အခန်း (၅၄၅)
Vol. 37 Ch. 545
"မင်း ခုနက အမဲလိုက် ပွဲတော်က ဘာလို့ နှစ် ၂၀ မှာ တစ်ခါပဲ ဖွင့်လဲလို့ မေးတယ်မလား။"
"ဘာလို့လဲဆိုတော့ ဒီမြူခိုးထူကြီးက နှစ် ၂၀ မှာ တစ်ခါပဲ ပေါ်လာလို့ပဲ။"
နျဥ်ယွိယွမ် ထိုသို့ ပြောလိုက်သောအခါ မော့ချူးမှာ ပို၍ပင် ကြောင်အသွားသည်။ ဤသည်မှာ မည်သည့် ငရဲ ဖြစ်သနည်း။ သူတို့က အမဲလိုက် ပွဲတော်ဟု ပြောခဲ့ကြသည် မဟုတ်ပါလား။ အဘယ်ကြောင့် သူတို့ ဤ မြူခိုးထူကြီး အကြောင်းကို ထပ်ပြောနေကြပြန်သနည်း။
"ငါ ရှင်းပြမယ်။" ရှဲ့ချွင်ရှီးက ချက်ချင်း ခုန်ထွက်လာပြီး မော့ချူးကို ရှင်းပြခဲ့သည်။
"အမဲလိုက် ပွဲတော် ဆိုတာ သူ့နာမည် အတိုင်းပဲ မှော်ဒေသထဲက မှော်သားရဲ တွေနဲ့ မှော်အပင်တွေကို အမဲလိုက်တာပဲ။ ဒီနေ့မှာ နိုင်ငံသား အားလုံး မှော်ဒေသ ထဲကို ဝင်နိုင်တယ်။ မင်း သူတို့နဲ့ တွေ့ဖို့ ကံကောင်းနေသမျှ ကာလပတ်လုံး မင်း အဲ့ဒီ မှော်သားရဲတွေနဲ့ မှော်အပင်တွေကို မင်းဆန္ဒရှိသလို ဖမ်းယူနိုင်တယ်။"
"နိုင်ငံသား အားလုံး ဟုတ်လား။" မော့ချူးက အဓိက အချက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်နိုင်သည်။
"ဒါဆို... အထူး စွမ်းရည်တွေ မရှိတဲ့ လူတွေကရော။ သူတို့က မှော်အပင် တွေနဲ့ မှော်သားရဲ တွေရဲ့ အရှင်လတ်လတ် စားတာ ခံရမှာ မကြောက်ဘူးလား။ ဒါမှမဟုတ်၊ ဒါတွေအားလုံးက... ငါတို့ ရှေ့က မြူခိုးထူကြီးနဲ့... သက်ဆိုင်နေတာလား။"
"တော်လိုက်တာ။" ရှဲ့ချွင်ရှီးက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ မြူခိုးထူကြီး စုစည်းလာတဲ့အခါ မှော်ဒေသ ထဲက မှော်အပင် တွေနဲ့ မှော်သားရဲ တွေ အားလုံး သက်ရောက်မှု ရှိသွားပြီး သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား အားလုံးနီးပါး ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ ဒီမြူခိုးထူကြီးက ငါတို့ လူသားတွေ အပေါ်မှာတော့ သိပ် သက်ရောက်မှု မရှိဘူး။ ဒါကြောင့်မို့လို့ပဲ အထူး စွမ်းရည် မရှိတဲ့ သာမန် နိုင်ငံသားတွေက ဒီနေ့ မှော်ဒေသကို ခရီးတစ်ခေါက် ထွက်ဖို့ ဒီအခွင့်အရေးကို ယူနိုင်ကြတာ။"
"ဒီမြူခိုးထူကြီးကို ငါတို့ မဟူရာသမုဒ္ဒရာဂလက်စီ မှာပဲ တွေ့ရတာ။" ရှဲ့ချွင်ရှီးက ဂုဏ်ယူစွာ ဖြည့်စွက် ပြောလိုက်သည်။
