← Chapters

ရင်ခွင်ပိုက် အုပ်စိုးသူ

Vol. 4 Ch. 209

ရင်ခွင်ပိုက် အုပ်စိုးသူ

Vol. 4 Ch. 209

ညနေတောင်စောင်းနေပြီ။

ကျွန်မကတော့ တတိယမြောက်အကြိမ်အဖြစ် စားစရာတွေမှာပြီး စားနေတာ။ ညစာစားချိန်ရောက်နေပြီလေ။ အစောပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပေမဲ့ စားသောက်ဆိုင်က ဦးလေးကြီးကို ရိုစယ်လီယာက သူ့မျက်လုံးကိုသုံးပြီး လှည့်စားလိုက်တာမလို့ လမ်းပေါ်မှာကစားနေတဲ့ကလေးတွေကြောင့် မှန်ချပ်ကြီး ကွဲသွားတယ်ပဲ ထင်နေတော့တာ။ လျှော်ကြေးကတော့ မြေကျောင်းတော်က တာဝန်ယူပေးထားတယ်။

“အင်း... အနည်းဆုံးတော့ EUOCက မှတ်ဉာဏ်ဖျောက်ဆေး မလိုတော့တဲ့ပုံပဲ။” ကျွန်မ တွေးလိုက်ရင်းနဲ့ စားစရာတွေဆီကို အာရုံပြောင်းကြည့်လိုက်တယ်။ တစ်နေကုန်စားနေတာဆိုပေမဲ့ တစ်ခါမှဝအောင်မစားရသေးသလိုပဲ။

“နင့်က မဟားတရားစားဖို့ လူဖြစ်လာတာလားပဲ။” မိုနီကာက ကျွန်မကို လှမ်းရန်စတယ်။ ကျွန်မကလည်း သူ့ကိုပြန် မျက်လုံးပြူးပြရင်း

“နင်ကလည်း သူများတကာတွေကို တွယ်ကပ်ဖို့ စကူးဘတ် ဖြစ်လာသလားပဲ။” ဆိုပြီး ပြန်ပြောမိတာပေါ့။ ကျွန်မတို့နှစ်ယောက် အကြည့်ချင်းပြိုင်ပြီး ရန်ဖြစ်နေတာကိုကြည့်ရင်းကနေ တစ်ဝိုင်းထဲ အတူထိုင်နေတဲ့ ရိုစယ်လီယာက မနေနိုင်ဘဲ ဝင်ပြောလိုက်တယ်။

“ နင်တို့နှစ်ယောက်က ရန်ဖြစ်နေတဲ့ စုံတွဲတွေအတိုင်းပဲ။”

“ဘာ....” ကျွန်မတို့နှစ်ယောက်က သူ့ကိုတစ်ပြိုင်နက်တည်း စိုက်ကြည့်တော့မှ ဇက်ကိုပုထားလိုက်တော့တာ။

...

ကလင်...

ရန်ပွဲက သိပ်ပြင်းထန်မလာခင် ဆိုင်တံခါးပွင့်လာပြီးတော့ လူသုံးယောက် အခန်းထဲကိုဝင်လာတယ်။ မြေကျောင်းတော်က ဒေါ်ရသီ၊ နက်ဆန်နဲ့ အယ်မာတို့ပါ။ ကြည့်ရတာ မစ်ရှင်က အောင်မြင်ပုံပဲ။ ပြဿနာက နက်ဆန်က သတိမေ့နေပြီး ဒေါ်ရသီကကျောပိုးလာရတာပဲ။

“ဘယ်လိုလုပ်ပြီး သွားကယ်တဲ့သူက ဒီလိုဖြစ်နေရတာလဲ။” ကျွန်မလည်း မနေနိုင်တာနဲ့ ဒေါ်ရသီကိုယ်ပေါ်က နက်ဆန်ကို အတင်းဆွဲယူပြီး ဆိုင်ခုံတန်းတစ်ခုပေါ်မှာ သက်သောင့်သက်သာ ဖြစ်အောင်လို့ တင်ထားပေးလိုက်တယ်။ နက်ဆန်ကတော့ သတိဝင်လာပြီး မျက်လုံးဖွင့်ကြည့်ပါတယ်။

“ဆယ်ဗီ၊ ဖြည်းဖြည်း...”

