အခန်း (၂၄)
Vol. 2 Ch. 24
ကျွမ်းကျွမ်းက သေချာနားထောင်ပြီး ခေါင်းညိတ်လိုက်သည်။ “မေမေ၊ သားနားလည်ပြီ။”
မိုးက သုံးရက်ကြာအောင် ဆက်တိုင်း သည်းကြီးမဲကြီးရွာနေခဲ့သည်။ ကံကောင်းစွာဖြင့် ရှောင်းကော အရင်တစ်ခါတည်းက မြက်တွေဖြတ်ထားခဲ့လို့ပင်။ အဲ့လိုမှမဟုတ်ရင် နွားလေးတွေကို အခုထိ မြက်ကျွေးနိုင်မှာမဟုတ်ပေ။
မနက်လင်းလာပြီ။ မိုးသည်းထန်စွာရွာပြီး လေညှင်းလေးက မြေသင်းနံ့လေးကို သယ်ဆောင်လာသည်။ အသက်ရှုလိုက်တာကိုက spa(စပါး)သွားနေရသလို ခံစားရစေသည်။ ကြည်လင်ပြီး အေးမြတဲ့လေက လူတစ်ယောက်ရဲ့စိတ်ကို ပေါ့ပါးလန်းဆန်းစေသည်။ မုန်တိုင်းပြီးတော့ ကောင်ကင်ကြီးလည်း သာယာကြည်လင်နေသည်။
ရာသီဉတုကြောင့် အိမ်ထဲမှာပဲ နေနေကြတဲ့ ရွာသားတွေလည်း ရွာဝင်ပေါက်မှာ စကားစမြည်ပြောဖို့ စုနေကြသည်။ ကလေးတွေလည်း အပြင်ထွက်ပြီး ပြေးဆော့လို့ရပြီပင်။ ကျွမ်းကျွမ်းနဲ့ ရှောင်းကော မနက်စာစားပြီးတော့ အိမ်ကနေထွက်လာကြသည်။ သူတို့လက်ထဲမှာလည်း နွားလေးတွေပါ ပါလာသည်။ ကျွမ်းကျွမ်းဆွဲလာတဲ့ နွားထီးကိုတော့ မည်းနက်ကြီးလို့ခေါ်ပြီး ရှောင်းကောဆွဲလာတဲ့ နွားမကိုတော့ ဖြူသေးလေးလို့ ခေါ်သည်။
အစတုန်းက ကျွမ်းကျွမ်းက နွားတွေကို ရှောင်းဟူနဲ့ ရှောင်းဟွာဆိုပြီး ပေးထားသည်။ ဒါပေမဲ့ ယန်အမျိုးသမီးကြားရင်မကောင်းဘူးဆိုပြီး မည်းနက်နဲ့ ဖြူသေးဆိုပြီး ပြောင်းလိုက်သည်။ မည်းနက်ကြီးလောက် အနက်ရောင်ကွက်တွေများတာမရှိနိုင်သလို ဖြူသေးလေးလို ဖြူရောင်အကွက်တွေ အများကြီးလည်း ရှိနိုင်မှာမဟုတ်ပေ။
သူတို့နှစ်ယောက်က တောင်ပေါ်ကို မတက်သွားကြပေ။ အဲ့အစား၊ သူတို့က တခြားဘက် မြစ်ဆီကိုသွားကြသည်။ သူတို့ ရွာပေါက်ကို ကျော်တာနဲ့ ရွာသားတစ်ယောက်က ရှောင်းကောကို အော်ခေါ်နေခဲ့သည်။ “ကျန်းအမျိုးသမီး၊ ကျန်းအမျိုးသမီး”
ရှောင်းကော သူမကို ခေါ်တာကို ကြားလိုက်ရသည်။ အသံဘယ်ကလာလဲဆိုတာကို သိဖို့ သူမ ခဏရပ်လိုက်သည်။ လှမ်းခေါ်တာကတော့ နီရောင်သွေးတဲ့ အစပါးလေးနဲ့ ချုပ်ထားတဲ့ အင်္ကျီရှည်ကြီးကို ဝတ်ထားတဲ့ အမျိုးသမီးပင်။ သူမရဲ့မျက်နှာလေးက သေးပြီးတော့ မေးလေးချွန်သည်။ သူမရဲ့ မျက်နှာက ပိန်တဲ့ပုံပေါ်ပေမဲ့ ခန္ဓာကိုယ်ကတော့ ဝဝဖြိုးဖြိုးလေးဖြစ်သည်။
ရှောင်းကောက သူမနာမည်ကို မှတ်မိသွားသည်။ သူမ နာမည်က လီကျောက်ဒီ ဖြစ်သည်။ သူမက ရှောင်းကောနဲ့ တစ်နှစ်တည်းမှာပဲ မက်မွန်ပန်းရွာသားနဲ့ လက်ထပ်ခဲ့သည်။ ရွာပေါက်က အမျိုးသမီးတွေက လီကျောက်ဒီခေါ်တာကို ကြားတော့ ရှောင်းကော ရှိရာဘက်ကို လှည့်ကြည့်ကြပြီး စကာ တီးတိုးပြောနေကြသည်။
