အခန်း (၅၅၁)
Vol. 37 Ch. 551
ဤကဲ့သို့သော အိမ်မျိုးကို ထိန်းသိမ်းရေး အခန်း၏ 'ဇိမ်ခံ VIP' ပုံစံဟု ယူဆနိုင်ကြောင်း မော့ချူး မည်သို့ သိနိုင်မည်နည်း။ သူမ၏ ထူးခြားသော အထောက်အထားကြောင့်သာ မဟုတ်လျှင် သူမ ထိုကဲ့သို့သော အိမ်မျိုးတွင် နေနိုင်ပါမည်လား။ တခြားလူသာဆိုလျှင် ဤအခန်းနှင့် လုံးဝ ကွာခြားနေမှာ ဟုတ်ပြီလား။
တကယ်တော့ ဤကဲ့သို့သော အိမ်မျိုးသည် မော့ချူးကဲ့သို့ အတွေ့အကြုံမရှိသော ကောင်မလေး တစ်ယောက်ကိုသာ ကျေနပ်စေနိုင်သည်။ နျဥ်ယွိယွမ်နှင့် မော့ယန် တို့၏ မျက်လုံးထဲတွင်သာ ဆိုလျှင် အရည်အချင်းမမီဟု သတ်မှတ်ခံရပေလိမ့်မည်။
"ဘာ" နျဥ်ယွိယွမ်က ပထမဆုံး လှုပ်ရှားလိုက်ပြီး သူ၏ လေသံထဲမှ အထင်သေးမှုများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။ "ဒါက ... ခင်ဗျားတို့ရဲ့ သီးသန့် အကျဉ်းခန်းလား"
"ဟုတ်ပါတယ်" ထိုအမျိုးသားက ခေါင်းညိတ်လိုက်သည်။ "မသင့်လျော်တာ တစ်ခုခုများ ရှိလို့လားဟင်"
“ဟက်ဟက်!” နျဥ်ယွိယွမ်က ပြန်မဖြေဘဲ နှစ်ကြိမ်တိုင်တိုင် လှောင်ရယ်လိုက်သည်။ ဒါက သေချာပေါက် သတ်ကွင်းပဲ! "ခင်ဗျားတို့ မဟူရာသမုဒ္ဒရာ ဂလက်ဆီ ရဲ့ ဥပဒေစိုးမိုးရေး ဌာနက ဒီလောက်တောင် .. ကပ်စေးနည်းတာလား"
ဘာကြီး?
ဒီစံနှုန်းနဲ့တောင် ... ကပ်စေးနည်းသေးတာလား။
ထိုအမျိုးသားသည် သူ၏ ရင်ထဲမှ သွေးများကို အတင်း မျိုချလိုက်သည်။
"ဒါဆို ... ဒီအခန်းမှာ မှားနေတာ တစ်ခုခုများ ရှိလို့လား"
သူ ဤမေးခွန်းကို မေးလိုက်သောအခါ ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး နျဥ်ယွိယွမ်၏ ရှည်လျားသော ရွံရှာဖွယ် မှတ်ချက်များကို ချက်ချင်း ဆွဲထုတ်လိုက်သလို ဖြစ်သွားသည်။
"ခင်ဗျားတို့ဆီမှာ အသံလုံတဲ့ ပစ္စည်းတွေ မရှိဘူးလား။ ဒီလိုမျိုးဆို ချူးလေးက ညဘက် ဘယ်လိုလုပ် ကောင်းကောင်း အိပ်ပျော်မှာလဲ"
'ရပါတယ်။ ကျွန်မ ကောင်းကောင်း အိပ်ပျော်ပါတယ်။ အနှောင့်အယှက် မဖြစ်ပါဘူး' မော့ချူး မျက်တောင်ခတ်လိုက်ပြီး တကယ်တမ်း ဘာမှ မပြောခဲ့ပေ။
"ပြီးတော့ ဒီစောင်.. မှိုနံ့ ရနေတယ်။ မြန်မြန် လဲပေးလိုက်"
'မှိုနံ့ ဟုတ်လား။ သန့်ရှင်းတဲ့ စောင်ဆိုတာ သိသာနေတာကို။ သေချာကြည့်လိုက်တော့ နေရောင်ခြည်နံ့တောင် ရနေသေးတယ်။ မဆိုးပါဘူး'