“အာ... ဆောရီး...” ကြည့်ရတာ ကျွန်မလုပ်တာအားပါသွားပုံပဲ။ ဒေါ်ရသီကတော့ ကျွန်မတို့ကို ဖြစ်ခဲ့သမျှအကြောင်းတွေကိုပြန်ပြီး ရှင်းပြခဲ့ပါတယ်။

“ဒီတော့ ဒီပြဿနာက မြေကျောင်းတော်ကနေ ထွက်ပြေးနေတဲ့ နောက်ထပ် စက္ကောမရုပ်ကြောင့် ဖြစ်ခဲ့တာလား။”

အကြောင်းစုံကို ပြောပြပြီးတဲ့နောက်မှာတော့ နက်ဆန်လည်းပဲ ထူထူထောင်ထောင်ဖြစ်နေပြီ။ တော်သေးတာက ဒဏ်ရာကြီးကြီး မရထားဘဲ ခါတိုင်းဖြစ်သလိုမျိုး နတ်ဘုရားခန္ဓာကိုယ်နည်းနည်း ထိသွားခဲ့တာပါ။ အဲဒါကြောင့် ခဏသတိလစ်သွားတာ။ ပထမတော့ ဒေါ်ရသီက အယ်မာရော နက်ဆန်ရောသတိလစ်နေတာမလို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ပေမဲ့ အဲဒီအစားအယ်မာက သတိပြန်ရလာခဲ့တယ်လေ။

“အဖွားရဲ့တီထွင်မှုက အဖွားမြေးလေးကို ပြန်ထိခိုက်စေမယ်လို့ မထင်ထားခဲ့မိဘူး။”

အယ်မာအဖွားရီတာကတော့ သူ့မြေးမစိတ်ဆိုးနေမလားဆိုပြီး အယ်မာကိုကြည့်ခဲ့ပေမဲ့ အဲဒီအစားအယ်မာကတော့ ပြန်ပြီးတော့ ပြုံးပြနေခဲ့ပါတယ်။

“အဲဒီလိုမဟုတ်ပါဘူး။ တကယ်က သမီးစိတ်လောသွားခဲ့လို့ပါ။ မြေကျောင်းတော်ရဲ့တားမြစ်သံလိုက်မှော်ကို သတိထားမိပြီး တခြားနစ်နာသူတွေထပ်ရှိလာမှာစိုးတာနဲ့ အရင်သွားကြည့်ရင်း ဖြစ်ခဲ့တာ။ သမီးသာ သမီးမိတ်ဆွေတွေကို ခေါ်သွားခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။”

ဒီတစ်ခါတော့ အဖွားရီတာက ကျွန်မတို့နဲ့ရိုစယ်လီယာတို့ကို ကြည့်လိုက်တယ်။ အဲဒီနောက်တော့ သူတွေးနေတဲ့အတွေးတွေကို ကျွန်မတို့နားလည်နိုင်စေဖို့ အေးဆေးတဲ့လေသံနဲ့ပြောခဲ့တယ်။

“နောက်မျိုးဆက်တွေက ရှေ့မျိုးဆက်တွေထက်သာတယ်ဆိုတဲ့ စကားပုံကို အရင်က အဖွားကြားဖူးခဲ့ပေမဲ့ ဒီကလေးတွေက တကယ့်ကိုပါရမီပါမှန်း အဖွားသိခွင့်ရခဲ့ပြီ။

အဲဒီတစ္ဆေဘုရင်ကို စာချုပ်ချုပ်ထားနိုင်တဲ့ ညအရှင်က အဖွားနဲ့မျိုးဆက်တူ မင်းရဲ့အဖိုးကို ကျော်လွန်သွားခဲ့တာ သေချာပါပြီ။” အဖွားရီတာက နက်ဆန်ကို ကြည့်ပြီးတော့ ပြောခဲ့တာ။ နက်ဆန်ကတော့ သိပ်စွမ်းအားကို ချီးကျူးတာနဲ့ ပတ်သက်ပြီးတော့ သိပ်အသိအမှတ်ပြုပုံမပေါ်ဘူး။ လက်ရှိအင်အားပမာဏကို သူမကျေနပ်သေးမှန်း ကျွန်မသိတာပေါ့။