ဒါကို ကြားသောအခါ မော့ချူးက နားလည်စွာ ခေါင်းညိတ်လိုက်သည်။
သူမ အမဲလိုက် ပွဲတော်ကို မသိရှိခြင်းသည် အလွန် ထူးဆန်းသော အရာတစ်ခု ဖြစ်သည်ဟု ရှဲ့ချွင်ရှီး ထင်မြင်ခဲ့သည်မှာ အံ့ဩစရာ မရှိပေ။
ဒီထူးဆန်းသော ပွဲတော် ရှိနေခြင်းနှင့်အတူ ဂလက်ဆီ တစ်ခုလုံးတွင် သူ့အကြောင်းကို မသိသောသူ တစ်ယောက်မျှ ရှိမည် မဟုတ်ပေ။
"ဒါဆို ခုနက ဘာလို့ ငါ့ကို မြူခိုးထူကြီးကို ထိခွင့် မပေးခဲ့တာလဲ။"
ဤသို့ တွေးမိသောအခါ မော့ချူး အနည်းငယ် စိတ်ရှုပ်ထွေးသွားပြန်သည်။
"နင်တို့က မြူခိုးက လူတွေအပေါ် ဘာ သက်ရောက်မှုမှ မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား။"
ရှဲ့ချွင်ရှီးက ဆက်ပြောခဲ့သည်။ "ဟုတ်တယ်၊ ဘာ သက်ရောက်မှုမှ မရှိဘူး။ ဒါပေမဲ့ အဲ့ဒါက မှော်ဒေသ ငါတို့ကို ဝင်ခွင့် ပြုပြီးတဲ့ နောက်မှ။"
ဟမ်။ သူ ဘာကိုဆိုလိုတာလဲ။
"မြူခိုးထူကြီးနဲ့ ဖုံးလွှမ်းနေတဲ့ မှော်ဒေသထဲမှာ အတွင်းက မှော်အပင်တွေနဲ့ မှော်သားရဲတွေက သူတို့ရဲ့ ခုခံနိုင်စွမ်းကို ဆုံးရှုံးသွားပေမဲ့ လူတိုင်း ဝင်ပြီး အခွင့်ကောင်း ယူလို့ မရဘူး။ ဆန့်ကျင်ဘက် အနေနဲ့ မြူခိုးထူကြီးက လူအရေအတွက်ကို ကန့်သတ်လိမ့်မယ်။ သတ်မှတ်ထားတဲ့ ကန့်သတ်ချက် တစ်ခုကို ကျော်လွန်သွားတာနဲ့ တစ်ပြိုင်နက် ဘယ်သူ့ကိုမှ ထပ်ပြီး ဝင်ခွင့် ပြုတော့မှာ မဟုတ်ဘူး။"
"ဒါကြောင့် နင် ခုနက အဲ့လောက် အလျင်လိုနေခဲ့တာလား။" မော့ချူးက ရှဲ့ချွင်ရှီးကို ကြည့်ရင်း ပြုံးလိုက်သည်။
"ဟုတ်တာပေါ့။" ရှဲ့ချွင်ရှီးက ဒါသည် ပြောစရာမလိုသော ကိစ္စရပ်တစ်ခု ဖြစ်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"ငါတို့ကို လူ ဘယ်လောက်များများ ဝန်းရံထားလဲ ကြည့်လိုက်ဦး။ ငါတို့ နောက်ကျပြီး ဝင်လို့ မရခဲ့ရင် ငါတို့ နောက်ထပ် နှစ် ၂၀ စောင့်ရလိမ့်မယ်။"
ဒါကို ကြားသောအခါ မော့ချူး ခေါင်းမော့ကြည့်လိုက်မိသည်။
သူမ အံ့အားသင့်သွားခြင်းမှ မထိန်းနိုင်ခဲ့ပေ။
မှန်ပေသည်။ ယခင်က သူမ၏ ပတ်ပတ်လည်တွင် ကျဲတောက်ကျဲတောက် လူအချို့ ရှိခဲ့သည်။ ယခုမူ သူမ ခြေချစရာ နေရာပင် မရှိတော့ပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် နေရာတိုင်းတွင် လူများ ရှိနေသည်ကို သူမ မြင်တွေ့နိုင်ခဲ့သည်။
