အခန်း (၁၆)
Vol. 2 Ch. 16
အဲ့လိုပြောလိုက်တာကို အမျိုးသမီးယန်ကြားလိုက်တဲ့အခါ ဈေးဝယ်ထွက်ဖို့ကို သူမ ထပ်မစောင့်နိုင်အောင်ဖြစ်သွားသည်။ သူမ ခဏလောက် စဉ်းစားပြီးတော့မှ ပြောလိုက်သည်။ “ကောင်းပြီ။ အချိန်ကျရင် ဈေးပေါက်ဝမှာ ဆုံကြအောင်။ နင့်ပိုက်ဆံကို သေချာသိမ်းထားနော်။ အဝေးကြီးမသွားဘဲ ဘယ်အချိန်ရှိပြီလဲဆိုတာကို သိအောင်လုပ်”
ရှောင်းကောက အမျိုးသမီးယန်ပြောတဲ့အတိုင်း သေချာလုပ်ပါမယ်လို့ ကတိပေးလိုက်သည်။ အမျိုးသမီးယန်က သေချာတယ်ဆိုမှ စိတ်ချတော့မှ ထွက်သွားသည်။
ရှောင်းကော လျှောက်ပတ်ကြည့်ပြီးတော့ ဈေးတန်းဘက်ကိုလျှောက်သွားတဲ့ လူအုပ်ကြီးနောက်ကို လိုက်သွားသည်။ ဈေးပေါက်ဝမှာ ဆိုင်တွေအများကြီးနဲ့ မျိုးစေ့တွေကိုလည်း ရောင်းချနေကြသည်။ ဒါပေမဲ့ ရှောင်းကောက အဲ့ဒါတွေကို ဈေးကြီးတယ်ဆိုတာကို သိသည်။ သူမက ရှေ့ဆက်လျှောက် သွားတော့ ဈေးပွဲတော်ထဲမှာမှ ရောင်းချနေကြတဲ့ ဈေးတန်းလေးတွေကိုတွေ့သွားသည်။
ရှောင်းကောက အေးအေးဆေးဆေးပဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်၊ သေချာလိုက်ကြည့်ပြီး ဈေးဝယ်နေသည်။ သူမ မျိုးစေ့တွေရဲ့ အရည်အသွေးကို သေချာစစ်ကြည့်ပြီး ဆိုင်ပိုင်ရှင်တွေနဲ့ သူတို့ရဲ့ဖောက်သည်တွေပြောနေကြတာကိုလည်း နားထောင်နေသည်။ သေချာလေးသိပြီဆိုတော့မှ ရှောင်းကောက အဒေါ်ကြီးတစ်ယောက်ရဲ့ ဆိုင်လေးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
ရှောင်းကောက သူ့ရဲ့ရှေ့က မျိုးစေ့အထုပ်ကို ညွှန်ပြလိုက်သည်။ “အစ်မ၊ အဲ့ဒီ ခရမ်းသီးမျိုးစေ့တွေက ဘယ်လောက်လဲ?”
“မိန်းကလေး၊ မင်းက မင်းဝယ်မယ့်ပစ္စည်းကိုကောင်းကောင်းသိတာပဲ။ အဲ့ဒီမျိုးစေ့တွေက အရမ်းကောင်းတယ်။ သူတို့က တခြား ခရမ်းသီးမျိုးစေ့တွေနဲ့ မတူဘူး။ ကြည့်ပါဉီး။ မျိုးစေ့တွေက သိပ်သည်းပြီး ဝိုင်းနေတာပဲ။”
ရှောင်းကောက သူမလိုချင်တဲ့ မျိုးစေ့ကို ရှာရင်း နားထောင်နေသည်။ နောက်တော့၊ မျိုးစေ့ငါးဆယ်ကို ကြေးပြားတစ်ပြားပဲပေးစရာလိုတဲ့ မျိုးစေ့ထုပ် ခြောက်ထုပ်ကို ရွေးလိုက်သည်။ သူမ ရွေးလိုက်တဲ့မျိုးစေ့တွေက ကြက်သွန်မြိတ်၊ ခရမ်းသီး၊ အာလူး၊ ဂေါ်ဖီ၊ ပဲနဲ့ ခဝဲသီးတို့ဖြစ်သည်။
သူမ ပိုက်ဆံပေးပြီးတာနဲ့ ရှောင်းကောက တန်းမထွက်သွားသေးပေ။ သူမ မတော်တဆ ထောင့်နားက ပိတ်ထားတဲ့ အထုပ်ကို တွေ့လိုက်တော့ သိချင်စိတ်နဲ့ မေးလိုက်သည်။ “အဒေါ်၊ အဲ့အထုပ်ထဲက ဘာလဲ?”