“ဒါပေမဲ့ မြေး၊ မင်းလိုက်နေတဲ့စွမ်းအားက အမြဲတမ်းအဖြေ မဟုတ်ဘူးဆိုတာကို အဖွား မြေးကိုနားလည်စေချင်တယ်။” အယ်ဒါရီတာက မြေးအရင်းဖြစ်သူကို ပြန်မြင်ရပြီးနောက်မှာ ရန်လိုတာတွေပျောက်သွားသလိုပဲ။

“ပြီးတော့ အဲဒီမျက်လုံးတွေက... ရိုစယ်လီယာ၊ အဲဒါက အရင်မီးလျှံသခင်မမှာ မပိုင်ဆိုင်ခဲ့တဲ့အရာပဲ။ ဒါပေမဲ့ မီးဆိုတာက ကိုယ်တိုင်ကိုရော တခြားသူတွေကိုပါ လောင်ကျွမ်းစေနိုင်တယ်။”

“ဟုတ်ကဲ့၊ သမီးသိပါတယ်။” ရိုစယ်လီယာကတော့ ယဥ်ကျေးစွာ ပြန်ဖြေတယ်။ ရိုစယ်လီယာက ကျွန်မတို့နဲ့အတူမဟုတ်ပေမဲ့ သူ့ခရီးစဥ်နဲ့သူရှိပုံပေါ်ပြီး တစ်ခါထက်တစ်ခါပိုပြီး စွမ်းအား ကြီးလာနေတယ်လို့ ကျွန်မခံစားရတယ်။ သူ့ရဲ့ဟိုတောင်ဝှေးကို သုံးတောင်မသုံးတော့သလိုပဲ။

“ဘိုးစဥ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ရတနာတွေက သမီးရဲ့တိုးတက်မှုကို ကာစီးထားသလိုဖြစ်နေတယ် ခံစားရရင် ကိုယ့်လမ်းကြောင်းကိုယ်ရှာကြည့်ဖို့ အကြံပေးချင်တယ်။”

အယ်ဒါရီတာက နှစ်ယောက်လုံးကို လူကြီးပီသစွာနဲ့ အကြံပေးပြီးတဲ့နောက်မှာ သက်ပြင်းရှည်ကြီးချလိုက်တယ်။ နောက်တော့ ခေါင်းကိုတခါခါနဲ့...

“အဖွားမှားခဲ့တယ်... တခြားသူတွေရဲ့စကားကိုနားထောင်ပြီး စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာ အခါခါပဲ။ ညအရှင်၊ အဖွားက မင်းကို လေကျောင်းတော်နဲ့ပူးပေါင်းပြီး လုပ်ကြံဖို့ကြိုးစားဖူးတာ သိပြီးပြီ မဟုတ်လား။ ဒါကိုတောင် အဖွားမြေးမလေးကို ကူညီပေးတဲ့ အတွက် မြေးတောင်းဆိုတာတစ်ခုကို အဖွားလုပ်ပေးမယ်။ အဖွားဖြည့်ဆည်းပေးနိုင်တဲ့အရာဆိုရင်ပေါ့။”

နောက်ဆုံးတော့ အဖွားရီတာက ဆုလဒ်အကြောင်းပြာလာပြီ။ နက်ဆန်လိုချင်တာ ဘာများဖြစ်မလဲဆိုပြီး ကျွန်မစိတ်ဝင်စား မိပါတယ်။ စွမ်းအားကြီးရတနာတစ်ခုခုကို တောင်းဆိုမလား တွေးမိပေမဲ့...

