← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

စားလို့ဝသွားတာနဲ့ ကျွမ်းကျွမ်းက ဗိုက်ပွင့်တော့မတတ် ပြည့်နေသည်။ ရှောင်းကောက စိုးရိမ်တဲ့အတွက် ကျွမ်းကျွမ်းကို အစာကြေအောင် အိမ်ကို ပတ်ပြီး ပြေးခိုင်းလိုက်သည်။

နွားနှစ်ကောင်ကလည်း ကောင်းကောင်းကြီးထွားနေသည်။ အဲ့အချိန်မှာ သူတို့က မြက်စားနေကြပြီးဖြစ်သည်။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းက အခန်းထဲက နွားလေးတွေနဲ့ ခဏလောက် ကစားနေကြသည်။ သူတို့ထွက်လာတဲ့ထိ မိုးက မတိတ်သေးပေ။ အဝေးက အသီးအရွက်ခင်းကို ကြည့်လိုက်တော့ မြေကြီးထဲမှာ အစေ့တွေကို သေချာနက်အောင် ထည့်ထားတဲ့အတွက် မိုးရေနဲ့ မမျောသွားတာကြောင့် သူတို့ပျော်နေသည်။

အဲ့လိုကစားပြီးသွားတော့ ကျွမ်းကျွမ်းရဲ့ ဗိုက်ထဲက အစာတွေလည်း ကြေပြီးသွားလောက်ပြီပင်။ အားပါးတရ စားပြီးသွားတော့ သူအိပ်ချင်လာသည်။ ကျွမ်းကျွမ်းက ရှောင်းကောကို မှီနေရင်းနဲ့ အိပ်ငိုက်နေသည်။ ဒါပေမဲ့ သူ့အမေပြောပြတဲ့ပုံပြင်ကို နားထောင်ချင်တာကြောင့် အိပ်ချင်တာကို ထိန်းထားသည်။ သူနားထောင်လေလေ၊ အိပ်ချင်လာလေလေ ဖြစ်နေသည်။ နောက်ဆုံးတော့ မျက်စိတွေမှေးလာပြီး အိပ်ပျော်သွားသည်။

ရှောင်းကောက ပုံပြင်ပြောတာရပ်ြီး ကျွမ်းကျွမ်းကို အိပ်ရာဆီမချီသွားသသည်။ သူမက တခြားဖက်က ကျွမ်းကျွမ်းဘေးနားမှာ ဝင်အိပ်လိုက်သည်။ ခဏလောက်ကြာတော့ သူမလည်း အိပ်ပျော်သွားသည်။ သူမက မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရတဲ့အပြင် ဒီနေ့မနက် မနားတမ်းလုပ်နေတာကြောင့် ပင်ပန်းနေသည်။ မိုးသံလေးကို အိပ်ရာထဲက နားထောင်လိုက်တော့ အမြန်ပဲ အိပ်ပျော်သွားသည်။

ပြတင်းပေါက်ပြင်ဘက်က မိုးကရွာနေတုန်းပင်။ တံငါရွာရဲ့ အိမ်လေးတစ်အိမ်မှာတော့ အိပ်ရာထဲမှာ အိပ်နေတဲ့ လူကို ရပ်ကြည့်နေတဲ့ လူတစ်ယောက်ရှိသည်။ တံခါးခေါက်သံကြောင့် ရပ်နေတဲ့လူက လန့်သွားကာ စိုးရိပ်တဲ့မျက်လုံးတွေနဲ့ တံခါးဆီကို ရောက်သွားသည်။

“အစ်ကိုလီ၊ ကျွန်မပါ။ အနာဖတ်ကို အသစ်လဲပေးမလို့ပါ။”မိန်းကလေးတစ်ယောက်ရဲ့အသံ တံခါးတစ်ဖက်ကနေ ထွက်လာခဲ့သည်။