ပိုင်ရှင်အဒေါ်က ရှောင်ကောပြတာကို ကြည့်ပြီးတော့ သက်ပြင်းချလိုက်မိသည်။ “အဲ့ဒါက အခုမှ အဒေါ်ရခဲ့တဲ့ ပြောင်းဖူးမျိုးစေ့အသစ်ပါ။ နိုင်ငံခြားသားတွေဆီက ဝယ်ထားတာလေ။ အစကတော့ အဲ့ဒါတွေကို ရောင်းရင် ပြောင်းဖူးအမျိုးအစား စုံအောင်လို့လေ၊ အခုတော့ အရင်းတောင် ရှုံးနေပြီ”
ရှောင်းကောက စိတ်ဝင်စားဟန်လုပ်လိုက်သည်။ “ဘာလို့ အဲ့လိုပြောရတာလဲ?”
“ငါက ဖောက်သည်တွေကို အဲ့မျိုးစေ့တွေ ရောင်းခဲ့တယ်လေ။ ဒါပေမဲ့ သူတို့ မျိုးစေ့စိုက်လိုက်တဲ့အခါ ပြောင်းဖူးချိုးမယ့်အခါမှာ အရမ်းသေးနေတယ်။ သူတို့ ချက်စားဖို့လုပ်တော့လည်း အဲ့ပြောင်းဖူးတွေက အိုးထဲထည့်ပြုတ်ပြီးတော့ မာသွားပြီး စားလို့မရဖြစ်သွားတယ်။”
ထို့နောက် သူမ ထပ်ပြီးသက်ပြင်းချပြန်သည်။ “မျိုးစေ့တွေ ဝယ်သွားတဲ့သူတွေက ဒီမျိုးစေ့တွေက စားလို့မရဘူးလို့ ပြောကြတယ်။ စိုက်တော့လည်း အလကားဖြစ်သွားမှာတဲ့။”
အဲ့လိုပြောပြီးတော့ အဒေါ်ကြီးက ရှောင်းကောကို လှည့်ကြည့်လိုက်သည်။ “ဒီလိုလုပ်ပါလား၊ မိန်းကလေး။ မင်းကို ငါ ဒီမျိုးစေ့တွေကို ဈေးနည်းနည်းနဲ့ရောင်းပေးမယ်။ မင်းက ဒီမျိုးစေ့တွေအတွက်ပဲ ပေးလေ။”
ရှောင်းကောက အဆင်မပြေချင်ယောင်ဆောင်ပေမဲ့ သူမရင်ထဲမှာတော့ အပျော်တွေပြည့်နေသည်။ သူမ အဲ့ဒီမျိုးစေ့အထုပ်ကို မျက်စိကျနေတာကြာပြီပင်။ လျှောက်ပတ်သွားနေပြီးတော့မှ အဒေါ်ကြီးတစ်ယောက်က ဒီအထုပ်ထဲကဟာကို ရောင်းဖို့လုပ်နေတာကို သူမတွေ့သွားသည်။ အထဲထဲက မျိုးစေ့တွေက ပြောင်းဖူးမာမျိုးပဲ။ အဲ့ဒါတွေကိုက ပေါက်ပေါက်ဆုပ်လုပ်စားဖို့ သုံးကြတာပင်။
ရှောင်းကော ဘာအမူအရာမှမပြတော့ ပိုင်ရှင်အဒေါ်က သူမ ပေါင်ကို ရိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူမက နာကျင်နေတဲ့မျက်နှာထားမျိုးနဲ့ ပြောလိုက်သည်။ “ကောင်းပြီ။ အကုန်လုံးကို ကြေးပြားတစ်ပြားနဲ့ မင်းကိုပေးလိုက်မယ်။” ကြေးပြားတစ်ပြားက ပုပ်နေတဲ့ မျိုးစေ့ထုပ်ထက်တော့ အများကြီးသာသည်။