“တောင်တန်းသခင်မ... အဂ္ဂိရတ်ကျောက်တုံးက ရောဂါတိုင်းကို ကုသနိုင်စွမ်းရှိတဲ့ အရာတစ်ခုအဖြစ် ကျော်ကြားတယ်။ အဲဒီအရာနဲ့ ကျွန်တော့်ဘေးက မိန်းကလေးကို ကုသပေးနိုင်မလား။”

နက်ဆန်က မိုနီကာရဲ့လက်ကိုကိုင်ထားရင်း အဖွားရီတာကို ပြောလိုက်တယ်။ နည်းနည်းစိတ်ထဲထင့်သွားခဲ့ပေမဲ့ နက်ဆန်က သူ့ကတိအတိုင်းလုပ်နေတာမလို့ ကျွန််မကိုပေးထားတဲ့ကတိကိုလဲ မမေ့ဘူးဆိုတဲ့သဘောပဲ။

အဖွားရီတာကတော့ သူ့ရဲ့အိုမင်းနေတဲ့မျက်လုံးတွေနဲ့ မိုနီကာကို ကြည့်လိုက်ရင်း...

“နားလည်ပြီ၊ အသက်စွမ်းအားရင်းမြစ်က ဆိုးဆိုးဝါးဝါး ထိခိုက်ထားခဲ့တာပဲ။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပြောရရင် အဖွားရဲ့အဂ္ဂိရတ်ကျောက်တုံးက အဲဒီလောက်စွမ်းအား မရှိပါဘူး။ အဂ္ဂိရတ်ကျောက်တုံးက အဆုံးအစမရှိတဲ့စွမ်းအားတွေကို သဘာဝ လောကကြီးထဲကနေ စုပ်ယူသိုလှောင်ပြီး အသက်ကို ဖြစ်ပေါ်စေတယ်ဆိုပေမဲ့ အဲဒီအရာက အသက်တုပဲ။ စစ်မှန်တဲ့အသက်မဟုတ်သလို အသက်စွမ်းအင်ကို ဖြည်းဆည်းပေးနိုင်စွမ်းလည်းမရှိဘူး။ အဲဒီအစား ဆန့်ကျင်ဘက်ကိုပဲ ဖြစ်စေခဲ့တာ။”

အဲဒီနောက်တော့ အဖွားရီတာက အတိတ်ကိုပြန်တမ်းတနေတဲ့ ဟန်ပန်မျိုးနဲ့ ကျွန်မတို့တွေကို ရှေးဟောင်းပုံပြင်တစ်ပုဒ်ကို ပြောပြခဲ့တယ်။

“အဂ္ဂိရတ်ကျောက်တုံးကိုဖန်တီးဖို့အတွက် သီအိုရီတွေကို အာရပ်တွေက ဖော်ဆောင်ခဲ့တာဆိုပေမဲ့ ဥရောပမှာတကယ် ဖန်တီးနိုင်ခဲ့သူကတော့ မြေကျောင်းတော်ရဲ့ဆီနိတ်တာဖြစ်ခဲ့တဲ့ နီကိုလပ် ဖလန်မယ်ပဲ။ စိတ်မကောင်းစရာက အဂ္ဂိရတ်ကျောက်ရဲ့ အစစ်အမှန်သက်ရှိတွေအပေါ်သက်ရောက်တဲ့ သတ္တုဆိပ်ကြောင့် ဖန်တီးရာမှာပါဝင်တဲ့သူတွေအားလုံး အချိန်မတိုင်ခင် ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ကြရတယ်။

ဒါကြောင့် သူတို့ကိုအသုံးပြုဖို့ အကောင်းဆုံးနည်းလမ်းက စက္ကောမရုပ်တွေဖန်တီးတာပဲ။”

အဖွားရီတာက သက်ပြင်းချလိုက်ရင်းနဲ့ အားနည်းနေတဲ့ မိုနီကာရဲ့ အခြေအနေကိုသုံးသပ်ကြည့်တယ်။ “ဒါပေမဲ့ မျှော်လင့်ချက် မရှိတာတော့မဟုတ်ပါဘူး။ ရေကျောင်းတော်က နယ်မြေသစ် ရှာဖွေတဲ့ခေတ်ဦးတုန်းက နုပျိုခြင်းရေပန်းကို ရှာတွေ့ခဲ့တယ်ဆိုတဲ့ သတင်းအစအနတချို့ရှိတယ်။ အမှန်ဟုတ်မဟုတ်တော့ တို့လို တခြားကျောင်းတော်တွေမသိပေမဲ့ပေါ့။ အလုပ်ဖြစ်မလားတော့ အဖွားလည်းမသိဘူး။”

နက်ဆန်လည်း စိတ်နည်းနည်းပျက်သွားပုံပဲ။ ဒါပေမဲ့ သူ့မှာရှိနေတဲ့ တောင်းဆိုခွင့်ကိုတော့ လက်လျှော့မယ့်ပုံမပေါ်ဘူး။ အဲဒီအစား သူက ဒေါ်ရသီကိုကြည့်လိုက်ပြီး...