"အော် ဒါနဲ့၊ အခန်းထဲမှာ လေသန့်စက်မရှိဘူးလား။ အခု ပတ်ဝန်းကျင်က အရမ်းဆိုးတယ်။ ချူးလေး နေမကောင်း ဖြစ်သွားနိုင်တယ်"
'ဟူး! အဲ့ဒါ ရှင်က ၂၁ ရာစုရဲ့ အလွန်အမင်း ညစ်ညမ်းတဲ့ လေထုကို မမြင်ဖူးလို့ပါ။ ဒီမှာရှိတဲ့ လေက လတ်ဆတ်လွန်းလို့ ဒီထက်ပိုပြီး မလတ်ဆတ်နိုင်တော့ဘူး'
တကယ်တော့ နျဥ်ယွိယွမ်သည် ဇီဇာကြောင်တတ်သူ မဟုတ်ပေ။ စစ်တပ်ကို ဦးဆောင်တိုက်ခိုက်ခဲ့စဉ်က သူသည် တောရိုင်းထဲတွင် အကြိမ်ပေါင်းများစွာ အိပ်စက်ခဲ့ပြီး သူ၏ အင်အားကို ထိန်းသိမ်းရန် အာဟာရပျော်ရည်များကိုသာ မှီခိုခဲ့ရသည်။ ဆယ်ရက်မှ လဝက်အထိ ရေမချိုးဘဲ နေခြင်းသည် သူ့အတွက် ပုံမှန်ပင်။
သို့သော် ယခု မော့ချူး ဤသေးငယ်ပြီး ပိတ်လှောင်နေသော အခန်းထဲတွင် နေထိုင်ရမည်ကို တွေးမိသောအခါ တစုံတရာ မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ အရာအားလုံး မှားယွင်းနေသည်ဟု သူ ခံစားနေရသည်!
အခန်းတစ်ခုလုံးအကြောင်း ညည်းညူပြီးနောက် နျဥ်ယွိယွမ်နှင့် မော့ယန်တို့ နောက်ဆုံးတွင် ပြီးသွားကြသည်။
သူတို့ဘေးမှ အမျိုးသားမှာ ကြောင်အမ်းနေသည်။
ဟီးဟီး၊ ခင်ဗျားတို့သာ မပြောရင် ဒီအခန်းထဲမှာ ပြဿနာတွေ အများကြီး ရှိနေတယ်ဆိုတာ ကျွန်တော် သတိထားမိမှာ မဟုတ်ဘူး!
"ခင်ဗျားတို့က အခြေခံအကျဆုံး နေထိုင်မှု အထောက်အပံ့ကိုတောင် မပေးနိုင်ဘူးလား"
နျဥ်ယွိယွမ်က အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီလိုဖြစ်နေမှတော့ ကျွန်တော် ဖြေရှင်းဖို့ လူတစ်ယောက်ယောက်ကို ခေါ်လိုက်မယ် ..."
"မလုပ်ပါနဲ့! ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ လုပ်လိုက်ပါ့မယ်"
ထိုအမျိုးသားက အလျင်အမြန် ပြောလိုက်သည်။
အကယ်၍သာ နျဥ်ယွိယွမ်ကို ဤပစ္စည်းများ ဝယ်ခွင့်ပြုလိုက်လျှင် သတင်းပြန့်သွားသည်နှင့် သူတို့ မျက်နှာပျက်စရာ ဖြစ်လိမ့်မည်!
လူသားဆန်မှုနှင့် ပတ်သက်လျှင် မဟူရာသမုဒ္ဒရာ ဂလက်ဆီသည် အဖွဲ့ချုပ်ထက် နိမ့်ကျသည်ဟု သူတို့ ပြောလာခဲ့လျှင် ... ထိုမှတ်ချက်မျိုးကို တွေးမိသည်နှင့် သူတို့အရင် မူးမေ့လဲသွားလိမ့်မည်!
ကောင်းပါပြီ! သူတို့ကို ပြစ်မှားလို့ မရမှတော့ သူတို့ကို ချော့မော့ရုံသာ ရှိတော့သည်!
