အခန်း (၅၅၃)
Vol. 37 Ch. 553
စစ်ဆေးရေးဗျူရိုမှ ထွက်လာပြီးနောက် အန်းကျဲသည် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ သူသည် ဒေါသဖြစ်နေလွန်းသဖြင့် သူ၏မျက်နှာပေါ်တွင် 'ဒေါသ' ဟူသော စကားလုံးကို ရေးထွင်းထားသယောင်ပင် ထင်မှတ်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
အန်းမိသားစု၏ ဧည့်ခန်းအလယ်ရှိ နန်မူကုလားထိုင်*ပေါ်တွင် သက်ကြီးအမျိုးသမီးတစ်ဦးသည် ခန့်ညားစွာ ထိုင်နေခဲ့သည်။ သူမသည် အန်းကျဲကို ဤကဲ့သို့ မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။
"နင် စစ်ဆေးရေးဗျူရိုကို သွားမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ ဒေါသတွေ အပြည့်နဲ့ ပြန်လာတာလဲ"
(နန်မူ ကုလားထိုင် - တရုတ်ရှေးခတ်ကားတွေမှာ မြင်ဖူးတဲ့ ကျွန်းကုလားထိုင်လိုပုံမျိုးပါ။ နန်မူသစ်က အဖိုးတန်လို့ သစ်မှာဆို ရွှေလို့လည်း ခေါ်ပါတယ်။)
"အဲ့ဒီ မော့ချူး ကြောင့်ပဲပေါ့!"
ထိုစကားကို ကြားလိုက်ရသောအခါ အန်းကျဲသည် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူသည် သူ၏ခြေတံရှည်ကြီးများဖြင့် ခြေလှမ်းကျဲကြီးများ လှမ်းလျှောက်ကာ အောက်ဘက်ရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
"အဖွား မသိလို့ပါ။ အဲ့ဒီကောင်မလေးရဲ့ နှုတ်သီးက တော်တော်ထက်တာ။ စကားတစ်ခွန်း ပြောလိုက်တာနဲ့တင် လူနှလုံးသားကို ထိုးဆွနိုင်တယ်"
"သူက နင့်ထက်တောင် ပိုအစွမ်းထက်နေသေးလို့လား" မဒမ်အိုကြီးအန်းက သာယာစွာ ရယ်မောလိုက်သည်။
သူမသည် အဖွားတစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း သူမ၏ နက်မှောင်သော ဆံပင်များထဲတွင် ငွေဖြူရောင် ဆံခြည်အနည်းငယ်ကိုသာ မြင်တွေ့နိုင်သည်။ အနီးကပ်မကြည့်လျှင် သူမ၏မျက်နှာပေါ်ရှိ အရေးအကြောင်း အနည်းငယ်ကို သတိထားမိမည်မဟုတ်ပေ။ သူမသည် အသက် ၂၀၀ ကျော်ရှိပြီဖြစ်သောသူ တစ်ဦးနှင့် လုံးဝမတူချေ။
သူမ၏ အထူးခြားဆုံးအရာမှာ သူမ၏ ကိုယ်ရည်ကိုယ်သွေးပင် ဖြစ်သည်။ သူမသည် တည်ငြိမ်ပြီး ရင့်ကျက်သူဖြစ်သည်။ ဤသည်မှာ ကြီးမားသော လောကဓံ လှိုင်းတံပိုးများကို ဖြတ်သန်းဖူးသူများသာ ပိုင်ဆိုင်နိုင်သည့် အရာမျိုးဖြစ်သည်။
"ဒါပေါ့၊ သူက ကျွန်တော့်ထက် ပိုတော်တယ်... အင်း"
အန်းကျဲက ခေါင်းညိတ်လိုက်သည်။ သူသည် တစ်ခုခုမှားနေသည်ကို ရုတ်တရက် ခံစားမိသွားပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ "ပြီးတော့ အဲ့ဒီကောင်မလေးက တော်တော်သတ္တိရှိတာ။ ထောင်ထဲမှာ နေရတဲ့ သူ့ပုံစံက တော်တော်လေးကို သက်သောင့်သက်သာရှိလွန်းတယ်။ ကျွန်တော်တို့ အားလပ်ရက် ခရီးထွက်နေတုန်းကထက်တောင် ပိုပြီး ပျော်နေသေးတယ်"