“ဒါဆိုရင် ဒေါ်ရသီနဲ့ပတ်သက်ပြီး တောင်းဆိုလို့ရမလား။”

ဘာ... ဘာ... ဘာစကားကြီးလဲ... မဟုတ်မှလွဲရော နက်ဆန်ဆိုတဲ့ ကောင်စုတ်က ဒီကောင်မလေးကုန်းပိုးတာခံရပြီးတော့ ကြွေသွားတာတော့မဟုတ်ပါဘူးနော်။

အဲဒီအတွေးနဲ့အတူ ကျွန်မလက်သီးကို ဆုပ်ထားလိုက်မိတယ်။ မဟုတ်တာတွေပြောလာလို့ကတော့ ထထိုးပြီးသားပဲ။ မိုနီကာ တစ်ယောက်တည်းကို သတ်ပုတ်နေရရုံနဲ့တင် မောပန်းနေပြီလေ။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် နက်ဆန်အနားမှာ ထပ်တိုးလာတာမျိုး မမြင်ချင်ဘူး။

“နဂိုက ပြောခဲ့တဲ့အတိုင်းပဲ အဖွားဖြည့်ဆည်းပေးနိုင်တာမှန်သမျှ လုပ်ပေးပါ့မယ်။”

“ဒါဆိုရင် သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါ။”

နက်ဆန်ရဲ့တောင်းဆိုမှုက ကျွန်မတို့အားလုံးကို အံ့အားသင့်စေ ခဲ့ပါတယ်။ အထူးသဖြင့်အခြေအနေကိုနားလည်မထားတဲ့ ကျွန်မအတွက်ပေါ့။ နက်ဆန်ကတော့ သူတောင်းဆိုရတဲ့ အကြောင်းအရင်းကိုဆက်ပြောပါတယ်။

“ဒေါ်ရသီက ခင်ဗျားဖန်တီးထားတဲ့ စက္ကောမရုပ်ဆိုပေမဲ့... ဘယ်လောက်ဖျက်ဆီးဖျက်ဆီး ပြန်ကောင်းလာနိုင်တယ် ဆိုပေမဲ့လို့ ကျုပ်မျက်စိထဲမှာတော့ ကိုယ်ပိုင်ခံစားချက်တွေရှိနေတဲ့ မိန်းကလေးတစ်ယောက်လို့ပဲ ကျုပ်မြင်ပါတယ်။ ဒါကြောင့် သူ့ကိုပိုင်ဆိုင်မှုတစ်ခုလိုမျိုး မဆက်ဆံစေချင်ဘူး။”

နက်ဆန်စကားဆုံးတော့ အဖွားရီတာက သက်ပြင်းချလိုက်တယ်။ ပြီးတဲ့နောက်တော့ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဒေါ်ရသီရဲ့ လက်ကိုထိလိုက်တယ်။ သူတို့နှစ်ယောက်ကိုဆက်သွယ်ထားတဲ့ အနက်ရောင်စာလုံးတွေက နှစ်ယောက်လုံးရဲ့လက်မှာထွက်လာပြီး ပိုမိုထင်ရှားလာတယ်။

ဆီနိတ်တာကာအယ်ကတော့ အော်ဟစ်လိုက်လေရဲ့။ “အကြီးအကဲ၊ ဒေါ်ရသီက ယာယီဆက်ခံသူပါ။ သူထွက်ခွာသွားရင် ကျုပ်တို့တွေရဲ့ အနာဂတ်ပျောက်သွားလိမ့်မယ်။”

