အခန်း (၅၄၇)
Vol. 37 Ch. 547
မွန်းလွဲ ၁ နာရီ၌။
နေမင်းကြီးက ကောင်းကင်အလယ်၌ မြင့်မားစွာ တည်ရှိနေခဲ့သည်။
"ဘာဖြစ်နေတာလဲ”
ရှဲ့ချွင်ရှီးက မျက်မှောင်ကြုတ်လျက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး မြေကြီးကို နင်းခြေလုမတတ်ဖြစ်ကာ ပြောလိုက်သည်။ “ဒီကောင်မလေး အချိန်မေ့သွားတာလား။ အဲ့လိုမဟုတ်ရင် ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
"နည်းနည်းလောက် ထပ်စောင့်ကြရအောင်။”နျဥ်ယွိယွမ်က အဝေးသို့ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်သည်။ “ချူးလေးက အမြဲ ကတိတည်တဲ့သူပါ။ သူသဘောတူထားပြီးမှတော့ သေချာပေါက် ပြန်လာမှာပါ"
မော့ယန်က စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ၏ တင်းတင်းကြပ်ကြပ် တွန့်ချိုးထားသော မျက်ခုံးများက သူ၏ စိုးရိမ်ပူပန်မှုကို အတိအကျ ဖော်ပြနေခဲ့သည်။
"ဘာ ... လူတစ်ယောက် ဒဏ်ရာရထားတယ် ဟုတ်လား"
ရုတ်တရက် ဘေးဘက်မှ ဆူညံသံတစ်သံ ထွက်ပေါ်လာပြီး လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
"ဟုတ်တယ် ... ငါ အဲ့ဒီဘက်ကနေ လာခဲ့တာ။” အမျိုးသားတစ်ဦး၏ မျက်နှာတွင် မလိုလားသော အရိပ်အယောင် အနည်းငယ် ရှိနေသေးသည်။ သူက လူတိုင်းကို ရှင်းပြရင်း လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ “ကောင်မလေးတစ်ယောက်၊ သူက တော်တော်လေး ချောတယ်ကွ။ သူ ဒီနားလေးမှာပဲ ဒဏ်ရာရထားတာ ... ဟုတ်တယ်၊ ဗိုက်ညာဘက်နားမှာလေ။ အိုက်ယိုး ... သွေးတွေ ပေပွနေတာပဲ။ ငါဖြတ်သွားတုန်းက သူ့မျက်နှာကို လှမ်းကြည့်လိုက်သေးတယ်။ မျက်နှာက ဖြူဖျော့နေတာပဲ"
"ဟုတ်တယ် ... ဟုတ်တယ်၊ ငါလည်း တွေ့လိုက်သလိုပဲ။” အခြားအမျိုးသားတစ်ဦးက သဘောပေါက်သွားသည့် ပုံစံဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။
“ကောင်မလေးတစ်ယောက်အပေါ် ဘယ်သူကများ ဒီလောက် ရက်စက်ရတာလဲ မသိပါဘူးကွာ"
အမဲလိုက်ပွဲတော်သည် လူတိုင်း ပျော်ရွှင်နိုင်သည့် ပွဲတော်တစ်ခု ဖြစ်သော်လည်း ပြဿနာရှာသူ အနည်းငယ်ကတော့ အမြဲရှိနေစမြဲဖြစ်သည်။ ၎င်းတို့သည် ထိုကဲ့သို့သော အခွင့်အရေးတွင် ဓနဥစ္စာ ရှာဖွေနိုင်ရန် မျှော်လင့်ချက်ဖြင့် ပစ္စည်းကောက်ခြင်းနှင့် လုယက်ခြင်းတို့ကို အထူးပြုလုပ်ဆောင်ကြသည်။
သို့သော် ဤကဲ့သို့သော လူများသည် အသက်ကို မလိုချင်ဘဲ ငွေကိုသာ အမြဲလိုချင်ကြသည်။ သွေးထွက်သံယိုဖြစ်မည့် မတော်တဆမှုတစ်ခု ဤမျှမြန်မြန် ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ပြီးတော့ ဒဏ်ရာရသူက မိန်းကလေးတစ်ယောက် ဖြစ်နေသည်!