စကားတွေ အများကြီးပြောပြီးနောက် အန်းကျဲသည် သူ့ပါးစပ် အနည်းငယ် ခြောက်သွေ့လာသည်ဟု ခံစားရသည်။
သူသည် စားပွဲပေါ်ရှိ ရေနွေးအိုးကို မျက်စိထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်တံရှည်ကြီးကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ချောင်းကို ကျွမ်းကျင်စွာ ချိတ်လိုက်ရာ ရေနွေးအိုးထဲမှ အစိမ်းနုရောင် အာဟာရရည်များ ထွက်ကျလာသည်။
အန်းကျဲသည် ဆက်တိုက်ဆိုသလို ခွက်အနည်းငယ်ကို သောက်လိုက်ပြီးနောက်မှပင် သူ၏ရေငတ်ခြင်းမှာ ပြေပျောက်သွားတော့သည်။ သို့သော် သူသည် ထိန်းသိမ်းရေးအခန်းထဲတွင် မော့ချူး၏ စိတ်ဝိညာဥ်အစားအစာ ရနံ့ကို ရခဲ့သောကြောင့်လားတော့ မသိ၊ ယခု ဤအာဟာရရည်ကို သောက်ရသည်မှာ အရသာမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားလိုက်ရသည်။
"မော့ချူး?" ထိုအမည်ကို ကြားလိုက်ရသောအခါ မဒမ်အိုကြီး အန်းက သူမ၏မျက်လုံးများကို မှေးပြီး မေးလိုက်သည်။ "အဲ့ဒါ ယောက်လေးကို နာကျင်အောင်လုပ်ခဲ့တဲ့ ကောင်မလေးလား"
"ဟုတ်တယ်၊ သူပဲ!"အန်းကျဲက ခေါင်းညိတ်လိုက်သည်။
"မော့ချူး?!" အပေါ်ထပ်မှ ဆင်းလာသော အန်းယောက်သည် ဤစကားလုံးကို ကြားလိုက်ရသောအခါ သူမ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများမှ နာကျင်မှုကို ဆွဲထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏မျက်နှာမှာ ရုတ်တရက် မဲမှောင်သွားခဲ့သည်။
သူမသည် ဒေါက်မြင့်ဖိနပ်ဖြင့် ပြေးဆင်းလာပြီး ထပ်ခါတလဲလဲ မေးမြန်းလိုက်သည်။
"ဝမ်းကွဲအစ်ကို... အဲ့ဒီမိန်းမ ဘယ်လိုနေလဲ။ အခု သူ တအားငိုနေပြီလား"
ယခင်က အန်းယောက်ကို စော်ကားခဲ့သော လူအများစုမှာ စစ်ဆေးရေးဗျူရိုသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ဤမင်းသမီးလေးကို စိတ်ကျေနပ်စေရန်အတွက် တစ်စုံတစ်ယောက်က ထိုလူများကို သင်ခန်းစာပေးရန် အလိုအလျောက် ဦးဆောင်ကြလိမ့်မည်ဖြစ်သည်။
မော့ချူးသည်လည်း ယခုတစ်ကြိမ်တွင် အလားတူဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားသောကြောင့် အန်းကျဲကို မျှော်လင့်တကြီး ကြည့်ပြီး မေးလိုက်သည်။
"အစ်ကို... ကျွန်မကို ပြောပါဦး၊ သူ လုပ်ခဲ့တဲ့ အပြုအမူအတွက် သူ နောင်တရနေပြီလား"