လီရှို့ကျီက သူ့လက်ထဲက ဓားကိုချပြီး တံခါးဖွင့်လိုက်သည်။ “ဝင်ခဲ့ပါ။ မိန်းကလေး ယွီ။”

ယွီကျစ်ကျစ်က ရှက်ပြုံးပြုံးပြီးတော့ လီကိုကျော်ပြီးတော့ အိမ်ထဲဝင်သွားသည်။ သူမ အိပ်နေတဲ့ ယောကျာ်းကိုကြည့်လိုက်တော့ သူမနှလုံးတွေခုန်လာပြန်သည်။ သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်လို့မရ ဖြစ်နေသည်။ သူမ မျက်လုံးတွေမှာ မြတ်နိုးကြင်နာစိတ်တွေရှိနေတာက ရှင်းလင်းပြီးသိသာနေသလို၊ သူမက အိပ်နေတဲ့ယောကျာ်းကို တပ်မက်ကြီးစွာနဲ့ ကြည့်နေသည်။

လီရှို့ကျီက “အဟမ်း”လို့ ချောင်းဟန့်လိုက်သည်။

ယွီကျစ်ကျစ်လည်း အသိပြန်ဝင်လာပြီး သူမလက်ထဲက လင်ဗန်းကို တင်းကျပ်စွာကိုင်ထားလိုက်သည်။ သူမက အိပ်ရာနားကိုသွားပြီးတော့ ဖြေးဖြေးချင်း အနာမှာကပ် ထားတဲ့ ဝါဂွမ်းစို့လေးကို ဖယ်လိုက်သည်။ သွေးတွေနဲ့‌ပေကျံနေတာကို ဖယ်ပေးပြီးတော့ ဆေးထည့်ထားတဲ့ အသစ်ဝါဂွမ်းစို့လေးကို အသာလေး ထပ်ကပ်ပေးလိုက်သည်။ သူမ သေချာလေး အနာကို သန့်စင်ပြီး ဆေးလည်း သေချာထည့်ပေးပြီးသွားပြီ။ ယွီကျစ်ကျစ်က လမ်းလျှောက်တာကို သေချာလေး ဖြေးဖြေးနဲ့ နှေးနှေးလေးလျှောက်နေသည်။ အဲ့လိုမှသာ အိပ်ရာပေါ်က လူကို သူမ သေချာကြည့်လို့ရမှာပင်။

ယွီကျစ်ကျစ်ရဲ့ အကြည့်တွေပြင်းထန်တာကြောင့် သတိမေ့နေတဲ့လူက သူ့လက်တွေလှုပ်လာပြီး တစ်ခုခုကို အော်လိုက်သည်။ လီရှို့ကျီက အဲ့လူရဲ့ ပြောသံကိုကြားတော့ အမြန်လျှောက်သွားပြီး သူပြောတာကို သေချာနားထောင်နေသည်။

“မေမေ၊ ရှောင်ကော… မေမေ…” ထိုလူက လုံးဝသတိမရသေးပေ။ သူ အိပ်မက်ဆိုးမက်နေတာ ဖြစ်နိုင်သည်။ နည်းနည်းလောက်ပြောပြီးတာနဲ့ အရင်အတိုင်းပြန်ဖြစ်သွားသည်။

ယွီကျစ်ကျစ်က သူနဲ့နီးနီးလေးနေနေပေမဲ့ သူ ပြောတာတွေကို နားမလည်ပေ။ ဒါပေမဲ့ သူမ ဘေးနားရပ်နေတဲ့ လီရှို့ကျီကတော့ အကုန်လုံးကို ကြားလိုက်သည်။ သူသက်ပြင်းချလိုက်သည်။

‘ အမြဲတမ်း ဒီလူနှစ်ယောက်အကြောင်းပဲ။ ဘာကိစ္စများရှိထားလို့လဲ? လူကြီမင်း ကျန်း’လီရှို့ကျီက သူ့ဘာသာသူတွေးနေမိသည်။

