← Chapters

အခန်း (၅၅၀)

Vol. 37 Ch. 550

အခန်း (၅၅၀)

Vol. 37 Ch. 550

အန်း မိသားစုသည် မဟူရာသမုဒ္ဒရာ ဂလက်ဆီတွင် အမြဲတမ်း အခြေခံအုတ်မြစ် ခိုင်မာခဲ့သည်။ ထို့အပြင် အန်းယောက်၌ ဆိုးသွမ်းသော စိတ်နေသဘောထား ရှိသည်။ တကယ်လို့များ သူတို့ မော့ချူးကို တကယ် တိုက်ခိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ။

မော့ချူး ခံစားရနိုင်သော အန္တရာယ်များကို တွေးလိုက်မိရုံဖြင့် နျဥ်ယွိယွမ်၏ နှလုံးသားသည် ဆုပ်ကိုင်ထားသကဲ့သို့ မခံစားရဘဲ မနေနိုင်တော့ပေ!

အင်း ... သူ့ကောင်မလေးကို သူ့အတောင်ပံအောက်မှာ ကာကွယ်ထားတာက ပိုစိတ်ချရသည်။

ထို့ကြောင့် ဤစစ်ဆေးရေးမှူးသည် ဤမျှ ရှည်လျားသော လူအုပ်စုကြီးကို စစ်ဆေးရေးဗျူရိုသို့ ပြန်ခေါ်လာသောအခါ တော်တော်လေး ဟိုးလေးတကျော် ဖြစ်လုနီးပါး ဖြစ်သွားသည်။

အဓိကအချက်မှာ ဤလူများအားလုံးသည် ရင်းနှီးပြီးသား မျက်နှာများ ဖြစ်နေကြခြင်းပင်။ သေချာကြည့်မည်ဆိုလျှင် နျဥ်ယွိယွမ်၊ မော့ချူးနှင့် ရှဲ့ချွင်ရှီးတို့အားလုံးသည် နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က ဘာကိစ္စကြောင့် သူတို့၏ စစ်ဆေးရေးဗျူရိုသို့ ရုတ်တရက် ရောက်လာကြတာလဲ။

ဤစစ်ဆေးရေးမှူး အသေးလေး ဗျူရိုသို့ ပြန်ရောက်ရောက်ချင်းတွင် ဆယ်စုနှစ်များစွာ မတွေ့ခဲ့ရသော ဘော့စ်က သူ့ကို လူကိုယ်တိုင် ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများပင် နီရဲလာခဲ့သည်။

သူက ဖြစ်စဉ်တစ်ခုလုံးကို ထစ်အထစ်အငေါ့ငေါ့ဖြင့် ပြောပြလိုက်သောအခါ အခန်းတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။ အသံတစ်သံမျှ မထွက်ချေ။ ဘာ ... ဖြစ်နေတာလဲ။

သူ တိတ်တဆိတ် မော့ကြည့်လိုက်သည် ... ဘုရားရေ! သူ လန့်ဖျပ်လုနီးပါး ဖြစ်သွားသည်!

သူ့ဘော့စ်၏ မျက်နှာသည် အလွန်အမင်း မည်းမှောင်နေသည်။ သူ တစ်ခုခုများ မှားပြောမိလိုက်လို့လား။ စစ်ဆေးရေးမှူးသည် သူ ခုနလေးက ပြောခဲ့သည့်အရာများကို အလျင်အမြန် ပြန်စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူ၏ စိုးရိမ်ပူပန်မှုကြောင့် ဘာကိုမှ မမှတ်မိတော့ပေ။ သူ၏ ကျောပြင်သည် ချွေးများဖြင့် ရွှဲနစ်နေသည်။

"ရပြီ၊ မင်း အရင်ထွက်သွားလို့ ရပြီ" စစ်ဆေးရေးမှူးချုပ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အားမပါသောပုံစံဖြင့် လက်ကာပြကာ ပြောလိုက်သည်။

'ဒီကောင်ကလည်း တုံးလိုက်တာ။ မဟုတ်ရင် သူက ဘာကိစ္စ ဒီလူတွေကို ဖမ်းလာမှာလဲ။ ဘာပဲလုပ်လုပ် ဘယ်ဘက်ကိုမှ အကျိုးရှိမှာ မဟုတ်ဘူးဆိုတာ သိထားရမှာပေါ့!'