သူတို့ လုပ်ဆောင်ပြီးနောက်တွင် အခန်းတစ်ခုလုံးနီးပါးကို ပြန်လည် မွမ်းမံလိုက်ရသည်။ အကျဉ်းခန်းတစ်ခု ဖြစ်နေသေးသည်ဟု မည်သို့ ပြောနိုင်ပါမည်နည်း။ ဟိုတယ်တစ်ခုမှ ဇိမ်ခံ တစ်ယောက်အိပ်ခန်းနှင့် တူနေပြီဖြစ်သည်။
ထိုသို့ဖြစ်နေသည့်တိုင် ထိုအမျိုးသားသည် ခါးသီးသော မျက်နှာဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော် အမိန့်တွေကို ချက်ချင်း ပေးလိုက်ပါ့မယ်"
စစ်ဆေးရေးဗျူရို၏ စွမ်းဆောင်ရည်သည် အလွန်မြန်ဆန်သည်။
သုံးနာရီ မပြည့်ခင်မှာပင် အခန်းတစ်ခုလုံးကို ပြန်လည် မွမ်းမံပြီး ဖြစ်သည်။ အရာအားလုံးကို နျဥ်ယွိယွမ်နှင့် မော့ယန် ပြောခဲ့သည့်အတိုင်း ပြုပြင်မွမ်းမံထားသည်။ ယခု ထပ်ကြည့်လိုက်သောအခါ ရိုးရှင်းသော အခန်းသည် ဇိမ်ခံအခန်း ဖြစ်လာပြီး အမြင့်ဆုံး ဘတ်ဂျက်ဖြင့် ဝယ်ယူထားသည့်ပုံ ပေါက်နေသည်။
လုံးဝ အရည်အသွေးမြင့်မားသည်!
လုံးဝ အပြစ်အနာအဆာ ကင်းစင်သည်!
ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက်တွင် နျဥ်ယွိယွမ် ပင်လျှင် သေချာအကဲခတ်ကြည့်ရှုပြီးနောက် မည်သည့်အပြစ်မျှ မဆိုတော့ဘဲ နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
"အင်း... အခုတော့ တော်တော်လေး အဆင်ပြေသွားပြီ"
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ထိုအမျိုးသားမှာ သက်ပြင်းချနိုင်သွားတော့သည်။
အမယ်လေး... နောက်ဆုံးတော့ ဒီလူကြီးတွေကို စိတ်ကျေနပ်အောင် သူလုပ်ပေးနိုင်ခဲ့ပြီ။ လုံးဝကို မလွယ်ကူခဲ့ပါချေ။
"ဒါဆိုရင် မိန်းကလေး မော့ချူးက ဒီမှာနေမှာနော်..." နျဥ်ယွိယွမ် ကျေနပ်နေခိုက်တွင် ထိုအမျိုးသားက အကဲခတ်သည့်သဘောဖြင့် မေးမြန်းလိုက်သည်။
ဘာပဲပြောပြော ခင်ဗျားရဲ့ ပါးနပ်တဲ့အကြံဉာဏ်အတိုင်း ကျေနပ်အောင် လုပ်ပေးပြီးပြီလေ။ အခု အခန်းကို ပြင်ဆင်ပြီးပြီဆိုတော့ မော့ချူး ဒီမှာနေဖို အချိန်တန်ပြီ မဟုတ်လား။
ထိုစကားကို ကြားလိုက်ရသည်နှင့် နျဥ်ယွိယွမ်၏ မျက်နှာထားမှာ မဲမှောင်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ထိုအမျိုးသား၏ ရင်ထဲတုန်လှုပ်သွားရသည်။ သူဆက်ပြောမည့် စကားလုံးများသည် လည်ချောင်းဝ၌ တစ်ဆို့သွားပြီး မည်သို့မျှ ဆက်မပြောနိုင်တော့ချေ။
မော့ချူးက နျဥ်ယွိယွမ်၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်မှသာ သူက အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူ့ခန္ဓာကိုယ်အပေါ် ကျရောက်နေသော ဖိအားများ လျော့ကျသွားမှသာ ထိုအမျိုးသားမှာ သက်ပြင်းချနိုင်တော့သည်။ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပခုံးပေါ်မှ လျှောကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ နျဥ်ယွိယွမ်သည် အဖွဲ့ချုပ်၏ ဗိုလ်ချုပ်ရာထူးနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။ သူ့ထံမှ အကြည့်တစ်ချက်ကပင် ပူလောင်မှု၊ ခြောက်သွေ့မှုနှင့် အေးစက်သော ဖိအားများကို ခံစားရစေသည်။ သူသည် သာမန်လူတစ်ယောက် လုံးဝမဟုတ်ပေ။
