင်လျှင် သိုင်းပညာ အရေအတွက် တိုးပွားလာခြင်းကို ငြင်းပယ်ကြမည် မဟုတ်ပေ။ ကြီးကျယ်သော အတိုင်းအတာဖြင့် ကြည့်လျှင် ဤသည်က ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
...
သန်းခေါင်ယံ အချိန်၌ ချင်ယဲ့နှင့် ဝူပေါင်ယွီတို့ ချိန်းဆိုထားသည့် တောအုပ်သို့ လီချင်းချိုး ရောက်လာခဲ့သည်။ သူ ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက် ချင်ယဲ့ ရောက်လာခဲ့သည်။
ချင်ယဲ့တယောက် တောအုပ်ထဲတွင် ရပ်နေရင်း စိတ်မလုံမလဲ ဖြစ်နေသလို နောင်တလည်း အနည်းငယ် ရနေမိသည်။ သို့သော် သူ အမှန်တကယ် သန်မဒာာချင်နေသည်။
ယန်ကျွယ်တိန်ထံမှ သိုင်းပညာ သင်ယူခြင်းအားဖြင့် အခြားတပည့်များနှင့် လက်ရည်တူ အဆင့်တစ်ခုကိုသာ ထိန်းထားနိုင်မည်ဖြစ်ပြီး ချင်းရှောင်းဂိုဏ်းတွင် ထူးချွန်ပြောင်မြောက်လာရန် ခက်ခဲမည်ကို သူ ကောင်းစွာ သိသည်။ဒါ့ကြောင့် သူ စွန့်စားကြည့်နေခြင်း ဖြစ်သည်။
ဂျွတ်….
သစ်ကိုင်းခြောက် ကျိုးပဲ့သံကြောင့် ချင်ယဲ့၏ အတွေးများ ပြတ်တောက်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ဝူပေါင်ယွီက ဆီမီးခွက်တစ်လုံးကို ကိုင်ဆောင်လျက် အမှောင်ထုထဲမှ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးစလုံး လီချင်းချိုး သစ်ပင်ပေါ်တွင် ပုန်းနေသည်ကို သတိမထားမိကြချေ။
"မင်း အရမ်း ကြောက်နေပေမယ့်လည်း ရောက်လာသားပဲ... ဒါက မင်းရဲ့ အရိုးထဲမှာ ရည်မှန်းချက် ရှိနေတယ်ဆိုတာ သက်သေပြတာပဲ..."
ဝူပေါင်ယွီ၏ အသံ ထွက်ပေါ်လာသော်လည်း ချင်ယဲ့မှာ သူ့မျက်နှာကို မမြင်ရသဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
မကြာမီ ဝူပေါင်ယွီ အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ လက်ထဲမှ ဆီမီးခွက်ကို ဘေးရှိ သစ်ပင်ကိုင်းတွင် ချိတ်ဆွဲလိုက်ပြီး ကျောပေါ်မှ သစ်သားတုတ် နှစ်ချောင်းကို ဆွဲထုတ်ကာ တစ်ချောင်းကို ချင်ယဲ့ထံ ပစ်ပေးလိုက်သည်။
ချင်ယဲ့ ဖမ်းယူရန် လွဲလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့် အမှောင်ကျနေသည့်အတွက် သူ့ မျက်နှာရဲသွားသည်ကို ဝူပေါင်ယွီ သတိမထားမိလိုက်ပေ။
"မင်းကို ငါ ဘာလို့ ရွေးလိုက်တာလဲ သိလား..." ဝူပေါင်ယွီက ချင်ယဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကျွန်တော်က ကြိုးစားလို့လား..."
"မဟုတ်ဘူး... မင်းမှာ ပါရမီမရှိလို့... ပြီးတော့ မင့်ဆရာက မင်းကို အလေးမထားလို့..."
