အခန်း (၂၆)
Vol. 2 Ch. 26
ကျွမ်းကျွမ်းက ငယ်သေးသည်။ ရှောင်းကောနဲ့ တစ်နေ့ခင်းလုံး လယ်ထဲမှာလုပ်ရတော့ အိပ်ပျော်သွားရလောက်တဲ့ထိ ပင်ပန်းသွားသည်။ ရှောင်းကောက ကောင်းကင်က လကိုကြည့်ရင်းနဲ့ ကျွမ်းကျွမ်းကို စကားပြောပေးနေသည်။ အခုတော့ နေဝင်သွားပြီး လကြီးထွက်လာသည်။ အရင်ခေတ်တုန်းက လက အရမ်းကြီးပြီး တောက်ပသည်။
ကမ္ဘာပျက်ကပ်က ပြောင်းပြီးရောက်လာတဲ့ ရှောင်းကောက ဒီလောက်လှတဲ့ လကို ဘယ်တုန်းကမှ မမြင်ဖူးပေ။ လက တိုက်မြင့်ကြီးတွေကြားမှာ ကွယ်ပျောက်ပြီးတော့ ကမ္ဘာကြီးပျက်သွားတော့ ဘယ်နေရာမှမှ လကိုမမြင်ရတော့ပေ။ ကောင်းကင်ကလည်း အမြဲတမ်းထိုင်မှိုင်းပြီး မှောင်မဲနေသည်။ ဒါ့ကြောင့် နေ့နဲ့ညတောင် ခွဲလို့မရတော့ချေ။
ကမ္ဘာပျက်တာကို တွေးမိတော့ ရှောင်းကောမျက်လုံးလေး လင်းခနဲဖြစ်သွားသည်။ အဲ့နေရာကနေ သူမထွက်ခဲ့တာ တော်သေးသည်။ ဒီကိုရောက်လာတာက အနည်းဆုံးတော့ သူမအသက်ရှင်နေပြီး တခြားအရာတွေ အကုန်လုပ်နိုင်သေးသည်။
သူမက သူမပုခုံးပေါ်မှာ မှီအိပ်နေတဲ့ ကျွမ်းကျွမ်းရဲ့ ခေါင်းလေးကို လှည့်ကြည့်လိုက်သည်။ သူ့ပါးစပ်ကလေးက တဖူးဖူးမှုတ်နေပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်နေသည်။ ရှောင်းကောက အဝေးက တံခါးမကြီးကိုကြည့်ပြီး ပျော်ရွှင်ကြည်နူးနေသည်။ သူမ ကျွမ်းကျွမ်းအတွက် အသက်ရှင်ရဉီးမည်။
သူတို့အိမ်ပြန်ရောက်တော့ ရှောင်းကောက ကျွမ်းကျွမ်းကို အိပ်ရာပေါ်တင်ပြီး စောင်လေးခြုံပေးလိုက်သည်။ ပြီးတော့ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ သူမက တခြားထွန်းထားတဲ့ ဖယောင်းတိုင်ကိုယူပြီး ညစာချက်ဖို့ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။ သူမက အရမ်းပင်ပန်းနေပြီး ဗိုက်ကလည်း တအားဆာနေသည်။ ရှောင်းကောက အမြန်ချက်ဖို့မလွယ်တဲ့ အရာကိုချက်ဖို့ ပြင်နေသည်။ တစ်နေ့လုံး အလုပ်လုပ်ပြီးတော့ သူမက ဟင်းကောင်းလေးနဲ့ စားချင်နေသည်။