စစ်ဆေးရေးမှူးချုပ်သည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ခြံဝင်းထဲရှိ ပုဂ္ဂိုလ်ကြီး အနည်းငယ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာသည် လေထဲတွင် လွင့်ပျံနေသော ဂန္ဓမာပန်းပွင့်ကြီး တစ်ပွင့်ကဲ့သို့ ရှုံ့တွနေခဲ့သည်။

စည်းမျဉ်းစည်းကမ်းများအရ သူတို့က မော့ချူးကို ယာယီ ထိန်းသိမ်းထားရတော့မှာလား။ သို့သော် မော့ချူး ဘေးမှ အကာအကွယ်ပေးနေသော ပုဂ္ဂိုလ်ကြီး အနည်းငယ်ကို ကြည့်လိုက်ရာ ဤကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်ရန် မလွယ်ကူကြောင်း သူ သိလိုက်သည်။

နောက်ဆုံးတွင် သူ ကြာကြာ မတွန့်ဆုတ်နိုင်ခင်မှာပင် အထက်လူကြီးများက မော့ချူးကို ဦးစွာ အကျဉ်းချထားပြီး တရားစီရင်ရန် ချန်ထားခဲ့ဖို့ အမိန့်ပေးလာသည်။

'တော်ပါသေးရဲ့!'

အမိန့်ပေးလိုက်သည့် ခဏမှာပင် ဗျူရိုအကြီးအကဲသည် ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အထက်လူကြီးများက အမိန့်ပေးလာသဖြင့် သူတို့အတွက် လုပ်ဆောင်ရ ပိုလွယ်ကူသွားသည်။ သူတို့က အမိန့်အတိုင်း လိုက်နာလိုက်ရုံပင်။

အကယ်၍ နျဥ်ယွိယွမ်နှင့် ကျန်လူများ ကန့်ကွက်စရာ ရှိခဲ့လျှင်ပင် အပြစ်က သူတို့အပေါ် ကျရောက်လာမည် မဟုတ်ဘူးမလား။

တကယ်တော့ ညွှန်ကြားချက်များက ဤကဲ့သို့ ဖြစ်နေသဖြင့် သေချာပေါက် သက်ညှာပေးရမည့် အချက်အလက်အချို့ ရှိနေလိမ့်မည်။ ဘာလုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ သေချာ စဉ်းစားရပေဦးမည်။

သို့သော် အဆုံးတွင်တော့ မော့ချူး ကံဆိုးသွားခြင်းပင်!

ထို့သို့မဟုတ်လျှင် သူတို့က အန်း မိသားစု၏ မင်းသမီးလေးနှင့် မည်သို့ တွေ့ဆုံမည်နည်း။

အဲ့ဒီအကြောင်း သိပ်ပြီး တွေးနေစရာ မလိုပေ။ ဤအမိန့်ကို အန်းမိသားစုက ဝင်ရောက်စွက်ဖက်ထားတာ ဖြစ်ရမည်။ သို့မဟုတ်ပါက ဤတစ်ကြိမ်တွင် သူတို့၏ စွမ်းဆောင်ရည်က မည်သို့ ဤမျှ မြင့်မားနေနိုင်မည်နည်း။ သူတို့ သူမကို ဖမ်းမိရုံရှိသေးသည် အမိန့်က ချပြီးသား ဖြစ်နေပြီလား။ ဘယ်သူ့ကို လာနောက်နေတာလဲ။

ဒီတစ်ခါတော့ ... မော့ချူး ကျရှုံးတော့မည်ဟုသာ ပြောနိုင်သည်။

ထိုအတွေး ဝင်လာသည့် ခဏ၌ပင် ...

ဖြန်း!

စစ်ဆေးရေးဗျူရို အကြီးအကဲသည် သူ့မျက်နှာသူ ပါးမရိုက်ဘဲ မနေနိုင်တော့ပေ။

သူသည် ဤရာထူးတွင် နှစ်ပေါင်းများစွာ တည်ငြိမ်စွာ ထိုင်လာခဲ့သည်။ အရေးကြီးဆုံးအရာမှာ 'တည်ငြိမ်မှု' ဆိုသည့် စကားလုံးပင်။ သူ ထိန်းထားနိုင်ရမည်!

သူ ခုနက ပြောလိုက်သည်မှာ စောလွန်းနေသေးသည်။ အဆုံးသတ်တွင် ဤကိစ္စ၌ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ ဆိုတာ မသေချာသေးပေ! ယခင်က မော့ချူး လက်အောက်တွင် ကျရှုံးခဲ့ဖူးသူများ ရှိခဲ့သည် မဟုတ်လား။ အဲ့ဒီတုန်းက ရလဒ်ကို သူတို့ မခန့်မှန်းနိုင်ခဲ့ကြပေ!