ကျွတ်စ် ကျွတ်စ်!
ချူးလေးက ပြန်မရောက်လာသေးပေ...
လှပသော မိန်းကလေးတစ်ယောက် ဒဏ်ရာရထားသည်...
ထိုအသံကို ကြားလိုက်ရသောအခါ မော့ယန်၏ မျက်နှာရိပ်က ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ရှဲ့ချွင်ရှီးပင်လျှင် မျက်လုံးထဲ၌ စိုးရိမ်မှုအချို့ကို မပြဘဲ မနေနိုင်တော့ချေ။ သူက ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ "မော့ချူးတော့ မဟုတ်လောက်ပါဘူးနော်။ ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ"
နျဥ်ယွိယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လူအုပ်ကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မေးလိုက်သည်။ "ခင်ဗျားတို့ ပြောနေတဲ့ ကောင်မလေးက ဘာဝတ်ထားတာလဲဆိုတာ မေးလို့ရမလား"
နျဥ်ယွိယွမ်၏ အသံက မကျယ်လောင်လှပေ။ ယုတ္တိတန်တန် တွေးကြည့်လျှင် လူအုပ်ကြီး၏ ဆူညံသံများကြားတွင် နစ်မြုပ်သွားသင့်သည်။ သို့သော် သူ၏ စကားလုံးများက အလွန် ရှင်းလင်းပြတ်သားနေသဖြင့် မည်သူမျှ လစ်လျူမရှုနိုင်ခဲ့ကြပေ။
“အာ..” စကားစခဲ့သူ အမျိုးသားက ခေါင်းမော့လိုက်ပြီး နျဥ်ယွိယွမ်၏ နက်နဲသော မျက်ဝန်းများနှင့် အကြည့်ချင်း ဆုံမိသွားသည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရပြီး စကားကို ရုတ်တရက် ထပြောမိလိုက်သည်။ "ကျွန်တော် မှတ်မိသလောက်ဆိုရင် သူက ... သူက မီးခိုးရောင်ဖျော့ဖျော့ ဝတ်စုံ ဝတ်ထားပုံရတယ်။ ဟုတ်တယ် ... မီးခိုးရောင်ဖျော့ဖျော့ ဝတ်စုံပဲ"
ဤအကြိမ်တွင် နျဥ်ယွိယွမ်၏ မျက်နှာပင်လျှင် အုံ့မှိုင်းသွားတော့သည်။
... ဒီနေ့ မော့ချူး ဝတ်ထားသော ဝတ်စုံမှာ မီးခိုးရောင်ဖျော့ဖျော့ ဝတ်စုံဖြစ်သည်။
"သူ ဘယ်မှာလဲ?” မော့ယန်က ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားသည်။ သူ၏ ချောမောသော မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး ထိုလူ၏ ကော်လာကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ကာ မေးလိုက်သည်။ “ချူးလေး ဘယ်မှာလဲ။ ခင်ဗျား သူ့ကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ"
အမှားအယွင်း မရှိနိုင်ပေ!
ဒါ ချူးလေး ဖြစ်ရမည်!
"အဟွတ် အဟွတ် ... လွှတ်ပါဦး၊ လွှတ်ပါဦး"
ထိုလူ၏ ကော်လာကို မော့ယန်က ကြမ်းတမ်းစွာ ဆွဲမထားသဖြင့် အသက်ရှူ၍ မရလုနီးပါး ဖြစ်နေပြီး လက်နှစ်ဖက်စလုံးဖြင့် မော့ယန်၏ လက်ဖဝါးကြီးကို အသည်းအသန် ပုတ်နေကာ မျက်လုံးများပင် အနည်းငယ် ပြာဝေစပြုလာသည်။ သူက ပြောလိုက်သည်။
"အမလေး ... သူက လူသတ်ဖို့ လုပ်နေတာပဲ! "
ထိတ်လန့်တကြား အော်သံတစ်သံ ထွက်ပေါ်လာပြီး ကြောင်အမ်းအမ်း ဖြစ်နေကြသော ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို လန့်ဖျပ်သွားစေသည်။
လူတိုင်းက လူသတ်ချင်နေသော အငွေ့အသက်များဖြင့် ရုတ်တရက် ပေါ်လာကြသော ဤလူများကို ကြည့်လိုက်ကြပြီး သူတို့၏ စိတ်နှလုံးများ တုန်လှုပ်မသွားဘဲ မနေနိုင်တော့ပေ။ သူတို့သည် ချက်ချင်း အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲသွားကြပြီး မူလနေရာတွင် ဆက်နေရန် မရဲကြတော့ချေ။
"တစ်ခုခု ပြောစမ်း!"