ရှောင်းကောက ‘တခြားနေရာလွတ်’ က ရေခဲသေတ္တာထဲမှာ ဝက်ရိုးတွေ သွားယူခဲ့သည်။ သူမ ခဏလောက်ရှာလိုက်တော့ ဝက်ရိုးထုပ်တစ်ထုပ် တွေ့လိုက်ရသည်။ ရှောင်းကောက အဲ့နေရာလွတ်လို့ပြောတဲ့ နေရာကနေ ပျော်ရွှင်စွာ ယူလာကာ ဝက်ရိုးနှပ်လုပ်ဖို့ ပြင်လိုက်သည်။ သူမ ထမင်းနဲ့ ဂေါ်ဖီစွပ်ပြုတ်တစ်ခွက်လည်း ချက်လိုက်သည်။
ပထမတော့၊ သူမက ဝက်ရိုးတွေကို လုံးထားပြီး နှစ်ရိုးလောက်ကို ဂေါ်ဖီစွပ်ပြုတ်အတွက် ချန်ထားသည်။ သူမက ကျန်တဲ့ အရိုးတွေကို သကြားအရင်ကြိုထားတဲ့ဟာနဲ့ ရောပြီးတော့ မွှေကြော်လိုက်သည်။ အရိုးတွေ အညိုရောင်သန်းလာတော့ သူမ အရင်တည်းက ထုပ်ပြီးသိမ်းထားတဲ့ ငရုတ်သီးမှုန့်ကို ထည့်လိုက်သည်။
ပြီးနောက် အိုးထဲကို အညိုရောင်နှစ်အဆော့ တစ်ဇွန်းထည့်လိုက်သည်။ အိုးကို အဖုံးဖုံးလိုက်ပြီးတော့ ဝက်ရိုးနှပ်ကို မီးဖိုပေါ်မှာ အငွေ့လေးနဲ့ နှပ်ထားသည်။ အစောနက ဖယ်ထားတဲ့ အရိုးနှစ်ချောင်းကိုတော့ ရေနွေးနဲ့ မြေအိုးထဲမှာ ထည့်ထားပြီး ပြုတ်လိုက်သည်။
ဝက်ရိုးနှပ် အနံ့လေးက မွှေးလာသည်။ ဟင်းခတ်အမွှေးအကြိုင်တွေအပြင် သူ့အနံ့ကိုက အရမ်းကို ပြင်းနေသည်။ ကျွမ်းကျွမ်းက အိပ်နေပေမယ့် ဟင်းအနံ့ကြောင့် နိုးလာသည်။ တခြားသူတွေ ဟင်းအနံ့ကို ကြိုက်လား၊ မကြိုက်လားဆိုတာကို ရှောင်းကော စိတ်မဝင်စားပေ။ သူမရဲ့ အိမ်က ရွာထဲနဲ့ အရမ်းဝေးသည်။ သူမနဲ့ အနီးဆုံးအိမ်နီးချင်း အမျိုးသမီးယန်တောင် သူမရဲ့အိမ်နဲ့ ဝေးသေးသည်။
ကျွမ်းကျွမ်းက ဟင်းအနံ့ကို ရှုပြီးတော့ အံ့အားတကြီးဖြင့် မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ သူက တံခါးနားမှာရပ်ပြီး သူ့အမေကို လှမ်းခေါ်ပြီး ကြည့်နေသည်။ ရှောင်းကောက ကျွမ်းကျွမ်းကို မီးဖိုနားကို ချီလာတော့ ကောင်လေးက သူမရဲ့လက်မောင်းလေးကို အေးအေးဆေးဆေး မှီနေသည်။
“အမေတို့ ခဏနေ စားမယ်နော်။ ကျွမ်းကျွမ်း ထတော့လေ။” ရှောင်းကောက ကျွမ်းကျွမ်းရဲ့ မျက်နှာလေးကို ပွတ်လိုက်ပြီး နူးညံ့တဲ့အသံလေးနဲ့ ပြောလိုက်သည်။
ကျွမ်းကျွမ်းက ခေါင်းညိတ်လိုက်သည်။ သူက မျက်လုံးကိုပွတ်ပြီး အိပ်ချင်မူးတူးနဲ့ “မေမေ၊ သားတို့ဘာစားကြမှာလဲ?”