'ရေခဲနှင့် မီး' ကဲ့သို့သော အကြည့်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသူတစ်ဦးအနေဖြင့် ထိုအမျိုးသားမှာ အမှန်တကယ် လန့်ဖျပ်သွားခဲ့ရသည်။ ပါးစပ်ဟရန် သတ္တိပင် အနည်းငယ် လျော့နည်းသွားခဲ့သည်။
သိုသော် မျက်လုံးထောင့်စွန်းမှတဆင့် တံခါးအပြင်ဘက်ရှိ အမျိုးသားတစ်ဦးက သူ့အား မျက်စိမှိတ်ပြနေသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။ ထိုသူ၏ ရုပ်ပျက်ဆင်းပျက်နီးပါး ဖြစ်နေသော မျက်နှာထား၏ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှသည် - ဒီလူတွေကို အမြန်ဆုံး နှင်ထုတ်လိုက်စမ်းပါ ဟူ၍ဖြစ်သည်။
အကြီးအကဲ၏ ညွှန်ကြားချက်များကို တွေးမိသောအခါ ထိုအမျိုးသားမှာ ခေါင်းမော့၍ အတင်းကာရော ပြုံးလိုက်ရတော့သည်။ ထိုနောက် သူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ဒီက ကိစ္စတွေလည်း... ပြီးသလောက်ရှိပါပြီ။ မိန်းကလေး မော့ချူး အနားယူတာကို မနှောင့်ယှက်ဘဲ ကျွန်တော်တို့ အပြင်ထွက်ကြရင် ကောင်းမလား"
ထိုစကားကို ကြားသောအခါ အမျိုးသားများမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြပြီး အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
မထွက်ခွာမီတွင် သူတို့သည် မော့ချူးကို သတိပေးစကား ပြောကြားခဲ့ကြသေးသည်။
"ကိုကိုတို့ သွားတော့မယ်နော်၊ ညီမလေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အနားများများယူဦး" ဤသည်မှာ နွေးထွေးသောလမ်းစဉ်ကို ရွေးချယ်တတ်သည့် မော့ယန်၏ စကားဖြစ်သည်။
"ကိုယ်မရှိတုန်း တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရဲရင် ပြန်သာချ၊ သူတိုကို ယဉ်ကျေးနေစရာ မလိုဘူး" ဤသည်မှာ လွှမ်းမိုးချုပ်ကိုင်သော လမ်းစဉ်ကို ရွေးချယ်သည့် နျဥ်ယွိယွမ်၏ စကားဖြစ်သည်။
"ဪ... ဒါနဲ့ ပျင်းနေရင် အစားအသောက်အကြောင်း ပိုတွေးကြည့်ပေါ့၊ ငါ နင့်ကို အကြံပေးလိုက်မယ်" ဤသည်မှာ အစားသရဲ ရှဲ့ချွင်ရှီး၏ စကားဖြစ်သည်။
"ပြီးတော့ ပုံမှန်အချိန်တွေမှာလည်း သတိထားဦး၊ ထိခိုက်ဒဏ်ရာ မရစေနဲ့၊ သူတိုပေးတဲ့ အစားအစာတွေကိုလည်း မစားနဲ့၊ ဓာတ်မတည့်တာတွေ ဖြစ်မှာစိုးရတယ်" ဤသည်မှာ သူ၏ မူလအလုပ်ကို ဘယ်တော့မှ မမေ့တတ်သည့် ကျုံးဝမ်၏ စကားဖြစ်သည်။
သို့ဖြင့် ခေတ္တမျှသာ ကြာသင့်သည့် နှုတ်ဆက်ခြင်းသည် သူတို့ကြောင့် နာရီဝက်ခန့် ကြန့်ကြာသွားခဲ့သည်။
နောက်ဆုံး၌... သူတို့တစ်သိုက် ခြေလှမ်းစတင် လှမ်းလိုက်ကြသည်။
တော်ပါသေးရဲ့၊ သူတို့ သွားကြတော့မည်။
ထိုအမျိုးသား၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာသည်။
သူ၏ အကြည့်များက ထိုလူစုအပေါ် စူးစိုက်ထားသည်။
'တစ်ယောက် ထွက်သွားပြီ... နှစ်ယောက် ထွက်သွားပြီ...'