မော့ယန်၏ လက်က ပို၍ သန်မာလာပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်လာကာ ပြောလိုက်သည်။
"မလုပ်ပါနဲ့"
အခြားတစ်ဖက်တွင်မူ ရှဲ့ချွင်ရှီးက အခြေအနေကို မြင်သောအခါ အလျင်အမြန် ရှေ့တိုးလာခဲ့သည်။ သူက သံမဏိကဲ့သို့သော မော့ယန်၏ လက်ဖဝါးကြီးကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
"မင်းက လူတစ်ယောက်ကို စကားပြောစေချင်တာလေ၊ ဘယ်လိုလုပ်ပြီး ဒီလို ခြိမ်းခြောက်လို့ ရမှာလဲ"
"အဟွတ် အဟွတ်" မော့ယန်၏ လက်ဖဝါးကြီးမှ လွတ်မြောက်သွားပြီးနောက် တစ်ဖန် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသော ထိုအမျိုးသားသည် အချိန်ထပ်မဆွဲရဲတော့ပေ။ သူက တည်နေရာကို အမြန် ညွှန်ပြကာ ပြောလိုက်သည်။ "ဒီကနေ တည့်တည့်လျှောက်သွား၊ တစ်ကီလိုမီတာလောက် အကွာမှာ ... ငါ သူ့ကို အဲ့ဒီမှာ တွေ့ခဲ့တာ။ ဟုတ်တယ်"
ချဉ်းကပ်လာသော လူအချို့ကို ကြည့်ရင်း ထိုလူ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာကာ အားရပါးရပင် အော်ဟစ်လုနီးပါး ဖြစ်သွားပြီး ပြောလိုက်သည်။
"ဟို မိန်းမလေ ... ခင်ဗျားတို့ သူ့ကို ရှာနေတာမလား။ သူ ဒီဘက် လာနေပြီ"
အိုက်ယိုး.. ဒီနတ်ဆိုးတွေဆီကနေ မြန်မြန် လွတ်အောင်လုပ်စမ်းပါ။ ပြောစမ်းပါဦး၊ နေ့ခင်းကြောင်တောင်ကြီးမှာ သူ ဘယ်လို နှိပ်စက်မှုကို ခံစားလိုက်ရတာလဲ။ သူက ဒီထက်ပိုပြီး အပြစ်ကင်းစင်လို့ မရနိုင်တော့ပေ။ ထိုလူသည် ခါးသီးသော မျက်ရည်များ ကျဲချလျက် လျှပ်တစ်ပြက် လှည့်ကာ ပြေးထွက်သွားတော့သည်။
ဤအချိန်တွင် နျဥ်ယွိယွမ်နှင့် အခြားသူများသည် သူ့ကို ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့၏ အကြည့်များက မလှမ်းမကမ်းတွင် ရှိသော အမျိုးသမီးထံသို့ ကျရောက်သွားသည်... သူမ၏ မီးခိုးရောင်ဖျော့ဖျော့ အဝတ်အစားများတွင် သွေးများ စွန်းထင်းနေပြီး ရှည်လျားသော ဆံနွယ်များက ပခုံးပေါ်သို့ ဝဲကျနေကာ သူမ၏ မျက်နှာလေး အများစုကို ဖုံးအုပ်ထားသည်။
"ချူးလေး!"