ဒါပေမဲ့ အဖွားရီတာကနားမထောင်ခဲ့ဘဲ စာချုပ်စွမ်းအားကို ချိုးဖျက်လိုက်ပါပြီ။ လွတ်လပ်သွားတဲ့ဒေါ်ရသီကတော့ ချက်ချင်း နက်ဆန်ရှေ့ကိုပြေးလာပြီး ရှေ့မှာဒူးထောက်ချလိုက်တယ်။ မျက်လုံးထဲမှာလည်း မျက်ရည်တွေနဲ့ပြည့်လို့။

‘အင်း... သူလည်းနည်းနည်းပါးပါး ကျေးဇူးတင်ချင်မှာပေါ့။' ဒါက ကျွန်မတွေးမိတဲ့အတွေးပါ။ အနည်းဆုံးတော့ နက်ဆန်က ဒေါ်ရသီကို ကျွန်မတို့နဲ့လိုက်ဖို့မခေါ်ခဲ့ဘူး။

“ညအရှင်... ရှင်က ကျွန်မဘဝရဲ့ကျေးဇူးရှင်ပါပဲ။ ကျွန်မကို ခံစားချက်တွေအကြောင်းသင်ပေးခဲ့တဲ့သူ။ ကျွန်မအစ်မကို အိပ်မက်ဆိုးတွေထဲကနေ လွတ်မြောက်စေခဲ့တဲ့သူ။ အခုကျွန်မ လွတ်လပ်သွားပြီ။ ဒါကြောင့် ကျွန်မကို ရှင့်လက်အောက်မှာ တာဝန်ထမ်းဆောင်ခွင့်ပြုပါ။”

“ဘာရယ်....” ဒီစကားကို ကြားမိပြီးတဲ့နောက်မှာတော့ ကျွန်မ မနေနိုင်ဘဲ ထအော်မိတော့တာပဲ။ မိုနီကာလည်း အလားတူပဲ တုန်လှုပ်နေတယ်။

“ဟဲ့ဟဲ့အရုပ်မ၊ ငါ့ဒါလင်က နင့်ကိုလွတ်လပ်ခွင့်ပေးလိုက်တာလေ။ သခင်ပြောင်းခစားခိုင်းနေတာမှမဟုတ်တာ။ တစ်နေရာရာမှာ လွတ်လွတ်ကျွတ်ကျွတ် သွားနေစမ်းပါ၊ ရှူး... ရှူး....”

“ဒါပေမဲ့ လွတ်လပ်သွားပြီဆိုကတည်းက ကျွန်မမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသွားပြီလေ။ ညအရှင်ရဲ့လက်အောက်ခံဖြစ်ဖို့က ကျွန်မရဲ့ရွေးချယ်ပိုင်ခွင့်ပဲ။”

“.....”

“.....” ဒေါ်ရသီရဲ့စကားကိုကြားပြီးနောက်မှာ ကျွန်မရောမိုနီကာပါ ဘာပြောရမှန်းမသိတော့ဘူး။ နက်ဆန်က လက်မခံပါစေနဲ့ ဆုတောင်းနေခဲ့ပေမဲ့...

“ဒေါ်ရသီ... မင်းသေချာရဲ့လား...” သူက ထပ်မေးလိုက်တယ်။ ဒေါ်ရသီကတော့ ရှက်ရွံ့နေတဲ့ပုံစံနဲ့ ခေါင်းကိုငုံ့ထားလိုက်ရင်း သူ့လက်ကိုဆန့်ထုတ်ပေးလိုက်ပါပြီ။

“ကျွန်မက... နည်းနည်းတုံးအတယ်ဆိုပေမဲ့ ညအရှင်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်မှာပါ။”

“ကောင်းပြီ....” နက်ဆန်ကလည်း ဒေါ်ရသီရဲ့လက်ကို ဆွဲယူ လိုက်ပါတယ်။ သူတို့ရဲ့လက်တွေမှာ မြေအမျိုးအစား သခင်အစေခံစာချုပ်ထွက်ပေါ်လာပြီး ဒေါ်ရသီရဲ့ပုံစံကလည်း ပြောင်းလဲသွားခဲ့တယ်။ သူ့ဆံပင်တွေက ပန်းနုရောင်အစား နက်ဆန်လိုမျိုးအနက်ရောင်ဖြစ်သွားပြီး မျက်လုံးတွေကလည်း ပတ္တမြားရောင်အစား ခရမ်းရောင်အဖြစ်ကို ပြောင်းသွားခဲ့လေရဲ့။