တကယ်တော့ သူတို့က ဤကိစ္စတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသရွေ့ ကြီးကြီးမားမား အမှားအယွင်း ရှိမည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက အမိန့်ကို လိုက်နာနေကြခြင်း ဖြစ်သည်။

ဒါပြီးသွားရင် မော့ချူး အပြစ်ကင်းမကင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းနှင့် မသက်ဆိုင်တော့ပေ။

စည်းမျဉ်းဘောင်အတွင်းမှ အကျိုးခံစားခွင့် အချို့ ပေးလိုက်ခြင်းကလည်း နျဥ်ယွိယွမ်နှင့် အခြားသူများကို သူ့ကျေးဇူးကို မှတ်မိစေလိမ့်မည် မဟုတ်လား။

ဤအကြောင်းကို တွေးမိလိုက်ပြီး စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူးသည် နောက်ဆုံးတွင် ယုံကြည်မှု အချို့ ရရှိသွားသည်။ သူသည် သူ၏ ယုံကြည်စိတ်ချရသူများ အားလုံးကို အလျင်အမြန် ခေါ်ယူလိုက်ပြီး အသေးစိတ် ရှင်းပြချက် ပေးလိုက်သည်။

အတိုချုပ်ပြောရလျှင် ဗဟိုအချက်မှာ - ဤအရှုပ်ထုပ်သည် သူတို့၏ စစ်ဆေးရေးဗျူရိုနှင့် မည်သည့် ပတ်သက်မှုမှ မရှိစေရခြင်းပင်!

ဤအချိန်၌ စစ်ဆေးရေးဗျူရို၏ လုပ်ငန်းခွင် အလယ်တွင် ဖြစ်သည်။

မော့ချူးသည် ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ မျက်နှာလေးမှာ အနည်းငယ် ရှုံ့မဲ့နေသည်။ အတော်ကြာပြီးနောက် သူမ သက်ပြင်းချလိုက်သည်။ "ဟူး"

သူမသည် မကြာသေးမီက အချိန်ဆိုးများနှင့် ကြုံတွေ့နေရသည်ဟု မထင်ဘူးလား။ သို့မဟုတ်ပါက သူမသည် အဘယ်ကြောင့် ဤကဲ့သို့သော ပြဿနာမျိုးနှင့် အမြဲတမ်း ကြုံတွေ့နေရတာလဲ?

ကြည့်ပါဦး၊ လန်လျန့်၏ ဖြစ်ရပ်က အရှိန်လျော့သွားရုံသာ ရှိသေးပြီး သူမ ရက်အနည်းငယ်မျှ အနားယူချိန်ပင် မရသေးဘဲ ဤဖြစ်ရပ်နှင့် ကြုံတွေ့ရပြန်သည်။ သူမ အေးအေးချမ်းချမ်း မနေရတော့ပေ!

"ဘာလို့ သက်ပြင်းချနေတာလဲ" နျဥ်ယွိယွမ်က လက်လှမ်းလိုက်ပြီး မော့ချူး၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ ဆံပင်များ နူးညံ့နေသည်ကို သူ ခံစားလိုက်ရသည်။ သူက တိုးတိုးလေး မေးလိုက်သည်။ "ဘာလို့လဲ။ ကြောက်နေတာလား"

“ဟုတ်မလား!” မော့ချူးက အပြုံးဖြင့် ခေါင်းခါပြရင်း ပြောလိုက်သည်။ သူမသည် မုန်တိုင်းပေါင်းများစွာကို မြင်ဖူးခဲ့ပြီးပြီ။ ဤမျှ သေးငယ်သော အခက်အခဲလေးကိုတောင် သူမ ခံနိုင်ရည်မရှိတော့ဘူးလား။ "ကြောက်တာ မဟုတ်ပါဘူး၊ ဒီတိုင်း ... ကျွန်မ ဒီရက်ပိုင်း တော်တော် ကံဆိုးနေတယ်လို့ ခံစားရလို့ပါ"

စကားပြောနေရင်း မော့ချူး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာပြန်သည်။ သူမသည် ကံဆိုးခြင်း ကျိန်စာသင့်နေလားဟုပင် တွေးတောမိလာသည်။ သူမ၏ ကံကြမ္မာ ပြောင်းလဲသွားစေရန် ဘာသာရေး နေရာတစ်ခုခုသို့ သွားရောက် ဝတ်ပြုဆုတောင်းသင့်လား။

ထိုမေးခွန်းကို စဉ်းစားမိသောအခါ မော့ချူး၏ အတွေးများ လွင့်မျောသွားတော့သည် ...