ရှောင်းကောက နေ့ခင်းအထိ ကျွမ်းကျွမ်းနဲ့ အိပ်နေသည်။ နိုးလာတာနဲ့ နှစ်ယောက်လုံးတစ်ချိန်တည်း ကိုယ်လက်ဆန့်လိုက်ပြီး မျက်နှာအနေအထား၊ လုပ်တာတွေကလည်း တစ်ပုံစံတည်းကို ဖြစ်နေသည်။ ရှောင်းကောက သန်းလိုက်ပြီးတော့ သူမရဲ့ ဘာမှမလိုအပ်သလိုဖြစ်နေတဲ့ ဘဝကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ နေ့တိုင်း သူတို့က စားပြီးအိပ်၊ အိပ်ပြီးစားလုပ်နေရသည်။

နိုးလာတော့ ရှောင်းကောက ညစာချက်ဖို့ ပြင်လိုက်သည်။ ရှောင်းကောအတွက် စားတာနဲ့ အိပ်တာပဲ လုပ်နေရတဲ့ ဒီဘဝက ပျော်စရာတော့ ကောင်းသည်။

အိပ်ရာကထပြီးတော့ ရှောင်းကော မီးဖိုချောင်ဆီကို သွားသည်။ သူမက နေ့လယ်တုန်းကကျန်တဲ့ ကြက်သားအကျန်တွေနဲ့ ခေါက်ဆွဲလုပ်လိုက်သည်။ ရှောင်ကောနဲ့ ကျွမ်းကျွမ်းက ခေါက်ဆွဲကြီးတစ်ပန်ကန်စီကို စားလိုက်ကြသည်။ သူတို့အဲ့နေညက အိပ်ရာဝင်တော့ ကျွမ်းကျွမ်းက ရှောင်းကောကို ပုံပြောဖို့ ချွဲပြီးပြောနေသည်။

ကျွမ်းကျွမ်းက သုံးနှစ်ပဲရှိသည်။ သူ့ကို ခေတ်သစ်တစ်ခုကြီးထဲ ရောက်သွားသလို ပြောပြီး ပျော်အောင်လုပ်ဖို့ အသင့်တော်ဆုံးအရွယ်ပင်။ “ဒါဆို မေမေက သားကို မိုးရွာတာ တိတ်သွားရင် လူသုံးယောက်နဲ့ ပင့်ကူတစ်ကောင်အကြောင်း ပြောပြမယ်။”

ကျွမ်းကျွမ်းက ရှောင်းကောပေါ်ကို လှိမ့်တက်လာပြီးတော့ သူမကို သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေသည်။ ရှောင်းကောက ပြုံးပြီး စပြောတော့သည်။

“မိုးရွာပြီးတော့ ပင့်ကူတစ်ကောင်က မိုးကြောင့် နံရံပေါ်မှာ ပျက်သွားတဲ့ သူ့ရဲ့ ပင့်ကူအိမ်ဆီကို ခက်ခက်ခဲခဲနဲ့ ဝပ်တွားပြီး သွားနေတာ။ နံရံကလည်း စိုနေတော့ ပင့်ကူကြီး နည်းနည်းအမြင့်ကို ရောက်လာတာနဲ့ ချောကျသွားပြီး ပင့်ကူက တစ်ခါပြီးတစ်ခါ ကြိုးစားတယ်။

ပထမ လူက အဲ့ဒါကို မြင်သွားတယ်။ သူက သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်တယ်။ ‘ငါ့ဘဝကလည်း ပင့်ကူလိုပဲ မဟုတ်လား? အလုပ်ရှုပ်ပေမယ့် ဘာမှအလုပ်မတွင်ဘူး။’ သူက အရမ်းကို စိတ်ဓာတ်ကျနေခဲ့တယ်။

