အခန်း (၂၂)
Vol. 2 Ch. 22
ကျွမ်းကျွမ်းက သောက်ပြီး အရည်ရဲ့အရသာကို မြည်းကြည့်လိုက်သည်။ “အင်း.. ဒါက အရမ်းကို ချိုပြီး မွှေးတာပဲ။ ကောင်းလိုက်တာ။ သူက အရသာရှိတာသိပေမဲ့ သေချာမပြောပြတတ်ဘူး။”
ရှောင်ကောက အိုးထဲကို အုန်းရည်တွေ လောင်းထည့်လိုက်သည်။ သေချာလေးထိန်းပြီးတော့ အားနဲ့ ဓားမကိုလွှဲကာ အုန်းသီးခွဲလိုက်တော့ အုန်းသီးရဲ့အသားတွေ ပေါ်လာသည်။ ရှောင်ကောက အုန်းသီးဖတ်တွေကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “အဲ့ဒါက အုန်းသီးရဲ့အသားလေ။”
ရှောင်ကောက အုန်းသီးဖတ်လေးကို ကျွမ်းကျွမ်းအတွက် ပိုင်းပေးလိုက်သည်။ သူက စားကြည့်ပြီး “အင်း.. ကျွတ်ရွပြီး ချိုနေတာပဲ ”လို့ ပြောလိုက်သည်။
ပျော်နေတဲ့ ကောင်လေးကို ရှောင်းကော ကြည့်နေသည်။ “သားက ချိုတယ်လို့ပြောဖို့ပဲ သိတယ်။”
ကျွမ်းကျွမ်းက ရှက်သွားသလိုလေး သူ့အမေကို ကြည့်ပြီး ပြုံးလိုက်သည်။ ရှောင်းကောက သူထပ်စားဖို့ နောက်ထပ်တစ်ပိုင်း ပိုင်းပေးလိုက်သည်။ ပြီးတော့မှ အသားဖတ်တွေ အကုန်လုံးကိုခွာကာ မြေအိုးကြီးထဲကို ထည့်လိုက်သည်။ တခြားအုန်းသီးတွေကိုလည်း သူမ အဲ့လိုလုပ်လိုက်တော့ အမြန်ပြီးသွားသည်။ ရေနဲ့ ဆားအနည်းငယ်ကို အုန်းသီးဖတ်တွေ ထည့်ထားတဲ့ အိုးထဲကို ထည့်လိုက်သည်။ ပြီးတော့ ရောမွှေပြီး မီးဖိုပေါ်ကို ဆူအောင်တည်ထားလိုက်သည်။
အိုးပေါ်မှာနှပ်ထားပြီးတော့ ရှောင်းကောက ငါးဖယ်လုံးလုပ်ဖို့ စလိုက်သည်။ ငါးဖယ်လုံး လုပ်ရတာက လွယ်သလိုလိုနဲ့ ခက်သည်။ အခက်ဆုံးပိုင်းကတော့ မွှေရတဲ့အပိုင်းပဲ၊ ဘာလို့လဲဆို ငါးအနှစ်တွေက သေချာအားနဲ့ မွှေပေးဖို့ လိုအပ်လို့ပင်။
သူမ ဖမ်းလာတဲ့ ငါးက ငါးကြင်းဖြစ်လို့ ဖယ်ထုတ်စရာ အရိုးအများကြီးမရှိပေ။ အရိုးထွင်ပြီးနောက် သူမ ငါးအရေခွံကို ဖယ်ကာ အတုံးတစ်တစ်လေးတွေဖြစ်အောင်လှီးလိုက်သည်။ ပြီးတော့မှ တုံးပြီးသားငါးတွေကို ဓားတုံးတဲ့ဖက်နဲ့ နုတ်နုတ်လေးစဉ်းလိုက်သည်။ ငါးအသားကို ကိုင်ပြီးသွားတော့မှ ဇလုံထဲမှာ ရေအေးတွေနဲ့ ရောမွှေလိုက်သည်။ ရေကို ထည့်သင့်သလောက်ပဲထည့်လိုက်ကာ အိုးထဲကို ရေဖြည့်ရင်းပဲ မရပ်မနား တစ်ဖက်တည်းကနေပဲ မွှေရသည်။ ရေကို သုံးကြိမ်လောက်ထပ်ထည့်နေပြီးတော့မှ ငါးအသားက တဖြေးဖြေးနဲ့ နူးညံ့လာသည်။ ရှောင်းကောက ကြက်ဥအကာနဲ့ အရသာအတွက် ဆားကို ထည့်လိုက်သည်။