ဝူပေါင်ယွီ၏ စကားများက ချင်ယဲ့၏ နှလုံးသားကို ဓားနှင့် ထိုးစိုက်လိုက်သကဲ့သို့ပင်။
ဆရာက သူ့အပေါ် မျှော်လင့်ချက် သိပ်မထားကြောင်း ချင်ယဲ့ ရိပ်မိနေသည်မှာ ကြာပြီဖြစ်သည်။ ရွှီနင်း၏ ပါရမီက လူတိုင်း အသိဖြစ်ပြီး သူ့မှာတော့ ဖိနှိပ်ခံထားရကာ ပြိုင်ဆိုင်လိုစိတ်ပင် မရှိတော့ပေ။
လီချင်းချိုးက သစ်ပင်နောက်မှနေ၍ ဝူပေါင်ယွီ သွေးခွဲစကား ပြောနေသည်ကို ကြိတ်ဆဲလိုက်မိသည်။
သို့သော်လည်း သူ ချင်ယဲ့ကို လစ်လျူရှုထားမိသည်မှာ အမှန်ပင်ဖြစ်ကြောင်း တွေးမိလိုက်သည်။ ချင်ယဲ့က အကျိုးအမြတ် ဖလှယ်မှုမှတစ်ဆင့် သူ့တပည့် ဖြစ်ခွင့်ရခဲ့သော်လည်း သူ့တပည့် ဖြစ်နေဆဲပင်။
ဤကောင်လေးက ပုံမှန်အားဖြင့် တက်ကြွလေ့ရှိပြီး ချမ်းသာသော လူငယ်လေးများ၏ ပျက်စီးနေသော အကျင့်စရိုက်နှင့် မောက်မာမှုမျိုး မရှိသည့်အတွက် နောင်တွင် ချင်ယဲ့ကို ပိုမို ဂရုစိုက်ပေးရန် လီချင်းချိုး ဆုံးဖြတ်လိုက်သည်။
"ငါက ရွှီနင်းကို လက်လှမ်းမမီတော့ မင်းဆီ လာရတာပဲ... ဒီတုတ်သိုင်းပညာကို လက်ဆင့်ကမ်းဖို့ မင်းကို လိုအပ်တယ်... တခြားတပည့်တွေကို သင်ပေးလိုက်ရင် ဒီတုတ်သိုင်းက ချင်းရှောင်းဂိုဏ်းရဲ့ အမွေအနှစ်အဖြစ် ထိန်းသိမ်းခံရဖို့ ခက်ခဲလိမ့်မယ်... ဒါ့အပြင် မင်းတို့ ချင်မိသားစုက အရာရှိလောကကို မျှော်မှန်းထားတာ... အနာဂတ်မှာ စစ်မြေပြင်ကို လွှမ်းမိုးဖို့ ဒီတုတ်သိုင်းကို အားကိုးနိုင်တယ်... ဒီတုတ်သိုင်းကို ကျွမ်းကျင်သွားရင် မင်း လူတစ်သောင်းကို ယှဉ်နိုင်လိမ့်မယ်..."
ဝူပေါင်ယွီ၏ လေသံက အေးစက်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
ချင်ယဲ့ နားမလည်နိုင် ဖြစ်သွားပြီး သတိထား၍ မေးလိုက်သည်။
"စီနီယာ... ခင်ဗျား အဲဒီလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ကျွန်တော့်ကို ခင်ဗျားရဲ့ တုတ်သိုင်းသုံးပြီး စစ်ထဲဝင်ခိုင်းဦးမလို့လား..."
ဝူပေါင်ယွီက မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။
"ဧကရာဇ်က အသုံးမကျဘူး... သစ္စာဖောက်တွေက အာဏာရနေတယ်... ဒါပေမဲ့ ဒါက ခဏတာပါပဲ... ငါတို့က ဒီမြေမှာ မွေးဖွားလာတာ... ကာကွယ်ရမှာက သိုင်းပညာရှင်တွေရဲ့ တာဝန်ပဲ..."