ထိုအမျိုးသား၏ မျက်နှာအမူအရာမှာ ပို၍ ကြည်နူးလာတော့သည်... ယခုဆိုလျှင် သူသည် အောင်မြင်မှုနှင့် တစ်လှမ်းသာ လိုတော့သည်။
နျဥ်ယွိယွမ်သည် အနောက်ဆုံးမှဖြစ်ပြီး သူ၏ ခြေတံရှည်များဖြင့် အရှေ့သို့ လှမ်းလိုက်သည်။ တံခါးပေါက်အပြင်သို ခြေချတော့မည့် ဆဲဆဲတွင် သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
'အိုက်ယိုး ခင်ဗျား... ခင်ဗျားက ဘာဖြစ်ပြန်တာလဲ။'
'ဘာလို့ ရပ်လိုက်တာလဲ။' ထိုအချိန်တွင် ထိုအမျိုးသားမှာ အပြုံးတစ်ခုကိုပင် မနည်းညှစ်ထုတ်ယူနေရသည်။
မူလကတည်းက အေးစက်သော နျဥ်ယွိယွမ်၏ မျက်လုံးများမှာ ယခုအချိန်တွင် ရေခဲမြစ်ထဲသို ကျရောက်သွားသကဲ့သို့ ဖြစ်နေပြီး သူ၏ လေသံမှာ ပို၍ ဆိုးရွားကြောက်မက်ဖွယ် ကောင်းနေတော့သည်။
"မင်းတို့က ဒီမှာ စောင့်ကြည့်ကင်မရာ တပ်ထားတယ်ပေါ့လေ..."
'ဘာ…'
ထိုစကားကို ပြောလိုက်သည်နှင့် အခန်းထဲမှ ထွက်ခွာသွားသော လူအချို့မှာ ချက်ချင်း ပြန်ဝင်လာကြသည်။ အခန်းထဲတွင် ရှိနေသော မော့ချူးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။
နျဥ်ယွိယွမ် ညွှန်ပြရာ လက်ညှိုးရာဘက်သို့ လိုက်ကြည့်လိုက်သောအခါ မျက်နှာကြက်၏ ညာဘက်ခြမ်းတွင် တပ်ဆင်ထားသော လက်သည်းခွံအရွယ်အစားရှိ စောင့်ကြည့်ကင်မရာတစ်ခုကို တွေ့လိုက်ရသည်။
ထိုနေရာမှာ အလွန်တရာ လျှို့ဝှက်သော နေရာတစ်ခုဖြစ်သည်။ သေချာ ဂရုစိုက်မကြည့်ပါက အခြားသူများ သတိမမူမိဘဲ ကျော်သွားရန် လွယ်ကူလှသည်။ ပိုးချည်မျှင်ကဲ့သို့ စေ့စပ်သေချာပြီး စူးရှသော အကဲခတ်နိုင်စွမ်းရှိသည့် နျဥ်ယွိယွမ် ဖြစ်နေ၍သာ ဤအရာကို ချက်ချင်း သတိထားမိခြင်းဖြစ်သည်။
နျဥ်ယွိယွမ်က ဤကိစ္စကို ထောက်ပြလိုက်၍ တော်သေးသည်။
မော့ချူး စိတ်သက်သာရာ ရသွားသည်။
သိုမဟုတ်ပါက အခန်းထဲတွင် အဝတ်အစားလဲလှယ်သည့်အခါ သူမ၏ ပုံရိပ်များ လုံးဝ ပေါက်ကြားသွားမည်ကို သိနိုင်မည် မဟုတ်ပေ။
နျဥ်ယွိယွမ်လည်း ဤအချက်ကို တွေးမိပုံရသည်။ သူ၏ မျက်နှာထားမှာ မဲနက်ရာမှ ပို၍ မဲနက်လာပြီး မှင်ရည်များ ယိုစီးကျတော့မတတ် ဖြစ်နေသည်။
"ဒါက... ကျွန်တော်တို့က အကျဉ်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အချိန်မရွေး စောင့်ကြည့်နိုင်အောင်လို့ပါ... ကြည့်ပါဦး၊ ဘေးခန်းက သီးသန့်ရေချိုးခန်းထဲမှာတော့ ဘာကိရိယာမှ မရှိပါဘူး..."
