← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

မှောင်နေတဲ့ရာသီဉတုကြောင့် ရွာထဲက တစ်ယောက်မှအပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲ နေနေကြသည်။ အဲ့ဒါက ရှောင်းကောအတွက် အခွင့်ကောင်းတစ်ခုဖြစ်သွားသည်။

ရှောင်းကော သူမ မနက်ခင်းတုန်းက မှတ်ထားခဲ့တဲ့အတိုင်း တောင်တက်လာပြီးတော့ ထောင်ချောက်တွေဆီကို ရောက်သွားသည်။ သူမ အဝေးမှ ထောင်ချောက်ထဲမှာ တစ်ခုခုလှုပ်ရှားနေတာကို တွေ့လိုက်ရသည်။ ရှောင်းကော အရမ်းပျော်သွားပြီး အမြန်ပြေးသွားသည်။

ကြက်ကြီးတစ်ကောင်က ထောင်ချောက်ထဲမှာ မိနေသည်။ အဲ့အချိန်မှာကြက်ကြီးက အသက်ကို ပြင်းပြင်းရှုရှိုက်နေရသည်။ အတောင်ပံတွေ မြေကြီးပေါ်မှာ ပြန့်ကျဲနေတာကို ကြည့်ရုံနဲ့ ဒီကြက်က ပိတ်မိနေတာ အတော်ကြာလောက်ပြီပင်။

ရှောင်းကော ခဏလောက် သေချာအောင် စစ်ဆေးနေသည်။

'ခရီးကောင်းလေးတစ်ခုဖြစ်ပါစေ၊ ချစ်စရာငှက်လေးရေ။ ငါ နင့်ကို ကောင်းကောင်းအရသာရှိအောင်လုပ်စားပါမယ်။ အေးအေးဆေးဆေး အနားယူတော့'

ခဏလောက်ကြာတော့ သူမ ကြက်ကို တစ်ချက်တည်းနဲ့ သတ်လိုက်သည်။

ရှောင်းကော သေသွားတဲ့ကြက်ကို ခြင်းတောင်းထဲထည့်ပြီး နောက်ထောင်ချောက်တစ်ခုဆီကို ဆက်သွားခဲ့သည်။ သူမ ရောက်တဲ့အခါ ထောင်ချောက်က အလွတ်ကြီးဖြစ်နေသည်။ သားကောင်တစ်ကောင်မှမရှိလို့ သူမ စိတ်ပျက်သွားသည်။ သူမအတွက်တော့ ကြက်တစ်ကောင်မိတာကိုတင် အတော်ကို အံ့အားသင့်စရာကောင်းနေပါပြီ။

ရှောင်းကော ထောင်ချောက်တွေ ပြန်သိမ်းပြီး တောင်အောက်ကို ဆင်းလာခဲ့သည်။ သူမ ရပ်ပြီး လမ်းတစ်လျှောက် လျှောက်လာကာ မြက်တွေရိတ်ရင်း တောင်တစ်ဝိုက်ကို သေချာသိအောင် လုပ်နေသည်။ သူမ မသိလိုက်ခင်မှာပဲ တခြားတောင်တစ်ခုရဲ့ တောင်ခြေကို သူမ ရောက်သွားသည်။

ခဏရပ်ပြီး ဘေးနားက သစ်ပင်ကြီးတွေကို ကြည့်လိုက်သည်။ အပင်ကြီးတွေကို သူမ ရင်းနှီးနေသည်။ သူမ သိသလောက်တော့ ဒီအပင်တွေက အုန်းပင်တွေဖြစ်ရမည်။ သူမ အံ့ဩသွားသည်။

မက်မွန်ပန်းရွာက ပင်လယ်နားမှာ ရှိတာလား?

အုန်းပင်တွေနဲ့ ကာရံထားတဲ့ တောအုပ်ကြီးကြောင့် သူမ ရှေ့ဆက်သွားရင် ပင်လယ်ရှိကိုရှိရမည်။

ရှောင်းကောက အပင်ပေါ်မှာ သီးနေတဲ့ အုန်းသီးများရှိမလားဆိုပြီး ကြည့်လိုက်သည်။ အပင်အများကြီးကို ကြည့်လိုက်ပြီးနောက် အပင်တစ်ပင်က အုန်းသီးနှစ်လုံးသီးနေတာကို သူမ တွေ့လိုက်သည်။ သူမ အဲ့အသီးတွေကို ဘယ်လိုရအောင် လုပ်ရမလဲဆိုတာ စဉ်းစားနေသည်။ အခု သူမမှာ ကြက်တစ်ကောင်လဲရပြီဖြစ်တဲ့အတွက် ကြက်သားအုန်းစွပ်ပြုတ် ချက်စားလို့ရသည်။

ရှောင်းကော အပင်ပေါ်က အုန်းသီးတွေ ထိုးချဖို့အတွက် ခိုင်ခိုင်ခန့်ခန့် တုတ်ချောင်းကို ရှာနေသည်။ ဒါပေမဲ့ သူမ စိတ်ကြိုက် တစ်ခုမှ မတွေ့ပေ။ ခဏလောက် လမ်းလျှောက်ပြီးနောက် သူမ အပင်ငယ်လေးတစ်ပင်ကို တွေ့လိုက်ရသည်။ အပင်ရဲ့ ပင်စည်က လူတစ်ယောက်ရဲ့လက်ကောက်ဝတ်လောက်တော့ ထူသည်။