ဤစကားကို ကြားသောအခါ ချင်ယဲ့၏ သွေးများ ဆူပွက်လာပြီး ဝူပေါင်ယွီအပေါ် လေးစားစိတ်များ နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည်။
"စလိုက်ကြစို့... ဒီတုတ်သိုင်း နာမည်က စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည်တဲ့... ငါ့ကို ဒီသိုင်းသင်ပေးခဲ့တဲ့ ဆရာက အရမ်း လျှို့ဝှက်လွန်းတယ်... သူ့နာမည်ရင်းကို ငါ မသိဘူး... နောင်တစ်ချိန် မင်း သူ့ကို တွေ့ခဲ့ရင် ငါ့အစား ကျေးဇူးတင်စကား ပြောပေးပါ... ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံး တုတ်သိုင်းဆိုတာ သေချာတယ်..."
ပြောပြီးနောက် ဝူပေါင်ယွီက တုတ်ရှည်ကို သူ့ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားလိုက်သည်။
ဤသည်ကို ကြားလိုက်ရသောအခါ လီချင်းချိုး လုံးဝ စိတ်အေးသွားသည်။ သူက စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည်ကို စိတ်မဝင်စားသလို ဤအရာက ချင်ယဲ့၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်နေသဖြင့် ဝင်မစွက်ဖက်ချင်ပေ။
နောက်ရက်များတွင် ဝူပေါင်ယွီက အားလပ်ချိန်ရတိုင်း ချင်ယဲ့ကို တုတ်သိုင်းပညာ သင်ကြားပေးခဲ့သည်။
ခုနစ်ရက် ကြာပြီးနောက်။
ဝူပေါင်ယွီ တောင်ပေါ်မှ ဆင်းသွားပြီဖြစ်ကြောင်း၊ ချင်းရှောင်းဂိုဏ်းကို ဒုက္ခရောက်စေမည် စိုးသောကြောင့် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ကျန်းယွီချွန်းက လီချင်းချိုးကို လာရောက် ပြောပြသည်။
ဝူပေါင်ယွီက သူ၏ ထူးခြားသော သိုင်းပညာကို ချန်ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် လီချင်းချိုးက မည်သူ့ကိုမျှ လိုက်လံ ဖမ်းဆီးခိုင်းခြင်း မပြုတော့ပေ။
"ဂိုဏ်းချုပ်အစ်ကိုကြီး... နှစ်ကုန်ရင် တပည့် ၅၀ ပြည့်ဖို့ ရည်မှန်းချက်က ဖြစ်နိုင်ဖို့ ခက်မယ်နဲ့ တူတယ်..."
ကျန်းယွီချွန်းက သက်ပြင်းချလိုက်သည်။
ဂုဏ်သတင်းကျော်ကြားမှု မရှိဘဲ တပည့် စုဆောင်းရန်မှာ အလွန် ခက်ခဲလှသည်။
ဒုက္ခသည်များကို စုဆောင်းလျှင် မပြောတတ်သော်လည်း ဒုက္ခသည်များမှာ မိဘမဲ့များ သို့မဟုတ် သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများသာ ဖြစ်နေတတ်သည်။ ချင်းရှောင်းဂိုဏ်း လိုအပ်နေသည်မှာ လူငယ်နှင့် သန်မာသော အမျိုးသားများ ဖြစ်သည်။
လီချင်းချိုးက ရယ်မောလိုက်ပြီး
"ငါက ဒီအတိုင်း ပြောလိုက်တာပါ... လူအရေအတွက်ကို ထင်သလိုတိုးချဲ့နေတာထက် ခိုင်မာတဲ့ အုတ်မြစ်ချတာက အဓိကပဲ..."