"မင်း မြင်တဲ့အတိုင်းပဲ၊ လူတွေ အရမ်း များတယ်။" ရှဲ့ချွင်ရှီးက ကူကယ်ရာမဲ့စွာဖြင့် သူ၏ လက်များကို ဖြန့်ပြလိုက်သည်။
"ဒါကြောင့်မို့လို့ မြူခိုးထူကြီး အပြည့်အဝ မဖြစ်ပေါ်သေးခင်မှာ မဆင်မခြင် အတင်း ဝင်တိုးဖို့ ကြိုးစားခဲ့တဲ့ လူတွေ ရှိခဲ့တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မြူခိုးထူကြီးကို ထိမိလိုက်တဲ့ အခိုက်အတန့်မှာပဲ သူတို့ ရေအိုင်ငယ် တစ်ခု အဖြစ် တိုက်စားခံခဲ့ရတယ်။ နောက်ဆုံးတော့ ခြေရာလက်ရာ တစ်စုံတစ်ရာတောင် ကျန်ရစ်ခဲ့တာ မရှိဘူး။"
"ရေအိုင်ငယ် တစ်ခု အဖြစ် တိုက်စားခံရတယ် ဟုတ်လား။" ဒီစကားကို ကြားသောအခါ မော့ချူး လေအေး တစ်ချက်ကို ရှူသွင်းလိုက်မိသည်။
နျဥ်ယွိယွမ် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ကြောက်စိတ်များ ကျန်ရှိနေသည်ကို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။
သူမသည် ယခုလေးတင် မြူခိုးကို ထိမိလုနီးပါး ဖြစ်ခဲ့သည်။
ထိုလူများက သူမကို အရူးတစ်ယောက်သဖွယ် ကြည့်ခဲ့ကြသည်မှာ အံ့ဩစရာ မရှိပေ။
မည်သို့ပင် ဆိုစေကာမူ မည်သည့် သာမန်လူက မိမိ၏ သေခြင်းတရားကို ရှာဖွေရန် ဤမျှ မိုက်မဲမည်နည်း။
ပြီးလျှင် ထိုသေခြင်းသည် ဤကဲ့သို့ နာကျင်ပြီး ဆိုးရွားလှသော သေခြင်းတရား ဖြစ်သည်။
သေချာပေါက် သာမန်အသိတရား မရှိသော သူမမှ လွဲ၍ ယ်သူ ရှိမည်နည်း။
"ဒါပေမဲ့ မြူခိုးထူကြီး အပြည့်အဝ ဖြစ်ပေါ်လာပြီဆိုတာ ရှင်တို့ ဘယ်လို သိလဲ။" ကြောက်စိတ်များ ကျန်ရှိနေသေးသော်လည်း မော့ချူးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒါက သိပ်ရိုးရှင်းပါတယ်။" နျဥ်ယွိယွမ်က သူ၏ နှုတ်ခမ်းထောင့်ကိုကွေးလိုက်ပြီး မှော်ဒေသကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း ကိုယ်တိုင် မမြင်နိုင်ဘူးလား။"
ဘယ်လို?
မော့ချူး လှည့်ကြည့်လိုက်သည်။
မည်သည့် အချိန်အခါမှန်း မသိလိုက်မီတွင် နို့နှစ်ရောင် မြူခိုးများသည် ရုတ်တရက်ဆိုသလို ခပ်ဖျော့ဖျော့ ရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ နေရောင်ခြည် အောက်တွင် ခပ်မှိန်မှိန် အလင်းကွင်း တစ်ခုပင် ရှိနေခဲ့သည်။ ထိုအလင်းကွင်းသည် အလွန်အမင်း မျက်စိ ကျိန်းစပ်ဖွယ် ကောင်းလှသည်။
ထိုအလင်းကွင်းက အလွန် လှပနေခဲ့သည်...
