← Chapters

အဋ္ဌမမင်းသား၏တန်ဖိုး

Vol. 20 Ch. 272

အဋ္ဌမမင်းသား၏တန်ဖိုး

Vol. 20 Ch. 272

အခန်း (၂၇၂) အဋ္ဌမမင်းသား၏တန်ဖိုး

ကျန်းလန်က ရှောင်ယွိနောက်တွင် မတ်တတ်ရပ်လျှက် ရှိသည်။ သူမလှည့်ကြည့်လာသည့်အခါ ကျန်းလန်က သူမကို ငေးကြည့်နေမိသည်။

မိန်းမပျိုလေးက 'စိတ်ညစ်နေသည်' ဟု ပြောလာသည့်တိုင် မျက်နှာထက်တွင် အပြုံးရိပ်ကို ဆင်မြန်းထားဆဲပင်။ သို့သော် သူမ၏ မျက်ဝန်းများတွင်တော့ အထီးကျန်ဝမ်းနည်းရိပ်များ ထင်ဟပ်နေသည်။

ကျန်းလန် နှစ်ပေါင်းများစွာ တစ်ယောက်တည်းကျင့်ကြံနေပြီးသည့်နောက် နှစ်ပေါင်း (၃၀)နှစ်အကြာတွင် အစစ်အမှန်အင်မော်တယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ၊ နောက်ထပ် နှစ်ပေါင်း (၂၅)နှစ် အကြာတွင် အစစ်အမှန်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

စုစုပေါင်း အချိန် (၅၅)နှစ် ကုန်ဆုံးခဲ့ပြီး သူ ဂိုဏ်းထဲသို့ ရောက်သည်မှာလည်း နှစ်ပေါင်း (၃၆၅)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

အချိန်များအတော်ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး ရှောင်ယွိနှင့် စေ့စပ်ပြီးသည်မှာပင် နှစ်ပေါင်း (၂၀၀) ကျော်ခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်း (၂၀၀)ကျော်အတွင်း သူတို့ (၂)ယောက်၏ ဆက်ဆံရေးသည်လည်း ပြောင်းလဲလာခဲ့သည်။

ယခင်က သူတို့ (၂)ယောက် (၃)နှစ်တစ်ကြိမ်တွေ့ဆုံကြသော်လည်း ယခုတော့ လအနည်းငယ်ကြာလျှင် တစ်ကြိမ်တွေ့ဆုံကြသည်။

ယခင်က တစ်ယောက်နှင့်တစ်ယောက် အပေးအယူသဘောလေးများ အပြန်အလှန်ပြုလုပ်ကြသော်လည်း ယခုတော့ အပေးအယူကိစ္စကို စကားထဲပင် ထည့်မပြောကြတော့ပေ။

ယခင်က သူတို့ သိပ်မရင်းနှီးသော်လည်း ယခုတော့ သူတို့ အတော်လေး ရင်းနှီးလာကြပြီ ဖြစ်သည်။

ကျန်းလန်က…

"ဘာလို့ စိတ်ညစ်နေရတာလဲ  ၊ နဂါးမျိုးနွယ်တွေ ရောက်လာတာနဲ့ ပတ်သက်နေတာလားဟင်"

အချိန်များစွာ အတူတူ ဖြတ်သန်းခဲ့ပြီးသည့်နောက် သူက ရှောင်ယွိကို အမြဲတမ်း ပျော်ရွှင်စေချင်သည်။ ရှောင်ယွိ ပျော်ရွှင်နေလျှင် သူ သဘောကျသည်။

ယခုကဲ့သို့ ရှောင်ယွိကို စိတ်ညစ်မနေစေချင်ပေ။ သူမစိတ်ညစ်သည်မှာလည်း နဂါးမျိုးနွယ်များကြောင့်သာ ဖြစ်နိုင်သည်။

ရှောင်ယွိက ခဏမျှ တိတ်ဆိတ်နေပြီးမှ…

"ခွန်လွန်တောင်ကို အမေရောက်လာတယ်လေ… ၊ ဒါပေမဲ့ ကျွန်မက နဂါးနန်းတော်မှာ ကြီးပြင်းခဲ့ရတဲ့သူ မဟုတ်တော့ အမေနဲ့လည်း မရင်းနှီးဘူး"

ရှောင်ယွိက ကျောက်ဆောင်မြင့်ကြီးထက်တွင်ထိုင်ရင်း ခြေထောက်များကို လွှဲယမ်းနေသည်။ သူမပုံစံက အနည်းငယ်တော့ စိတ်သက်သာရာရနေဟန်ပင်။