ကျန်းယွီချွန်းမှာ စိတ်ဓာတ်ကျနေဆဲပင်။ ခေတ္တမျှ စကားစမြည် ပြောပြီးနောက် ကျန်းယွီချွန်း ထွက်သွားရာ လီချင်းချိုးလည်း အခန်းထဲတွင် အတွင်းအား ဆက်လက် ကျင့်ကြံနေလိုက်သည်။
ထိုဆောင်းရာသီတွင် ထူးထူးခြားခြား ဘာမှ မဖြစ်ခဲ့ပေ။ ဖုန်းတိုင်နှင့် အခြားလူများ ပြန်သွားပြီးနောက် သူတို့ ပြန်မလာကြတော့သလို တောင်ပေါ်သို့ တည်းခိုရန် လာရောက် မေးမြန်းသူပင် မရှိတော့ချေ။
မျက်စိတစ်မှိတ်အတွင်း နှစ်လ ကုန်လွန်သွားခဲ့ပြီ။
ရွှီနင်းလည်း မူလစတင်ခြင်းအဆင့် တတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိနေပြီ ဖြစ်သည်။ သူမမှလွဲ၍ ချင်းရှောင်းဂိုဏ်းတွင် မည်သူမျှ မူလစတင်ခြင်းအဆင့် ဒုတိယအဆင့်သို့ မရောက်ကြသေးပေ။
ဤအဖြစ်အပျက်က ဝိညာဉ်လမ်းစဉ် ကျင့်ကြံခြင်းက မည်မျှ ခက်ခဲကြောင်း ပြသနေခြင်းပင်။
နွေဦးပွဲတော် နီးကပ်လာသောအခါ နောက်ဆုံးတွင် ဧည့်သည်တစ်ယောက် လာရောက် လည်ပတ်လေသည်။ ထိုသူမှာ ချင်ယဲ့၏ ဖခင် ချင်ကျွယ် ဖြစ်ပြီး အစေခံ တစ်ဒါဇင်ကျော် ခေါ်ဆောင်လာခဲ့သည်။
ထိုအစေခံများသည် သီးနှံများ၊ ဝိုင်များနှင့် အိပ်ရာခင်းများ ပါဝင်သော သေတ္တာကြီးများကို သယ်ဆောင်လာကြရာ အလွန် ရိုသေလေးစားမှု ရှိကြောင်း ပြသနေသည်။
လီချင်းချိုး၊ ကျန်းယွီချွန်းနှင့် ယန်ကျွယ်တိန်တို့က ချင်ကျွယ်ကို လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောကာ ဧည့်ခံနေကြပြီး ချင်ယဲ့ကမူ ခြံဝန်းကို တံမြက်စည်း လှည်းရင်း သူတို့၏ စကားဝိုင်းကို နားထောင်နေသည်။
ခေတ္တမျှ စကားပြောပြီးနောက် ချင်ကျွယ်က ရုတ်တရက် ပြောလိုက်သည်။
"ဒါနဲ့... ပြီးခဲ့တဲ့လက ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်... ဆယ်နှစ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ မိစ္ဆာဂိုဏ်းက သိုင်းပညာရှင်တစ်ယောက် ပြန်ပေါ်လာတယ်... အဲဒီလူက သံတုတ်တစ်ချောင်းကိုင်ပြီး နန်းတော်ထဲထိ ဝင်သွားတာ... နန်းတွင်းကိုယ်ရံတော် ရာဂဏန်းလောက်ကို သတ်ဖြတ်ပြီး ဧကရာဇ်ကို ဖမ်းလုနီးပါး ဖြစ်ခဲ့တယ်... နောက်ဆုံးကျတော့ ကောင်းကင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်... သူ့ခေါင်းကို လူတွေ သတိထားမိအောင် မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားတယ်တဲ့..."
"အဲဒီ မိစ္ဆာဂိုဏ်း သိုင်းပညာရှင်က သာမန်လူ မဟုတ်ဘူး... မိစ္ဆာဂိုဏ်းရဲ့ မြောက်ဘက်အစောင့်အရှောက် ဝူပေါင်ယွီတဲ့... သူက ရက်စက်ကြမ်းကြုတ်ပေမယ့် သေပုံက ဆိုးရွားလွန်းတယ်... မျက်လုံးတွေကို ဖောက်ထုတ်ခံလိုက်ရတယ်... ဧကရာဇ်က သူ့မျက်လုံးတွေကို အရမ်း မုန်းတယ်လို့ ကြားတာပဲ..."
ဒေါက်...
ချင်ယဲ့ လက်ထဲမှ တံမြက်စည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူ့ ဖခင်ကို ကြောင်ငေး၍ ကြည့်နေမိတော့သည်။