ရှောင်းကောက သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရသည်။ သူမက ကြေးပြားကို လှမ်းမပေးခင်အထိ ခဏလောက် စဉ်းစားနေသည်။ ရှောင်းကော ပိုက်ဆံထုတ်ပေးတာကို မြင်တော့ အဒေါ်ကြီးက အတော်လေးစိတ်ပေါ့သွားသည်။ သူမ ပျော်ရွင်စွာ ပိုက်ဆံယူပြီး မျိုးစေ့တွေကို ပေးလိုက်သည်။ ရှောင်းကောက မျိုးစေ့ထုပ်ကိုယူပြီး ထွက်သွားခဲ့သည်။
မျိုးစေ့ထုပ်တွေကို သေချာလေးထားခဲ့ပြီးတော့ ရှောင်းကောက ဈေးဝယ်ဖို့ ဆက်ပြန်သည်။ ဒီပြောင်းဖူးကို ရိတ်သိမ်းပြီးတာနဲ့ အရသာမျိုးစုံ ပေါက်ပေါက်ဆုပ်ကို ရောင်းလို့ရပြီပင်။
ရှောင်းကော ဈေးဝယ်ပြီးသွားပြီဖြစ်သည်။ စောနေတာကိုသိပေမဲ့ ဘယ်မှသွားစရာမရှိတော့တဲ့အတွက် သူမ ဈေးပေါက်ဝကို သွားပြီး ဈေးထဲလျှောက်ပတ်ကြည့်နေပြန်သည်။
တစ်ယောက်ယောက် တရုတ်စကားကို လေသံတစ်မျိုးနဲ့ပြောနေတာကို ကြားတဲ့အခါ သူမ ဈေးပါက်ဝကို ရောက်တော့မည်ပင်။
ရှောင်းကော အသံလာရာကို ကြည့်လိုက်တော့ အဝတ်အစား နွမ်းဖတ်ဖတ်ဝတ်ထားတဲ့ နိုင်ငံခြားသားတစ်ယောက် မောင်းထုတ်ခံနေရတာကို တွေ့သွားသည်။ ဆိုင်ပိုင်ရှင်က သူ့ကို မောင်းထုတ်ပြီး ပြောလိုက်သည်။“သွားစမ်းပါ။ သွားလိုက်။ ဘယ်သူက မင်းရဲ့နွားတွေကို လိုချင်လို့လဲ။ သူတို့က အမြင့်စားနွားတွေလေ။ သူတို့ကို လယ်ကွင်းထဲမှာမှ သုံးလို့မရရင် ဘာလို့ဝယ်ရမှာလဲ?”
နိုင်ငံခြားသားက ဆောင့်ကြောင့်ထိုင်ပြီးတော့ ဆိုင်ပိုင်ရှင်ကို ပြောပြီး နွားလေးတွေကို သူ့လက်မောင်းနဲ့ကာပေးထားသည်။ “ကျွန်တော့်ကို ယုံပါ။ သူတို့ဆီက နွားနို့ရနိုင်တယ်။ ခင်ဗျားလည်း နွားနို့စားလို့ရတယ်လေ”
သူ ပြောပြီးပြီးချင်းပဲ တခြားလာကြည့်နေတဲ့သူတွေက ထရယ်ကြသည်။