မော့ယန်သည် စိုးရိမ်စိတ်ဖြင့် ခြေလှမ်းသွက်သွက် လှမ်းကာ ပြေးထွက်သွားသည်။ သူ၏ အမြန်နှုန်းမှာ လေးညှို့မှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ပင်။
နေပါဦး၊ ဒါက ... ချူးလေး မဟုတ်သလိုပဲ!
မော့ယန်၏ ခြေလှမ်းများက အလွန်မြန်ဆန်လွန်းသောကြောင့် နျဥ်ယွိယွမ်၏ ကျန်စကားများကို မကြားလိုက်ရပေ။ သူသည် တန်းတန်းမတ်မတ် ပြေးသွားလိုက်ပြီး အသက်ပြင်းပြင်း ရှူနေသော်လည်း ရင်ထဲမှ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်မထားနိုင်ဘဲ မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ။ နာလား"
ထိုအမျိုးသမီးက ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ခေါင်းမော့လာသည်။
သူမ၏ သေသပ်လှပသော မျက်နှာတွင် သွေးရောင် လုံးဝ မရှိပေ... သူမသည် မော့ချူး မဟုတ်ပေ!
"ရှင်က ဘယ်သူလဲ"
မော့ယန်၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ စိတ်နှလုံးသည် နွေးထွေးမသွားဘဲ မနေနိုင်ဖြစ်ရသည်။ သူမ ရှေ့မှ ဤအမျိုးသားကို ယခင်က သူမအား ပိုးပန်းဖူးသူ တစ်ဦးအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
"မင်း တကယ် မြန်မြန် ပြေးတာပဲ" နျဥ်ယွိယွမ်နှင့် အခြားသူများက အနောက်မှ မီလာကြပြီဖြစ်သည်။ သူတို့က လက်လှမ်းလိုက်ပြီး မော့ယန်၏ ပခုံးကို ပုတ်လိုက်ကြကာ သူတို့၏ လေသံက ယခင်ကထက် ပို၍ သက်တောင့်သက်သာ ရှိနေပြီး ပြောလိုက်သည်။
မော့ယန်၏ အနေခက်နေသော ပုံစံကို မြင်သောအခါ မီးလောင်ရာ လေပင့်ဖို့ သူတို့ မမေ့ခဲ့ကြပေ။ သူတို့က အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ငါ စောစောက သေချာကြည့်လိုက်တုန်းက သူ့ခန္ဓာကိုယ် အချိုးအစားက ချူးလေးနဲ့ နည်းနည်း ကွာနေတာ သတိထားမိလိုက်တယ်။ မင်း စောစောက စိတ်လောလွန်းသွားလို့ နေမှာပါ။ အဲ့လိုမဟုတ်ရင် မင်း သတိမထားမိဘဲ နေမှာ မဟုတ်ဘူး"
နျဥ်ယွိယွမ်သာ ရှင်းမပြလျှင် ပိုကောင်းပေလိမ့်မည်။ ဤရှင်းပြချက်ကြောင့် မော့ယန် ပို၍ပင် မျက်နှာပူသွားပြီး မျက်နှာ အနည်းငယ် ရဲတက်လာသည်။ ဤသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားပြီး ချက်ချင်း အရှက်ရသွားခြင်း၏ ရလဒ်ပင်။
သို့သော် မျက်နှာချင်းဆိုင်မှ အမျိုးသမီး၏ မျက်လုံးထဲတွင်မူ ဒါကို သူမအပေါ် ခံစားချက်များ ဖွင့်ဟပြီးနောက် မော့ယန် ရှက်သွားသည်ဟု မြင်နိုင်သည်။ အိုက်ယိုး .. သူက တော်တော်လေး ဖြူစင်ပြီး ရိုးသားပုံရသည်!