အဲ့အချိန်မှာပဲ ရှောင်းကောက တခြားရေအိုးတစ်လုံးကိုလည်း အပူပေးထားပြီးပြီပင်။ ရေဆူလာတာနဲ့ ရှောင်းကောက ငါးအသားနှစ်လေးတွေကို တစ်ကော်ချင်းကော်ပြီး ထည့်လိုက်သည်။ ရေဆူအိုးထဲမှာ ငါးဖယ်လုံးလေးတွေကျက်အောင် လုပ်နေတဲ့အခါ ရှောင်းကောဆီမှာ ငါးအသားနှစ်တစ်ဝက်လောက် ကျန်သေးသည်။ သူမက မနက်ခင်းက အသားကျန်တွေနဲ့ ငါးဖယ်လုံးတွေကို ပြန်ရောပြီး ငါးဆုပ်လေးတွေ စုပ်ထားသည်။
ငါးဖယ်လုံးတွေကို ရေမဆူလာခင် ချဖို့လိုသည်။ သူတို့ ရေပေါ်မှာ ပေါ်လာတော့မှ ရှောင်းကောက ရေအေးတွေထည့်ထားတဲ့ ဇလုံထဲကို ကျက်ပြီးသား ငါးဖယ်လုံးတွေကို ထည့်လိုက်သည်။ အဲ့လိုလုပ်ရင် ငါးဖယ်လုံးတွေက ပိုနူးညံ့ပြီး အသားလေးတွေလည်း မထုံဘဲ မာမာလေးဖြစ်နေမည်ပင်။ ရှောင်ကောက ငါးဖယ်လုံးတစ်လုံးကို စားပွဲကိုပစ်တင်လိုက်သည်။ စားပွဲပေါ်ကနေ ခုန်ထွက်လာတဲ့ ငါးဖယ်လုံးကိုကြည့်ပြီး ရှောင်းကောက ဒီငါးဖယ်လုံးက တကယ်ကို ကောင်းတယ်ဆိုတာ သိသည်။
ရှောင်းကောက ဟော့ပေါ့အတွက် ဟင်းသီးဟင်းရွက်တွေများရှိမလားဆိုပြီး ခြင်းတောင်းထဲမှာ ရှာနေသည်။ သူမ ဂေါ်ဖီတွေ ရှိနေသေးတယ်ဆိုတာကို သတိရသွားသည်။ သူမ သေချာရှာလိုက်တော့မှ ဂေါ်ဖီအသေးလေးနှစ်လုံး၊ ဆလပ်ရွက်တစ်ထုပ်နဲ့ ဆလပ်ရွက်နောက်တစ်မျိုးဖြစ်တဲ့ အင်ဒိုက်တွေကို တွေ့သွားသည်။
ရှောင်းကောက အဲ့ဒါတွေကို သေချာသန့်စင်ပြီး ပန်းကန်ပေါ်တင်ထားသည်။ အဲ့အချိန်မှာပဲ အုန်းကြက်သားရဲ့အနံ့လေးက မွှေးကြိုင်လာသည်။ ရှောင်းကော အိုးအဖုံးကို လှပ်လိုက်သည်။ ကြက်ကောင်က ကြီးတော့ ကြက်သားရဲ့အဆီတွေက နို့စွပ်ပြုတ်ရည်ပေါ်မှာ ဆီပြန်နေသည်။ ဒါကတော့ ကြက်သားနဲ့ အုန်းသီးနဲ့ ပေါင်းစပ်ထားတဲ့ တကယ်ကိုကောင်းမွန်တဲ့ အရသာပေါင်းစပ်မှုပင်။
စွပ်ပြုတ်ကို လေးနာရီလောက် ပြုတ်ထားရသည်။ ရှောင်းကောက အိုးတစ်လုံးနဲ့ မီးဖိုအသေးကို ထမင်းစားပွဲဆီ ယူလာခဲ့သည်။ ကျွမ်းကျွမ်းက ခုံမှာဝင်ထိုင်နေနှင့်ပြီးပြီ။ အုန်းကြက်သားရဲ့အနံ့ကြောင့် သူက ပန်းကန်လုံးနဲ့ တူတွေကို ယူထားရင်း အလုပ်ရှုပ်နေသည်။ ရှောင်းကော ငါးဖယ်လုံးတွေနဲ့ အသီးအရွက်တွေကို စားပွဲပေါ်တင်လိုက်တာနဲ့ ကျွမ်းကျွမ်းက အိုးထဲကို ဝင်သွားတော့မလို ငုံ့ကြည့်နေသည်။
“ကောင်းပြီ၊ စားရအောင်။”လို့ ရှောင်းကောက ပြောလိုက်သည်။ သူမက ကျွမ်းကျွမ်းကို မစတော့ဘဲ စစားဖို့ အချက်ပြလိုက်သည်။
သူမက ကျွမ်းကျွမ်း အပူလောင်မှာကြောက်လို့ စွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ထားပေးပြီး အေးအောင်ဘေးနား ချထားသည်။ သူမက ကြက်ခြေထောက်ကို ယူပြီးတော့ ကျွမ်းကျွမ်းဖို့ ပန်းကန်ပေါ်တင်ပေးလိုက်သည်။