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။ ရှောင်ယွိအခြေအနေကို သူ အကြမ်းဖျင်းတော့ နားလည်သည်။

ရှောင်ယွိက အသက်ငယ်စဉ်ကပင် ခွန်လွန်တောင်သို့ အပို့ခံလိုက်ရသည်။ ကြည့်ရသည်မှာ အပေးအယူတစ်ခုအတွက် သူမကို စတေးခံလိုက်ကြခြင်း ဖြစ်ဟန်တူသည်။

ထို့ကြောင့် သူမက အစကတည်းကပင် နဂါးမျိုးနွယ်များနှင့် သံယောဇဉ် မရှိလှပေ။

သို့သော်လည်း ယခု သူမ၏မိခင် ခွန်လွန်တောင်သို့ ရောက်ရှိလာသည်ဖြစ်လေရာ မိခင်ဖြစ်သူကို တွေ့ဆုံနှုတ်ဆက်ရန်တော့ လိုအပ်သည်။

အရင်ကတော့ ရှောင်ယွိစိတ်ထဲ ထိုကိစ္စများကို သိပ်အလေးအနက် မထားပေ။ မိခင်ဖြစ်သူနှင့်တွေ့ဆုံရလျှင်လည်း အဆင်ပြေလေသည်။

သို့ပေသိ သူမ စိတ်ပျက်မိသည်သည်က သူမ၏ မိသားစုဝင်များက သာမန်လူများနှင့်မတူကြခြင်းပင်။ မိခင်ဖြစ်သူကတော့ အခြားသူများနှင့်မတူညီစေရန် မျှော်လင့်မိခဲ့သည်။

မည်သို့ပင်ဖြစ်စေ နဂါးမျိုးနွယ်များ ရောက်လာရသည့် အဓိကအကြောင်းရင်းက အဋ္ဌမမင်းသားအတွက်သာ ဖြစ်နိုင်သည်။

နောက်ဆုံးတစ်ခေါက် နဂါးမျိုးနွယ်များ ရောက်လာကြစဉ်က ဆွေးနွေးညှိနှိုင်းမှုနှင့်ပတ်သက်ပြီး သဘောတူညီမှု မရခဲ့ကြပေ။ ကြည့်ရသည်မှာ အဋ္ဌမမင်းသားအတွက် နဂါးမျိုးနွယ်များဘက်မှ ပေးရမည့်တန်ဖိုးက အလွန်များပြားနေသောကြောင့် ဖြစ်နိုင်သည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… အပြင်သွားပြီး လျှောက်လည်ကြမလား"

ရှောင်ယွိက ခြေထောက်များ လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်ပြီး ကျန်းလန်ကို တအံ့တသြဖြင့် လှမ်းကြည့်သည်။

ထို့နောက် သူမက ကျောက်ဆောင်ထက်မှ ခုန်ချလိုက်ပြီး ကျန်းလန်၏ မျက်ခုံးနှစ်ခုကြားသို့ သူမ၏လက်ချောင်းလေးများဖြင့် အသာထိလိုက်သည်။

ပြီးမှ ထူးဆန်းသော မျက်နှာထားဖြင့်…

"ဒီလိုစကားမျိုးပြောတာ ကိုယ်တွင်းမိစ္ဆာများဝင်နေလို့လား"

ကျန်းလန် : "…………"

ရှောင်ယွိက သူ့ကို ဂျစ်တိုက်နေသလို ခံစားလိုက်ရသည်။

သူက စိတ်ထဲမထားတော့ဘဲ ထပ်မံမေးမြန်းလိုက်သည်။

"ဂိုဏ်းတူအစ်မ… အပြင်သွားချင်တယ်ဆိုရင် သွားကြမယ်လေ"

ရှောင်ယွိက…

"အပြင်သွားမယ်ဆိုရင် ကျွန်မရဲ့ပုံစံကို ပြောင်းရဦးမှာလား"

ကျန်းလန်က ခေါင်းခါယမ်းရင်း တိုးလျသည့်လေသံဖြင့်…

"ဒီအတိုင်းလေးပဲ ကောင်းပါတယ်"

လုန်ယွိပုံစံက သူမကိုယ်သူမ အတင်းအကျပ် ချုပ်တည်းထားရဟန်ရှိပြီး ထိုပုံစံဖြင့်ဆိုလျှင် သူမက တစ်ချက်လေးပင် ပြုံးရယ်ခြင်း မရှိပေ။