"ရှီး ... နင်ပြောမှပဲ ဟုတ်သလိုလို ရှိသားပဲ"

ရှဲ့ချွင်ရှီးသည် အစပိုင်းတွင် ဤအကြောင်းကို မစဉ်းစားခဲ့မိသော်လည်း မော့ချူး၏ စကားကို ကြားသောအခါ သူ စိတ်တည်ငြိမ်သွားပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒါ တကယ်ဖြစ်နေပုံပဲ"

ထို့နောက် ခေါင်းစဉ်က ရုတ်တရက် ပြောင်းသွားသည်။ "ငါတို့ နင့်ရဲ့ ကံဆိုးတာတွေကို အရင် ဖယ်ရှားဖို့ စောင့်လိုက်ရင် ဘယ်လိုလဲ။ ပြီးသွားရင် ငါတို့ ပြန်လာပြီး ကောင်းကောင်းမွန်မွန် ထပ်စားကြတာပေါ့"

“မင်းတွေးတာဆိုလို့ အစားအသောက်အကြောင်းပဲ!” သူ၏ ညီမလေးအား ခွန်အားဖြင့် ကာကွယ်ပေးနေသော မော့ယန် ချက်ချင်း ပေါ်လာပြီး ရှဲ့ချွင်ရှီးကို အေးစက်စက် နှာမှုတ်လိုက်သည်။

သူ့စိတ်ထဲတွင် ရွံရှာမနေဘဲ မနေနိုင်တော့ပေ။ ဒါ ဘယ်လို ကလေးမျိုးလဲ။ သူ့မှာ ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိသည့်အပြင် စားဖို့ပဲ တွေးနေသေးသည်! ပြောစမ်းပါဦး၊ ဒီကောင်လေးနဲ့ ဝိုင်းဝိုင်းနဲ့ ဘာကွာခြားလို့လဲ။

"ဒါဆိုလည်း မစားတော့ပါဘူး" မော့ယန်၏ လွှမ်းမိုးထားသော အရှိန်အဝါကြောင့် အဖိနှိပ်ခံလိုက်ရသဖြင့် ရှဲ့ချွင်ရှီး အသံနှိမ့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

မူလက တိတ်ဆိတ်နေသော ဗဟိုရုံးခန်းသည် ဤခေါင်းစဉ်ကြောင့် ပို၍ သက်ဝင်လှုပ်ရှားလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်ဘက်ရှိ အရာရှိတစ်သိုက် လေးစားအားကျစွာဖြင့် တောက်ခေါက်မိလိုက်ကြသည်။

ကြည့်စမ်းပါဦး၊ မျှော်လင့်ထားသည့်အတိုင်း ပုဂ္ဂိုလ်ကြီးပါပေ။ မီးက မျက်ခုံးမွှေးကို လောင်တော့မည့် ဆဲဆဲတွင် သူမ မည်သို့ ပြုံးနိုင်သေးသနည်း။ အကယ်၍သာ သူတို့ ဖြစ်ခဲ့လျှင် သေချာပေါက် စိတ်ဓာတ်ခိုင်မာမှု ရှိကြမည် မဟုတ်ပေ!

အန်း မိသားစု၏ မင်းသမီးလေး အကြောင်းကို သူတို့ထက် ပိုရှင်းရှင်းလင်းလင်း သိသူ မရှိပေ။

ဆိုးသွမ်းသည်၊ ဗိုလ်ကျသည်၊ ခေါင်းမာသည် ... ဤစကားလုံး အနည်းငယ်သည် အန်းယောက်နှင့် သက်ဆိုင်နိုင်သည်။ ထိုစကားလုံးတို့သည် သူမ၏ စရိုက်နှင့် လုံးဝ ဆန့်ကျင်ခြင်း မရှိပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဤအမျိုးသမီးကြောင့် လူများစွာ စစ်ဆေးရေးဗျူရိုသို့ ပို့ဆောင်ခံခဲ့ရသည်။ သူမကို ဆန့်ကျင်သူများ၊ သူမကို စိတ်အလိုမကျ ဖြစ်စေသူများနှင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဒုက္ခရောက်ခဲ့ရသူများလည်း ရှိခဲ့ရာ ထိုသူတို့သည် ရှေးခေတ်က အာဏာရှင်များနှင့် လုံးဝ မခြားနားပေ!