မော့ချူးမှာ ကြောင်ငေးနေဆဲ ဖြစ်သော်လည်း ရှဲ့ချွင်ရှီး က သူမကို ဆွဲလိုက်သည်။
"မြန်မြန် သွားလေ။ ဘာကို စောင့်နေသေးတာလဲ။"
မှန်ပေသည်။
ရွှေရောင်ဖျော့ဖျော့ မြူခိုးများ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘေးနှစ်ဖက်ရှိ စိတ်လှုပ်ရှားနေသော လူများသည် ပို၍ပင် စိတ်လှုပ်ရှား လာကြသည်။ သူတို့ အားလုံးသည် အရူးအမူးသဖွယ် စတင် ပြေးလွှားကြတော့သည်။ သူတို့၏ မျက်နှာများမှာ နီမြန်းနေကြပြီး အော်ဟစ်ဆူညံမှုများကို မရပ်တန့်နိုင်ကြဘဲ၊ ထိုအသံများ အတူတကွ ရောယှက်သွားသောအခါ ကြားရသူ၏ သွေးများကို ဆူပွက်လာစေသည်။
သွေးဆူပွက်မှုများ ကူးစက်ခံလိုက်ရသဖြင့် မော့ချူး လည်း သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
သူတို့သည် ရှေ့ဆုံးတွင် ရပ်နေခဲ့ကြသည်။ ထို့အပြင် နျဥ်ယွိယွမ်၊ မော့ယန်နှင့် အခြားသူများ၏ တိုက်ခိုက်ရေး စွမ်းအားများမှာလည်း မနိမ့်ကျကြပေ။ သူတို့သည် လူအုပ်ကြားမှ အောင်မြင်စွာ တိုးဝှေ့ ထွက်လာနိုင်ခဲ့ပြီး မှော်ဒေသ အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
သို့သော်လည်း သူတို့၏ နောက်မှ လူများမှာမူ ထိုမျှ ကံမကောင်းခဲ့ကြပေ။
နောက်ထပ် လူတစ်သုတ် သို့မဟုတ် နှစ်သုတ် ဝင်ရောက်သွားပြီးနောက် မှော်ဒေသသည် လူများကို ဆက်၍ လက်မခံတော့ပေ။ မျက်နှာပြင်ပေါ်တွင် ကြည်လင်သော ဖလင်လွှာ တစ်လွှာ ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင်။ မမြင်နိုင်သော်လည်း ထိုအရာသည် အမှန်တကယ်ပင် အတွင်းနှင့် အပြင်ကို ကမ္ဘာနှစ်ခု အဖြစ် ပိုင်းခြားထားလိုက်သည်။
"ငါတို့ ခွဲသွားကြမလား၊ ဒါမှမဟုတ် အတူတူ သွားကြမလား။" ရှဲ့ချွင်ရှီးသည် နောက်ဆုံးတွင် လူငယ်တစ်ဦး ရှိသင့်သော လန်းဆန်းတက်ကြွမှု အချို့ကို ပြသလာသည်။ 'စိတ်အား ထက်သန်နေခြင်း' ဟူသော စကားလုံးများသည် သူ၏ မျက်နှာပေါ်တွင် ထွင်းထုထားလုနီးပါး ဖြစ်နေသည်။
"ခွဲသွားကြရအောင်။" အခြားသူများ တုံ့ဆိုင်းနေစဉ်တွင် မော့ချူးက အရင်ဆုံး စကားပြောလိုက်သည်။
"ကိုယ့်စွမ်းရည်နဲ့ကိုယ် အားကိုးကြတာပေါ့။ အချိန်တန်တဲ့အခါ ဘယ်သူက သားကောင် အများဆုံး ရမလဲ ဆိုတာ ပြိုင်ကြမယ်။ ဘယ်လိုလဲ။"
ဒါကို ကြားသောအခါ ရှဲ့ချွင်ရှီးသည် ခေါင်းငုံ့ကာ အကြိမ်အနည်းငယ် ရယ်မောမိခြင်းကို မထိန်းနိုင်ခဲ့ပေ။
ဒါ သူက မော့ချူးကို အထင်သေး၍ မဟုတ်ပေ။ အဓိက အချက်မှာ ဤမိန်းကလေးသည် အခြေခံအကျဆုံး သာမန်အသိတရားကိုပင် မသိရှိခြင်း ဖြစ်သည်။ ဤအချိန်တွင် သူမ၌ တိုက်ခိုက်လိုစိတ် အတော်လေး ရှိနေခဲ့သည်။ သို့သော်လည်း မော့ချူး၏ စိတ်အားထက်သန်နေသော မျက်နှာလေးကို ကြည့်ရင်း သူ ကန့်ကွက်ရန် စိတ်မမာနိုင်ခဲ့ပေ။