"အဟမ်း..." အန်းယောက်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ကာ အန်းကျဲ စကားမပြောနိုင်ဖြစ်သွားရသည်။ သူသည် မော့ချူး၏ တည်ကြည်သော ပုံစံကို ပြန်လည်အမှတ်ရလိုက်မိသည်... ထိုကောင်မလေး၏ စရိုက်နှင့်ဆိုလျှင် သူမသည် မည်သည့်နေရာတွင်မဆို သက်သောင့်သက်သာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင် နျဥ်ယွိယွမ်နှင့် အခြားသူများ၏ ထောက်ပံ့မှုကြောင့် သူမအနေဖြင့် စိုးရိမ်စရာမလိုပေ။ သူ၏ညီမလေး ခန့်မှန်းထားသော အခြေအနေမျိုးသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။
သို့သော်... သူ ဤစကားများကို ပြောနိုင်ပါ့မလား။
အကယ်၍ သူပြောလိုက်လျှင် ထိုကောင်မလေး အန်းယောက်က ပြဿနာရှာလိမ့်မည် မဟုတ်ပါလား။
“တော်ပြီ” အန်းကျဲ အခက်တွေ့နေစဉ်မှာပင် မဒမ်အိုကြီး အန်းက အန်းယောက်၏ခေါင်းကို ညင်သာစွာ ပုတ်ကာ နှစ်သိမ့်လိုက်သည်။
"အဲ့ဒီကောင်မလေးက နင့်ကို နာကျင်အောင် လုပ်ရဲမှတော့ ငါတို့ အန်းမိသားစုက သူ့ကို လွှတ်ပေးပါ့မလား။ ဒီလို ပြဿနာသေးသေးလေးတွေကို စိတ်မပူပါနဲ့။ အော် ဒါနဲ့... သူ့ရဲ့ ဒဏ်ရာက နာနေသေးလား"
"အဲ့ဒါ အမှန်ပဲ။ သူက ဘယ်လိုလုပ်ပြီး အဆင်ပြေနေမှာလဲ"
အန်းယောက်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုနက်ရှိုင်းလာသည်။ သူမသည် ဤမေးခွန်းကို ဘေးဖယ်ထားလိုက်ပြီး အဖွားဖြစ်သူကို ပြုံးလျက် မှီတွဲကာ ချွဲနွဲ့စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သမီး ဒဏ်ရာက သက်သာသွားပါပြီ"
မှော်ဒေသတွင်ရှိစဉ်က သူမ၏ဘေးနားရှိ လူများက သူမ၏ ဒဏ်ရာကို အချိန်မီ ကုသပေးခဲ့ကြသည်။ ပြန်ရောက်လာပြီးနောက် သူမသည် ကုသရေးကိရိယာထဲတွင် တစ်နေ့ဝက်ခန့် လဲလျောင်းနေခဲ့သည်။ သူမ၏ ဒဏ်ရာမှာ သိသိသာသာ သက်သာသွားပြီဖြစ်ပြီး အမာရွတ်ပျောက်ဆေးကို လိမ်းထားသဖြင့် မည်သည့် အစအနမျှပင် ကျန်ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း သူမသည် မော့ချူးကို ဤမျှလောက်နှင့် အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ... ဤနှစ်များအတွင်း သူမသည် ဤမျှလောက်ကြီးမားသော ဆုံးရှုံးမှုကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။
အန်းကျဲကလည်း ဘေးနားမှ အားနာသလို ပြုံးနေသည်။ ရုတ်တရက် သူသည် မော့ချူး၏ နောက်ဆုံးစကားများကို သတိရသွားပြီး သူ၏အမူအရာမှာ တောင့်တင်းသွားသည်။
"ဘာဖြစ်လို့လဲ"
မဒမ်အိုကြီးက အန်းကျဲ၏ ထူးဆန်းသော အမူအရာကို သတိထားမိပြီး မေးလိုက်သည်။
"ကျွန်တော် မထွက်လာခင်မှာ မော့ချူးက သူ တိုးချဲ့နိုင်ကောင်း တိုးချဲ့နိုင်လိမ့်မယ်လို့ ပြောခဲ့တယ်..."