သူမ ထပ်စဉ်းစားလိုက်ပြီးနောက် အဲ့အပင်ကို လှီးဖြတ်လိုက်ပြီး အုန်းပင်စီကို ပြန်သွားခဲ့သည်။ ကံကောင်းစွာနဲ့ သူမ ခုတ်ဖြတ်ခဲ့တဲ့ အပင်ငယ်လေးက အတော်ရှည်သည်။ အုန်းပင်ကလည်း နည်းနည်း ပုနေသည်။ သူမက အပင်အောက်ကို ခြင်းတောင်းချထားပြီး အပေါ်က အုန်းသီးတွေကို ထိုးချတော့သည်။ သူမ ထပ်ခါထပ်ခါလုပ်တော့မှ နောက်ဆုံး၌ အုန်းသီးနှစ်လုံးကို ထိုးချနိုင်တော့သည်။

ရှောင်းကော လမ်းတစ်လျှောက်မှတ်ခဲ့ဖို့လည်း မမေ့ဘဲ အကုန်လုံးကို သယ်ပြီး အိမ်ကို ပျော်ပျော်ပဲ ပြန်သွားသည်။

အုန်းသီးရဖို့ နည်းနည်းကြာသွားပေမယ့် ရှောင်းကောက နည်းနည်းမှ မပင်ပန်းနေပေ။ သူမ အိမ်ပြန်ရောက်တဲ့အခါ တော်တော်တောင်မှောင်နေပြီ။ သူမ အိမ်တံခါးနားကို ကပ်လာတော့ အိမ်ရှေ့မှာ ထိုင်နေတဲ့ သေးငယ်တဲ့အရာလေးကို တွေ့လိုက်ရသည်။ ရှောင်းကောအိမ်ကလွဲပြီး တခြားအိမ်တွေအကုန်လုံးက ဖယောင်းတိုင်တွေနဲ့ မီးထွန်းထားကြသည်။ အိမ်နားဝန်းကျင်အိမ်တွေက မီးရောင်က ပြတင်းပေါက်ကနေဝင်လာပြီး တံခါးနားက ကလေးပေါ်မှာ မီးရောင်လာကျနေတဲ့အတွက် သူက အထီးကျန်နေသလိုဖြစ်နေသည်။

အဝေးကိုကြည့်နေတဲ့ ကျွမ်းကျွမ်းက အဝေးကနေ လျှောက်လာတဲ့ အရိပ်အယောင်တစ်ခုကို မမြင်ခင်အထိ မျက်တောင်တစ်ချက်မခတ်ပေ။ သူက ပြေးသွားပြီး ရှောင်းကောကို တင်းနေအောင် ဖက်ထားသည်။ သူက စွန့်ပစ်ခံထားရတဲ့ တိရစ္ဆာန်လေးတစ်ကောင်လို ရှောင်းကောရဲ့ပေါင်ပေါ်ကို ခေါင်းထိုးဝင်နေသည်။

ကျွမ်းကျွမ်ဒီလောက် ခံစားရလိမ့်မယ်လို့ ရှောင်းကောမထင်ထားခဲ့ပေ။ ကောင်လေးရဲ့မျက်လုံးတွေက အနီရောင်သန်းနေသည်။ ဒါက သူမရဲ့အမှားပင်။ သူမသာ အုန်းသီးတွေရဖို့ မလုပ်ခဲ့ဘူးဆိုရင် သူမ ဒီလောက်နောက်ကျမှာမဟုတ်ချေ။ သူမ ထိုင်ချလိုက်ပြီး ကျွမ်းကျွမ်းကို မချီလိုက်သည်။ သုံးနှစ်သားအရွယ်ကလေးတစ်ယောက် သေးပြီး ပေါ့သေးသည်။ ကလေးကို မချီဖို့အတွက် အားတောင်အကုန်မသုံးလိုက်ရဘူး။

ရှောင်းကောက ကျွမ်းကျွမ်းကို အိမ်ထဲချီသွားပြီး သူမဝင်တာနဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ အဝါရောင်မီးရောင်လေးက တစ်အိမ်လုံးကို လင်းသွားစေသည်။

ရှောင်းကော သူ့ကို ဖြေသိမ့်ပေးတော့ ကျွမ်းကျွမ်းငိုတာ ရပ်သွားသည်။ တရှုံ့ရှုံ့ငိုနေရင်း သူက သူမကို သူဘာလို့ဒီလောက်ငိုတာလဲဆိုတာကို မပြောရဲပြောရဲနဲ့ ပြောလိုက်သည်။

ကောင်းကင်မှောင်မည်းလာလို့ သူ ငိုခဲ့တာဖြစ်နေသည်။ ရှောင်းကောက ခဏနေရင် ပြန်လာမယ်လို့ပြောသွားတာကို သူမှတ်မိနေသည်။ အချိန်အတော်ကြာပေမဲ့ သူမ ပြန်မလာပေ။

မှောင်နေပြီဖြစ်လို့ သူ့အမေတစ်ခုခုဖြစ်နေမလားဆိုပြီး ကျွမ်းကျွမ်းက စိတ်ပူနေသည်။ ဒါ့ကြောင့် သူက တံခါးနားမှာထိုင်ပြီး သူမကို စောင့်နေခဲ့တာဖြစ်သည်။ ဒါပေမဲ့ သူမက ပြန်မလာသေးတဲ့အတွက် သူငိုခဲ့သည်။ “မေမေက ငါ့ကိုဘယ်မှာမှ မထားခဲ့ဘူးဆိုတာကို သူမကတိပေးခဲ့တယ်မလား? မေမေ…ဝူးး…ဟူး”

All Chapters