"ရတယ်လေ၊ ဒါဆို မော့ချူး ပြောသလို လုပ်ကြတာပေါ့။"
အခြားသူများကလည်း ဤအကြံဉာဏ်ကို သဘာဝကျကျ သဘောတူညီခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
"အခု ရှစ်နာရီလောက် ရှိပြီ။" နျဥ်ယွိယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ငါတို့ နေ့လယ် ဆယ့်နှစ်နာရီလောက် ဒီနေရာမှာ ပြန်စုကြရအောင်။ ဘယ်လိုလဲ။"
"ပြဿနာ မရှိဘူး။" မော့ချူးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
အခြားသူများတွင်လည်း ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိခဲ့ကြပေ။
ထို့ကြောင့် အနည်းငယ်သာရှိသော သူတို့သည် လမ်းခွဲလိုက်ကြပြီး မတူညီသော လမ်းကြောင်းများသို့ ရွေ့လျားသွားကြသည်။
အစောပိုင်း စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်မှသည် စိတ်ဓာတ်ကျဆင်းသွားမှု အထိ မော့ချူးသည် နာရီဝက်ပင် မကြာလိုက်ပေ။
မူလက သူမသည် ဤမြူခိုးထူကြီးနှင့်အတူ နောက်ထပ် ကြီးကျယ်သော လက်နက်တစ်ခု ရှိလာမည်ဟု မျှော်လင့်ထားခဲ့သည်။ မှော်သားရဲများသည် နေရာတိုင်းတွင် ရှိနေမည် ဖြစ်ပြီး သူမ ကြိုက်နှစ်သက်သလို သူတို့ကို ကောက်ယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း လမ်းတစ်လျှောက်တွင် သူမသည် အလွန်အမင်း အကောင်းမြင်လွန်းခဲ့ပြီး လက်တွေ့အခြေအနေမှာ အလွန် ရက်စက်ကြမ်းတမ်းကြောင်း သဘောပေါက်သွားသည်။ လမ်းမကြီးသည် အလွန် ရှင်းလင်းနေခဲ့ပြီး သူမ မည်သည့်အရာကိုမျှ မမြင်တွေ့ခဲ့ရပေ။
"ဒါက ဘယ်လို အမဲလိုက် ပွဲတော်ကြီးလဲ။" မော့ချူးက ညည်းညူရင်း ပွစိပွစိ ပြောလိုက်သည်။ ဒါသည် 'နာမည်ကြီးသလောက် လက်တွေ့တွင် မကောင်းခြင်း' နှင့် အနည်းငယ် ဆင်တူနေသည်။
သို့သော်လည်း သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးထောင့်မှ အစိမ်းရောင် အမွေးစု တစ်စုကို လှမ်းမြင်လိုက်ရသည်။
... ဟမ်။ တစ်ခုခု တွေ့လိုက်ပြီ။
မော့ချူး၏ မျက်လုံးများ ရုတ်တရက် လင်းလက် တောက်ပသွားသည်။ သူမသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ချက်ချင်း ပြေးထွက်သွားသည်။ လမ်းချိုးတစ်ခုကို ကွေ့လိုက်ပြီးနောက် သူမသည် ငါးရောင်စုံ စာကလေး သားရဲကောင် တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ၏ ကိုယ်ပေါ်ရှိ ရောင်စုံ အမွေးအတောင်များသည် အလွန် မျက်စိကျိန်းစပ်ဖွယ် ကောင်းလှသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူသည် ဒေါင်းမြီး ဖြန့်ကားလိုက်သကဲ့သို့ ဖြစ်နေသည်။ သူသည် မယုံနိုင်လောက်အောင် လှပနေခဲ့သည်။