စကားတစ်ဝက်မှာပင် အန်းကျဲသည် အန်းယောက် တစ်ယောက် ဘေးတွင် ရှိနေသေးသည်ကို ရုတ်တရက် သတိပြုမိသွားပြီး သူ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
"ဘာကို တိုးချဲ့မှာလဲ" အန်းယောက်က မျက်တောင်ခတ်ရင်း စပ်စုစွာ မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး!" အန်းကျဲက လက်ယမ်းပြကာ ဘာမှ ထပ်မပြောတော့ပေ။
မဒမ်အိုကြီးက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သော်လည်း ဤအချိန်တွင် ဘာမှထပ်မမေးတော့ပေ။ သူမသည် သူမ၏ ရင်ခွင်ထဲရှိ အန်းယောက်ကိုသာ ဆက်နှစ်သိမ့်ပေးနေလိုက်သည်။
ဤကောင်မလေးသည် အပြင်တွင် ရှိနေစဉ်က ခေါင်းမာပြီး မောက်မာသော်လည်း အန်းမိသားစု ထဲတွင်မူ ကလေးလိမ္မာလေးတစ်ဦးကဲ့သို့ ပြုမူတတ်သည်။ ထို့အပြင် သူမသည် အန်းမိသားစု တစ်ခုလုံး၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်သဖြင့် လူတိုင်းက သူမကို ပို၍ပင် အလိုလိုက်ထားကြသည်။
သူမသည် အပြင်ဘက်တွင် အမှားအယွင်းများ ပြုလုပ်ခဲ့လျှင်တောင် လူတိုင်းက သူမအတွက် ဖြေရှင်းပေးရန် အသင့်ရှိနေကြသည်။
...
ညနေခင်း နေဝင်ချိန်သို့ ရောက်ရှိလာခဲ့သည်။
အန်းမိသားစု ဒုတိယထပ်ရှိ စာကြည့်တိုက်အတွင်းတွင် ယခုအချိန်တွင် လူများဖြင့် ပြည့်နှက်နေသည်။
"အန်းကျဲ... ခုနက မင်းပြောတာ တကယ်ပဲလား" ယခင်က ဆက်ပြောလို့မရခဲ့သော ခေါင်းစဥ်ကို တရားဝင်ပြောဆိုဖို့ ရည်ရွယ်ချက်အပြည့်နှင့် စကားလမ်းကြောင်းပေါ်ပြန်ဆွဲတင်ခံလိုက်ရ၏။
မဒမ်အိုကြီး အန်းသည် အလယ်တွင် ထိုင်နေပြီး သူမ၏ လေသံမှာ ရှားရှားပါးပါး တည်ကြည်နေကာ မေးလိုက်သည်။ "အဲ့ဒီကောင်မလေးက စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့နိုင်မယ့် နည်းလမ်းရှိတယ်လို့ တကယ်ပဲ ပြောခဲ့တာလား"
"ဟုတ်ကဲ့၊ အဲ့ဒါ သူပြောခဲ့တာပါ"
အန်းကျဲက ခေါင်းညိတ်ပြီး သူ၏မျက်လုံးများထဲတွင် တည်ကြည်မှုများဖြင့် ပြည့်နှက်နေသည်။
"ပြီးတော့ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို ကျွန်တော် ဘယ်လိုလုပ် နောက်ပြောင်ရဲမှာလဲ"
"ဒါဆိုရင် အဲ့ဒါက... ငါတို့ သူ့ကို လွှတ်ပေးစေချင်လို့ ဖြစ်နိုင်မလား"
သူ၏ဘေးနားရှိ အမျိုးသားတစ်ဦးက သံသယဖြင့် ပြောလိုက်သည်။ "ကျွန်တော့်ကို ပြောပါဦး၊ ဒီအချိန်ကိုက်ဖြစ်နေတာက တိုက်ဆိုင်လွန်းတယ် မဟုတ်လား။ မော့ချူးက ဒီလောက် အချိန်အကြာကြီး စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့မယ့် နည်းလမ်းကို မရှာနိုင်ခဲ့ဘဲ။ အခု စစ်ဆေးရေးဗျူရိုမှာ အဖမ်းခံရတော့မှပဲ စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့နိုင်ပြီတဲ့လား"
ထိုအမျိုးသားက ဤသို့ပြောလိုက်သောအခါ လူအများအပြားကလည်း သူ့ကို ထောက်ခံကြသည်။
"ဟုတ်တယ်၊ ဒါက တိုက်ဆိုင်လွန်းတယ်!"