ကြက်ခြေထောက်ကို ကြည့်ပြီးတော့ ကျွမ်းကျွမ်းက တန်းစားချင်ပေမယ့် မှုတ်ပြီးမှ ဖြေးဖြေးစားရမယ်လို့ သူ့အမေပြောတာကို မှတ်ထားသည်။ ဒါ့ကြောင့် ကျွမ်းကျွမ်းက ကြက်ခြေထောက်ကို တူနဲ့ ညှပ်လိုက်ပြီး ဖြေးဖြေးချင်းမှုတ်နေသည်။
ရှောင်းကော စွပ်ပြုတ်ရည်ကို သောက်ကြည့်လိုက်သည်။ သူမက တကယ်ကို ကြည်နူးမိသွားကာ သက်ပြင်းချလိုက်သည်။ ဒီလိုအေးတဲ့နေ့မှာ စွပ်ပြုတ်ပူပူလေးသောက်ပြီး ကိုယ်ကိုနွေးအောင် လုပ်သင့်တာ အကောင်းဆုံးပဲ။ သူမက အတော်လေးကို ကြည်နူးပီတိဖြစ်မိနေသည်။
ကြက်သားက ချက်ရတာမလွယ်ကူဘူး။ အဲ့ဒါကို အကြာကြီးနှပ်ထားရင်လည်း အသားက မာတောင်တတ်ပြီး ချက်တဲ့အချိန် နည်းရင်လည်း စားဖို့မလွယ်ဘူး။ ရှောင်းကောကတော့ သေချာကွက်တိ အချိန်ကျအောင် ချက်နိုင်သည်။ သူမ ပါးစပ်ထဲကို အသားထည့်လိုက်တာနဲ့ အသားက ပါးစပ်ထဲမှာ ပျော်ဝင်သွားသည်။ အသားက အရမ်းကို နူးညံ့နေသည်။
ရှောင်းကောက ကျွမ်းကျွမ်းကို အသားတွေထည့်ပေးပြီးတော့ ငါးဖယ်လုံးတွေကို ဟော့ပေါ့ထဲ ထည့်လိုက်သည်။ ငါးဖယ်လုံးတွေ ကျက်တာနဲ့ သုံးမိနစ်လေးမိနစ်လောက်တော့ အအေးခံလိုက်သည်။ ပြီးတော့မှ ရှောင်းကောက ငါးဖယ်လုံးကို ကျွမ်းကျွမ်းထဲ ထည့်ပေးလိုက်သည်။
ကျွမ်းကျွမ်းက ငါးဖယ်လုံးရဲ့အရသာကို အရမ်းသိချင်နေသည်။ ငါးဖယ်လုံးက စားရတာ ကောင်းပြီး မောကျောကျော အလုံးလေးဖြစ်နေသည်။ ငါးရဲ့အရသာကို တစ်ခါကိုက်စားလိုက်တိုင်း သူ ခံစားမိသည်။ အဲ့ဒါက အရမ်းကို အရသာရှိသည်။ ကျွမ်းကျွမ်းက နောက်ထပ်ထပ်တောင်းလိုက်သည်။ ရှောင်းကော သူ့ကို နောက်တစ်ပန်းကန် ပေးလိုက်သည်။ သူ ငါးဖယ်လုံးကို ကိုက်လိုက်တိုင်း အထဲထဲက အသားရည်လေးတွေက သူ့ပါးစပ်ထဲမှာ ပြည့်နေသည်။ ကျွမ်းကျွမ်းက တအားကို အံ့ဩနေသည်။ “ဒီထဲမှာ တစ်ခုခုရှိတယ်နော်။”
ရှောင်ကောက ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ “ဝက်သားနဲ့ လုံးထားတဲ့ ငါးဖယ်လုံးလေ။”
ကျွမ်းကျွမ်းက တအားကို ပျော်နေသည်။ ဒီလောက်စားကောင်းတဲ့ဟာကို သူဘယ်တုန်းကမှ မစားဖူးဘူး။ သူ့အမေချက်တဲ့ အရာတိုင်းက အရသာရှိပြီး ကောင်းနေတာလည်း ဖြစ်နိုင်သည်။
ကျွမ်းကျွမ်း ပျော်ပျော်ကြီးစားနေတာကို မြင်တော့ ရှောင်းကော လုပ်ရကျိုးနပ်သလို ခံစားနေရသည်။ သူမလည်း အဲ့ကောင်လေးနဲ့ အတူအများကြီး စားမိနေသည်။ ရှောင်းကောက ကျွမ်းကျွမ်းကို အသားတွေချည်းမဟုတ်ဘဲ အသီးအရွက်ပါစားဖို့ သတိပေးနေသည်။
ကျွမ်းကျွမ်းကလည်း အစားချီးမများဘဲ သူ့အမေ ပေးသမျှကို စားလိုက်သည်။ ပြီးတော့ သူတို့နှစ်ယောက် ကြက်သားတစ်အိုးလုံးနဲ့ ငါးဖယ်လုံးတွေအကုန်စားလိုက်ကြသည်။ ပြီးတော့မှ “ဂေ့”ဆိုပြီး လေချဉ်တက်လိုက်ကြသည်။