ဒါကို မြင်သောအခါ ထိုအမျိုးသမီးက သူမကိုယ်သူမ ပို၍ပင် ကျေနပ်သွားသည်။ မော့ယန်ကို သေချာ အကဲခတ်ပြီးနောက် ဤအမျိုးသားကလည်း မဆိုးလှဟု ခံစားလိုက်ရသည်။ ရုပ်ရည်ပဲဖြစ်ဖြစ်၊ ခွန်အားပဲဖြစ်ဖြစ် သာမှန်အဆင့်ထက် သာလွန်သည်ဟု ပြောနိုင်သည်။ အရေးအကြီးဆုံး အချက်မှာ သူ သူမကို လုံလောက်စွာ ဂရုစိုက်ခြင်းပင်၊ စောစောက ပြေးလာသည့် ပုံစံကို ကြည့်ခြင်းအားဖြင့် တန်းတန်းမတ်မတ် ပြေးလာချင်နေသကဲ့သို့ပင်!
ဤအကြောင်းကို တွေးမိသောအခါ အမျိုးသမီး၏ ကျေနပ်မှု အဆင့်က ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ မူလက အားနည်းနေသော သူမ၏ အသံတွင် မူနွဲ့သည့် အရိပ်အယောင် အနည်းငယ်ပါလာသည်ကိုတောင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
"ဟေး ... ရှင့်နာမည် ဘယ်လိုခေါ်လဲ။ ကဲ ... ရှင် ကျွန်မကို ဒီလောက် ဂရုစိုက်တာ မြင်ရတော့ ကျွန်မ မပေးချင်ပေးချင်နဲ့ပဲ ရှင့်ကို ကျွန်မရဲ့ ရည်းစားဖြစ်ခွင့် ပေးလိုက်မယ်"
အမျိုးသမီးက စကားပြောပြီးသည်နှင့် မော့ယန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်သွားသည်။
ရည်းစား ဟုတ်လား?
အမ် ... သူ စောစောက တစ်ခုခု လွတ်သွားလို့လား။ သူမ ပြောတာကို ဘာလို့ နားမလည်ရတာလဲ။
“ဖွီး .. ” ရှဲ့ချွင်ရှီးနှင့် အခြားသူများက လက်ရှိ အခြေအနေကို လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ကြသည်။
ထို့နောက် မော့ယန်၏ မျက်နှာက ပို၍ မည်းမှောင်သွားသည်။
ဟွန်း ... သူငယ်ချင်း သံယောဇဉ် လှေလေးကတော့ ဒီလိုပဲ မှောက်သွားခဲ့ပြီ!
"ဟေး! ရှင်က အ နေတာလား"
မော့ယန် ကြောင်တောင်တောင် ရပ်နေသေးသည်ကို မြင်သောအခါ ထိုအမျိုးသမီးက စိတ်အနှောင့်အယှက် မဖြစ်ဘဲ မနေနိုင်တော့သော်လည်း အနည်းငယ်တော့ ဘဝင်မြင့်နေမိသည်။ 'ဟွန်း! ရှင်က အ အလား။ ရှင် ကျွန်မ ရည်းစား ဖြစ်ချင်တယ် မဟုတ်လား။'
'ဒါပေမဲ့ ... ဒီလူရဲ့ တုံ့ပြန်မှုက နည်းနည်း နှေးလွန်းနေတာ မဟုတ်ဘူးလား။'
"အမ် ... တောင်းပန်ပါတယ်"
မော့ယန်က ချောင်းဟန့်ပြီး ရှင်းပြရန် ပြင်လိုက်သည်။
သို့သော် မျက်နှာချင်းဆိုင်မှ မောက်မာသော အမျိုးသမီးအသံက ဖြတ်ပြောလိုက်သည်။
"ဟေး၊ ကျွန်မ နာမည်ကို ခေါ်ခွင့်ပြုမယ်၊ အန်းယောက်"
'ခင်ဗျား နာမည်ကို တကယ် မခေါ်ချင်ဘူးလို့ ပြောလို့ရမလား။'
မော့ယန်၏ မျက်နှာသည် ဤအချိန်တွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
သူ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူပြန်ရောက်သောအခါ သူ့ညီမလေး၏ ခန္ဓာကိုယ်ပုံစံကို စိတ်ထဲတွင် သေချာပေါက် မှတ်သားထားရမည်။ သူ နောက်ထပ် ဒီလိုအမှားမျိုး လုံးဝ အဖြစ်ခံ၍ မရပေ!