ရှောင်းကောက ရှေ့ကို ဆက်မသွားပေ။ သူမ ရပ်နေတဲ့နေရာမှာပဲနေပြီး လမ်းဆက်မလျှောက်ခင် နှုတ်ဆက်လိုက်သည်။ သူမက အဲ့ဒီဘက်ကို မသွားပေ။ သူမ အဲ့အမျိုးသမီးအုပ်စုဆီ သွားတဲ့အခါ သူတို့ သူမကို ဘာပြောမလဲဆိုတာကို သူမ မသိပေ။ အဲ့အပြင် လီကျောက်ဒီက ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ရန်သူဖြစ်နေသည်။ လီကျောက်ဒီက ကျန်းတန်းဟယ်ကို လက်ထပ်ချင်ပေမယ့် သူက ချင်ရှောင်းကောကို ကြိုက်နေသည်။
ဒါ့ကြောင့် လီကျောက်ဒီက ရွေးချယ်စရာမရှိဘဲ တခြားမိသားစုရဲ့ လက်ထပ်တောင်းရမ်းတာကို လက်ခံလိုက်ရသည်။ သူတို့နှစ်ယောက်လုံး မက်မွန်းပန်းရွာမှာ လက်ထပ်ခဲ့သည်။ ကျန်းတန်းဟယ် စစ်ပွဲမှာကျသွားတာကို လီကျောက်ဒီ သိသည်။ အဲ့ကတည်းက သူမက ရှောင်းကောကို တစ်ခါမှ အရွဲ့တိုက်မကောင်းပြောဖို့ မလွဲဖူးပေ။
လီကျောက်ဒီက ရှောင်းကော ထွက်သွားတာကို ကြည့်နေပြီး မျက်နှာထားပြောင်းသွားကာ တံတွေးထွေးလိုက်သည်။ “ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။ နင့်လူက ဒီမှာ မရှိတော့ဘူးနော်။ ဒါနဲ့များ ဒီလို အဝတ်အစားကောင်းတွေကို နင်က ဝတ်နေနိုင်သေးတယ်ပေါ့”
လီကျောက်ဒီ အဝေးက သွယ်လှတဲ့ ခါးကို ကြည့်လိုက်သည်။ သူမတို့နှစ်ယောက်လုံးက ကလေးမွေးထားကြပေမယ့် ချင်ရှောင်းကောကတော့ ပိုပိုပြီးတော့တောင် လှလာသည်။ သူမရဲ့ မျက်နှာက ဝင်းပပြီး နူးညံ့သည်။ သူမရဲ့ မည်းနက်တဲ့ဆံနွယ်တွေကို ပြီးပြီးရောထုံးထားပေမဲ့ သူမက ကြည့်ကောင်းနေတုန်းပင်။
ဒါပေမဲ့ သူမဆံပင်တွေကတော့ ကပ်စည်းနေပြီး မြက်ခြောက်တွေလို ကပ်နေသည်။ သူမတို့နှစ်ယောက်လုံးက သေသေသပ်သပ် ဝတ်စားထားပေမယ့် ရှောင်းကောက မြို့သူမလေးလို အရမ်းကြည့်ကောင်းနေပြီး သူမကတော့ မြေကြီးထဲကထွက်လာသလိုပင်။
လီကျောက်ဒီရဲ့ဘေးနားက အမျိုးသမီးကလည်း ရှောင်းကောကို ထပ်ပြီးမကောင်းပြောပြန်သည်။ “သူမကို ဂရုစိုက်မနေနဲ့။ လှတော့ကော ဘာလုပ်ရမှာလဲ? သူမယောကျာ်းက သေနေပြီလေ။ သူမက မိဘမဲ့၊ အခုတော့ မုဆိုးမပေါ့။ သူမက အစားစားဖို့ သစ်ဉသစ်ဖုတွေကို မှီခိုနေရတာလို့ ငါကြားတယ်။ သူမက နင့်လောက်ကံမကောင်းပါဘူး။ နင့်ရဲ့အမျိုးသားက နာမည်ကောင်းရှိပြီး ရာထူးတိုးခံထားရတာလေ။ နင်က တစ်လကို ငွေငါးချောင်းတောင်ရနေတာပဲ။ စစ်ပွဲပြီးလို့ နင့်လူပြန်လာရင် နင်က အရာရှိကတော်ဖြစ်ပြီ။ ဘာလို့ သူ့လို မုဆိုးမနဲ့ အချိန်ကုန်ခံနေတာလဲ?”