အဲဒီနောက်တော့နက်ဆန်က အဖွားရီတာကို လှည့်ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။ “ပြီးတော့ မြေကျောင်းတော်အနေနဲ့ ဆက်ခံသူကိစ္စကို စိုးရိမ်စရာမရှိဘူးလို့မြင်ပါတယ်။ ခင်ဗျား မြေးရဲ့ဗိုက်ထဲကကလေးဆီကနေ နတ်ဘုရားခန္ဓာကိုယ်တစ်ခုကို ခံစားမိနေတယ်။”

နက်ဆန်က စကားကိုအဆုံးသတ်လိုက်တယ်။ အဖွားရီတာက ကြည်နူးနေတဲ့မျက်နှာနဲ့ အယ်မာကိုကြည့်လိုက်ပြီး အယ်မာရဲ့ လက်တွေကိုဆုပ်ကိုင်ထားခဲ့တယ်။

“မြေး... မြေးမှာ စွမ်းအားတွေမရှိတော့ဘူးဆိုရင်တောင် အဖွားရဲ့မြေးပါပဲ။ မြေကျောင်းတော်ကို ပြန်လာခဲ့ပါလား။”

ဒါပေမဲ့ အယ်မာကတော့ ငြင်းဆန်ခဲ့ပြန်တယ်။ “အဖွား၊ သမီးမှာ သမီးလုပ်မှဖြစ်မယ့်ကိစ္စတွေရှိသေးတယ်။ ပြီးတော့ ကျောင်းတော်က တခြားလူတွေရဲ့အကြည့်တွေကို ကျွန်မရင်ဆိုင်ဖို့ သတ္တိမရှိသေးဘူး။ မြေးကြောင့် အဖွားကို သူတို့မလေးစားမှာမျိုးလည်း မဖြစ်စေချင်ဘူး။”

အယ်မာက မြေနတ်ဘုရားခန္ဓာကိုယ်ဆုံးရှုံးသွားပြီးနောက်မှာ ကျောင်းတော်အဖွဲ့ဝင်တွေရဲ့အထင်သေးခြင်းနဲ့ နှိမ့်ချ ဆက်ဆံခြင်းကို ခံစားခဲ့ရပုံပေါ်တယ်။ တစ်ချိန်က မြေမင်းသမီး ဖြစ်ခဲ့ပေမဲ့ပေါ့။

“အဖွားနားလည်ပါတယ်။ ဒါပေမဲ့ သမီးကိုယ်သမီးနဲ့ သမီးရဲ့ကလေးကို ဂရုစိုက်ဖို့ကတိပေးရမယ်။ အခုသမီးက တစ်ယောက်တည်းမဟုတ်တော့ဘူး။ ကြီးမြတ်တဲ့ အယ်ဒါဖြစ်လာမယ့် ကလေးရဲ့ရင်ခွင်ပိုက် စောင့်ရှောက်သူပဲ။”

အဖွားရီတာက ဒေါ်ရသီရဲ့လည်ပင်းက မြေကျောင်းတော်ရဲ့ ကမ္ဘာအူတိုင်လည်ဆွဲကို ဖြုတ်ယူလိုက်ပြီး အယ်မာရဲ့လည်တိုင်မှာ ဆွဲပေးလိုက်တယ်။

“မြေးရဲ့ကလေး အရွယ်ရောက်မလာခင်အထိ မြေးက ဒီလည်ဆွဲကိုသုံးပြီး သူ့ကိုကာကွယ်ပေးရလိမ့်မယ်။ ဒါက မိခင်တစ်ယောက် လုပ်သင့်တဲ့အရာပဲ။”

ကြည့်ရတာ ကျွန်မတို့ရဲ့အစိုးရအေးဂျင့်အမျိုးသမီးက အနာဂတ်မှာ ပိုပြီးအစွမ်းထက်လာတော့မယ့်ပုံပဲ။ သူဘယ်လောက် စွမ်းအားကြီးလာမလဲ ကျွန်မသိချင်လိုက်တာ။

All Chapters