"ကောင်းပါပြီ" မော့ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အန်းယောက် ..."
"အင်း" ထိုအမျိုးသမီးက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
ရှေ့မှ အမျိုးသား၏ ပါးစပ်မှ ထွက်လာသော သူမ၏ နာမည်က အထူးတလည် ကောင်းမွန်နေသည်ဟု ပထမဆုံးအကြိမ်အဖြစ် သူမ ခံစားလိုက်ရသည်။ ထိုခေါ်သံသည် ညင်သာစွာ တိုက်ခတ်သွားပြီး ဂယက်ထစေသော လေပြေညင်းလေး တစ်ခုကဲ့သို့ပင်။
"အမ် ... ခင်ဗျား နားလည်မှု လွဲနေပြီ။” မော့ယန်က ဇာတ်လမ်းဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ထပ်မံ ဖြတ်ပြောခြင်း မခံရစေရန် ကိစ္စရပ်ကို တစ်ဆက်တည်း ရှင်းပြလိုက်သည်။ “မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောတာ ကျွန်တော် ကြားလိုက်တယ်။ ကျွန်တော့်ညီမလေး ထင်လို့ အဲ့လောက် အလောတကြီး ဖြစ်သွားတာပါ။ ဆောရီးပါ! တကယ်တော့ ... ကျွန်တော် ခင်ဗျားကို မသိပါဘူး"
မော့ယန်၏ နောက်ဆုံး စကားက သိသာထင်ရှားစွာပင် ပိုနေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုစကားကြောင့် အမျိုးသမီး၏ မျက်နှာ တည်သွားသောကြောင့် ဖြစ်သည်!
"ရှင် စောစောက ဘာပြောလိုက်တာလဲ" အမျိုးသမီး၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီး ပြောလိုက်သည်။ "ရှင်က ကျွန်မကို တခြားတစ်ယောက်နဲ့ မှားတာလား။ ပြီးတော့ ... ရှင် ကျွန်မကို မသိဘူး ဟုတ်လား"
အမျိုးသမီး၏ အသံထဲတွင် ဖုံးကွယ်ထားသော ဒေါသကို သတိမပြုမိဘဲ မော့ယန်က ခေါင်းညိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ နောက်ဆုံးတော့ သူ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ခဲ့ပြီ။ သူက ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲ့လိုဖြစ်သွားတာ!"
ဒါဆို ... အမျိုးသားတစ်ယောက်အပေါ် သူမ ပထမဆုံးအကြိမ် စိတ်ဝင်စားမိတာက တကယ်တော့ နားလည်မှုလွဲတာ၊ မတော်တဆမှု သက်သက်ပဲလား။ ပြီးတော့ ဒီလူက သူမကို သိတောင် မသိဘူးတဲ့လား!
သူမ မျက်နှာကို အက်ကွဲသွားအောင် ရိုက်ချလိုက်သလိုပင်! အန်းယောက်၏ ဒေါသများ ဝုန်းခနဲ ထွက်လာသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အခြားအသံတစ်သံက ဖြတ်ပြောလိုက်သည်။
"အစ်ကို၊ အစ်ကိုတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ"
"ချူးလေး! မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
"ဒီကောင်မလေးကတော့! ဘာဖြစ်နေတာလဲ? ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ"
"မင်း ငါတို့ကို လန့်သေအောင် လုပ်နေတာပဲ"
အန်းယောက် ခေါင်းလှည့်ကြည့်လိုက်ရာ ရောက်လာသောသူကို တွေ့လိုက်ရသည်။ အငြိုးအတေးအသစ်များ စတင် ဖြစ်ပေါ်လာပြီး သူမ၏ စိတ်ထဲမှ အဟောင်းများနှင့် ရောထွေးသွားတော့သည်!