“မေမေတို့ ဝက်ရိုးနှပ်နဲ့ ထမင်းစားကြမှာလေ။” အဲ့ဒါကို ကျွမ်းကျွမ်းကြားတော့ သူက တန်းခနဲနိုးသွားသည်။
သားတို့ ဝက်ရိုးနှပ်ထမင်းစားရတော့မယ်။
အမေနဲ့ သားက မီးဖိုရှေ့မှာထိုင်ပြီးတော့ စကားစမြည်ပြောနေသည်။ ခဏကြာတေ့ ဟင်းကျက်သွားသည်။ ကျွမ်းကျွမ်းက နိုးနေပြီ ဖြစ်သည်။ သူက ထမင်းတစ်ပန်းကန်ယူပြီးတော့ အိမ်ထဲကို ဝင်သွားသည်။ ရှောင်းကောက ဝက်ရိုးနှပ်ပန်းကန်ကိုကိုင်ပြီး သူ့နောက်ကလိုက်လာတော့ ကောင်လေးကို မလဲကျအောင် သတိပေးလိုက်သည်။
ရှောင်းကောက ကျွမ်းကျွမ်းအတွက် ပန်းကန်လုံးကြီးတစ်လုံး ခူးပေးလိုက်ကာ သူက အေးသွားအောင် မှုတ်နေသည်။ ဝက်ရိုးနှပ်အေးသွားတာနဲ့ သူက စပြီးတစ်ကိုက် ကိုက်လိုက်သည်။ အသားက နူးအိပြီးတော့ ကိုက်လိုက်တော့ အရိုးနဲ့ တခြားစီဖြစ်သွားသည်။ ကျွမ်းကျွမ်းက အရိုးကို ကိုက်လိုက်တော့ သူ့ပါးစပ်ထဲကို ဟင်းရည်နှစ်တွေဝင်လာတာကို သူခံစားမိလိုက်သည်။ ကျွမ်းကျွမ်းက အားရပါးရကို စားနေသည်။ “မေမေ၊ မေမေချက်တာ အရမ်းကောင်းတာပဲ။” ကျွမ်းကျွမ်းက ပါးစပ်ထဲမှာ အစားအပြည့်နဲ့ စကားတွေဗလုံးဗထွေး ပြောလိုက်သည်။
ရှောင်းကောက တချိန်တည်းမှာပဲ ပျော်ပြီး ကြည်နူးနေသည်။ သူမရဲ့ နှလုံးသားထဲ အပျော်တွေနဲ့ ပြည့်နေသည်။ သူမက စွပ်ပြုတ်တစ်ပန်းကန်ခပ်ပြီး ကျွမ်းကျွမ်းဘေးနားကို ချပေးလိုက်သည်။ “စားကောင်းရင် ထပ်စား။”
အမေနဲ့ သားက အရိုးနှပ်ကို တစ်စက်မှ မကျန်အောင် စားလိုက်ကြသည်။ ပြီးတော့မှ ဂေါ်ဖီစွပ်ပြုတ်တစ်ပန်းကန်စီသောက်လိုက်ကြသည်။ နောက်ဆုံးတစ်ဇွန်းသောက်ပြီးတော့ သူတို့နှစ်ယောက်ဘယ်လိုမှထပ်မစားနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့သည်။
စွပ်ပြုတ်ပူပူလေး သောက်လိုက်တာကြောင့် ခန္ဓာကိုယ်နွေးသွေားသည်။ အားအင်ပြည့်သွားတော့ သူတို့နှစ်ယောက်စလုံး ပန်းကန်ဆေးပြီးတော့ နွားတွေကို အစာကျွေးသည်။ နွားကိုအစာကျွေးပြီးတော့ နွားလေးတွေနဲ့ ကစားခဲ့သည်။ ပြီးနောက် ကျွမ်းကျွမ်း အိပ်ချင်လာချိန်မှ ရှောင်းကောက သူ့ကို အိမ်ပြန်ခေါ်လာသည်။
ကျွမ်းကျွမ်းက ရှောင်းကောကို မအိပ်ခင် အိပ်ရာဝင်ပုံပြင်ပြောပြဖို့ ပြောလိုက်သည်။ သူ အိပ်ပျော်သွားတော့ ပုံပြင်တစ်ဝက်ပဲ ဆုံးသေးသည်။ ရှောင်းကောက သူ့ကို စောင်လေးနဲ့ ပတ်ပေးပြီး သူ့ဘေးနားမှာ လှဲအိပ်လိုက်သည်။ ခဏနေတော့ သူမလည်း အိပ်ပျော်သွားသည်။