နျဥ်ယွိယွမ်၏ မေးခွန်းကို ကြားသောအခါ ထိုအမျိုးသားမှာ ကြောင်အသွားသည်။
နျဥ်ယွိယွမ်က တစ်ချက်ကြည့်ရုံဖြင့် ဤအရာကို သတိထားမိလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် ခက်ခက်ခဲခဲ ရှင်းပြလိုက်ရသည်။
သိုသော် ဤရှင်းပြချက်မှာ လုံးဝ ရိုးသားမှုမရှိလှပေ။
နျဥ်ယွိယွမ်က သူ့ကို လျစ်လျူရှုကာ ဘေးခန်းရှိ ရေချိုးခန်းဘက်သို့ လှည့်သွားလိုက်သည်။ သူသေချာစွာ စစ်ဆေးပြီးနောက် စောင့်ကြည့်ကင်မရာ မရှိကြောင်း အတည်ပြုနိုင်မှသာ ပြန်လှည့်လာခဲ့သည်။
"တွေ့တယ်မလား၊ ကျွန်တော် မလိမ်ပါဘူး၊ ဒါက တကယ်ပဲ..." ထိုအမျိုးသားက မျက်နှာလိုမျက်နှာရ ပြုံးလိုက်ပြီး ပြောလိုက်သည်။
သို့သော် သူ့စကားမဆုံးခင်မှာပင် နျဥ်ယွိယွမ်၏ အေးစက်သော စကားသံက ကြားဖြတ်ဝင်လာသည်။
"အဲဒါကို ဖြုတ်လိုက်"
ဘာကြီး?
ထိုအမျိုးသားမှာ ကြောင်အသွားပြီး လက်ကို အကြိမ်ကြိမ် ယမ်းကာ ငြင်းလိုက်သည်။
"အဲဒါတော့ မဖြစ်လောက်ဘူးဗျ၊ ကျွန်တော်တို့ကလည်း စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရတာဆိုတော့... တကယ်လို့များ..."
မော့ချူးက ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ သူတို့ ဘယ်လို သက်သေယူမလဲ။
ယခင်က ဌာနမှူးက ဤအချက်ကို သေချာစွာ ဆောင်ရွက်ရန် ညွှန်ကြားထားခဲ့သည်။ မော့ချူးအား တစ်စုံတစ်ရာ ဖြစ်သွားခွင့် လုံးဝ မပေးနိုင်ပေ။
"ငါ ထပ်ပြောမယ်” နျဥ်ယွိယွမ်၏ အကြည့်များမှာ ပို၍ အေးစက်လာသည်။
“အဲဒီပစ္စည်းကို ဖြုတ်လိုက်"
ရုတ်တရက် အမျိုးသားတစ်ဦး၏ အသံက ဝင်ရောက်ဟန့်တားလိုက်သည်။
"အို... မဟူရာသမုဒ္ဒရာ ဂလက်ဆီက လူတွေက အဖွဲ့ချုပ် ရဲ့ ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခွင့် ဘယ်တုန်းက ရသွားတာလဲ"
ခြေသံများနှင့်အတူ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။ ဖီးနစ်ငှက်ကဲ့သို့သော သူ၏ မျက်လုံးများမှာ ထူးခြားစွာ စူးရှနေပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးကာ ရိုင်းစိုင်းစွာ မိတ်ဆက်လိုက်သည်။
"ဟလို... ကျွန်တော်က အန်းကျဲပါ... အန်းယောက်ရဲ့ ဝမ်းကွဲအစ်ကိုပါ"
အဲ့တော့?
နျဥ်ယွိယွမ် မျက်ခုံးအနည်းငယ် ပင့်သွားသည်။ ' ဒီလောက် မြန်မြန်ကြီး ရောက်ချလာတာလား။'
"ဘာလဲ... ဒါက အဖွဲ့ချုပ်ရဲ့ လုပ်နည်းလုပ်ဟန်လား" အန်းကျဲ၏ စကားထဲတွင် အဓိပ္ပာယ်သက်ရောက်မှု တစ်ခု ပါဝင်နေသည်၊ ဥပမာအားဖြင့်... အခြား ဂလက်ဆီများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမျိုးလား။
"ဟဟ၊ ဘယ်ဟုတ်မလဲ... “ နျဥ်ယွိယွမ်က ဤကိစ္စအတွက် အပြစ်ပုံချမခံဘဲ ခေါင်းစဉ်ကို ရုတ်တရက် ပြောင်းလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားတို့ မဟူရာသမုဒ္ဒရာ ဂလက်ဆီရဲ့ လုပ်နည်းလုပ်ဟန်က အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲမှာ ကင်မရာ တပ်ဆင်တာမျိုးလား"
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ဖက်လူမှာ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
အန်းကျဲ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။