ထို့ကြောင့် ကျန်းလန်က လွတ်လပ်ပေါ့ပါးဟန်ရှိသည့် ရှောင်ယွိပုံစံလေးဖြင့်သာ သူမကို မြင်ချင်မိသည်။

ရှောင်ယွိက ကျန်းလန်ဘေးနားသို့ ရောက်လာပြီး…

"ဒါဖြင့်… ဘယ်ကိုသွားမလဲဆိုတာ ဂိုဏ်းတူမောင်လေးက ရှေ့ကဦးဆောင်ပြီးသွားလေ"

ကျန်းလန် ဂိုဏ်းထဲရောက်သည်မှာ နှစ်ပေါင်း (၃၆၅)နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပြီး အများအမြင်တွင် မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ တက်ရောက်သည်မှာ နှစ်ပေါင်း (၇၇)နှစ် ရှိခဲ့ပြီ ဖြစ်သည်။

အများအမြင်အဆင့်ဆိုသည်က တောင်သခင်များ သိရှိသည့်အဆင့်ထက် တစ်ဆင်နိမ့်ကာ ဖုံးကွယ်ထားသည့် အဆင့်ဖြစ်သည်။

တောင်သခင်များကတော့ သူ့ကို မရှိမှုအာကာသ ၊ အလယ်ဆင့်ဟု သိရှိကြမည် ဖြစ်ပြီး အများစုကတော့ မရှိမှုအာကာသ ၊ ကနဦးအဆင့်ဟုသာ သိရှိကြမည် ဖြစ်သည်။

"ဂိုဏ်းတူမောင်လေးက မရှိမှုအာကာသ ၊ ကနဦးအဆင့် ရောက်နေပြီလား"

ကျန်းလန် သူ၏တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့် ရှောင်ယွိက မေးလာသည်။

ကျန်းလန်ကို ဖိအားပေးသလိုဖြစ်မည် စိုးရိမ်သောကြောင့် သူမက အသေးစိတ်ကို မေးမြန်းခြင်း မရှိပေ။

သို့သော် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကိုတော့ သူမ တတ်နိုင်သမျှ ခန့်မှန်းကြည့်ရမည် ဖြစ်သည်။ မဟုတ်ပါက တစ်နေ့နေ့တွင် ကျန်းလန်က သူမကိုကျော်တက်ပြီး အင်မော်တယ်ဖြစ်သွားနိုင်၏။

ထိုသို့ဆိုလျှင် ကျန်းလန်ကိုစောင့်ရင်း ကျင့်ကြံခြင်းအဆင့်တက်ရန် အချိန်ဆွဲထားသည့် သူမက အရှုံးနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။

သူက ခေါင်းညိတ်ရင်း...

"ဟုတ်တယ်... ၊ ဂိုဏ်းတူအစ်မနဲ့တော့ နည်းနည်းကွာသေးတာပေါ့"

ကျန်းလန်က အထီးကျန်မန္တန်ကို အသုံးပြုလိုက်ပြီး ရှောင်ယွိနှင့်အတူ ခွန်လွန်တောင်မှ ထွက်ခွာလာသည်။

သူက သေရည်ဆိုင်သို့သွားရန် ဆုံးဖြတ်ထားသည်။

လောလောဆယ်တွင် အဋ္ဌမမင်းသားသည်လည်း သေရည်ဆိုင်တွင် အလုပ်လုပ်နေသည် မဟုတ်ပါလား။ ကြည့်ရသည်မှာ သေရည်ဆိုင်တွင် ကောင်ငယ်လေးနှင့် ဇမဏီမလေးတို့ ရှိကြဟန်မတူပေ။

***

ခွန်လွန်တောင် ၊ အဓိကခန်းမတောင်။

"အခုတစ်ကြိမ် ခင်ဗျားတို့ ရောက်လာကြတာက ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပြန်ခေါ်ဖို့အတွက်ပဲလား"

ခန်းမဆောင်ထဲတွင် ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်း၏ အသံက ထွက်ပေါ်လာသည်။

နဂါးမျိုးနွယ် (၃)ယောက် ခွန်လွန်တောင်သို့ ရောက်ရှိလာကြသည်။

ခေါင်းဆောင်ဖြစ်သူက အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အလွန်တရာ ချောမောလှပသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။