ယခင်က မဟူရာသမုဒ္ဒရာ ဂလက်ဆီတွင် အန်း မိသားစု၏ ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ သို့သော် အန်းယောက်ဟူသော ဤကောင်မလေး ရှိလာကတည်းက၊ ဟီးဟီး! စကားလုံးတစ်လုံးတည်းဖြင့် ရှင်းပြရန် တကယ် ခက်ခဲသည်။ လူတိုင်း၏ သူတို့အပေါ် အကဲဖြတ်မှုသည်လည်း တစ်နေ့ထက်တစ်နေ့ နိမ့်ကျလာသည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် အန်း မိသားစု၏ ရပ်တည်ချက်မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဂယက်ရိုက်ခတ်မှု အနည်းငယ်မျှ မရှိခဲ့ပေ။ ထို့ကြောင့်လည်း မည်သူမျှ နှစ်ခါပြန်မစဉ်းစားဘဲ သူတို့ကို မဆန့်ကျင်ရဲကြခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင် မော့ချူးကဲ့သို့ လူတစ်ယောက် ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ!

"အဟွတ် အဟွတ်!" လူတိုင်း တက်ကြွစွာ ဆွေးနွေးနေကြစဉ် ခေါင်းမော့ကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် ရပ်နေသော ဘော့စ်က မျက်မှောင်ကြုတ်လျက် သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 'အမလေး၊ ကြောက်စရာကြီး!'

တခဏချင်းစီမှာပင် သူတို့အားလုံး ထိတ်လန့်သွားကြပြီး ဘာမှ ထပ်မပြောရဲကြတော့ပေ။ သူတို့အားလုံး ငှက်များ၊ သားရဲများကဲ့သို့ ကစဉ့်ကလျား လူစုကွဲသွားကြသည်။

ညွှန်ကြားရေးမှူးက သူ့နောက်မှ ယုံကြည်စိတ်ချရသူကို ခေါင်းညိတ်ပြလိုက်သည်။ အမျိုးသားတစ်ဦး အနောက်မှ ထွက်လာပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ တံခါးကို ခေါက်လိုက်သည်။ သူသည် တံခါးဖွင့်၍ မဝင်မီ အတွင်းမှ တုံ့ပြန်မှုကို စောင့်နေခဲ့သည်။

"တောင်းပန်ပါတယ်"

နျဥ်ယွိယွမ်၊ မော့ယန်နှင့် အခြားသူများထံမှ ဖိအားများကို ရင်ဆိုင်ရင်း ထိုအမျိုးသားတွင် သတ္တိအနည်းငယ် ရှိနေကာ သူ၏ စကားကို ချောမွေ့စွာ အဆုံးသတ်လိုက်သည်။ "လက်ရှိအခြေအနေအရ မိန်းကလေး မော့ချူး ဟာ လူတစ်ယောက်ကို နာကျင်စေတယ်လို့ သံသယရှိခံထားရပြီး သီးသန့် အကျဉ်းချထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုသဘောရလဲ ခင်ဗျ ..."

"သီးသန့် အကျဉ်းချမယ် ဟုတ်လား" နျဥ်ယွိယွမ်က လက်လှမ်းလိုက်ပြီး မော့ချူးကို ဖိထားလိုက်သည်။ သူက ထရပ်တော့မည့်ပုံ ပေါက်နေသည်။ သူက နောက်ပြောင်သလို ပြောလိုက်သည်။ "သီးသန့် အကျဉ်းချတယ်ဆိုတာ ခင်ဗျား ဘာကိုဆိုလိုတာလဲ"

နျဥ်ယွိယွမ်၏ အေးစက်စွာ စိုက်ကြည့်ခြင်းကို ခံရသဖြင့် ထိုအမျိုးသား၏ ခန္ဓာကိုယ် တုန်ရီမသွားဘဲ မနေနိုင်တော့ပေ။

"ဒါက ... အထက်လူကြီးတွေဆီက အမိန့်မို့လို့ပါ။ ကျွန်တော်တို့က လိုက်နာရုံပဲ ရှိတာပါ ... ဒါပေမဲ့ စိတ်မပူပါနဲ့၊ မိန်းကလေး မော့ချူးရဲ့ လုံခြုံရေးကို ကျွန်တော်တို့ သေချာပေါက် အာမခံပါတယ်"