လီကျောက်ဒီက အစကတော့ မောက်ပဲ မောက်မာပေမဲ့ သူမယောကျာ်းအကြောင်း စဉ်းစားမိတော့ ဂုဏ်တွေတသီကြီး ယူနေသည်။
အဲဒါအမှန်ပဲလေ။ ဘာလို့သူမက ရှောင်းကောကို ဒီလောက်ထိ အာရုံစိုက်နေတာလဲ? ရှောင်းကောက မုဆိုးမ၊ သူ့ယောကျာ်းကတော့ ရာထူးတိုးခံထားရတဲ့အရာရှိ။ နောက်ကျ၊ သူက သူမကို မြို့တော်တောင်ခေါ်ချင်ခေါ်သွားမှာ။ ရှောင်းကော လှပြီး ကြည့်ကောင်းတော့ရော ဘာအရေးလဲ? ရှောင်းကောလက်ထပ်ခဲ့တဲ ချောမောခန့်ညားတဲ့သူတော့ ငယ်ငယ်လေးသေခဲ့ရတာပဲ။ သူမလည်း ငယ်ငယ်လေးနဲ့ မုဆိုးမဖြစ်နေပြီလေ။
ကံကောင်းလို့ သူမ ကျန်းတန်းဟယ်ကို လက်မထပ်မိခဲ့တာ။
လီကျောက်ဒီက ကိုယ့်ဘာသာကိုယ်ဖြေသိမ့်နေသည်။
အဲ့လိုမှမဟုတ်ရင် သူမလည်း မုဆိုးမဖြစ်နေလောက်မည်။
ခေါင်းထဲမှာ သူ့အတွေးတွေရှိနေတာနဲ့ လီကျောက်ဒီက သရော်တဲ့အပြုံးနဲ့ ပြုံးလိုက်သည်။ သူမဘေးနားက မြှောက်ပင့်ပြောနေတဲ့ အမျိုးသမီး ပြောတာ နားထောင်ပြီး လီကျောက်ဒီလည်း ဝင်ပြောကာ တခြားသူတွေနဲ့ ချင်းရှောင်းကောအကြောင်း အတင်းပြောတော့သည်။
ခဏကျ သူမက ရှောင်းကောကို မုဆိုးမ၊ ပြီးတော့ ပရော်ပရည်လုပ်တတ်တဲ့မိန်းမလို့ ပြောပြန်သည်။ သူတို့ဘေးနား မိသားစုအချို့က အမျိုးသားတွေက သူတို့ပြောတာတွေကြားပြီးတော့ စိတ်ဆိုးလာကြသည်။ သူတို့က သူမကို ပါးရိုက်ချင်နေသည်။
လီကျောက်ဒီ ဘေးနားက အမျိုးသမီးတွေက သူမကို ဆက်မပြောဖို့ တားပြီး တိုက်တွန်းနေကြသည်။ “ဘယ်လိုပဲဖြစ်ဖြစ်၊ သူမယောကျာ်းလည်း အားထုတ်ခဲ့ပြီး ဗိုလ်ချုပ်အသက်ကိုတောင် ကယ်ခဲ့တာပဲ။ သူက ဗိုလ်ချုပ်အတွက် အသက်စွန့်သွားတာလေ။ ရွာထဲမှာ အစေ့အစံတွေ စိုက်ပျိုးရင်လည်း သူမ မိသားစုက နှစ်ဆရမှာ။ နင် အဲ့တာလောက်တော့ သည်းခံလိုက်ပါ။”
လီကျောက်ဒီက နှာခေါင်းရှုံ့ကာ ထွက်သွားခဲ့သည်။ လူတော်တော်များများလည်း ထွက်သွားကြကာ လီကျောက်ဒီကို မြှောက်ပင့်ကြသော လူတစ်စုသာ ကျန်ရစ်ခဲ့သည်။ သူတို့က တစ်နေရာတည်းပဲ ထိုင်ပြီး အတင်းဆက်ပြောနေကြသည်။
သူမတို့မြစ်ကမ်းဘေးကိုရောက်တော့ ရှောင်းကော နွားရဲ့လည်ပင်းနားက ကြိုးတွေကို ဖြည်ပေးလိုက်သည်။ အဲ့လိုမှ ကျွမ်းကျွမ်းက နွားတွေမြက်စားတာကို ကြည့်လို့ရမှာပင်။ အဲ့အချိန်မှာ၊ ရှောင်းကောက မြစ်နားက ကျောက်တုံးပေါ်မှာ ထိုင်ပြီးအနားယူနေသည်။
ကျွမ်းကျွမ်း နွားတွေကို စပြီး ဆော့နေတာကို မြင်တော့ သူမ ရယ်မိသည်။ ကျွမ်းကျွမ်းက နွားတွေအတွက်နဲ့ သူ့အတွက်ကော ပန်းကုံးလေးတွေ လုပ်လိုက်သည်။ ပြီးတော့ ရှောင်းကောဆီကို ပန်းကုံးလေးတစ်ကုံးကိုင်ကာ လာခဲ့သည်။ သူက ပန်းကုံးကို ရှောင်းကောရဲ့ခေါင်းမှာ ပန်ပေးလိုက်သည်။ “မေမေ၊ မေမေက အရမ်းလှတာပဲ။”