သူမက ခန်းမဆောင်အတွင်းရှိ ထိုင်ခုံတစ်ခုထက်တွင်ထိုင်နေ၏။

သူမထံမှ တန်ခိုးစွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်က မြောင်ယွဲ့နှင့် ကျူးချင်ထက် နိမ့်ကျခြင်း မရှိပေ။

သူမသည်ကား ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မိခင် ၊ နဂါးဧကရီ "ရန်ကျင်း" ပင် ဖြစ်သည်။

သူမက စစ်မှန်သည့်နဂါးမျိုးနွယ်တစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း အလွန်တရာ မြင့်မားသည်။ အင်မော်တယ်တစ်ပါးကိုပင် မွေးထုတ်ပေးခဲ့သူ ဖြစ်လေရာ ခေသူတစ်ယောက် မဟုတ်ပါပေ။

သူမ ဘေးနားတွင်တော့ ယခင်က ခွန်လွန်တောင်ကို လာရောက်ဖူးကြသည့် လုန်လီနှင့် လုန်စီးစီးတို့ မတ်တတ်ရပ်နေကြသည်။

သူတို့ (၂)ယောက်သည်လည်း တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြ၏။

ဤသို့ တန်ခိုးစွမ်းအားမြင့်မားသူ (၃)ယောက် ခွန်လွန်တောင်သို့ ရောက်ရှိလာကြခြင်းမှာ သမိုင်းတစ်ယောက်တွင် ရှာမှရှားသည့်ကိစ္စ ဖြစ်သည်။

နဂါးဧကရီ "ရန်ကျင်း" က…

"လုန်ယွိက ခွန်လွန်တောင်မှာနေရတာ အသားကျနေပြီ ထင်ပါတယ် ၊ ဒါကြောင့် နဂါးတိုင်းပြည်ပြန်ခေါ်သွားဖို့ အတင်းအကျပ် မလုပ်လိုပါဘူး ၊ ကျွန်မအတွက်တော့ သမီးလေးစိတ်ချမ်းသာဖို့က အရေးအကြီးဆုံးပါ"

ခဏနားပြီးမှ ရန်ကျင်းက ဆက်ပြောသည်။

"ကျွန်မ ဒီကိုရောက်လာရတာက လုန်ယွိနဲ့ တွေ့ချင်တာကလည်းတစ်ပိုင်း ၊ ပြီးတော့ ရှင်တို့ကိုလည်း သတိပေးစရာလေးနည်းနည်း ရှိလို့ပါ"

လျိုကျင်းက…

"သတိပေးစရာ ဟုတ်လား"

ရန်ကျင်း၏စကားကြောင့် ကျူးချင် မျက်မှောင်များကြုတ်လိုက်မိသည်။

ရန်ကျင်းသာ ရှောင်ယွိနှင့်တွ့ဆုံမည်ဆိုလျှင် ဖြစ်လာမည့်နောက်ဆက်တွဲကိစ္စများက ခန့်မှန်းရခက်သည်။ ဤအမျိုးသမီးက ရှောင်ယွိ၏ မေးမိခင် ဖြစ်လေရာ သူမကြောင့် ပြဿနာများ ဖြစ်လာနိုင်သည်။

မြောင်ယွဲ့ကတော့ မည်သည့်စကားမှ ဝင်မပြောဘဲ နားထောင်နေ၏။

ကျိုးကျုန်းထျန်းကတော့ သေရည်တစ်ငုံ မော့သောက်လိုက်သည်။ သူက ဆွေးနွေးညှိနှိုင်းခြင်းများကို စိတ်မဝင်စားဘဲ တိုက်ခိုက်ကြလျှင် အကူအညီပေးရန်သာ စောင့်နေခြင်း ဖြစ်သည်။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲတွင် တောင်သခင် (၄)ပါးသာ ရှိနေလေသည်။

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်နှင့် နဝမတောင်ထွတ်၏တောင်သခင် မော့ကျန်းသုန့်တို့က ဤသို့သောကိစ္စများတွင် ပါဝင်လေ့ မရှိကြပေ။

စတုတ္ထတောင်ထွတ်၏တောင်သခင်နှင့် ဆဋ္ဌမတောင်ထွတ်၏တောင်သခင်များကတော့ အပြင်သို့ ထွက်လာခဲကြသည်။ သတ္တမတောင်ထွတ်၏တောင်သခင်ဆိုလျှင် ဘယ်ဆီရောက်နေမှန်းပင် မသိနိုင်ပေ။