"မှန်တယ်၊ ကျွန်တော်လည်း အဲ့ဒီအတိုင်းပဲ ထင်တယ်"
"ဒါပေမဲ့..." အန်းကျဲက လူတိုင်း၏စကားကို ဖြတ်ပြောလိုက်သည်။
ယခု သူသည် ထိုစကားများကို ပြောစဉ်က မော့ချူး၏ သဘောထားကို သေချာစွာ ပြန်လည်စဉ်းစားကြည့်သောအခါ သူမသည် နောက်ပြောင်နေခြင်း မဟုတ်ဟု ထင်ရသည်။
"ဒါက လွတ်မြောက်ဖို့အတွက် သူ တမင်တကာ ကြံဖန်ပြောလိုက်တဲ့ ဆင်ခြေတစ်ခုတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ခံစားရတယ်"
ထိုစကားကို ပြောလိုက်သည်နှင့် စာကြည့်တိုက်အတွင်းရှိ လူများသည် အုပ်စုကြီး နှစ်စုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
အုပ်စုတစ်စုမှာ မော့ချူးကို အပြင်သို့ မလွှတ်ရန် အခိုင်အမာ ပြောဆိုကြသည်။ အကယ်၍ သူတို့ တကယ်သာ လွှတ်ပေးလိုက်လျှင် အခြားသူများက အန်းမိသားစု သည် အဖွဲ့ချုပ်က လူများကို အရှုံးပေးလိုက်ပြီဟု ထင်သွားကြလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့သည် ဆက်လက်၍ မားမားမတ်မတ် ရပ်တည်နိုင်ပါတော့မည်လား။
အခြားတစ်ဖက်တွင်မူ အခြားအုပ်စုတစ်စုမှာ ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်သည်ဟု ခံစားရသည်။ နောက်ဆုံးတွင် အန်းယောက်၏ ဒဏ်ရာများမှာလည်း ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ ဤကောင်မလေးအတွက်နှင့် အနာဂတ်တွင် ကျိန်းသေပေါက် တောက်ပလာမည့်သူ တစ်ဦးကို ရန်ငြိုးဖွဲ့ရန် မလိုအပ်ပေ။ ၎င်းသည် အမှန်တကယ်ပင် မထိုက်တန်လှပေ။
မတူညီသော သဘောထားများ ရှိလာသောအခါ ငြင်းခုံမှုများလည်း သဘာဝအတိုင်း ပေါ်ပေါက်လာတော့သည်။
ကန့်ကွက်ငြင်းခုံသံများကြောင့် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော စာကြည့်တိုက်မှာ ပိုသက်ဝင်လှုပ်ရှားလာတော့သည်။
"တော်ကြတော့"
မဒမ်အိုကြီး အန်းက စားပွဲကို ပုတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုမှာ သာမန်မျှသာ ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ သိသာထင်ရှားလှသည်။ ဆူညံနေသော အခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ "ဒီကိစ္စက... ငါတို့ မယုံတာထက် ယုံတာက ပိုကောင်းလိမ့်မယ်။ အကယ်၍ မော့ချူး ပြောတာသာ မှန်ခဲ့မယ်ဆိုရင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက သေချာပေါက် သေးမှာမဟုတ်ဘူး။ ငါတို့ အန်းမိသားစု အနေနဲ့ ဒီအချိန်မှာ သူ့ကို မပြစ်မှားသင့်ဘူး!"
လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီသော ကာလအတွင်း အန်းမိသားစုသည် ဤကဲ့သို့ တည်ငြိမ်မှုကြောင့် ယနေ့တိုင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မည်သူ့ကိုမျှ အထင်မသေးသလို၊ မည်သည့်အရာကိုမျှလည်း လျစ်လျူရှုမည်မဟုတ်ပေ။
"ဟုတ်ကဲ့" အခြားသူများကလည်း ခေတ္တမျှ စဉ်းစားပြီးနောက် တစ်ဦးပြီးတစ်ဦး သဘောတူခဲ့ကြသည်။
"အင်း... အန်းကျဲ" မဒမ်အိုကြီး အန်းက ဤကိစ္စ၏ အခြေခံသဘောထားကို စကားတစ်ခွန်းတည်းဖြင့် သတ်မှတ်လိုက်သည်။ "မနက်ဖြန်ကျရင် မင်း စစ်ဆေးရေးဗျူရိုက လူတွေဆီသွားပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ။ နားလည်လား"
“စိတ်ချပါ အဖွား” အန်းကျဲက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် ဒီကိစ္စကို အဖွားအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်"
ဤအချိန်တွင် စာကြည့်တိုက်အတွင်းရှိ မည်သူမျှ အခန်းတံခါးတွင် အက်ကြောင်းတစ်ခု ပေါ်နေသည်ကို သတိမထားမိကြပေ။
အပြင်ဘက်ရှိ အမျိုးသမီးတစ်ဦးသည် ဒေါသများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အသေအချာ နားထောင်နေသည်။ သူမ၏လက်များမှာ လင်ဗန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လင်ဗန်းပေါ်ရှိ အာဟာရရည်များမှာလည်း အဆက်မပြတ် လှုပ်ခါနေသည်။
အတွင်းဘက်မှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသောအခါ ထိုအမျိုးသမီးသည် တိတ်တဆိတ် လှည့်ထွက်သွားပြီး အပေါ်ထပ်သို့ တက်ကာ တံခါးကို ပိတ်လိုက်သည်။
ထို့နောက် ကျယ်လောင်သော 'ဒုန်း' ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ လင်ဗန်းမှာ ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး အာဟာရရည် ခွက်အနည်းငယ်မှာ ကြမ်းပြင်ပေါ်တွင် ဖိတ်စင်သွားသည်။ အပိုင်းအစများမှာ နေရာအနှံ့ ပျံ့ကျဲနေပြီး လုံးဝကို ရှုပ်ပွသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဤအခန်းမှာ အသံလုံသောကြောင့် မဟုတ်လျှင် ဒါကို စောစီးစွာ ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။
သို့သော် အန်းယောက်သည် ဤအချိန်တွင် ဒါကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူမ၏ရင်ထဲရှိ ဒေါသများမှာ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။
အဖွားနှင့် အခြားသူများက တကယ်ပဲ မော့ချူးကို လွှတ်ပေးချင်နေကြတာလား။
ဘာလို့လဲ! ဒါဆိုရင် သူမရဲ့ ဒဏ်ရာတွေက အလကား ဖြစ်သွားတော့မှာလား?
အန်းယောက်သည် သူမ၏အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ မျက်လုံးများမှာလည်း မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ ယခင်က သူမသည် ထိုကောင်မလေးကို တောင်းပန်သည့်အနေဖြင့် သူမအား ဦးညွှတ်စေချင်ခဲ့သေးသည်။ ယခု ပြန်စဉ်းစားကြည့်သောအခါ ဒါက လုံးဝ ဟာသတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သည်။
သို့သော် အန်းယောက်သည် သူမတစ်ဦးတည်းနှင့် မိသားစု၏ ဆုံးဖြတ်ချက်ကို မတုန်လှုပ်စေနိုင်မှန်း သူမ၏ နှလုံးသားထဲ သိရှိထားသည်။
ဒါပေမဲ့... မော့ချူးကို ဤအတိုင်း အလွယ်တကူ လွှတ်ပေးလိုက်တာကို သူမ တကယ်ပဲ ကြည့်နေနိုင်မှာလား။
သူမက တစ်ယောက်ထဲ ရေရွတ်လိုက်သည်။ '... မဖြစ်ဘူး! အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး!'