ဒုတိယ တစ်ယောက်ကလည်း အဲ့ဒါကိုမြင်ပြီး ‘ဒီပင့်ကူက အရမ်းတုံးအတာပဲ၊ ဘာလို့ လှည့်ပတ်ပြီးတော့မှ ခြောက်တဲ့နံရံပေါ်ကနေ သွားတာမဟုတ်ဘူး။ ငါတော့ နောက်ကျ ပင့်ကူလို့ အသိဉာဏ်မရှိလို့မရဘူး။’လို့ သူ့ဘာသာသူ ပြောခဲ့တယ်။ ဒါ့ကြောင့် သူအသိပိုရှိလာတယ်။

တတိယတစ်ယောက်က ပင့်ကူကိုမြင်တော့ ပင့်ကူရဲ့ ဇွဲရှိမှုကို တအားလေးစားသွားတယ်။ ဒါ့ကြောင့် သူက ပိုပြီးသန်မာလာတယ်။”

ကျွမ်းကျွမ်း သေချာနားလည်နိုင်အောင် ရှောင်းကောက ပုံပြင်ကို အသေးစိတ်ပြောပြနေသည်။ ရှောင်ကောက အသံကြမ်းကြမ်းကြီးနဲ့ တစ်ခါတလေ ပြောသလို နောက်တစ်ခါကျတော့လည်း အသံကို မြှင့်ပြီးပြောသည်။ သူမပြောတာနားထောင်ရတာ ပျော်စရာကောင်းသည်။

ကျွမ်းကျွမ်း ရယ်လိုက်တော့ ရှောင်းကောက “ဒီပုံပြင်ကနေ သားကို အမေပြောချင်တာကို သားနားလည်လိုက်လား?”လို့ မေးလိုက်သည်။

ကျွမ်းကျွမ်းက နားမလည်ပေ။ ဘာနားလည်ရမှာလဲ? သူ့အမေပြောပြတာက ပြောစရာကောင်းတယ်လို့ပဲ သူသိသည်။ သေချာလေး စဉ်းစားပြီးတော့မှ သူက “သားတို့က ပထမလူလို အရာရာကိုကြည့်ပြီး မပျော်ရွှင်သလို မဖြစ်သင့်ဘူး။”လို့ စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ကျွမ်းကျွမ်းက ကျောင်းမတက်ဖူးတော့ အားလုံးကို ရိုးရိုးလေးပဲ ရှင်းပြတတ်သည်။ သူက သူ့အတွေးတွေကိုတောင် သေချာမမှတ်မိနိုင်ပေ။

သူမ ပြောချင်တာကို ကျွမ်းကျွမ်း နည်းနည်းလေးသဘောပေါက်လို့ ရှောင်းကော ပျော်နေသည်။ သူမက ခေါင်းလေးငုံ့ပြီး သူ့ပါးလေးကို နမ်းလိုက်သည်။ “မှန်တာပေါ့။ လူတိုင်းမှာ သူ့ရဲ့ အထင်အမြင်ဆိုတာ ကိုယ်ဆီရှိကြတယ်။ အဆိုးမြင်သမားတွေက အဆိုးဘက်ကနေတွေးပေမဲ့ အကောင်းဘက်က တွေးတတ်တဲ့သူတွေကတော့ နောက်ထပ်အတွေးအမြင်တစ်ခုကိုပါ ရှာကြံတွေးတတ်ကြတယ်။”

ကျွမ်းကျွမ်း နားမလည်တာကို သိတော့ ရှောင်းကောက ရိုးရိုးလေးရှင်းပြလိုက်သည်။ “ဒီပုံပြင်က အမေတို့ဘဝမှာ အကောင်းမြင်ဖို့လိုပြီး အခက်အခဲတွေကြုံလာရင်တောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိရမယ်ဆိုပြီး ပြောထားတာ။ ဒီလိုနည်းနဲ့ ဘဝမှာ ပျော်ရွင်မှုတင်မဟုတ်ဘဲ အောင်မြင်မှုရနိုင်သေးတယ်။”

All Chapters