ရန်ကျင်းက လျိုကျင်းကို လှမ်းကြည့်လိုက်ပြီး နူးညံ့သည့်လေသံဖြင့်…

"ဟုတ်ပါတယ်… ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် နတ်မိစ္ဆာတွေက ခွန်လွန်တောင်ကို စတင်ကျူးကျော်တော့မယ်လို့ သတင်းရထားတယ် ၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပေမယ့် သူတို့နောက်ကွယ်မှာ ထောက်ပံ့ပေးနေတဲ့ တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက် ရှိနေတယ် ၊ လောလောဆယ်မှာတော့ ဒီကိစ္စက ခွန်လွန်တောင်ကို ထိခိုက်ဦးမယ်မထင်ပါဘူး"

ခဏနားပြီးမှ နဂါးဧကရီက စကားဆက်ပြောသည်။

"ဒါပေမဲ့ သူတို့ အခုလို ကျူးကျော်တာ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်တယ် ၊ သူတို့တွေရဲ့ လုပ်ရပ်က ထူးဆန်းသလို သူတို့အကြံအစီတွေကလည်း ခန့်မှန်းရခက်တယ် ၊ သူတို့က ခွန်လွန်တောင်ကို ပြဿနာရှာချင်တာလား ၊ ဒါမှမဟုတ် တခြားဘာအကြံအစီရှိနေလဲ မသိနိုင်ဘူး ၊ ခွန်လွန်တောင်အတွက် ပြဿနာတက်မှာကို စိုးရိမ်မိပါတယ်"

လျိုကျင်းက…

"ဒါဖြင့် သူတို့ဘာတွေကြံစီနေလဲဆိုတာ နဂါးမျိုးနွယ်တွေကများ သိထားသလား"

ရန်ကျင်းက ခေါင်းခါယမ်းလိုက်ရင်း…

"ကျွန်မတို့ မသိပါဘူး"

သူမက ဆက်ပြောသည်။

"တစ်ချို့နယ်မြေတွေက ကျွန်မတို့ထက် နတ်မိစ္ဆာတွေက ပိုပြီး ထိန်းချုပ်နိုင်ကြတယ် ၊ ဆိုတော့… ကျွန်မတို့က ဒီကိစ္စကို အကြမ်းဖျင်းလောက်ပဲ သိတယ် ၊ အသေးစိတ်မသိနိုင်ဘူး ၊ ရှင်တို့ကို သတိပေးရုံအပြင် ကျန်တာလည်းဘာမှ မတတ်နိုင်ဘူး ၊ ကျွန်မ ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက လုန်ယွိကို ခဏလောက် အဖော်ပြုပေးချင်တာပါပဲ"

နဂါးဧကရီ၏စကား အဆုံးသတ်သွားသည်နှင့် လုန်လီက စကားဝင်ပြောလိုက်သည်။

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ကျုပ်တို့ သိပါတယ် ၊ ဒါကြောင့် ကျုပ်တို့က လုန်ယွိကို ပြန်ခေါ်သွားမှာ မဟုတ်ပါဘူး ၊ အပေးအယူလုပ်ရမယ့် ကိစ္စလေးတွေ ရှိပေမယ့် ကျုပ်တို့ နဂါးမျိုးနွယ်တွေက ကျိုးကြောင်းမဆီလျော်တဲ့သူတွေ မဟုတ်ပါဘူး ၊ ဒါပေမဲ့ လုန်ယွိရဲ့မိခင်ရင်းက သူ့သမီးကိုတွေ့ချင်တဲ့ကိစ္စမှာတော့ ခွန်လွန်တောင်အနေနဲ့ စီစဉ်ပေးဖို့ အခက်အခဲမရှိဘူး မဟုတ်လား"

လျိုကျင်းက…

"ဒါဖြင့် ခင်ဗျားတို့တွေ တည်းခိုနေထိုင်ဖို့ တတိယတောင်ထွတ်မှာ စီစဉ်ပေးပါ့မယ်"

ထို့နောက် သူက ကျူးချင်ကို လှမ်းကြည့်လိုက်ပြီး…

"ဂိုဏ်းတူညီမလေး… ကျောက်စိမ်းရေကန်နတ်ဘုရားမ အချိန်အားတယ်ဆိုရင် ဒီအကြောင်တွေ ရှင်းပြပေးလိုက်ပါ"

ကျူးချင်က ခေါင်းညိတ်လိုက်ရင်း…

"ကောင်းပြီ…"