'သူက ဘယ်လိုလုပ် အာမမခံဘဲ နေနိုင်မှာလဲ။'

ဘောင်းဘီဖုံးအုပ်ထားသော ထိုအမျိုးသား၏ ခြေထောက်များသည် အနည်းငယ် တုန်ရီနေသည်။ သူသည် ဤအခန်းထဲမှ ထွက်ပြေးချင်စိတ်ကို အသည်းအသန် ကြိုးစား ဖိနှိပ်ထားရသည်။ အနာဂတ်တွင် ဤကောင်မလေးသာ ဆံပင်တစ်မျှင် ဆုံးရှုံးသွားပါက သူ၏ အသက်ကလေးပါ ပျောက်ဆုံးသွားနိုင်ကြောင်း နျဥ်ယွိယွမ်၏ မျက်လုံးများထဲမှ အကြည့်များအရ သူ နားလည်လိုက်သည်!

"ဒါဆိုရင်၊ ကျွန်တော် သီးသန့် အကျဉ်းခန်းကို သွားကြည့်လို့ ရမလား မသိဘူး"

နျဥ်ယွိယွမ်၏ နှုတ်ခမ်းထောင့်စွန်းများက အပြုံးပါးပါးလေးအဖြစ် ကွေးညွှတ်သွားသည်။ သူ၏ မျက်နှာအမူအရာ ပျော့ပျောင်းသွားသော်လည်း ထိုအမျိုးသား၏ နှလုံးသားကို ပို၍ ကြောက်ရွံ့သွားစေပြီး ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ သူက ပြောလိုက်သည်။

'ကျွန်တော်တို့ ငြင်းလို့ရမလား?'

"ရ ... ရတာပေါ့၊ ကြည့်လို့ရပါတယ်" ထိုအမျိုးသားက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

ထို့ကြောင့် သူ့ကို ဦးဆောင်စေလျက် နျဥ်ယွိယွမ်က မော့ချူးကို ခေါ်ပြီး နောက်မှ လိုက်ပါသွားသည်။ အကျဉ်းခန်းဆီသို့ လျှောက်သွားကြစဉ် သူတို့နောက်တွင် နောက်ထပ် သုံးယောက် ပါလာကြသည်။

အကွာအဝေးမှာ မနီးကပ်သဖြင့် သူတို့ မိနစ် ၂၀ အပြည့် လမ်းလျှောက်ခဲ့ရသည်။

"ဒီနေရာပါပဲ" ထိုအမျိုးသားက လက်ဗွေ၊ မျက်လုံးနှင့် ခလုတ်ခုံတို့ကို အသုံးပြုပြီး သော့သုံးဆင့်ကို ဖွင့်လိုက်ကာ အကျဉ်းခန်းတံခါးကို ဖွင့်ရင်း ပြောလိုက်သည်။

ကြည့်ရသလောက် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားဆဲ ဖြစ်ပုံရသည်။ သို့သော် တံခါးပွင့်သွားပြီး ဤအခန်းကို မြင်လိုက်ရသောအခါ သူမ ကြောင်အမ်းသွားသည်! ဒါက ... သောက်ကျိုးနည်း အကျဉ်းခန်း ဟုတ်လား။

၂၁ ရာစု အကျဉ်းထောင် အခန်းနှင့် လုံးဝ ကွာခြားနေသည်။ မော့ချူး ဤအခန်းကို အကဲခတ်ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူမ မယုံနိုင် ဖြစ်နေဆဲပင် ...

ဖြူဖွေးနေသော နံရံများ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်နှင့် ဘေးတွင် သီးသန့် ရေချိုးခန်းတစ်ခု ပါရှိသည်။ အနည်းငယ် ဟောင်းနွမ်းနေသော ပရိဘောဂများမှလွဲ၍ ဤသည်မှာ ၂၁ ရာစု၏ ရိုးရိုး အခန်းတစ်ခန်းနှင့် တူနေသည်!

အင်း ... လူသားမျိုးနွယ် အထွတ်အထိပ် ရောက်ရှိခဲ့သော ၃၀၃၃ ခုနှစ်က မျှော်လင့်ထားသည့် အတိုင်းပင်။ ကြည့်ပါဦး၊ ဒီဆက်ဆံမှုက ကောင်းလွန်းနေတယ်!

All Chapters