မော့ချူး မျက်ခုံးပင့်လိုက်ပြီး ရေရွတ်လိုက်သည်။
"ကောင်းလိုက်တာ။"
ငါးရောင်စုံစာကလေး သားရဲကောင်များ၏ အရေအတွက်သည် အလွန် နည်းပါးပြီး သူတို့၏ တန်ဖိုးမှာ အလွန် မြင့်မားသည်ကို သိထားရပေမည်။ သို့သော်လည်း အရာရာတိုင်းက လှပလေလေ၊ အန္တရာယ်များလေလေ ဖြစ်သည်။ ဒီငါးရောင်စုံ စာကလေး သားရဲကောင်သည်လည်း ခြွင်းချက် မဟုတ်ပေ။ သူ၏ တိုက်ခိုက်မှု စွမ်းအားသည် အံ့ဩလောက်အောင် မြင့်မားပြီး သူ၏ ကိုယ်ပေါ်မှ အမွေးအတောင်များသည်လည်း အဆိပ် ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက် မတော်တဆ စူးမိပါက အလွန် တိုတောင်းသော အချိန်ကာလ အတွင်းတွင် အဆိပ်တက်၍ သေဆုံးသွားနိုင်ခြေ အလွန် များသည်။
သို့သော်လည်း ဒါက သာမန် အချိန်များတွင်သာ ဖြစ်သည်။ အမဲလိုက် ပွဲတော် အတွင်းတွင် ဤသတ္တဝါသည် သွားများ ဆွဲနှုတ်ခံထားရသော ခြင်္သေ့တစ်ကောင်နှင့် တူနေသည်။ သူ့တွင် တိုက်ခိုက်မှု စွမ်းအား များစွာ မရှိပေ။
"ဒါ တကယ် ကောင်းတာပဲ။"
အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သို့သော်... အသံသည် မော့ချူး၏ အသံ မဟုတ်ခဲ့ပေ။
မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း မော့ချူး သည် သူမ၏ ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်သည်။ အမျိုးသမီး နှစ်ယောက်နှင့် အမျိုးသား တစ်ယောက်သည် သူမ၏ မျက်စောင်းထိုးတွင် ရပ်နေကြသည်။ ယခုလေးတင် ထွက်ပေါ်လာသော အံ့ဩတကြီး အော်ဟစ်သံသည် အမျိုးသမီးများထဲမှ တစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့သည်လည်း ဤငါးရောင်စုံ စာကလေး သားရဲကောင်ကို မျက်စိကျနေပုံ ရသည်။
"ဒါကို ကျွန်မ အရင် တွေ့တာ။" မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း မော့ချူးက သူမ၏ ပိုင်ဆိုင်ခွင့်ကို လျင်မြန်စွာ ကြေညာလိုက်သည်။
"ဟမ့်၊ နင် ပြောတိုင်း... နေဦး။ နင်က ခုနက တောသူမ မဟုတ်ဘူးလား။" အမျိုးသမီး အသံသည် ရုတ်တရက် မြင့်တက်လာပြီး သူမအသံထဲတွင် သဘောပေါက်သွားဟန် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
"ငါ ပြောပါတယ်၊ နင်က ပစ္စည်း အကျိုးအပဲ့တွေ လာကောက်တာ မဟုတ်လား။ ခစ်ခစ် .. အရှက်မရှိလိုက်တာ။"
ဤ 'တောသူမ' ဟူသော အသုံးအနှုန်းကို ကြားသောအခါ မော့ချူးသည် သူမ၏ ရှေ့မှ အမျိုးသမီး နှစ်ယောက်ကို နောက်ဆုံးတွင် မှတ်မိသွားသည်။ သူတို့သည် အစောပိုင်းက ပြဿနာ ရှာနေခဲ့သော သူနှစ်ယောက် မဟုတ်ပါလား။ ဟက်။