ရှောင်ယွိ၏ အမေရင်းက သမီးဖြစ်သူနှင့်တွေ့ဆုံရန် တောင်းဆိုခြင်းကို သူမတို့ဘက်မှ အဘယ်မှာ ငြင်းဆန်နိုင်ပါမည်နည်း။

ရှောင်ယွိသည်လည်း သူမအမေကို တွေ့ချင်ပေလိမ့်မည်။

ရန်ကျင်းက ထိုင်ရာမှ မတ်တတ်ထရပ်လိုက်ရင်း…

"ဒါဖြင့် ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်"

ထို့နောက် ကျူးချင်က နဂါးမျိုးနွယ်များကို တတိယတောင်ထွတ်သို့ ခေါ်ဆောင်သွားသည်။

သူတို့ထွက်ခွာသွားကြသည်နှင့် လျိုကျင်းက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

"အဋ္ဌမမင်းသားအကြောင်း တစ်ခွန်းတောင် မပြောပါလား"

နဂါးမျိုးနွယ်များက ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် လာရောက်ခြင်းမဟုတ်ဘဲ အဋ္ဌမမင်းသားအတွက် လာရောက်ကြခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်ပင်။

သို့သော် ရန်ကျင်းက သူမ ပြုစုပျိုးထောင်ခဲ့ခြင်းမရှိသည့် သမီးဖြစ်သူအကြောင်းကိုသာ ပြောသွားခဲ့ပြီး သူမကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သည့် သားဖြစ်သူအကြောင်းကိုတော့ တစ်ခွန်းမှ မပြောခဲ့ပေ။

ဤသည်က အဋ္ဌမမင်းသားအတွက် သူတို့ဘက်မှ တန်ဖိုးတစ်ခု မကမ်းလှမ်းနိုင်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတစ်ခေါက် နဂါးမျိုးနွယ်များ ရောက်လာစဉ်က ခွန်လွန်တောင်ဘက်မှ တောင်းဆိုသည့် တန်ဖိုးက အလွန်မြင့်မားသွားလေရာ နဂါးမျိုးနွယ်များဘက်မှ သဘောမတူနိုင်ဘဲ အင်္ကျီလက်ကိုခါယမ်းကာ ပြန်သွားကြသည်။

ယခုတစ်ကြိမ်တော့ နဂါးမျိုးနွယ်များက မည်သို့ လုပ်ဆောင်မည် မသိရသေးပေ။

မြောင်ယွဲ့ က ရယ်မောလိုက်ရင်း…

"မလောပါနဲ့လေ"

သူမက ဆက်ပြောသည်။

"နဂါးမျိုးနွယ်တွေဘက်က မလောဘူးဆိုရင် ကျွန်မတို့ဘက်ကလည်း လောစရာအကြောင်း မရှိပါဘူး ၊ သူတို့က အဋ္ဌမမင်းသား ဘယ်လောက်အရေးပါလဲဆိုတာကို နားမလည်သေးတာပါ ၊ ကြည့်ရတာ သူတို့က နတ်မိစ္ဆာတွေလောက်တောင် ခြေလှမ်းမသွက်ဘူး ဖြစ်နေတယ်"

ကျိုးကျုန်းထျန်းက သေရည်အိုးကို ပြန်ချလိုက်ရင်း…

"ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်မယ့်အချိန် နတ်မိစ္ဆာတွေကလည်း ကျူးကျော်လာကြဦးမယ်ဆိုတော့ … ဒါကလည်း အတော်ကြီးတဲ့ပြဿနာပဲ"

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"ဇာမဏီမျိုးနွယ်က ကောင်မလေးလည်း တောင်ခြေသေရည်ဆိုင် ရောက်နေတာ အတော်ကြာနေပြီ မဟုတ်လား ၊ အဲဒါက ဇာမဏီမျိုးနွယ်တွေဘက်က ရည်ရွယ်ချက်ရှိရှိလုပ်ထားတဲ့ လှုပ်ရှားမှုတစ်ခုပဲလေ ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့ဘက်က ခွန်လွန်တောင်ကို လုံလောက်တဲ့တန်ဖိုး ပြန်ပေးရတာပဲလေ ၊ ဒီတော့ ဘယ်သူမဆို ခွန်လွန်တောင်ကိုလာထိရင်တော့ လုံလောက်တဲ့တန်ဖိုး ပြန်ပေးရစမြဲ ဖြစ်မှာပါပဲ"

All Chapters